Thursday, September 1, 2011

နိုင်ငံရေးပညာမိတ်ဆက် [ ၁ ]

by The River Club on Thursday, September 1, 2011 at 5:18pm
လူငယ်နှင့် နိုင်ငံရေး အစိုးရနှင့် ဒီမိုကရေစီ -  ဘုန်းသက်ပိုင်

နိုင်ငံရေးပညာမိတ်ဆက် ၁

ကျွန်တော်တို့အားလုံး နိုင်ငံရေးဆိုတဲ့ ဝေါဟာရနဲ့ ရင်းနှီးကြပြီးသားပါ။ ဒါကို ကျွန်တော်တို့ နေထိုင်ရာ ရပ်ထဲရွာထဲမှာ၊ လုပ်ငန်းခွင်လို နေရာမျိုးတွေမှာ အမြဲကြုံတွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့ရေးရာပေါ်လစီတွေကို ပုံဖော်ပေးနေတဲ့ နိုင်ငံရေးဝန်းကျင်နဲ့ ပတ်သတ်ပြီးလည်း ပြောလေ့ပြောထရှိပါတယ်။ ဒီတော့နိုင်ငံရေးပညာမှာ အကျုံးဝင်တဲ့အရာတွေဟာ ဘာလဲ။ ဒါကို ကျွန်တော်တို့အရင်ဆုံး စဉ်းစားကြည့်ကြပါမယ်။

လူသားဆက်ဆံရေးတွေဟာ နိုင်ငံရေးပညာအတွက် အလွန်ကိုအရေးကြီးပါတယ်။ လူသားဆိုတာမျိုးက အစုအဝေးနဲ့ နေတက်တဲ့ အမျိုးပါ။ ကျွန်တော်တို့ဟာ လူမှုရိပ်မြုံတွေထဲမှာ နေထိုင်ကြပါတယ်။ အဲဒီလူမှုရိပ်မြုံတွေဟာ မိသားစုလိုမျိုးလည်း သေးငယ်နိုင်ပါတယ်။ ဒါမှမဟုတ် တိုင်းပြည်တစ်ပြည်လိုမျိုးလည်း ကြီးမားနိုင်ပါတယ်။ နိုင်ငံရေးပညာရပ်မှာ လူသားအုပ်စုတစ်စုအတွင်း တသီးပုဂ္ဂလလူသားတွေရဲ့ အပြုအမူကိုလေ့လာမှုလည်း ဆက်စပ်ပါဝင်နေပါတယ်။ ဒီဘာသာရပ်ရဲ့ အဓိက အာရုံစိုက်တာတွေက ကျယ်ပြန့်ပြီး၊ လူသားအုပ်စုအတွင်း ဆက်ဆံရေးတွေ၊ လူသားအုပ်စုရဲ့ စီမံဆောင်ရွက်မှု၊ အများနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့ ဆောင်ရွက်မှုစတာတွေဟာလည်း အကျုံးဝင်နေပါတယ်။ တသီးပုဂ္ဂလလူသားတွေနဲ့ လူသားအုပ်စုကြား ပဋိပက္ခဖြစ်မှုကို ထိန်းညှိပေးမှုကလည်း နိုင်ငံရေးခွဲခြမ်းစိတ်ဖြာလေ့လာသူတွေ အဓိကအာရုံစိုက်ကြတဲ့ အကြောင်းအရာပါ။ ဒါ့ကြောင့် နိုင်ငံရေးပညာရပ်ဆိုတာ နိုင်ငံရေးသီဝရီတွေ၊ နိုင်ငံရေးသမိုင်း၊ အစိုးရနှင့်ပြည်သူအုပ်ချုပ်ရေး ပေါ်လစီခွဲခြမ်းလေ့လာမှုနဲ့ နိုင်ငံတကာဆက်ဆံရေးစတာတွေပါဝင်တဲ့ ကျယ်ဝန်းလှတဲ့ပညာရပ်ကြီးပဲ ဖြစ်ပါတယ်။


