Saturday, September 17, 2011

ပြောကြပါ - ပြောကြပါ - သို့သော်

[By Khin Maung Nyo]

          စနေနေ့ နေ့လည်ပိုင်းမှာ၊ မတွေ့တာ အတော်ကြာတဲ့ ဆရာကြီးတစ်ယောက်ရဲ့အိမ်၊ အိမ်ရောက်နေတုန်း တယ်လီဖုန်းတစ်ခုဝင်လာတယ်။ အစည်းအဝေး တစ်ခုလုပ်နေတယ်၊ ကင်မရာ မပါတော့ မ၀င်ရဘူး၊ စာနယ်ဇင်းတွေ အင်တာဗျုး လုပ်လို့မရဘူးတဲ့၊ ဘာအစည်းအဝေးလဲဆိုတော့ ဘာအစည်းအဝေးမှန်းလဲ မသိပါဘူးတဲ့။ ထူးဆန်းလိုက်တာ


          အိမ်နဲ့ကလဲ မနီးမဝေးဆိုတော့ ပေါ့ပေါ့ပါးပါး အ၀တ်အစားနဲ့ပဲ ငါလာခဲ့မယ်ဆိုပြီး သွားကြည့်လိုက်တယ်၊ ဟိုတယ်အပြင်ဘက်မှာ အစည်းအဝေးကထွက်လာတဲ့ သူတွေနဲ့တွေ့လို့ မေးကြည့်တော့ ၀င်လို့မရဘူးဆိုတာ မဟုတ်ပါဘူး၊ ဆရာလိုက်ခဲ့ပါဆိုတော့၊ လိုက်သွားတယ်၊ ကော်ဖီသောက်နားပြီး၊ နေ့လည်ပိုင်း ပြန်စချိန်ဖြစ်ပုံရပါတယ်။

          ကော်မတီတွေရယ်၊ ပညာရှင်တွေရယ်၊ အသင်းအဖွဲ့တွေရယ်ဆိုပြီး၊ အုပ်စု (၃)ခု ခွဲထားတာတွေ့ရပါတယ်။
          အစည်းအဝေးခန်းမ၀င်ခင်မှာ၊ “ပညာရှင်တွေက ပိတ်ပြောနေကြတော့၊ ကျွန်တော်တို့ ပြောချင်တာတွေ၊ မပြောရပဲဖြစ်နေတယ်၊ ပြည်သူ့အသံ မပြောရပဲဖြစ်နေတယ်” ဆိုတဲ့ ဝေဖန်ချက်ကို အရင်ဆုံးကြားရတယ်၊ ဒုက္ခပဲ၊ ပညာရှင်တွေကရော ပြည်သူတွေမဟုတ်လား၊ ဘယ်ပညာရှင်တွေက ဘယ်လိုများ မိုက်ခဲနေကြလို့ပါလိမ့် ဆိုတဲ့ အတွေးဝင်သွားတယ်။

          အခန်းထဲဝင်တော့ လွှတ်တော်ကော်မတီအချို့ရဲ့ ဥက္ကဋ္ဌတွေ ထိပ်ကစားပွဲတန်းမှာ ထိုင်နေမှန်း သိလိုက်တယ်။
          ပညာရှင်တချို့ ၀င်ဆွေးနွေးတာကို မီလိုက်ပါတယ်။ ဘာတွေ၊ ဘာကိစ္စ  တွေများ ပြောနေကြပါလိမ့်လို့ စဉ်းစားကြည့်မိတော့၊ သူတို့က ပညာရေးအကြောင်းတွေ ပြောကြတာဖြစ်ပုံရပါတယ်။ နောက်ကြတော့ ကော်မတီ ဥက္ကဋ္ဌတစ်ယောက်က ပညာရေးကော်မတီဝင်တစ်ယောက်ကို မိတ်ဆက်ပေးလိုက်မိတဲ့အတွက် လမ်းကြောင်းလွဲသွားတဲ့ အကြောင်း ပြန်ရှင်းပြတယ်။ ပညာရှင်တွေလဲ လမ်းလွဲတတ်ပါတယ်။

