Friday, September 16, 2011

"တိမ်းစောင်းနေသော လုပ်ရပ်များ"

Min Thant Syn created the doc:
ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ဘယ်နိုင်ငံသား ဘယ်လူမျိုးမဆို ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ဥပဒေကို လိုက်နာကြ ရမှာဖြစ်တယ်။ အလားတူ မြန်မာနိုင်ငံမှာ နေထိုင်သူဟူသမျှ တို့ဟာလည်း မြန်မာနိုင်ငံက ဥပဒေအတိုင်း လိုက်နာကြရမှာ ဖြစ်တယ်။ ဒါပေမယ့် လုပ်ရပ်တွေကတိမ်းစောင်းနေတယ်။
ထိုင်းနိုင်င်ဆိုတာ မြန်မာလူမျိုးတွေနဲ့ အသားအရောင် အရပ်အမောင်း ကိုးကွယ်တဲ့ဘာသာနဲ့ အစားအစာတွေကအစ အနီးစပ်ဆုံး တိုင်ပြည်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနှံ့အပြားမှာ သန်းချီတဲ့ မြန်မာတွေ ပျံ့ နှံ့ ၀င်ရောက် အလုပ်လုပ်ကိုင် နေကြပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းတွေရဲ့  သဘောသဘာဝနဲ့ ထိုင်းဘာသာစကား ကိုလည်း မြန်မာတွေ အတော်များများ ပြောနိုင် ဆိုနိုင်ဖြစ်နေကြတာကို တွေ့ရှိရတယ်။
ဝန်ကြီးချုပ်ဟောင်း ထက်ဆင် လက်ထက် (၂၀၀၃) ခုနှစ်မှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် (ပန်းရောင်ဘတ်) ကိုလုပ်ပေးခဲ့တယ်။ ထိုင်းအစိုးရ အတွက် အကြီးအကျယ် ပွပေါက်တိုးခဲ့တဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူ တယောက်က ထောက်ပြပါတယ်။ အစိုးရ သတ်မှတ်ဈေးက ဘတ်ငွေ (၃၈၀၀) သာဖြစ်ပေမယ့် ဘတ် (၅၀၀၀ /၆၀၀၀) ကုန်ကျခံ လုပ်ခဲ့ကြရတာပါ။ ဒီ (ဘတ်) က မြို့နယ် တခုက တခုကို သွားလာခွင့် မပြု။ အလုပ်အကိုင် ပြောင်းရွှေ့ဖို့ ပိတ်ပင် ထိန်းချုပ်ထားတာတွေ ကန့်သတ်ချက်တွေ အများကြီးနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနဲ့မြန်မာ အစိုးရတို့ မြန်မာ အလုပ်သမားတွေကို ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေးလာခဲ့တာ (၂) နှစ် တင်းတင်း ပြည့်ခဲ့ပြီး ဖြစ်တယ်။ မြန်မာ အလုပ်သမားတွေဟာ ထိုင်းလုပ် ငန်းရှင်တွေနဲ့ ထိုင်းရဲတွေ ယုတ်မာ ပက်စက်မှုတွေကို နှစ်ပေါင်းများစွာ ခံစားနေကြရတယ်။ လွတ်လွတ်လပ်လပ် သွားလာ ချင်ကြတာကြောင့် ဘတ်ငွေ သောင်းချီ အကုန်ခံပြီး လုပ်ကိုင်ခဲ့ကြတာဖြစ်သလို  လုပ်နေကြဆဲလည်း ဖြစ်တယ်လို့ အဆိုပါ အလုပ်သမား အရေး ဆောင်ရွက်သူက ပြောပြ ပါတယ်။