      [နိုင်ငံရေးဓလေ့ထုံတမ်း]

လစ်ဘရယ်နိုင်ငံရေးစနစ်ထဲက ယေဘုယျလက္ခဏာရပ်တွေထဲမှာ အုပ်ချုပ်ရေးပုံစံတစ်ရပ်၊ ဥပဒေပြုမှုနဲ့ တရားရုံး၊ နိုင်ငံရေးပါတီတွေနဲ့ အတိုက်အခံအသင်းအဖွဲ့တွေလိုမျိုး ဖွဲ့စည်းမှုတွေပါဝင်ပါတယ်။ နောက်ပြီးရွေးကောက်ပွဲတွေ၊ တသီးပုဂ္ဂလလူသားလွတ်လပ်မှုတွေ၊ အခွင့်အရေးတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖွဲ့စည်းထားမှု၊ ပြုမှုဆောင်ရွက်မှု၊ အာဏာခွဲဝေကျင့်သုံးမှု ဆက်ဆံရေးတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီကြပါဘူး။ ယေဘုယျအခြေခံမူ ဘောင်တစ်ရပ်အတွင်း လစ်ဘရယ်နိုင်ငံအသီးသီးမှာ ကျင့်သုံးတဲ့နိုင်ငံရေးစနစ်တွေဟာ အသွင်ကွဲပြားမှုတွေ ကြီးကြီးမားမားကို ရှိနေတာပါ။ ဥပမာ- ပြင်သစ်မှာ နိုင်ငံရေးသဘောကွဲလွဲမှုတွေကို အဆုံးအဖြတ်ပေးတဲ့ နည်းလမ်းတစ်ရပ်အဖြစ် ပဋိပက္ခတွေနဲ့ ပတ်သတ်ရင် သည်းခံမှုအတိုင်းအတာကို ကျယ်ကျယ်ပြန့်ပြန့် ထားရှိပါတယ်။ ဆွီဒင်မှာတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွင်း အဓိကဆောင်ရွက်နေကြသူတွေကို အပေးအယူအလျှော့ပေးစေ့စပ်တဲ့ စိတ်ဓာတ်က ထိန်းကြောင်းပေးထားပါတယ်။ ဗြိတိန်မှာတော့ တော်လှန်ရေးကျတဲ့ ပြောင်းလဲမှုထက် အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အစဉ်အလာတစ်ရပ် ရှိပါတယ်။
ဒီလို အသွင်ကွဲပြားမှုတွေဟာ လူ့အဖွဲ့အစည်းအသီးသီးအတွင်း ကျင့်သုံးကြတဲ့ နိုင်ငံရေးဓလေ့ထုံးတမ်းကနေ ပေါ်ထွန်းလာကြတာပါ။ ဒီနိုင်ငံရေးဓလေ့ထုံးတမ်းဆိုတာက နိုင်ငံရေးအပြုအမူနဲ့ ပတ်သတ်ပြီး နိုင်ငံတစ်နိုင်ငံအတွင်း နေထိုင်သူ ပြည်သူအများစုကိုင်စွဲကြတဲ့ အခြေခံတန်းဖိုးတွေကို ရည်ညွှန်းနေပါတယ်။ အဲဒါတွေထဲက အရေးကြီးဆုံးတစ်ခုက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပတ်သတ်ပြီး နိုင်ငံသားတွေရဲ့ ယုံကြည်မှုအတိုင်းအတာဟာ ဘယ်လောက်ရှိသလဲဆိုတာပါပဲ။ ဒီသဘောထားတွေဟာ နိုင်ငံရေးသမားတွေကော ပြည်သူတွေရဲ့ နိုင်ငံရေးပြုမူဆောင်ရွက်မှုအပေါ်မှာပါ လွှမ်းမိုးထားပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဓလေ့ထုံးတမ်းကို ရည်ညွှန်းတဲ့အခါမှာ နိုင်ငံရေးရာ ပြုမူဆောင်ရွက်မှုတွေနဲ့ ပတ်သတ်ပြီး တွေးခေါ်တာ၊ ခံစားမှုဖြစ်ပေါ်တာ၊ လက်တွေ့ဆောင်ရွက်တဲ့နေရာတွေမှာ ပြည်သူအများစုကြီးရဲ့ တူညီတဲ့တိမ်းညွှတ်မှုကြီးကို ပြောနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လစ်ဘရယ်နိုင်ငံတွေအတွင်းမှာပဲ နိုင်ငံသားတွေရဲ့ အဓိကတန်ဖိုးထားမှုတွေဟာလဲ တစ်နေရာနဲ့တစ်နေရာ အတန်အသင့်ကွဲပြားနိုင်ပါတယ်။
