Thursday, September 8, 2011

၁၉၆၃၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကောက်ကြောင်းများ

by Khaing Min on Friday, September 9, 2011 at 7:16am


ဒေါက်တာရန်မျိုးသိမ်း
(၂၀၁၁ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့ထုတ် True News ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေများကို အကျဉ်းချုပ် တင်ပြထားတာာ ဖြစ်ပါတယ်။ )
ပြည်တွင်း ငြိမ်းချမ်းရေးသည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ကျယ်ကျယ် လောင်လောင် အော်လာခဲ့သော အသံ ဖြစ်သည်။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေးထက် ပြည်တွင်းစစ်သာ ရခဲ့သော မြန်မာ ပြည်သူ လူထုသည် ဆင်းရဲမွဲတေမှုနှင့် နပန်းလုံးခဲ့ရသည်။ ထိုကာလ ၁၉၆၃ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲများ ဖိတ်ခေါ် ကျင်းပမည့် သတင်းသည် တစ်မဟုတ်ချင်း လူထုကြားသို့ စိမ့်ဝင်သွားခဲ့သည်။ လူထုသည် ငြိမ်းချမ်းရေးကို လိုလားသည်။ တန်ဖိုးထားသည်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တောတွင်း လက်နက်ကို အဖွဲ့အစည်းများ၏ ဆန္ဒ သဘောထားသည် အရေးကြီးသကဲ့သို့ အုပ်ချုပ်သူ အစိုးရအဖွဲ့၏ ဆန္ဒ သဘောထား၊ နားလည်မှုတို့သည် ပို၍ အရေးကြီးသည်။
အုပ်ချုပ်သူ အစိုးရသည် လူထုအကျိုး၊ တိုင်းပြည်အကျိုး အတွက် ငြိမ်းချမ်းရေးလမ်းကို ဦးဆောင် ဖောက်ပေးရမည် ဖြစ်သည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်
၁၉၆၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် တော်လှန်ရေး ကောင်စီ အစိုးရသည် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။ အမျိုးသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ရာတွင် လက်နက်ကိုင် လမ်းစဉ် ကျင့်သုံးနေသော သောင်းကျန်းသူများကို ဥပဒေ ဘောင်အတွင်း ဖိတ်ခေါ်၍ လူသစ် စိတ်သစ်ဖြင့် နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ တော်လှန်ရေး ကောင်စီ၏ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်သည် ယခင် အစိုးရများ ထုတ်ပြန်ခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်များနှင့်မတူ ခြားနားသည်ဟု လေ့လာသူ အချို့က သုံးသပ်ခဲ့ကြသည်။ လူသတ်မှု၊ မုဒိန်းမှု၊ သူတစ်ဦးအား ထိခိုက် နစ်နာစေမှု၊ ပုဂ္ဂလိကပိုင် ပစ္စည်း ဆုံးရှုံး နစ်နာစေမှုများသည် လွတ်ငြိမ်း ချမ်းသာခွင့်နှင့် မသက်ဆိုင်စေရဟု ပြဋ္ဌာန်းထား ချက်၊ ယင်းအမှုများ အတွက် ပြစ်ဒဏ် ချမှတ်ပါက၊ သက်ညှာစွာ အပြစ် ဒဏ်ချမှတ်ရန် အာမခံချက်၊ သောင်းကျန်းသူများသည် ဇူလိုင် ၁ ရက် မတိုင်မီ လက်နက် ခဲယမ်း မီးကျောက်များကို သက်ဆိုင်ရာတွင် အပ်နှံပြီး၊ ဥပဒေဘောင် အတွင်း ဝင်ရောက်ပါက ပြဋ္ဌာန်း ထားသော ဥပဒေပါ ပြစ်မှုများကို လွတ်ငြိမ်း ခွင့်ပေးခြင်း၊ အစိုးရ အမှုထမ်း၊ အရာထမ်း တစ်ဦးဦးသည် ဧပြီ ၁ ရက် မတိုင်မီ ဌာနဆိုင်ရာ ပြစ်မှု တစ်ခုခုကြောင့် အရေးယူခံရလျှင် သော်လည်းကောင်း၊ အရေးယူ ခံရတော့မည့် အခြေအနေကို ရောက်နေလျှင် သော်လည်းကောင်း လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခြင်း၊ သင်ပုန်းချေ လွတ်ငြိမ်း ချမ်းသာခွင့် ဖြစ်သဖြင့် အစိုးရ ဝန်ထမ်းများ၏ ကိုယ်ရေး မှတ်တမ်းများတွင် ရေးသားထားသော လျို့ဝျက် အစီရင်ခံစာများကို ၁၉၆၃ ခုနှစ် မတ် ၃၁ တွင် လုံးဝ ဖျက်သိမ်းပြီး၊ ဧပြီ ၁ ရက်တွင် ကိုယ်ရေး မှတ်တမ်း အသစ်များကို စတင် အသုံးပြုခြင်းတို့ကို ကိုးကား ကောက်ချက် ပြုခဲ့ကြသည်။