“ယာယီပက်စ်ပို့ လုပ်ဖို့ တိုက်တွန်းတုန်းက ထိုင်းအစိုးရက ဘာတွေ ကတိပေးခဲ့သလဲ ’’
ထိုင်းတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်။ အခွန်မကောက်၊ ပုလိပ်မဖမ်း၊ ထိုင်းအလုပ်သမားများနည်းတူ အလုပ်သမား အခွင့်အရေး တန်းတူရရှိမယ် ဆိုပြီး ပြောဆို ကတိပေးခဲ့ပါတယ်။
မြန်မာအလုပ်သမားတွေ ယာယီပက်စ်ပို့ မလုပ်ခင် (ပန်းရောင် နေထိုင်ခွင့်ဘတ်) ကို ဘတ်ငွေ (၄၀၀၀) ကနေ (၆၀၀၀) အထိ ကုန်ကျခံပြီး ဦးစွာ လုပ်ရပါတယ်။ ပြီးမှ ယာယီပက်စ်ပို့ကို အနည်းဆုံးဘတ် (၆၅၀၀) ကနေ (၁၀၀၀၀) အတွင်းမှာ ကုန်ကျခံပြီး လုပ်ကိုင်ကြရပါတယ်။ ပြီးရင် (work permit) ဆိုတာကိုလည်း တနှစ်စာ အတွက် ပွဲစားခ အပါအ၀င် ဘတ်ငွေ (၆၀၀၀) ၀န်းကျင်အကုန်ခံပြီး လုပ်ကြရပါတယ်။
ဒီနေရာမှာ မြန်မာအစိုးရဟာ ဘတ်လုပ်ပြီးမှ ပက်စ်ပို့ လုပ်ရတာ၊ ပက်စ်ပို့လုပ်ပြီး (work permit) လုပ်ရတာတွေ အလုပ်သမား တယောက် အတွက် ဒီ အဆင့် (၃) ဆင့်မှာ အကုန်အကျ ဘယ်လောက်များမယ်၊ ထိုင်းတွေ အမြတ်ထုတ် တော့မယ် ဆိုတာကို ထည့်မတွက်ခဲ့တာကို တွေ့ရတယ်။ သန်းချီတဲ့ မြန်မာ အလုပ်သမားတွေ ကျောကော့အောင် ခံနေရပြီ ဆိုတာကို ခုထိ မြန်မာအစိုးရ သိသေးဟန် မတူသေးဘူးလို့ ဘန်ကောက်က အလုပ်သမားအရေး ဆောင်ရွက်သူက ဆက်လက် ပြောဆို ပါတယ်။

ကတိမတည်မှုတွေနဲ့  ခွေးအမြီးကောက်ကို ကျည်တောက်ချွတ်ပြီ

(ဘတ်) ဖြစ်စေ ယာယီပက်စ်ပို့ဖြစ်စေ အလုပ်သမားလက်ထဲမှာ ကိုင်ဆောင်ထားရမယ်လို့ ထိုင်းအလုပ်သမားဥပဒေမှာ ပြဌာန်း ထားပေမယ့်  မြန်မာ အလုပ်သမားတိုင်း လက်မှာ ကိုင်ဆောင်ခွင့် မရရှိကြပါဘူး။ လုပ်ငန်းရှင်တွေ သိမ်းထားတာ ခံရပါတယ်။ ရှိစု မဲ့စု လုပ်ထားတဲ့ တရားဝင်နေထိုင်ခွင့် (ဘတ်) တွေကို လုပ်ငန်းရှင်က ဆက်မလုပ် ပေးတာကြောင့် တရားမ၀င် ဖြစ်သွားကြတဲ့ အလုပ်သမားတွေ ရေတွက်လို့ မကုန်အောင် များပြားပါတယ်။
ဘန်ကောက်မြို့ အနီးက မဟာချိုင်မှာဆိုရင် ဘတ်မရှိ၊ ပက်စ်ပို့ မရှိလို့ ဖမ်းစားတာကတော့ မဟာချိုင်ရဲတွေရဲ့ အဓိက နေ့စဉ် စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ ပြီးခဲ့နေ့က ယာယီပက်စ်ပို့လုပ်ထားတဲ့ အလုပ်သမားတွေကိုပါ ဖမ်းဆီးပြီးတော့ ငွေညှစ်၊ ရဲစခန်းခေါ်ပြီး အိမ်သာဆေးခိုင်း၊ အမှိုက်လှဲခိုင်း လုပ်ခိုင်းနေတာက အတော်ပဲ ယုတ်မာပက်စက်မှု ဖြစ်တယ်လို့ ကိုယ်တိုင် ခံစားခဲ့ရတဲ့ မဟာချိုင်က ရခိုင် အလုပ်သမား တဦးက ပြောပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးမှု ဖေါင်ဒေးရှင်း လို့ခေါ်တဲ့ (FED) အင်ဂျီအိုက ၀န်ထမ်း (၂) ယောက် မဲဆောက်ရုံးခွဲကနေ လက်ထောက်ဒါရိုက်တာ တဦးတို့အတူ ဖန်ငရုံး လုပ်ငန်းကိစ္စနဲ့ လာတာကို သွားလာခွင့် မရှိလို့ဆိုကာ တာ့ခ်ဂိတ် အရောက်မှာ ကားပေါ်က ဆွဲချပြီး မဲဆောက်ကို ပြန်ပို့တာကို ခံခဲ့ရပါတယ်။ ဒီလိုတရားဝင် သွားလာခွင့်ကို ပိတ်ပင် တားမြစ်တာဟာ လူကုန်ကူးမှုကို အားပေးအားမြှောက် ပေးရာရောက်နိုင်လို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လက်ထောက် ဒါရိုက်တာက ပြောပါတယ်။
ဒီဖြစ်စဉ်ကို FED ဒါရိုက်တာ ဦးထူးချစ်က ‘‘ကျနော်တို့ အဖွဲ့အစည်းဟာ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့ ဖြစ်တယ်။ မြန်မာလူမျိုးတွေ သာမက ထိုင်းနိုင်ငံအတွက်ပါ အကျိုးဖြစ်စေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျနော်တို့လို အဖွဲ့က တရားဝင် ယာယီပက်စ်ပို့ လုပ်ထားတာနဲ့ သွားလာ နေတာကိုတောင် ထိုင်းရဲတွေက ပိတ်ပင်တားမြစ်ရင် သာမန် အလုပ်သမားတွေကို ဆိုရင် ဘယ်လောက်အထိ အနိုင်ကျင့် မလဲဆိုတာ တွေးကြည့် လို့ရပါတယ်’’ လို့ ပြောပြပါတယ်။

