Friday, September 2, 2011

ပြည်တော်ပြန်သင့် မပြန်သင့် (၁) + (၂)

by Socretes Athenisian on Saturday, September 3, 2011 at 6:49am
 
ပြည်တော်ပြန်သင့် မပြန်သင့် (၂)
ဧရာဝတီ MONDAY, 22 AUGUST 2011 16:09

၁၄) ကျနော်ရဲ့တဦးတည်းအမြင်နဲ့ ပြောမယ်ဆိုရင် မြန်မာပြည်က စထွက်လာကတည်းက ပြန်ဖို့အတွက် ထွက်လာတာပါ။ ဒါပေမယ့် အပြောင်းအလဲ တခုတော့ ရှိရမယ်။ ပြန်တဲ့သူတွေအတွက် သူတို့ရဲ့လူ့အဖွဲ့အစည်းမှာ အကျိုးပြန်ပြုနိုင်စေတဲ့သူ ဖြစ်ရမယ်။ ဥပမာ - မီဒီယာသမား ဆိုရင်လည်းပဲ မီဒီယာကဏ္ဍမှာပေါ့။ ဒါကြောင့် ပြန်ဖို့ အဆင်သင့်ပါပဲ။ ပြန်ဖို့ စောင့်နေတာ နှစ် ၂၀ ကျော်ပြီလေ။ ပြန်ချင်တဲ့အတွက်လည်း အနီးဆုံး ထိုင်းနိုင်ငံမှာပဲ နေတာပါ။


အာလုံးပြန်လို့ရအောင် အခြေအနေတခုကို ဖန်တီးပေးရမှာက အစိုးရပါ။ အကျဉ်းသားတွေ ပြန်လွှတ်ပေးမလား။ ကျနော်တို့လို မီဒီယာတွေ ပြန်လာရင်ရော ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေရမလဲ။ ပြန်တယ်ဆိုတာ ထောင်ထဲပြန်ဝင်တာ မဟုတ်ဘဲနဲ့ ကိုယ်တိုင်းပြည် ကိုယ်ပြန်လာတာ ရင်ကော့ပြီး သိက္ခာရှိရှိ ပြန်ရတာမျိုးလိုချင်တယ်။

အခုဆိုရင် လူတွေက စိုးရိမ်မှုတွေရှိနေကြတယ်။ သမ္မတ ပြောတာတွေကလည်း မရှင်းမရှင်းပဲ။ ပြန်မယ့်အထဲမှာ ကျနော်ပါတယ်။ ဒါပေမယ့် ဒီနေ့မဟုတ်ဘူး။ အချိန်တခု ရောက်လာမယ်လို့ ကျနော်ထင်တယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်ဟာ အတော်လေး တည်ငြိမ်နေပြီ။ ပြန်မယ့်သူတွေအတွက်လည်းပဲ အာမခံချက် ရှိနေပြီ ဆိုရင်ပေါ့။

ကျနော်တို့က ပြစ်မှု ကျူးလွန်ထားသူတွေ မဟုတ်ဘူးလေ။ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေသူတွေအတွက် ပြောတာပါ။ ဒီလူတွေအတွက် အာမခံချက် တခုခုကို အစိုးရက အရင်လုပ်ပေးရမယ်။ လူသားတယောက်အနေနဲ့ သိက္ခာရှိရှိပြန်ရဖို့ အရေးကြီးတယ်။ ဒီဘက်က တတ်ထားတဲ့ပညာတွေ၊ အသိပညာ၊ အတတ်ပညာတွေကို ပြည်တွင်းမှာ ပြန်အသုံးချဖို့အတွက် လုပ်စရာတွေ အများကြီးပါ။ ဒီတော့ တိုင်းပြည်မှာ ငြိမ်းချမ်းနေပြီ၊ တည်ငြိမ်နေပြီ၊ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုရင် အားလုံးပြန်ကြမှာပါ။ (ကိုအောင်ဇော်၊ ဧရာဝတီ အယ်ဒီတာ)