အစိုးရ အခွန်အကောက်များကို အလွဲသုံးစား ပြုလုပ်၍ ရှောင်တိမ်းနေသူများသည် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် အကျုံးမဝင် ပေ။ မြန်မာနိုင်ငံ အရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား တစ်သောင်း နှစ်ထောင်ကျော် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင် ဆရာရာဂျန်၊ ဗိုလ်မှူးချစ်ကောင်း၊ ကွန်မြူနစ်ပါတီ (ဗမာပြည်)၏ အထွေထွေ အတွင်းရေးမှူး သခင်စိုး၏ ဇနီးဟောင်း ဒေါ်နှင်းမေ(ခေါ်)မေ၊ သခင်ဖေဌေး၊ ကေအင်ယူ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဆရာသာမြိုင်တို့ လွတ်မြောက်လာကြသည်။
ကေအင်ဒီအို စစ်ရေးချုပ် စောကျော်ငြိမ်း၊ ဗိုလ်မှူးချုပ် စောင်မောင်ချစ်၊ ကော်သူလေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး စောသက်ဝါး၊ ဗမာပြည် ကွန်မြူနစ်ပါတီမှ ဗိုလ်ရဲထွဋ်၊ ဗိုလ်စိန်တင်၊ ဗိုလ်ရဲမောင်တို့သည် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လက်နက်ချကာ ဥပဒေဘောင် အတွင်း ဝင်ရောက်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တောင်းဆို
ဗမာပြည် ကွန်မြူနစ်ပါတီ အပါအဝင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် တော်လှန်ရေး ကောင်စီ အစိုးရက ထုတ်ပြန် သော အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို လက်မခံနိုင်ဟု ဖော်ပြလျက်၊ တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆိုခဲ့သည်။ တော်လှန်ရေး ကောင်စီ အစိုးရသည် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ရန် ဆန္ဒရှိသည့် အလျောက် ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်တွင် တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ခဲ့သည်။ တွေ့ဆုံ ဆွေးနွေးရေးတွင် ကြိုတင် စည်းကမ်း သတ်မှတ်ချက် မရှိ၊ တိုင်းပြည်၏ ပကတိ အခြေအနေကို လက်တွေ့ကျကျ ဆွေးနွေးမည်။ အမြတ် မထုတ်၊ ပြည်သူ့ အကျိုးကိုသာ အာရုံစိုက် ဆွေးနွေးမည်။ မည်သည့် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံ ဆွေးနွေးမည်။ ကိုယ်စားလှယ်များ၏ လုံခြုံရေးကို တော်လှန်ရေး ကောင်စီက တာဝန် ယူသည်။ ဆွေးနွေးပွဲ မအောင်မြင်လျှင် တောတွင်း ပြန်သွားနိုင်ရန် ကူညီမည့် အပြင် သုံးရက်အတွင်း ဖမ်းဆီးခြင်း၊ တိုက်ခိုက်ခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ဟု ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွင် ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ကချင်၊ ကရင်၊ ဗမာ၊ ရှမ်းနှင့် ဂုံဘာသာတို့ဖြင့် ရိုက်နှိပ်ကာ လက်ကမ်းဝေခြင်း၊ လေယာဉ်မှ ကြဲချခြင်းတို့ ပြုလုပ်ခဲ့သည်။ မြန်မာ့အသံကလည်း တိုင်းရင်းသား ဘာသာပေါင်းစုံဖြင့် ကြေညာပေးခဲ့သည်။ တော်လှန်ရေး ကောင်စီ အစိုးရသည် ယခင်အစိုးရ အဆက်ဆက်က ထုတ်ပြန် ထားခဲ့သော တောတွင်းလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ အတွက် ဆုငွေအမိန့်များကို ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်မှစ၍ ရုပ်သိမ်းခဲ့သည်။ ၁၉၆၃ ခုနှစ် ဇူလိုင် ၁ ရက် မတိုင်မီ၊ လက်နက်ကိုင် အဖွဲ့အစည်းဝင်များ ဥပဒေဘောင် အတွင်း ဝင်ရောက်ရန် သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး၊ နောက်ထပ် အမိန့်ထုတ်ပြန်ချိန် အထိ ဥပဒေဘောင် အတွင်း ဝင်ရောက်နိုင်ကြောင်း တော်လှန်ရေး ကောင်စီ အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။
တော်လှန်ရေး ကောင်စီ အစိုးရသည် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ထုတ်ပြန်ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးကို ရေရှည်အမြင်ဖြင့် မဖြစ်မနေ တည်ဆောက်မည် ဆိုသည့် သဘောထား ဖော်ပြထားသည်ကို မတွေ့ရပေ။ တိုင်းပြည်နှင့် ပြည်သူလူထု အတွက် ပြည်တွင်း ငြိမ်းချမ်းရေးသည် အလွန် အရေးကြီးကြောင်း ဖော်ပြထားသော်လည်း၊ အဆိုပါ ငြိမ်းချမ်းရေးကို မည်သို့စနစ်တကျ တည်ဆောက်မည်ဟု ဖော်ပြသော အမျိုးသား ညီညွတ်ရေး စီမံချက်ကို ပြင်ဆင်ရေးဆွဲခဲ့သည့် အထောက်အထားများ မတွေ့ရှိရပေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နောက်မှ အလျင်စလို ထုတ်ပြန်ခဲ့ပုံရပြီး၊ ကြိုတင်ပြင်ဆင် ထားသော အစီအစဉ်တွင် နောက်တိုးကဏ္ဍ ဖြစ်ခဲ့ပုံရသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

