Saturday, September 10, 2011

အာရပ်နွေဦး သင်ခန်းစာ

 (ရေးသူ-ထောမတ် အယ်(လ) ဖရီးမင်း )

by Lu Maw on Saturday, September 10, 2011 at 2:06pm
              (  ယခုစာစုမှာ နယူးယောက်တိုင်း(မ)ဂျာနယ်လစ် ထောမတ် အယ်(လ) ဖရီးမင်း၏ အာရပ်နွေဦးနှင့်ပတ်သတ်သော သဘောထားအမြင် ဖြစ်ပါသည်။  သူ့မူရင်းစာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးဟူကျင်တောင်းသို့ လိပ်မူထားပြီး တရင်းတနှီး ရေးလိုက်သည့် အကြံပြုလွှာ သဘောမျိုး ဖြစ်သည် ။  ဖရီးမင်း၏ အာဘော်နှင့် အာဝဇ္ဖန်းကို လက်ဆင့်ကမ်းနိုင်ရန်  ကြိုးစားဘာသာပြန် ဖော်ပြလိုက်ပါသည်။ )


သို့- သမ္မတ ဟူကျင်တောင်
မှ  - နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာန


အကြောင်းအရာ       အာရပ်နွေဦး
ချစ်ခင်လေးစားအပ်ပါသော သမ္မတ 'ဟူ' ခင်ဗျား

            အာရပ်နွေဦးနဲ့ပတ်သတ်တဲ့၊ ကျွန်တော်တို့ ထင်မြင်ချက်ကို အဆွေတော်သမ္မတကြီးက တောင်းဆိုခဲ့တာမို့၊ ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိဂုံးချုပ်လို့ ရသလောက် ပြောရရင်၊ အာရပ်ကမ္ဘာက တော်လှန်ရေးတွေထဲမှာ တရုတ်ကွန်မြူနစ်ပါတီအတွက်၊ အရေးကြီးတဲ့ သင်ခန်းစာတချို့ ရှိနေတယ်လို့ သဘောရပါတယ်။ နိုင်ငံတကာမီဒီယာထက်မှာ ပျံ့နှံ့နေတဲ့၊ ဒီလှုပ်ရှားမှုကြီးက စဉ်းစားဆင်ခြင်ဖွယ်ရာ အချက်နှစ်ချက်ကို လှစ်ပြလိုက်သလိုရှိပါတယ်။ ပထမအချက်ကတော့၊ ဒီနေ့ ကျွန်တော်တို့ရောက်ရှီနေတဲ့၂၁ ရာစုမှာ တော်လှန်လှန်ရေးတွေ ဘယ်နည်းဘယ်ပုံ ပေါ်ထွက်လာသလဲဆိုတဲ့အကြောင်းပါ။ အတွေးသစ်၊ အမြင်သစ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒုတိယအချက်ကတော့၊ အဲ့ဒီတော်လှန်ရေးတွေ ဘာကြောင့်အုံကြွပေါက်ကွဲ လာရပါသလဲဆိုတဲ့ ဆန်းစစ်ချက်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ရင် ကျွန်တော်တို့တတွေ ခေါင်းစားခဲ့ရတာကြာပြီမို့ အတွေးသစ်၊ အမြင်သစ်လို့တော့ဖြင့် ဆိုနိုင်မယ်မဟုတ်ပါဘူး။

            ဟုတ်ပါပြီ။ အတွေးသစ်၊ အမြင်သစ်တွေကပဲ စလိုက်ကြရအောင်ပါ။ ၂၀၀၀ ပြည့်နှစ်တ၀ိုက်လောက်ကစပြီး၊ ကမ္ဘာကြီးဟာ သိပ်ကိုမြင့်မားတဲ့ ဆက်သွယ်ရေးအဆင့်တခုကို၊ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါရဲ့ အကျိုးဆက်အနေနဲ့ ကမ္ဘာလုံးစီးပွားရေးကစားကွင်းကြီးဟာ ပြားသလောက် ပြန့်သလောက်နီးပါး ဖြစ်လာပါတယ်။ ဒီဆက်သွယ်ရေးကွန်ရက်ကြီးကို ပုံသွင်းပေးလိုက်တာကတော့ တစ်ကိုယ်ရေသုံးကွန်ပျူတာတွေ၊ ဖိုက်ဘာအော့(ပ)တစ် ကေဘယ်၊ အင်တာနက်နဲ့ ၀က်(ဘ)ဆာဗာတွေရဲ့ ပျံ့နှံ့စီးဝင်မှုလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီပလက်ဖောင်းကြီးကပဲ ဘော်စတွန်နဲ့ ပေကျင်း ဒါမှမဟုတ် ဒက်ထရွိုက်နဲ့ ဒမတ်စကတ်တို့ကို အိမ်နီးချင်းတွေဖြစ်လာအောင် ဆွဲစုလိုက်တာပါ။ ဒီလိုနဲ့ပဲ လူသန်းပေါင်း ၂၀၀၀ လောက်ကို၊ ကမ္ဘာလုံးအတိုင်းအတာ စကားဝိုင်းကြီးထဲ ဆွဲသွင်းလိုက်နိုင်ခဲ့ပါတယ်။