၁၅) အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်က အားရကျေနပ်တယ်ပြောလို့ အကောင်းဆုံးဘက်ကို ဦးတည်နေပြီလို့တော့ ယုံကြည်တယ်။ ဒါပေမယ့် အဦးဆုံး အနီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြွင်းမဲ့ အရင်လွတ်ပေးဖို့ရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံရေး ပြဿနာကို မျက်နှာချင်းဆိုင် ဖြေရှင်းနိုင်ပြီးရင်တော့ ပြည်ပရောက် အတိုက်အခံတွေဟာလည်း မဖိတ်ခေါ်ရင်တောင် ယိုယွင်းနေတဲ့ ကိုယ့်တိုင်းပြည်ကို အဘက်ဘက်ကနေ ညီညီညွတ်ညွတ်နဲ့ ကူညီပံ့ပိုးဖို့ ပြန်လာကြမှာပါ၊ (ကာတွန်း ဟန်လေး)

၁၆) ပြည်ပရောက်မြန်မာတွေကို ပြန်ခေါ်တယ်ဆိုတာက နိုင်ငံရေး ပဋိပက္ခပြဿကြီး တခုလုံးအတွက် အဖြေမဟုတ်သေးပါဘူး။ တကယ့် ပြဿနာ ဖြေရှင်းရေးအတွက် အတိုက်အခံတွေ အပြင် တိုင်းရင်းသား တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးရမယ်။ ပြည်ပရောက် အတိုက်အခံတွေကို ပြန်လာပါ ပြောနေသည့်တိုင် အစိုးရတပ်တွေဟာ တိုင်းရင်းသား ဒေသတွေမှာ ချထားတုန်း၊ နေစဉ် တိုက်ပွဲတွေ ဖြစ်နေတုန်းပါ။ (နော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး)

၁၇) လိုလိုလားလားနဲ့ အပြင်မှာ ရောက်နေတဲ့သူတွေကို ပြန်ခေါ်ချင်တယ် ဆိုလို့ရှိရင် အထဲမှာ ရှိနေတဲ့လူတွေရဲ့ ဘဝကို ပိုပြီးတော့ ကောင်းအောင် လုပ်ပေးဖို့ပေါ့။ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်ကျော်ရှိတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတာတွေကို ရပ်စဲပေးဖို့ပေါ့၊ ငြိမ်းချမ်းရေး ရဖို့ဆိုတာကို အရင်စပြီးတော့ သွားမှသာ အပြင်ကလူတွေကို ပြန်ခေါ်တာ ကျမတို့ ယုံကြည်မှု ရှိမှာလေ။(ဝေနှင်းပွင့်သုန်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမြအေး၏ သမီးကြီး၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စီးပွားရေးပညာ သင်ယူလျက်ရှိ)

၁၈) ပြည်တွင်းထဲကို ၀င်ပြီးတော့ နှုတ်ပိတ်ပြီး သူတို့ရဲ့ မူဝါဒတွေ၊ နှစ်သိမ့်မှုတွေ အောက်ကနေပြီးတော့ ကျနော်တို့ ဆက်ပြီး ရပ်နေနိုင်မယ့် အနေအထားမှာ ဘယ်လိုမှ မဖြစ်ဘူး။ ၀င်နေရင်လည်း ကျနော်တို့က ဘယ်အစိုးရပဲ တက်တက် ဘယ်ကုမ္ပဏီပဲ လာလာ၊ ဘယ်အနေအထား တခုပဲဖြစ်ဖြစ် ဆက်လက်ပြီးတော့ ဒေသခံတွေကို ကာကွယ်ရမယ်၊ သူတို့အတွက် ပိုပြီးတော့ အကျိုးရှိမယ့် လုပ်ငန်းတွေကို လုပ်ပေးရမယ်။ အဲဒီတော့ ကျနော်တို့ ပြည်ထဲကို ၀င်ရင်လည်း သယံဇာတနဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ဒေသခံတွေရဲ့ စားဝတ်နေရေး အခန်းကဏ္ဍကနေပဲဖြစ်ဖြစ် သူတို့တွေရဲ့ အကျိုးအတွက် သူတို့အတွက် ထိုက်သင့်တဲ့ ရသင့်ရထိုက်တာတွေကို ရဖို့ တိုက်ပွဲဝင်နိုင်မှပဲ ကျနော်တို့ အထဲကို ၀င်ဖို့ စိတ်ကူးတယ်။ (ကိုဝင်းအောင်၊ ရွှေ သဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့)

