Wednesday, September 7, 2011

ရန်ကုန်ငလျင်အတွက် ပညာရှင်များ သတိပေးသံထွက်ပေါ်

 
by Thant Syn on Wednesday, September 7, 2011 at 9:41pm
 
ဥဒဟို သွားလာနေသော လမ်းမကြီးပေါ်တွင် မော်တော်ကားများ သွားမရအောင် ပိတ်ဆို့လျှက်ရှိပြီး လူများစွာ ဝိုင်းအုံကြည့် ရှုနေကြသည်။ နှစ်ရှည်သစ်ပင်ကြီး တစ်ပင်သည် ကားလမ်းမကြီးကို ကန့်လန့်ဖြတ် ပိတ်ထားပြီး ခရီးသည်များတင်ဆောင် လာသော ဘတ်(စ်)ကား၂စီးပေါ်သို့ လဲကြနေခြင်း ဖြစ်သည်။


ထိုမြင်ကွင်းမှာ သြဂုတ်လ(၂၅)ရက်နေ့ နံနက်၇နာရီ ၄၅မိနစ် ဝန်းကျင်တွင် ရွှေတိဂုံဘုရား မြောက်ဘက် ရွှေဂုံတိုင် အုတ်လမ်းမှတ်တိုင် အနီးရှိ မြေကမ်းပါး ပြိုကျကာ သစ်ပင်ကြီးလဲကျခြင်း ဖြစ်သည်။ ခရီးသည်နှင့် ယာဉ်မောင်း အပါအဝင် ထိခိုက်ဒဏ်ရာရ သွားသည့် ယင်းမြေပြိုမှုသည် ရွှေဂုံတိုင်ဝန်းကျင်တွင် ဆယ်စုနှစ်အတွင်း ပထမဆုံအကြိမ် မြေပြို ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တွင်း မြေပြိုမှု မှတ်တမ်းများအရ သိရှိရသည်။

ရန်ကုန်မြို့တော်၏ တည်နေရာ အနေအထားအရ အောက်ခံကျောက်သားမြေ ရှိသည့်နေရာမှာ ရွှေဂုံတိုင်ဝန်းကျင် တစ်ဝိုက်ရှိ တောင်ကုန်းနေရာများသာ ဖြစ်ပြီး ကျန်သည့် နေရာများမှာ နှုန်းတင်မြေနု များသာဖြစ်ကြပြီး ရန်ကုန်မြို့ကို အဝေးမှကြည့်မည် ဆိုပါက မြို့၏အလယ်တွင် တောင်တန်းသဖွယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြောကြားသည်။

''မြေကြီးတွေကို ဖဲ့ယူပြီးတော့ အဆောက်အဦးတွေကို ဆောက်ထားတယ်။ ကျောက်သားမြေတွေကို အဲဒီလို ဖဲ့ယူပြီး မြေထိန်းနံရံ မလုပ်ထားဘူးဆိုရင် ချက်ချင်းမပြိုတောင် မိုးရွာရင်ပြိုပါတယ်'' ဟု ရွှေဂုံတိုင် မြေပြိုမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။ ရန်ကုန်မြို့တော်၏ အောက်ခံမြေ အနေထားသည် ငလျင်လှိုင်း ဖြတ်သန်းမည် ဆိုပါက အပျက်အစီးမှုသည် မြို့တွင်းအခြား နေရာများထက် ရွှေဂုံတိုင်သည် အောက်ခံကျောက်သား ရှိသည့်အတွက် ခံနိုင်ရည်ပိုရှိပြီး မြို့သစ်ဝန်းကျင်နှင့် မြစ်ကမ်းတစ်လျှောက် နေရာများတွင် နှုန်းတင်မြေနု များဖြစ်၍ ငလျင်လှိုင်း ဖြတ်သန်းပါက ပိုမိုအားကောင်းပြီး အမြန်ရွှေ့လျားသွားကြောင်း ၄င်းက ရှင်းပြပြောဆိုခြင်း ဖြစ်သည်။ '' နှုန်းတင်မြေနုအောက်မှာ ရှိတဲ့အတွက် ငလျင်လှိုင်းဖြတ်တဲ့ magnifier ဖြစ်စေပါတယ်။ ငလျင်တစ်ခု လှုပ်ရင် Intensity ပြင်ထန်အား ပိုခံရပါတယ်။ ငလျင်ဒဏ်ခံရရင် ရွှေဂုံတိုင်နဲ့ ရန်ကုန်မြို့လယ်ကောင် နှိုင်းယှဉ်ရင် မြို့လယ်က ပိုခံရနိုင်ပါတယ်''ဟု ဦးစိုးသူရထွန်း က ဆိုသည်။