တော်လှန်ရေးကောင်စီ၏ သဘောထား
ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်သော တော်လှန်ရေး ကောင်စီ၏ သဘောထားမှာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်၊ ယခင်က ဖြစ်ခဲ့သော အမှား အယွင်းများ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရှိခဲ့သော အာဃာတများကို ဖယ်ရှား၍ ပြည်ထောင်စု မြန်မာတစ်နိုင်ငံ တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှု အတွက် ကြိုးပမ်းရန်၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်အရ နိုင်ငံအား ပြန်လည် တည်ဆောက်ရာတွင် ပါဝင် ဆောင်ရွက်ကြရန် အတွက် အပြန်အလှန် ဆွေးနွေးခြင်း၊ ဖြစ်သင့် ဖြစ်ထိုက်သော သဘော တူညီချက်များ ရရှိစေခြင်းဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန်တို့ ဖြစ်သည်။
တော်လှန်ရေး အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး သဘောထားသည် ကျယ်ပြန့်သော သဘောရှိပြီး၊ သဘော တူညီချက် ရရှိကာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် ရည်ရွယ် ခဲ့သည်ဟု သုတေသီ အချို့က သုံးသပ်ကြသည်။ အဆိုပါ သဘောထားအပေါ် အခြေခံလျက် ပိုမို အသေး စိတ်ကျသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်၊ လုပ်ငန်းစီမံချက်များ ချမှတ် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးသည် ခရီးမပေါက် ဖြစ်ခဲ့ရသည် ဟုလည်း သုံးသပ်ကြသည်။
တော်လှန်ရေးကောင်စီ အစိုးရသည် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းဝင်များ ပြည်တွင်းသို့ လာရောက်ပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်နိုင်အောင် ကူညီပေးခဲ့သည်။ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို သတင်းစာ ဆရာများ၊ ပြည်တွင်းရှိ နိုင်ငံရေး ပါတီများနှင့် လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေး ခွင့် ပေးခဲ့သည်။ သတင်းစာ လွတ်လပ်ခွင့် ရှိသည့် အလျောက်၊ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းဝင်များသည် သတင်းစာများ မှတစ်ဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ သဘောထားများကို တိုင်းပြည်သို့ လွတ်လပ်စွာ တင်ပြခွင့် ရရှိခဲ့ ကြသည်။