              တဆက်တည်းပြောရရင်၊ ကျွန်တော်တို့ တတွေက အမေရိကန်စိးပွားရေးကျဆင်းမှုမှာ အာရုံရောက်နေတုန်း၊ ကျွန်တော်တို့ ကမ္ဘာကြီးကတော့ သာမာန်ဆက်စပ်မှုကနေ ဟိုက်ပါ ဆက်စပ်မှု အနေအထားကို၊ ရောက်ရှိလို့သွားခဲ့ပါတယ်။ ဒီအနေအထားသစ်က ဘော့စတွန်၊ ပေကျင်းနဲ့ အခုဆိုရင် အတွင်းမွန်ဂိုလီးယားက ဘာတူကိုတောင် ချိတ်ဆက်ပစ်လိုက်ပါပြီ။ ဒီလို ပိုနက်ရှိုင်းတဲ့ ဆက်သွယ်ထိုးဖေါက်မှုကြီးကို ပုံဖော်ပေးလိုက်တာကတော့ ပိုစမတ်ကျလာတဲ့ ဆဲ(လ)ဖုန်းတွေ ၊ ပိုခေတ်မှီလာတဲ့ ၀ါယာလက်(စ) ဆက်သွယ်ရေးနဲ့ လူမှုရေးနက်ဝပ်တွေဖြစ်ပါတယ်။ ဒီဆက်သွယ်ရေး ပလက်ဖောင်းကြီးဟာ၊ သိပ်ကိုဈေးချိုပြီး မိုဘိုင်းလဲဖြစ်တာမို့၊ ပိုဝေးလံခေါင်ဖျားတဲ့ဒေသတွေက နောက်ထပ်လူပေါင်းသန်း ၂၀၀၀ ကိုကမ္ဘာလုံးစကားဝိုင်းကြီးထဲ ဆွဲသွင်းလိုက်နိုင်ခဲ့ပါတယ်။

             သမ္မတကြီးစိတ်ဝင်စားတဲ့ အရှေ့အလယ်ပိုင်းနဲ့ ပတ်သတ်တာကိုပြောရရင်၊ ဒီပလက်ဖောင်းသစ်ကြီးကပဲ ဒက်ထရွိုက်၊ ဒမတ်စကတ်နဲ့ ဒါရာအာတို့ကို ချိတ်ဆက်လိုက်တဲ့အကြောင်းပါ။ ' ဒါရာအာ '  ဆိုတာက ဆီရီးယားနယ်စပ်က မြို့လေးတမြို့လေ။ ဆီးရီးယားလူထုအုံကြွမှုစခဲ့တဲ့ မြို့လေးပါ။ ဒေသခံ ဒါရာအာမြို့သားတွေကပဲ၊ ဗွီဒီယို၊ တွစ်တာ၊ ဖေ့(စ)ဘွက်(ခ)တို့ကို သုံးပြီး သူတို့ကိုရင်ဆိုင်ခဲ့ရတဲ့ ရက်ဆက်ကြမ်းကြုတ်မှုတွေကို သောင်းထိုက်က ကြားစေခဲ့ပါတယ်။