ရန်ကုန်မြို့တော်ကြီး ကဲ့သို့ နေရာမျိုးတွင် ပုံမှန်မြေပြိုမှုများကို အင်ဂျင်နီယာနည်းဖြင့် ငွေကြေး အကုန်ကျခံကာ ကာကွယ် လုပ်ဆောင်နိုင်သည့် အနေထားဖြစ်ပြီး ဥပမာအားဖြင့် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဆင်ခြေလျှောများကို လှေကားထစ် ပုံစံဆောက်လုပ်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း၊ ငလျင်လှိုင်း လှုပ်ခတ်မည် ဆိုပါကလည်း မြေပြိုမှုကြောင့်သာ အသက်ဆုံးရှုံး ရခြင်း မဟုတ်ဘဲ အဆောက်အဦးများကြောင့်လည်း အသက်ဆုံးရှုံးနိုင်သည့် အတွက်ကြောင့် လူတိုင်း လူတိုင်းသည် ကိုယ့်အန္တရာယ် ကို ကိုယ်သိဖို့ လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း၌ လွန်ခဲ့သည့် အနှစ်၁၇ဝအတွင်း ပြင်းထန်မှု ပမာဏ အရ မက်ဂနီကျူ့ နှင့် အထက်ရှိသော ငလျင် ၁၆ကြိမ် လှုပ်ခတ်ခဲ့ပြီး ၄င်းတို့အနက် ၁၈၃၉တွင် အင်းဝ ငလျင်၊ ၁၉၁၂ခုနှစ်တွင် မေမြို့ ငလျင်၊ ၁၉၃ဝ ခုနှစ်တွင် ပဲခူးငလျင်၊ ၁၉၇၅-၇၆ ခုနှစ်တွင် ပုဂံငလျင်နှင့် စစ်ကိုင်းငလျင်တို့မှာ ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း ငလျင်ပညာရှင် ဦးသိန်း၏ စာတမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိ အဓိက ငလျင်ကြောကြီး ၂ခု အနက်မှ တစ်ခုဖြစ်သော အယ်လ်ပိုင်း ငလျင်ကြောနှင့် မြန်မာနိုင်ငံသည့် ဆက်စပ်လျက် ရှိပြီး ငလျင်လှုပ်ခတ်စေသော အဓိက အကြောင်းရင်းမှာ မြောက်ဘက်သို့ ရွေ့လျားနေသော အိန္ဒိယ မြေထုချပ်သည် ယူရေးရှပ်မြေထု ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မြန်မာမြေထုချပ်ငယ် အတွင်းသို့ တနှစ်လျှင် ၄ စင်တီမီတာခန့် တိုးဝင်နေခြင်းကြောင့် ဖြစ်ကြောင်း ၄င်းစာတမ်းတွင် ဖော်ပြညွှန်းဆို ထားသည်။ ''အတိတ်ငလျင် လေ့လာချက်တွေ အရ အင်အားကြီး ငလျင်တွေဟာ နှစ်တစ်ရာကို တစ်ကြိမ် လှုပ်တတ်တယ်။ နှစ်တစ်ရာ မပြည့်ခင် လှုပ်သွားတဲ့ ငလျင်တွေဟာ အင်အား နည်းတတ်ပါတယ်။ နှစ်တစ်ရာမှာ လှုပ်တတ်တယ်လို့ အကြမ်းဖျဉ်း ခန့်မှန်းထား ပေမယ့်လည်း မနက်ဖြန်၊ တဘက်ခါလည်း ဖြစ်နိုင်ပါတယ်''ဟု ဦးစိုးသူရထွန်း က အတိတ်ငလျင်နှင့် ပတ်သက်၍ ရှင်းပြသည်။


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃ဝဆယ်ကျော်အတွင်း  ၂ဝ၁၁ မတ်လ ၂၄ရက်နေ့တွင် တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲ၌ တဖန်ပြန်လည်ကာ လှုပ်ခတ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တာလေ ငလျင် လှုပ်ခတ်စဉ်ကလည်း ရန်ကုန်မြို့တော်၏ လူအများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သော အင်လျားကန်ဘောင် တွင်လည်း ကန်အတွင်းရှိ ရေလှိုင်းသံများ ကျယ်လောင်စွာ ပုတ်ခတ်မှုအား ကြားခဲ့ရပြီး လှိုင်းကြီးများဖြစ်ထွန်းခဲ့ကြောင်း ယင်းကန်ဘောင်ရှိ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြန်ပြောင်း ပြောဆိုဖူးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်တိုင်းတာရေး စက်များမှာ အားနည်းလျက်ရှိပြီး တိုင်းတာရေးစက် ၁၆လုံး ရှိသည့်အနက် တစ်ချို့ စက်များမှာ မော်ဒယ်လ် နောက်ကျနေပြီ ဖြစ်သည့်အတွက် တွက်ချက် နေရဆဲ ဖြစ်ပြီး အခြားနိုင်ငံမှ အလှူရှင်များမှ လှူဒါန်းထားသည့်စက် များမှာလည်း လျှပ်စစ်မီး မလာ၍ တိုင်းတာ မရခြင်းနှင့် ပျက်စီးနေသည့် စက်များပင် ရှိကြောင်း ငလျင်ပညာရှင် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။ စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာအောင်ထွန်းသက် ကလည်း''သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ပါလီမန်မှာ ဆွေးနွေးသင့်တယ်''ဟု Living Colour သတင်းမဂ္ဂဇင်း ဇွန်လထုတ် အင်တာဗျူးတွင် ပြောကြားထားသည်။ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည် သဘာဝ ဘေးအန္တရာယ်များမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းထက် အဆပေါင်းများစွာ ပြင်းထန်သော်လည်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများ လျော့နည်းလျက် ရှိနေခြင်းမှာ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု အစီအမံ ကောင်းခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက် က အဆိုပါ အင်တာဗျူးတွင် ထည့်သွင်း သုံးသပ်ထားသည်။