အဓိကဆွေးနွေးဖက် အဖွဲ့အစည်းများ
ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် တော်လှန်ရေး ကောင်စီ အစိုးရအဖွဲ့နှင့် လာရောက်ဆွေးနွေးခဲ့သည့် အဓိက တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ကွန်မြူနစ်ပါတီ (ဗမာပြည်) - အလံနီ ကွန်မြူနစ်ပါတီ
(၂) ရခိုင်ပြည် ကွန်မြူနစ်ပါတီ
(၃) ရှမ်းအမျိုးသား တပ်ပေါင်းစုနှင့် ရှမ်းပြည်လွတ်မြောက်ရေးတပ်
(၄) ကချင် လွတ်လပ်ရေးကောင်စီ
(၅) ဗမာပြည် ကွန်မြူနစ်ပါတီ
(၆) ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ ပါဝင်သော သုံးပါတီ
(၇) ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ချင်းဦးစီးအဖွဲ့တို့ ပါဝင်သော အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု
(၈) ကရင်တော်လှန်ရေးကောင်စီ

ဈေးဦးဖောက်သော အလံနီ
ကွန်မြူနစ်ပါတီ (ဗမာပြည်)၏ ကိုယ်စားလှယ် အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး၊ ဇွန် ၂၇ ရက်တွင် သတင်းစာ ဆရာများနှင့် တွေ့ဆုံခဲ့သည်။ တစ်ပြည်လုံး ထိုးစစ်ရပ်ရေး၊ တပ်များ ရုပ်သိမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပါတီစုံ ကွန်ဖရင့် ကျင်းပရေး၊ အလံနီ ကွန်မြူနစ်ပါတီ ကွန်ဂရက် ကျင်းပရေး၊ ဆွေးနွေးပွဲ မအောင်မြင်ပါက သုံးလစစ် ရပ်စဲရေး ကိစ္စများကို တောင်းဆိုခဲ့သည်။ ဇွန် ၂၉ ရက်တွင် တော်လှန်ရေး ကောင်စီနှင့် အလံနီ ကွန်မြူနစ်ပါတီတို့ ဆွေးနွေးပြီး ထိုးစစ်ရပ်သော်လည်း၊ တပ်မရုပ်သိမ်းနိုင်ကြောင်း၊ ပါတီစုံ ကွန်ဂရက်ကို တစ်နေ့ ကျင်းပနိုင်ဖွယ် ရှိကြောင်းနှင့် ပါတီကွန်ဂရက် ခေါ်ပါက ကူညီမည့် အကြောင်းတို့ ပြန်ကြားခဲ့သည်။
အလံနီ ကွန်မြူနစ်ပါတီ၏ ဒုတိယကိုယ်စားလှယ် အဖွဲ့သည် သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီး၊ သြဂုတ် ၁၃ ရက်တွင် သတင်းစာ ဆရာများနှင့် တွေ့ဆုံကာ၊ သြဂုတ် ၁၅၊ ၁၆၊ ၁၇ ရက်များတွင် တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အလံနီ ကွန်မြူနစ် ပါတီက ပါတီစုံနှီးနှော ဖလှယ်ပွဲ ကျင်းပရေး၊ တစ်ပြည်လုံး အတိုက်အခိုက် ရပ်စဲရေး၊ ပါတီ ကွန်ဂရက် ကျင်းပရေးနှင့် ကုလသမဂ္ဂ၊ အရှေ့အုပ်စု၊ အနောက်အုပ်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ငြိမ်းချမ်းရေး တည်ဆောက် ရေးဆိုင်ရာ အကြံဉာဏ် တောင်းခံရေးတို့ကို အဆိုပြုခဲ့သည်။ သြဂုတ် ၁၉ ရက်တွင် တော်လှန်ရေး ကောင်စီသည် အလံနီပါတီ အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် ရိုးသားမှုဖြင့် ပြုမူ ဆောင်ရွက်ခြင်း မရှိ၍ တွေ့ဆုံဆွေးနွေးပွဲကို အဆုံးသတ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ ၅၅ ရက်တာ ကာလအတွင်း၊ တွေ့ဆုံ ဆွေးနွေးပွဲများ အဆုံးသတ်ခဲ့သည်။ နှစ်ကြိမ်သာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ ပဏာမ အဆင့်တွင် နိဂုံးချုပ်ခဲ့သည်။