            သမ္မတကြီးခင်ဗျာ။ ဒီနေရာမှာကျွန်တော်ပြောချင်တဲ့ အဓိကအချက်ကတော့၊ ဟိုက်ပါဆက်သွယ်မှု အခြေအနေရောက်နေပြီဖြစ်တဲ့ ဒီနေ့ ကမ္ဘာကြီးမှာ၊ ' ဒေသ 'ဆိုတဲ့ အကန့်အသတ်တွေဘယ်လိုမှ မရှိနိုင်တော့တဲ့ အကြောင်းပါ။ ဝေးလံခေါင်ဖျားအကျဆုံး၊ တစ်ထောင့်တစ်နေရာကဖြစ်စေဦး၊ အရာအားလုံးဟာ ဂလိုဘယ်ပလက်ဖောင်းကြီးပေါ် ချက်ချင်းစီးဝင်လာပြီး၊ ကမ္ဘာမြေအနှံ ပျံ့နှံနိုင်ပြီ ဖြစ်ပါတယ်။ လက်(ပ)တော့ရယ်၊ အင်တာနက်ရယ်၊ 'ရှာစက် ' (search engine) ရယ် ပေါင်းပြီး ၊ ၀က်(ဘ)စာမျက်နှာဖွဲ့ နိုင်ပြီမို့ ဘယ်သူမဆို ၊ သူစိတ်ဝင်စားတဲ့ ဘယ်အကြောင်းအရာကိုမဆို ရှာနိုင်ဖွေနိုင်လေ့လာနိုင်ပြီ ဖြစ်ပါတယ်။ အလားတူပဲ ဆဲ(လ)ဖုန်းရယ်၊ အင်တာနက်ရယ် ပေါင်းပြီး ဘယ်သူမဆို သူစိတ်ဝင်စားတဲ့၊ သူ့ကိုစိတ်ဝင်စားတဲ့သူတွေနဲ့ တွေ့နိုင်၊ ဆုံနိုင်၊ သိကျွမ်းနိုင်ပြီ ဖြစ်ပါတယ်။ သူတို့အချင်းချင်း နာကြည်းချက်တွေ မျှဝေကြ၊ ပူးပေါင်းဆောင်ရွက်နိုင်ကြပြီ ဖြစ်ပါတယ်။

             အာရပ်က လူသန်ကြီးတွေ၊ အစိုးရပိုင် တီဗွီနဲ့ ရေဒီယိုကို ထိန်းချုပ်ပြီး၊ လူထုကို သတင်းမှောင်ချထားခဲ့ကြတဲ့ နေ့ရက်မျိုးတွေ၊ ခေတ်ကုန်သွားပါပြီ။ ဆီးရီးယားမှာ ဆိုရင်လည်း ဒီအတိုင်းပါပဲ။ လျှပ်စစ်ဓါတ်အား ကွန်ရက်တွေကို ဖြတ်တောက်ဖို့ လွယ်ချင်လွယ်ပေမယ့်၊ ဆဲ(လ)ဖုန်းကွန်ရက်တွေကိုတော့ မဖြတ်တောက်နိုင်တော့ပါဘူး။

            သမ္မတကြီးပဲ စဉ်းစားကြည့်ပါ။ ဆီးရီးယားဆိုရင် CNN လို၊ BBC လို၊ နိုင်ငံခြားနတ်ဝပ်အားလုံးကို ပိတ်ထားခဲ့တာမို့လား။ ဒါပေမယ့် သမ္မတကြီးအနေနဲ့ ' ယူကျူ(ပ) ' ကို ၀င်ပြီး '  ဒါရာအာ '  လို့သာ ရိုက်ထည့်လိုက်၊ ဆီးရီးယားအာဏာပိုင်တွေရဲ့ ရက်ရက်စက်စက် ဖြိုခွဲမှုတွေကို ကွက်ကွက်ကွင်းကွင်း မြင်ရပါလိမ့်မယ်။ ဆီးရီးယားတွေကိုယ်တိုင် ဆဲ(လ)ဖုန်းတွေ ၊ သယ်လွယ်ဖွက်လွယ်ကင်မရာတွေနဲ့ ရိုက်ယူပြီး ယူကျူ(ပ)တို့ ၊ Sham New Network တို့မှာ တင်လိုက်တဲ့ အလတ်ဆက်ဆုံး သတင်းတွေဖြစ်ပါတယ်။ ဆိတ်ကွယ်ရာ ဘာမှမရှိတော့တဲ့ခေတ်ကြီး ဖြစ်နေပါပြီ သမ္မတကြီးခင်ဗျား။