ပြည်တော်ပြန်သင့် မပြန်သင့် (၁)
ဧရာဝတီ MONDAY, 22 AUGUST 2011 14:02

၁၉) အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တကယ်ပီပြင်ဖို့၊ နောက်ဆုံး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ လိုတယ်။ အောင်မြင်ဖို့ လိုတယ်။ ဒုတိယက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပြီး တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ တတိယ အချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဒီမိုကရေစီအရေးအတွက် လုပ်နေရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင် တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ဦးတည်သွားပြီလို့ ပြောလို့်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို အပြင်က လူတွေကို ဖိတ်စရာတောင်မလိုပါဘူး။

အခု သမ္မတ ဖိတ်ထားတာက ဘာမှ ရှင်းလင်းပြတ်သားမှု မရှိဘူး။ ခုန အခြေအနေ ၀န်းကျင်တွေမရှိဘဲ ဖိတ်တာဖြစ်တယ်။ အဲဒီအခြေအနေဆိုရင် တမျိုးပါ။ ကျနော်တို့က ထွက်ပြေးလာတာ မဟုတ်ဘူး။ တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ထွက်လာပြီး အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်တယ်။ (ကိုအောင်မိုးဇော်၊ ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

၂၀ ) အခြေအနေကို စောင့်ကြည့်နေတယ်။ နောက်လဆို ပြန်မယ်။ သူတို့လို အနုပညာသမားတွေ အတွက် ပြည်တွင်းမှာ ရှင်သန်တာက ပိုအားရှိတယ်။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးက ပြည်တွင်းမှာပဲ လုပ်လို့ရမယ်။ ပြည်ပမှာ လုပ်လို့မရဘူး။ (ကိုဂေါ်ဇီလာ ထိုင်းနိုင်ငံရောက် လူရွှင်တော်)


၂၁) သူတို့ စဉ်းစားမယ်ဆိုတာလောက်နဲ့ ပြန်ဖို့ဆိုတာကို ကျနော်တို့ စဉ်းစားပေးလို့ မရသေးပါဘူး။ အကျဉ်းကျနေတဲ့ ကျနော်တို့ ရဲဘော်တွေ၊ ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံထားရတဲ့ သူတွေကို မလွှတ်မချင်း လက်ရှိ မြန်မာနိုင်ငံပြဿနာ စတင်ဖြေရှင်းဖို့ လမ်းပေါက်မပွင့်သေးဘူး။ ဘာကြောင့် ထွက်လာခဲ့ကြတာလဲ၊ တိုင်းပြည်မှာ အာဏာရှင်စနစ် ဆိတ်သုန်းပြီး ဒီမိုကရက်တစ်စနစ် ထူထောင်မှ နိုင်ငံနဲ့ နိုင်ငံသားတွေ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အခင်းအကျင်း အခြေအနေကို ရမယ်လို့ ယုံကြည်ချက်နဲ့ ထွက်လာတာကြောင့် လက်ရှိ နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေဟာ မိမိတို့ လိုလားချက်ကို အထောက်အပံ့ဖြစ်နိုင်တဲ့ အလားအလာ တစုံတရာမတွေ့ရသေးပါဘူး။ ဒီအတွက် ပြန်ဖို့ဆိုတာ ခေါင်းထဲမှာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စ မဟုတ်သေးဘူးလိုပဲ ပြောချင်တယ်။ (ကိုညီညီအောင်၊ အမေရိကန် နိုင်ငံသား၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံကို သွားရောက်သဖြင့် ခေတ္တ ထိမ်းသိမ်းခံရဖူးသူ)