တိုင်းပြည်တစ်ပြည်အတွင်း ကွဲပြားမှုတွေဟာ နိုင်ငံရေးအပြုအမူနဲ့ ဆက်စပ်တဲ့ အခြေခံတန်ဖိုးတွေနဲ့ ပတ်သတ်ပြီး တည်ရှိနိုင်ပါတယ်။ တစ်ဆင်တည်း တစ်သွေးတည်းဖြစ်မှုဆိုတဲ့ ဝေါဟာရက ဒီအခြေခံသဘောတရားတွေနဲ့ ပတ်သတ်ပြီး ကျယ်ပြန့်တဲ့ တူညီမှုအတိုင်းအတာကို ညွှန်းဆိုတာပါ။ လစ်ဘရယ်နိုင်ငံအများအပြားမှာ အောက်ခြေလူတန်းစားတစ်ရပ်ပေါ်ထွန်းမှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ စက်မှုထွန်းကားမှု ကျဆင်းလာတာ၊ ဒါမှမဟုတ် လူမျိုးပေါင်းစုံရောနှောနေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေ ပေါ်ထွန်းရေးဆီ ဦးတည်နေတဲ့ ကူးသန်းအခြေချ ဝင်ရောက်လာမှု စတဲ့အချက်အလက်တွေမှာ နိုင်ငံရေးအပြုအမူရဲ့ နောက်ခံ သဘောထားတွေ ဖြစ်ပေါ်လာဖို့အတွက် အခြေခံထူးခြားမှုတွေ ရှိကြပါတယ်။ ဒါတွေဟာ လွှမ်းမိုးသဘောတရားတွေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တန်ဖိုးငယ်လေးတွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ တစ်ဆင်တည်း တစ်ရောင်တည်း လူ့အဖွဲ့အစည်းတစ်ရပ်ကို ပေါ်ထွန်းလာစေနိုင်ပါတယ်။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတချို့က ပင်မတန်ဖိုးတွေဆီ လျော့ရဲတဲ့ပေါင်းစပ်မှုတစ်ရပ်ကိုလည်း ဖြစ်ပေါ်လာစေတတ်ပါတယ်။
လစ်ဘရယ်အတွေးအခေါ်ရှင်တွေကတော့ တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံရေးဓလေ့ထုံးတမ်းကို အဲဒီတိုင်းပြည်ရဲ့ တစ်ခုတည်းသော သမိုင်းဖွံ့ဖြိုးမှုက ပုံဖော်ပေးပြီး၊ နိုင်ငံရေး၊ လူမှုရေးဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေတဲ့ ဖြစ်စဉ်တစ်ရပ်အရ မျိုးဆက်တွေ အဆက်ဆက်လက်ဆင့်ကမ်း ကူးပြောင်းပေးခဲ့ကြတာလို့ လက်ခံယူဆကြပါတယ်။ မိသားစုတွေ၊ စာသင်ကျောင်းတွေ၊ မီဒီယာနဲ့ နိုင်ငံရေးပါတီတွေလိုမျိုး အင်အားစုတွေဟာ အဲဒီယုံကြည်မှုတွေနဲ့ တန်ဖိုးတွေထဲမှာ နိုင်ငံသားတွေကို ပုံဖော်ပေးတဲ့တာဝန်ကို ယူထားကြပါတယ်။
ဒါပေမယ့် မာ့က်စ်ဝါစီတွေကတော့ နိုင်ငံရေးဓလေ့ဆိုတာ သမိုင်းကနေ ထုတ်လုပ်ပေးလိုက်တယ်ဆိုတာထက် အတုအယောင်ဖန်တီးမှုတစ်ရပ် အဖြစ်ရှုမြင်ကြပါတယ်။ သူတို့အလိုအရ နိုင်ငံရေးဓလေ့ထုံးတမ်းဆိုတာ အတွေးအခေါ်လက်နက်တစ်ခုပါပဲ။ အဲဒီလက်နက်နဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အပေါ်လွှမ်းမိုးထားတဲ့ လူတန်းစားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ အယူဆတွေကို လက်ခံဖို့ သွတ်သွင်းပေးနေတယ်လို့ ယူဆကြပါတယ်။