            အာရပ်နွေဦးမှာ တွေ့လိုက်ရတဲ့ ဒုတိယတူရူချက်ကတော့ ၊  ' ကာ(လ)ဆန်ဥပဒေသ ' ရဲ့ သရုပ်သကန်တစ်ခုဖြစ်ပါတယ်။ ' ကာ(လ)ဆန်ဥပဒေသ ' ဆိုတာ၊ ဆီလီကွန်ဗဲလီးက ၊ SRI အင်တာနေရှင်နယ်ရဲ့ စီးအီးအို ကားတစ် ကာ(လ)ဆန် ဖော်ထုတ်လိုက်တဲ့ သဘောထားအမြင်ကို ပြောတာပါ။ သူကအခုလို ဆိုပါတယ်။
           ' လူအမြောက်အများ အတွက် ပညာရေးအခွင့်အလမ်းတွေ ရှိလာတဲ့၊ တီထွင်ဖန်တီးမှုအတွက် လိုအပ်တဲ့ ကိရိယာတန်ဆာပလာ နည်းနာတွေ ချိုချိုခြမ်းခြမ်းရနိုင်ပြီလည်းဖြစ်တဲ့ ဒီနေ့ကမ္ဘာကြီးမှာ ၊ အသစ်တီထွင်မှုတွေဟာ  အရင်ကလိုအထက်ကနေ အောက်ကို လာတာမျိုးမဟုတ်တော့ဘူး ။  အောက်ကနေ အထက်ကို လာတာဖြစ်လာတယ်။  အခုလို အောက်ကအထက်ဆန်တဲ့  တီထွင်မှုတွေဟာ ကသောင်းကနင်း နိုင်ချင်နိုင်မယ် ၊ ဒါပေမယ့် စမတ်ကျတယ် ။ သမာရိုးကျ အထက်ကနေ အောက်ကို လာတာတွေကတော့ ၊ စမတ်ကျကောင်းကျမယ် ။ ဒါပေမယ့် ထုံတယ် ၊ အတယ် ၊ မစွံဘူး .... ' ။
              ပြောရရင် ကာ(လ)ဆန် ဥပဒေသ ဆိုတာ ကာ(လ)ဆန်ရဲ့ ဒီစကားပါပဲ ။

               သူ့စကားထဲမှာ ၊ ဒီနေ့ အသစ်တီထွင်မှုတွေရဲ့ ချစ်စရာအကွက်တစ်ကွက် ပါလာတယ်လို့ ၊ ကျွန်တော်ထင်ပါတယ် ။  တီထွင်မှုတွေရဲ့ လားရာဟာ အထက်ကို  မဟုတ်ဘဲ ၊  အောက်ကို ဦးတည်လာတာပါ ။ လူထုနဲ့  ပိုနီးလာတဲ့ သဘောပေါ့ ။ ဒါကလည်း သူ့အကြောင်းနဲ့သူ ရှိပါလိမ့်မယ် ။  လူတွေအားလုံး စုပေါင်းလိုက်ရင် တစ်ဦးချင်း ၊ တစ်ယောက်ချင်းထက် ပိုစမတ်ကျလာတယ်မို့လား ။ ပြီးတော့ ဒီနေ့လူထုမှာက အသစ်တီထွင်ဖို့ ၊ ပူးပေါင်းဆောင်ရွက်ကြဖို့ ၊ ကရိယာတန်ဆာပလာနဲ့ နည်းနာတွေ အပြည့်ရှိနေပြီလေ။

                အီဂျစ်က မူဘာရက်အစိုးရဆိုရင် ၊  မငြိမ်မသက်မှုတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ ၊ နှေးကွေးလေးလံတယ် ။ ဆွံ့အထုံထိုင်းရာလည်း ရောက်တယ် ။  ' တာရီရာ '  တော်လှန်ရေးသမားတွေကတော့ စမတ်ကျပါရဲ့ ။  ဒါပေမယ့် ဗရုတ်သုတ်ခ နိုင်လှတယ် ။  ခေါင်းဆောင်မှု မရှိဘူး ။ ဒါကြောင့် (ကုမ္ပဏီတွေမှာပဲ ဖြစ်ဖြစ် ၊  တိုင်းပြည်တွေမှာပဲ ဖြစ်ဖြစ် ) ဒီနေ့ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍမှာ ၊  မိမိသက်ဆိုင်ရာလူထု စိတ်ဓါတ်မြှင့်တင်ပေးဖို့ ၊  လုပ်ပိုင်ခွင့်တွေနှင်းအပ်ဖို့ ၊ စွမ်းဆောင်နိုင်စေဖို့ ပြီးတော့ အောက်က အထက်ကိုလာတဲ့ အသစ်တီထွင်မှုတွေကို ပေါင်းစပ်သုံးသပ် စိစစ်ပေးဖို့ ....။ ဒါတွေအကျုံးဝင် လာပါတယ် ။  ဒီလိုလုပ်နိုင်ဖို့ဆိုရင် အောက်ခြေကို လွတ်လပ်မှု ပိုပေးဖို့တော့ လိုလိမ့်မယ်။  ကျွန်တော့် ဆိုလိုချက်ကို သမ္မတကြီး သိမှာပါ။