          နောက်ပြီးတော့ လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေက အသီးသီးပြောကြပါတယ်။ အရင်ရက်တွေကတည်းက အသင်းအဖွဲ့တွေကို တက်ဖြစ်အောင်တက်ဖို့၊ တင်ပြစရာတွေ တင်ပြကြဖို့၊ ဖိတ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တချို့အသင်းအဖွဲ့တွေက ကိုယ့်အသင်းအဖွဲ့ထဲမှာ စုဝေးတိုင်ပင်ပြီး အချက်အလက်တွေ စုစည်းတင်ပြဖို့ ပြင်ဆင်လာခဲ့ကြတယ်။ ဒါပေမယ့် အသင်းအဖွဲ့စာရင်းတွေ ခေါ်တဲ့အခါ သူတို့အဖွဲ့ မပါလေတော့ တင်ပြခွင့်မရလိုက်ကြဘူး။

          နံနက်ပိုင်းက တက်ရောက်ခဲ့ကြတဲ့ အသင်းအဖွဲ့တချို့ ကြတော့လဲ ညနေပိုင်းအထိ မစောင့်နိုင်ကြတာနဲ့ ပြန်သွားတာတွေ့ရတယ်။
          လုပ်ငန်းရှင်အသင်းအဖွဲ့တချို့ နဲ့၊ ပညာရှင်အသင်းအဖွဲ့တချို့ ကို တွဲကိုင်တဲ့သူတချို့ ကတော့ လုပ်ငန်းနယ်ပယ်အကြောင်း မပြောဆိုကြပဲ ပညာရပ်အသင်းအဖွဲ့လိုလို၊ လွှတ်တော်ကော်မတီဘက်ကလိုလို ပြောသွားတာကိုလဲ ကြားလိုက်ရလေတော့ နေရာလွဲတာလား၊ အပြောလွဲတာလား၊ ခေါင်းစဉ်လွဲတာလား စဉ်းစားမရပါ။

          ပြည်သူ့အသံကို ရန်ကုန်မှာ လာနားထောင်ပြီး နေပြည်တော်အထိ သွားပြောဖို့ မလိုတာကို အားလုံးက သဘောကျကြပါတယ်။

          ဒါပေမယ့် ပညာရှင်တွေတောင်မှ ဘာပွဲမှန်း ဘာအကြောင်းပြောရမှန်းမသိကြလို့ လွဲကြပုံရပါတယ်။ အဖွဲ့အစည်းပေါင်းစုံကလဲ၊ ဒဏ်ရာတွေ အသီးသီးနဲ့ ဆိုတော့ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတဲ့ အကြောင်းတွေ အားရပါးရပြောချင်ကြပါတယ်။ ချက်ကျလက်ကျ ပြောဆိုနိုင်သူအချို့တော့ရှိပါရဲ့ ၊ ဒါပေမယ့် နားပေါက်အောင်၊ နားဝင်အောင်၊ လိုရင်းရောက်အောင် ပြောနိုင်သူကလဲ ခပ်ရှားရှား၊ လိုချင်တာတွေ ပြောကြလွန်းလို့ “သိပ်ပြီး မမျှော်လင့်ကြပါနဲ့၊ သိပ်ပြီး စိတ်ပင်ပန်းမခံကြပါနဲ့၊ အိပ်မက်မက်နေရင်လဲ ခေါင်းလျှော်ပစ်လိုက်ပါ” လို့ တာဝန်ရှိသူတစ်ယောက်က ပြောယူရပါတယ်။

          ဟုတ်ကဲ့၊ လမ်းကြုံလို့ရောက်သွားတဲ့ ဘေးလူတစ်ယောက်အနေနဲ့ပြောရရင် ပြောသင့်တာ၊ ပြောနိုင်တာ၊ ပြောလို့ရမှာ၊ ရနိုင်တာတွေ၊ ရချင်တာတွေ ချိန်ဆပြီး လက်တွေ့ကျကျ ပရိသတ်ကြီးကို အားနာလို့၊ ကိုယ့်အသံကို စနစ်တကျ ဖွင့်ဟစေချင်ကြောင်းပါ ခင်ဗျား။

ခင်မောင်ညို(ဘောဂဗေဒ)
၁၇၊၉၊၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...