“လုံးဝ နားမလည်နိုင်တဲ့ ထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်’’

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ဆိုတာ မြန်မာတွေ နေ့တိုင်း ၀င်ရောက်နေတဲ့ နယ်စပ်မြို့  ဖြစ်တယ်။ တော့ခရိုင်နဲ့ မဲဆောက် မြို့နယ်အတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမား (၄) သိန်းကျော်ခန့်ရှိတယ်။ အလုပ်သမား လိုအပ်ချက်ထက် ၀င်ရောက် လာနေကြတဲ့ အလုပ်သမားတွေ အလျှံပယ်ဖြစ်နေတာကြောင့် ထိုင်း လုပ်ငန်းရှင်တွေဟာ အစိုးရ သတ်မှတ်ထားတဲ့ တနေ့လုပ်အားခ (၁၆၂) ဘတ် ပေးစရာမလိုဘဲ တနေ့ကို ဘတ် (၆၀) လောက်နဲ့ ခိုင်းလို့ရ နေတာဖြစ်တယ်။ မဲဆောက်မှာ  အလုပ်ရုံ လေးငါးရာ  ထက်မနည်းရှိပေမယ့် အစိုးရ သတ်မှတ်ဈေး ပေးတဲ့ စက်ရုံ လေးငါးရုံသာ ရှိတယ်လို့ မဲဆောက်က အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပြကြပါတယ်။
ဒါကြောင့် မဲဆောက်က မြန်မာ အလုပ်သမားတွေဟာ အခက်အခဲ အမျိုးမျိုးကြားက လုပ်အားခတွေ ပိုရတဲ့ ဘန်ကောက်နဲ့ အခြားမြို့တွေကို သွားလိုကြပါတယ်။ သွားရမယ့် အခွင့်အလမ်းတွေကို အမြဲမျှော်လင့် ကြိုးပမ်း နေတတ်ကြတယ်။ ဒါကြောင့်ပဲ လူကုန်ကူးသူတွေက လွယ်လင့်တကူ စည်းရုံးလို့ ရတတ်ကြတယ်လို့ ပြောကြ ပါတယ်။
အလုပ်သမားတွေဟာ လုပ်အားခ ပိုမိုရရှိတဲ့ မြို့ကြီးကို သွားချင်လွန်းလို့ ဆယ်နာရီထက်မနည်း လုပ်မှ တနေ့ ခြောက်ဆယ် ခုနှစ်ဆယ်ရတဲ့ ၀င်ငွေကလေးတွေကို တစ်နှစ် ကြိတ်မှိတ်စုပြီး မဲဆောက်မှာ နေထိုင် အလုပ် လုပ်ကိုင်ခွင့် (ဘတ်) လုပ်ထားကြတယ်။ ဘတ်လုပ်ပြီးတော့ ပိုက်ဆံ ထပ်စုကြတယ်။ အချို့ဆို ယာယီပက်စ်ပို့ လုပ်ပြီး မြို့ကြီးတွေကို သွားဖို့အတွက် နေရပ်ရင်းက မိသားစုတွေဆီကို ငွေမှာကြတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မဲဆောက်ကနေပြီး ရနောင်းသို့ ပက်စ်ပို့ လုပ်ဖို့သွားမယ့် အလုပ်သမား (၁၁၀) ကို မဲဆောက် လုပ်ငန်းရှင်တွေက ရဲတွေနဲ့ ပေါင်းပြီး ဖမ်းဆီးလိုက်တယ်။