                 ဒါပေမဲ့ ဒီကိစ္စက တက္ခနိုလိုဂျီနဲ့ဆိုင်တာ သက်သက်တော့လည်း မဟုတ်ပေဘူးခင်ဗျ ။  ရုရှားသမိုင်းဆရာ လီယွန်အာရွန် မှတ်ချက်ပြုသလို ၊ အာရပ် အုံကြွမှုနဲ့ ရုရားရဲ့ ၁၉၉၁ ဒီမိုကရက်တစ်တော်လှန်ရေးတို့မှာ သော့ချက်ကျတဲ့ တူညီချက်တခု ရှိပါတယ် ။ ဒီအရေးအခင်းကြီးနှစ်ခုလုံးဟာ လွပ်လပ်မှုသက်သက်နဲ့တင် ဆိုင်တာမဟုတ်ပါဘူး ။ ရိက္ခာကိစ္စ သက်သက်လည်း မဟုတ်ဘူး ။ ပြောကြစတမ်းဆိုရင် ဂုဏ်သိက္ခာကိစ္စပါ ။ ကိုယ့်ကြမ္မာကို ဖန်တီးလိုတဲ့ ၊ နိုင်ငံသားတစ်ယောက်လို အလေးထားဆက်ဆံခံလိုတဲ့ ၊ လူထုရဲ့ နက်ရှိင်းတဲ့ဆန္ဒတွေက ထွက်ပေါ်လာတာဖြစ်ပါတယ် ။ နိုင်ငံသားအခွင့်အရေးတို့ ၊ နိုင်ငံသားတာဝန်တို့ဆိုတာ လူတစုက စိတ်ထင်သလို ၊ ပေးချင်တိုင်းပေး ၊ ယူချင်တိုင်း ယူလို့မှ မရတာကလား.....။

                  ' တော်လှန်ရေးတွေကို  ဘယ်အရာက ဆောင်ကြဉ်းပေးလိုက်တာပါလဲ '  ။
ဂျီဒီပီ အတက်အကျ မဟုတ်တာ သေချာတယ်လို့ ၊ အာရွန်က ပြောပါတယ် ။  '  ဂုဏ်သိက္ခာ ရှာပုံတော်  '  လို့ သူကပဲ အဖြေပေးတယ် ။ ကျွန်တော်တို့တတွေကတော့  လူတွေရဲ့ ဂျီဒီပီရှာပုံတော်ကို  ပုံကြီးချဲ့ လေ့ရှိတက်ကြတယ်။ ဂုဏ်သိက္ခာ ရှာပုံတော်ကိုတော့  လျှော့တွက်ခဲ့တာများတယ် ။  တူနီးရှားတော်လှန်ရေးရဲ့ ကြွေးကြော်သံကိုကြည့်......။   ' ပေါင်မုန့်အရင် ၊  ဂုဏ်သိက္ခာအရင်ပေး....'  တဲ့။
အာရွန်ရဲ့အဆိုအရဆိုရင်  ဖျူး(စ)ကြိုးကို မီးကူးစေတဲ့ မီးပွားတွေဟာ ၊  ဂုဏ်သိက္ခာရှာပုံတော်သာ အမြဲဖြစ်လေ့ရှိပါတယ် ။  ဒီနေ့ခေတ် တက္ခနိုလိုဂျီကလည်း  မီးလောင်ပြီဆိုရင် ငြှိမ်းဖို့တယ်ခက်စေသကိုး ။  ကျွန်တော်တို့တတွေ အလေးထား စဉ်းစားကြရမယ့် ကိစ္စတွေလို့ မြင်ပါတယ်  ၊  သမ္မတကြီးခင်ဗျား ။

                  တရုတ်တွေ လူနေမှုမြင့်လာအောင်  ဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့အတွက်  ၊ ကျွန်တော်တို့ ဂုဏ်ယူသင့်တာ မှန်ပါတယ် ။ တရုတ်လူုထု အများစုကလည်း ဒါကို တန်ဖိုးထားကြပါတယ် ။  ဒါပေမဲ့ ဒါဟာတစ်ခုတည်းသော လိုအပ်ချက်တော့မဟုတ်ဘူးလေ ။ တစ်ချိန်ချိန်မှာ ဒီထက် အရေးကြီးတာတွေ  ရှိကောင်းရှိလာနိုင်သေးတယ် ။  ကျွန်တော် ဘာပြောချင်တယ်ဆိုတာ သမ္မတကြီး ကောင်းကောင်း သိမှာပါ ။

ကျော်ဝင်းစာညွှန်း - Advice for China
             By Thomas L. Friedman

ဝန်ခံချက် - Wave မဂ္ဂဇင်း JULY. 2011  မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...