၂၂) မပြန်သင့်ဘူး။ တလျှောက်လုံး ကတိမတည်ခဲ့တဲ့သူတွေရဲ့ စကားကို ခုခါမှာ စိတ်ချလက်ချ မယုံသင့်ဘူးလို့ ပြောချင်တယ်။ (ဦးဇ၀န၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ - မဲဆောက်ရုံး တာဝန်ခံ)


၂၃) ပြန်ခေါ်တယ်ဆိုတာကတော့ ၀မ်းသာစရာကောင်းပါတယ်။ ဒါပေမယ့်သမိုင်းက အဖြတ်အပျက်တွေက ယုံကြည်နိုင်ဖို့အတွက် ခက်ခဲနေတယ်။ ၈ လေးလုံး ကျောင်းသားတွေ ပြန်လာဖို့ အရင် စစ်ခေါင်းဆောင်တွေ ခေါ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် ပြန်သွားတဲ့ကျောင်းသားတွေ ဘာဖြစ်ခဲ့သလဲ။ အခုထိ ပျောက်ကုန်တာတွေ၊ ထောင်ထဲမှာ ထပ်အဖမ်းခံရပြီး လုံးပါးပါးသွားတာတွေ ဖြစ်ခဲ့တယ်လေ။ ပြန်ခေါ်မယ်ဆိုင်ရင် ပြန်ခေါ်နိုင်မယ့် အာမခံချက်မျိုး၊ ပြန်ခေါ်တာကို ယုံကြည်နိုင်လောက်တဲ့ အနေအထားမျိတွေ ရှိရမယ်၊ ကျနော်တို့လည်း အိမ်ပြန်ချင်တာပေါ့။ အိမ်ပြန်ချင်လို့၊ ကိုယ့်အမိမြေကို ကောင်းကောင်းမွန်မွန်ပြန်ချင်လို့ ၂၃ နှစ်လုံး အလုပ်လုပ်ခဲ့တာပဲ။ ဘယ်သူက မပြန်ချင်ဘဲ ရှိမှာလဲ။ ကျနော်တို့ နှလုံးသားထဲမှာ အမိမြေ ပြန်ရဖို့ရယ်၊ ကိုယ်ယုံကြည်ရာတိုက်ပွဲ ဂုဏ်သိက္ခာရှိရှိ အောင်မြင်ဖို့ လိုချင်တယ်။ ကျနော်တို့ စီးပွားရေးလုပ်ကွက်တွေမလိုဘူး။ နိုင်ငံရေး နေရာတွေလည်း မလိုဘူး။

ဒါပေမယ့် ၈ လေးလုံးက အကြောင်းအမျိုးမျိုးကြောင့် ထွက်လာထတဲ့သူတွေကို ပြန်ခေါ်ရင် ၈ လေးလုံး မိသားစုတွေထဲက ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်တဲ့သူတွေရော စုံစုံညီညီ ပြန်ဆုံတာမျိုးဖြစ်သင့်တယ်။ မိသားစုတဖက်ကို ပြန်ခေါ်ပြီး ကျန်တဲ့သူတွေ ထောင်ထဲမှာရှိနေသရွေ့ မိသားစုဟာ လွတ်လွတ်လပ်လပ် ပျော်နိုင်မှာမဟုတ်ဘူး။ ကြည်နူးမှုလည်း ပြည့်စုံမှာ မဟုတ်ဘူး။ ဒီတော့ ၈ လေးလုံး မျိုးဆက် အအပါအ၀င် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ။ ပြည်တွင်းစစ်ကို အမြန်ရပ်တန့်ပါ။ ကျနော်တို့တွေရဲ့ နိုင်ငံတ်ာတည်ဆောက်မှု လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပါ။ (ဦးအောင်မျိုးမင်း၊ ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ပညာပေး ရေးဌာန (မြန်မာနိုင်ငံ) - HREIB)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...