ရခိုင်အလံနီပါတ
ရခိုင်အလံနီ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၁၇ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိပြီး၊ ဇူလိုင် ၁၈ရက်မှ စ၍ တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တပ်ရုပ်ရေး၊ ဆွေးနွေးချက်များကို ရေဒီယို၊ သတင်းစာ တို့မှ ဖော်ပြရေး၊ ဆွေးနွေးပွဲ မအောင်မြင်ပါက သတ်မှတ် ထားသော အပစ်အဖမ်းမဲ့ ကာလ သုံးရက်ကို တိုးပေးရေး၊ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်၊ ပြည်မနှင့် ပူးပေါင်း ပိုင်ခွင့်တို့ကို တောင်းဆိုခဲ့သည်။ နိုဝင်ဘာ ၁၈ရက် ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် သဘောထား ကွဲကာ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ကြောင်း တော်လှန်ရေး ကောင်စီ အစိုးရက ထုတ်ပြန်ခဲ့သည်။ ၁၂၃ ရက် ကာလအတွင်း နှစ်ကြိမ် တွေ့ဆုံကာ ပဏာမ အဆင့်တွင် အဆုံးသတ်ခဲ့သည်။

ရှမ်းပြည်တောတွင်းလက်နက်ကိုင်အဖွဲ့များ
၁၉၆၃ ခုနှစ် သြဂုတ် ၂၅ရက်တွင် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်များသည် ရှမ်းပြည် လွတ်မြောက်ရေး တပ်နှင့် ရှမ်းပြည် လွတ်မြောက်ရေး တပ်ပေါင်းစုတို့နှင့် တစ်ပြိုင်နက် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာ ၂၆ရက်တွင် တောင်ကြီးမြို့၌ ထပ်မံ ဆွေးနွေးခဲ့ပြီး၊ သဘောတူညီမှု မရရှိသဖြင့် တော်လှန်ရေးကောင်စီ အစိုးရသည် ရှမ်းတောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ၁၉၆၃ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ရပ်ဆိုင်းခဲ့သည်။ ၁၁၅ရက် ကာလအတွင်း နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးကာ အဆုံးသတ်ခဲ့သည်။