ဘန်ကောက်က ပက်စ်ပို့လုပ်တဲ့ ကုမ္ပဏီက မြန်မာဝန်ထမ်း ပြည်နှင်ဒဏ် ခံရတယ်။ နိုင်ငံကူး လက်မှတ် ရုတ်သိမ်း ခံလိုက်ရတယ်။ အလုပ်သမားတွေ မဲဆောက်မှာ နေထိုင်ခွင့် (ဘတ်) လုပ်ထားတာတွေ အကုန် ဖျက်ဆီး ခံလိုက်ရတယ်။
(၂) နိုင်ငံအစိုးရ တရားဝင်  လုပ်နေပါလျက် ဘာ့ကြောင့် မဲဆောက်က အလုပ်သမားတွေကို ယာယီပက်စ်ပို့ လုပ်ခွင့် မပြုကြတာလဲလို့ မဲဆောက်က အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ ယနေ့ထိ တစုံတခု ၀င်ရောက် စုံစမ်းခြင်း မရှိသေးဘူး။
ဒါပေမယ့် မဲဆောက်မှာ ထိုင်းနိုင်ငံသား ခံယူခွင့်ရထားတဲ့ နာမည်ကြီး လူကုန်ကူးသူ တယောက်ရှိတယ်။ ထိုင်း တနိုင်ငံလုံး မှာရှိတဲ့ စက်ရုံ အလုပ်ရုံက လိုအပ်သမျှ အလုပ်သမားတွေကို တင်ပို့ ပေးနေတယ်။ မဲဆောက်က ထိုင်း အာဏာပိုင်တွေနဲ့ တာ့ခ်ဂိတ်က ထိုင်းအာဏာပိုင် မျက်ကွယ် ပြုထားကြတယ်။ ဒီလူဟာ အလုပ်ရုံ ဟောင်းတွေ ဂိုဒေါင်ဟောင်း တွေမှာ အလုပ်သမားတွေ ရာချီပြီး အမြဲ စုဆောင်းထားတယ်လို့ မဲဆောက်က အလုပ်သမားအရေး ဆောင်ရွက် သူတွေက ပြောပြပါတယ်။ ဒီနာမည်ကြီး လူကုန်ကူး ဂိုဏ်းချုပ်ကြီးက တင်ပို့ လိုက်လို့ ထိုင်းနိုင်ငံအတွင်း ရောက်ရှိသွားကြတဲ့ အလုပ်သမားတွေ (work permit) လုပ်မရဘဲ ဒုက္ခရောက် နေကြရတယ်။ ထော်ရော (၃၈/၁) လို့ခေါ်တဲ့ စာရွက်တွေက အတုတွေ ဖြစ်နေတာကြောင့်လို့ အဲဒီလူ ပို့ပေးလိုက်တဲ့ အစီအစဉ်နဲ့ လာခဲ့ဖူးသူတွေက ပြောပြကြပါတယ်။ ဒီလို လက်တလုံးခြား လုပ်ထားတာကို သိကြတာကြောင့် ထိုင်း လုပ်ငန်းရှင်တွေက ယာယီပက်စ်ပို့ကို သိမ်းထားပြီး အနိုင်ကျင့် နေတာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ဟာ ယာယီ ပက်စ်ပို့နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို တခုမှ ၀င်ရှင်းလင်းတာ မရှိတာကြောင့် တနေ့ထက်တနေ့ ပိုမို ဆိုးဝါးလာနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။ မြန်မာ အစိုးရအနေနဲ့ မတရား ဖိနှိပ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားကိစ္စတခု တစ်လေလောက် ထိထိရောက်ရောက် ၀င်ရောက်ပြောဆို လုပ်ကိုင်တာ၊ မေးမြန်း စုံစမ်းတာများ လုပ်လာခဲ့ရင်တော့ ထိုင်းအာဏာပိုင်တွေ ဒီလောက်အထိ လက်ရဲဇက်ရဲ ဖိနှိပ်မှာမဟုတ်ဘူးလို့ ယူဆနေကြ ကြောင်းပါ။

ကျော်သောင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...