   [နိုင်ငံတော်နဲ့ အစိုးရ]

ဒီနေရာမှာ နိုင်ငံရေးစနစ်၊ နိုင်ငံတော်နဲ့ အစိုးရကြား ကွဲပြားမှုတွေကို ကြည့်ကြပါမယ်။
နိုင်ငံရေးစနစ်ဆိုတာ လိုလားချက်တွေကို သတ်မှတ်ထားပြီး ဆုံးဖြတ်ချက်တွေ ချက်မှတ်ပေးတဲ့ ဖွံ့စည်းပုံဆိုင်ရာ အခြေခံမူဘောင်တစ်ရပ်ပါ။ အဲဒီမှာဖွဲ့စည်းမှုတွေ၊ လုပ်ငန်းစဉ်တွေနဲ့ ဆက်ဆံရေးတွေလည်း ပါဝင်ပါတယ်။ ဒီစနစ်ထဲမှာ အစီအစဉ်တွေချမှတ်တာ၊ ပေါ်လစီတွေ ပြဌာန်းတာ၊ ဆုံးဖြတ်ချက်ချမှတ်တာ စတဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။
နိုင်ငံရေးစနစ်တွေကို တစ်ခုနဲ့တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားကြည့်နိုင်ပါတယ်။ ဒါပေမယ့် မျိုးတူစုလိုက်ရင်တော့ ကျယ်ပြန့်တဲ့ပုံစံ သုံးမျိုးထွက်လာပါတယ်။ အဲဒါကတော့ လစ်ဘရယ်ဒီမိုကရေစီ၊ ကွန်မြူနစ်နဲ့ အကြွင်းမဲ့ အာဏာပိုင်စနစ်တို့ပါပဲ။ လစ်ဘရယ်နိုင်ငံရေးစနစ်ထဲက ပြည်သူ့အခွင့်အရေး အတိုင်းအတာဟာ နိုင်ငံရေးရာကိစ္စတွေမှာ အများပြည်သူ ပါဝင်ဆောင်ရွက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားပါတယ်။ ဒါဟာ တခြားစနစ်နှစ်ရပ်ထက် အများကြီး ပိုမိုကျယ်ပြန့်ပါတယ်။
နိုင်ငံတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ပတ်သတ်ပြီး ကျယ်ပြန့်တဲ့အမြင်တွေရှိပါတယ်။ လစ်ဘရယ်သုတေသီတွေကတော့ နိုင်ငံတော်ဆိုတာ ကြားနေဖြစ်တယ်။ လူတန်းစားတရပ်ရပ်နဲ့ အကျိုးစီးပွားတွေကနေ လွတ်ကင်းမှုရှိတယ်လို့ ယူဆကြပါတယ်။ သူတို့အလိုအရ နိုင်ငံတော်ဆိုတာ လူ့အဖွဲ့အစည်းဝင်တွေရဲ့ လွတ်လပ်တဲ့သဘောတူညီမှုနဲ့ ပေါ်ပေါက်လာတာဖြစ်ပြီး ဂိုဏ်းဂဏ၊ အုပ်စုအရေးကိစ္စတွေထက်၊ အမျိုးသားအကျိုးစီးပွားကို ပိုမိုတိုးမြှင့်ရရှိဖို့ ကြိုးစားတဲ့အနေနဲ့ လူ့အဖွဲ့အစည်းတွင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို သမာသမတ်ကျကျ ဖြေရှင်းဆောင်ရွက်ပေးပါတယ်။ ဒါပေမယ့် တစ်ချို့ပညာရှင်တွေက နိုင်ငံရေးသြဇာအာဏာကို အုပ်စိုးသူလူတစ်စု ချုပ်ကိုင်ပြီး နိုင်ငံတော်က သူတို့ရဲ့အကျိုးစီးပွားကို ထိန်းသိမ်းပေးတာ တိုးတက်စေတာ စတာကို ဆောင်ရွက်ပေးတယ်လို့ ယူဆကြပါတယ်။ မာ့က်စ်ဝါဒီတွေကတော့ ဒီအုပ်စိုးသူ လူတစ်စုကို စီးပွားရေးအရ အင်အားကြီးမားသူတွေ(ဘူဇွာတွေ) လို့ သတ်မှတ်ပါတယ်။ နိုင်ငံတော်ကိုလည်း လူတန်းစားသွေးစုပ်မှုနဲ့ အကျိုးအမြတ်စုပုံရရှိမှု ခိုင်မာအားကောင်းစေဖို့ အရင်းရှင်နဲ့ အလုပ်သမား ပဋိပက္ခတွေအတွင်း ကြားဝင်ဆောင်ရွက်ပေးတဲ့ ယန္တရားတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။