ကချင်လွတ်လပ်ရေးကောင်စီ
ကချင် လွတ်လပ်ရေး ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့သည် တော်လှန်ရေး ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ၁၉၆၃ ခှုနှစ် သြဂုတ် ၃၁ရက်နှင့် နိုဝင်ဘာ ၁၅ ရက်တို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အပစ်အခက် ရပ်စဲရေးနှင့် ပတ်သက်၍ သဘောတူညီမှု မရရှိသဖြင့် တော်လှန်ရေး ကောင်စီသည် ကချင် လွတ်လပ်ရေး ကောင်စီနှင့် ဆွေးနွေးမှုများကို နိုဝင်ဘာ ၁၅ရက်တွင် ရပ်စဲလိုက်ကြောင်း ကြေညာခဲ့သည်။ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးကာ ၇၇ ရက်အတွင်း ဆွေးနွေးပွဲများ ရပ်စဲခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ
ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်းသည် တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းထံ ၁၉၆၃ခုနှစ် ဇွန် ၂၂ ရက် ရက်စွဲပါ စာတစ်စောင် ပေးပို့ခဲ့သည်။ အဆိုပါစာတွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်ပြိုင်နက် ဆွေးနွေးရန်၊ ပြင်ဆင်ရေး ပဏာမ အစည်းအဝေး ကျင်းပရန် တစ်ပြည်လုံး ထိုးစစ်ရပ်စဲထားရန် လိုလာကြောင်း တင်ပြခဲ့သည်။ တော်လှန်ရေး ကောင်စီက ဗမာပြည် ကွန်မြူနစ်ပါတီ အတွက်သာ လာရောက် ဆွေးနွေးရန် ပမာဏ အစည်းအဝေး ကျင်းပရန်နှင့် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးရန်တို့ကို ပြန်ကြားခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရသည် ဗကပ ဗဟို ကောင်စီ အစည်းအဝေး ကျင်းပရေး ကူညီရန် သဘောတူခဲ့သည်။ အပစ်အခက် ရပ်စဲရေးကို တစ်ပြည်လုံးထက် နှစ်ဖက်နယ်မြေများတွင် ကျင့်သုံးရန် သဘောတူခဲ့ပြီး၊ တပ်ပြောင်းရွှေ့ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ရပ်ဆိုင်းထားရေး၊ ဆွေးနွေးသည့် ကိစ္စကို နှစ်ဖက်ပူးတွဲ ကြေညာချက် ပြုလုပ်ရေး ကိစ္စတို့ကို သဘောမတူခဲ့ပေ။ ဗမာပြည် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များသည် ၁၉၆၃ ခုနှစ် စက်တင်ဘာ ၂ရက်မှ အောက်တိုဘာ ၁၆ ရက် အထိ ဆွေးနွေးပွဲ (၇) ကြိမ် ပြုလုပ်ခဲ့သည်။ ဗကပ ကိုယ်စားလှယ် အဖွဲ့နှင့် သီးခြား ဆွေးနွေးခြင်းကို ရပ်ဆိုင်းကာ အပစ်အခက် ရပ်စဲရေးအတွက် မဒညတ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဆွေးနွေးရန် သဘောတူခဲ့သည်။

ကရင်၊ မွန်၊ ကရင်နီသုံးပါတီ
သုံးပါတီ (ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ) ပဏာမ ကိုယ်စားလှယ် အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက် တွင် တော်လှန်ရေး အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့နှင့် စတင် ဆွေးနွေးခဲ့သည်။ သုံးပါတီ ကိုယ်စားလှယ် အဖွဲ့နှင့် တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ် အဖွဲ့သည် ၁၉၆၃ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စတင်ဆွေးနွေး ခဲ့သည်။ အပစ်အခက် ရပ်စဲရေးကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ရန် မဒညတ အနေဖြင့် ဆွေးနွေးရန် နှစ်ဖက် သဘောတူခဲ့သည်။