ရန်ကုန်မြို့တော်သည် ငလျင် လှုပ်ခတ်နိုင်သည့် ဇုန်များတွင် ပါဝင်မှု မရှိသော်လည်း ပြင်းထန်မှု အားရှိသော ငလျင်ဇုန်များနှင့် ဆက်စပ်လျက်ရှိပြီး ၁၉၃ဝတွင် ပဲခူးမြို့၌ အင်အား ၇ ဒဿမ ၃ ရှိသော ငလျင် လှုပ်ခတ်ခဲ့ရာတွင် ပဲခူးမြို့ပေါ်မှ လူဦးရေ ၅ဝဝကျော် သေဆုံးပြီး ရန်ကုန်မြို့ပေါ်မှ လူဦးရေ ၅ဝကျော် သေဆုံးခဲ့ကြောင်း ငလျင်မှတ်တမ်းများ အရ သိရသည်။ ''ပဲခူး ငလျင်တုန်းက အဆောက်အဦးတွေ သိပ်မရှိသေးတဲ့ ကာလမှာတောင် လူ ၅ဝဝလောက် သေတယ် ဆိုတော့ ခုလို ကာလမှာဖြစ်မယ် ဆိုရင် ထိခိုက်ပျက်စီးမှု များလာလိမ့်မယ်''ဟု ဦးစိုးသူရထွန်း က သုံးသပ်ထားသည်။ ငလျင်လှုပ်ခြင်းကို ယနေ့အချိန်အထိ ပညာရှင်များက ကြိုတင်တွက်ဆ ပြောဆို သတိပေးနိုင်ခြင်း အလျဉ်း မရှိသေးသည့် အတွက် မြေငလျင် လှုပ်ခတ်ချိန်တွင် မိမိတို့ ရောက်ရှိရာနေရာတွင် မည့်သို့ လုပ်ဆောင်ရမည်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဗဟုသုတ ရရှိစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန် လက်ကမ်းစာစောင်များ ထုတ်ဝေ ထားပြီးဖြစ်သည်ဟု ငလျင်ပညာရှင်များ၏ ပြောဆိုချက်များ အရ သိရှိရသည်။

အတိတ် ငလျင်ကြီးများသည် နှစ်တစ်ရာတွင် တစ်ကြိမ် ပြန်လည် လှုပ်ခတ်တတ်သည် ဖြစ်ရာ ပဲခူးငလျင် လှုပ်ခတ်ခဲ့သည်မှာ နှစ်၈ဝ ကျော်လာပြီ ဖြစ်သည့်အတွက် သတိထားရမည့် ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်ဟု ဦးစိုးသူရထွန်း က အသိပေး ပြောဆိုလိုက်သည်။ ငလျင်သည် မြို့ပြပေါ်တွင် လှုပ်ခတ်မှု မရှိသော်လည်း ငလျင်လှိုင်း ဒဏ်ရိုက်ခတ်မှု သက်ရောက်လာနိုင်သည့် အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးမှု နည်းနိုင်သည့် အောက်ခံကျောက် ရှိသော ရွှေဂုံတိုင် ဝန်းကျင်နေရာများပင် ကြိုတင် ကာကွယ်ထားမှု မရှိပါက မိုးရွာသည်နှင့် ပြိုကျကာ ထိခိုက်ပျက်စီးမှု ရှိနေသည်ကို ညွှန်းပြနေသည်။ ရွှေဂုံတိုင်မှသည်သာ မဟုတ်ဘဲ မည့်သည့်နေရာ၊ ဒေသတွင်မဆို ကြိုတင် ပြင်ဆင်မှု မရှိခဲ့ပါက သဘာဝ ဘေးဒဏ်မှ လည်စင်းခံ ယုံသာရှိနေကြောင်း ပညာရှင်များက တွက်ဆ ပြောဆိုကြသည်။

သတင်းဆောင်းပါး-မင်းထက်စံ

http://www.shwedaungtaung.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...