ဒီနိုင်ငံတော်(State) ဆိုတဲ့ ဝေါဟာရကို အစိုးရ Government ဆိုတဲ့ ဝေါဟာရနဲ့ မနီးယိုးစွဲသုံးလေ့ရှိကြပါတယ်။ အစိုးရဆိုတဲ့ ဝေါဟာရကတော့ ဥပဒေတွေကို ပြုလုပ်ပြဌာန်းခြင်း အကောင်အထည်ဖော်ကျင့်သုံးခြင်း၊ လိုက်နာစေခြင်းစတာတွေနဲ့ ဆက်စပ်တဲ့ ဖွဲ့စည်းမှုတွေကို ညွှန်းဆိုတာပါ။ ပိုင်းခြားကန့်သတ်တဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် အစိုးရဆိုတာ နိုင်ငံတော်တစ်ရပ်အတွင်း အုပ်ချုပ်ရေးအာဏာကို စွဲကိုင်ထားကြတဲ့သူတွေ၊ လုပ်ငန်းဆောင်ရွက်မှုတွေအတွက် ထိန်းကျောင်းလမ်းညွှန်ပေးတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ လစ်ဘရယ်နိုင်ငံတွေအတွင်းမှာတော့ နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ကို ထိန်းချုပ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ကြရပြီး တက်လာတဲ့ အစိုးရတွေဟာ ကန့်သတ်သတ်မှတ်ထားပြီး ယာယီဖြစ်တဲ့ သတ်တမ်းတစ်ရပ်သာ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်ကတော့ အမြဲတမ်းတည်ရှိနေပါတယ်။



Ref: Politics by Peter Joyee, Introduction to politics by Benoyendra Nath Banerijea
နိုင်ငံရေးအခြေပြ
ပြုစုသူ - ဦးမောင်မောင်လေး၊ တည်းဖြတ် - ဦးဒိုး

[The River Club]
http://www.facebook.com/pages/The-River-Club/147259038667129?sk=app_192229990808929

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...