မဒညတ သို့မဟုတ် ဆွေးနွေးပွဲ၏ အထွတ်အထိပ်
မဒညတသည် ကေအင်န်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ချင်းဦးစီးအဖွဲ့တို့ ပါဝင်သော အဖွဲ့ဖြစ်သည်။ မှတ်တမ်းများအရ မဒညတသည် တော်လှန်ရေး အစိုးရ၏ သဘောတူညီမှု အပေါ် နားလည်မှု လွဲခဲ့ပုံရသည်ဟု သုံးသပ်ကြသည်။ တော်လှန်ရေး ကောင်စီ အစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလ တစ်လျှောက် တစ်ပါတီချင်း၊ တစ်ဖွဲ့ချင်းသာ ဆွေးနွေးခဲ့ပြီး၊ တပ်ပေါင်းစု အသွင်ဆောင်သော စုပေါင်းအဖွဲ့များနှင့် ဆွေးနွေးမှု မပြုလုပ်ခဲ့ပေ။ တော်လှန်ရေး ကောင်စီက မဒညတနှင့် အတိုက်အခိုက် ရပ်စဲရေးကိစ္စကိုသာ ဆွေးနွေးရန် သဘောတူခဲ့သည်ဟု ဖော်ပြခဲ့သည်။ ပဏာမ ဆွေးနွေးပွဲ အဆင့်တွင် မဒညတ ကိုယ်စားလှယ် အဖွဲ့သည် အပစ်အခတ် ရပ်စဲရေး ကိစ္စကိုသာ ဆွေးနွေးပြီး ကျန်ကိစ္စများကို တစ်ပါတီချင်း ဆွေးနွေးရန် သဘောတူခဲ့သည်။
မဒညတသည် ငြိမ်းချမ်းရေး ခရီးပေါက်အောင် စေတနာထား၍ ရိုးသားစွာ ပြောဆိုခြင်း မရှိခဲ့သဖြင့် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တော်လှန်ရေး ကောင်စီ အစိုးရက ထုတ်ပြန်ခဲ့သည်။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှ နိုဝင်ဘာ ၁၄ ရက်အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၇ ကြိမ် ပြုလုပ်ခဲ့သည်။

တစ်ဖွဲ့တည်းသောအောင်ပွဲ
ကရင်တော်လှန်ရေး ကောင်စီ၏ ကိုယ်စားလှယ် အဖွဲ့သည် တော်လှန်ရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် ၁၉၆၃ ခုနှစ် သြဂုတ် ၂၀ ရက်မှ နှစ်ကုန်အထိ၊ ၁၉၆၄ ခုနှစ် ဇန်န၀ါရီ ၂၇ရက်မှ မတ် ၁၂ရက် အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ကောင်စီနှင့် ကရင် တော်လှန်ရေး ကောင်စီတို့၏ ငြိမ်းချမ်းရေး သဘောတူညီချက်များကို နှစ်ဘက် ခေါင်းဆောင်များက ၁၉၆၄ခုနှစ် မတ် ၁၂ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးခရီးမပေါက်ခြင်း
၁၉၆၃ခုနှစ် မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် ပြည်တွင်း ငြိမ်းချမ်းရေးသည် အဓိက လိုအပ်ချက် တစ်ရပ်အဖြစ် ပုံပေါ်ခဲ့သည်။ တော်လှန်ရေး ကောင်စီ အစိုးရသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၆၂ခုနှစ် ဇူလိုင် ၄ရက်တွင် ပြဌာန်း၍ အမြုတေပါတီကို ထူထောင်ခဲ့သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တွေးခေါ်မြော်မြင်ရေး သဘောထား စာတမ်း ဖြစ်သည့် လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရားကို ၁၉၆၃ခုနှစ် ဇန်န၀ါရီ ၁၇ရက်တွင် တော်လှန်ရေး ကောင်စီက အတည်ပြု ပြဌာန်းပြီး တိုင်းပြည်သို့ ထုတ်ပြန် ကြေညာခဲ့သည်။ ပါတီစည်းရုံးရေး ကော်မတီနှင့် ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော်မတီတို့ကို ၁၉၆၂ခုနှစ် ဇူလိုင် ၆ရက်တွင် ဖွဲ့စည်းခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေချိန်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် အမြုတေ ပါတီအဖြစ် ရှိနေခဲ့ပြီး ပါတီ၏ သဘောတရားကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
၁၉၆၃ခုနှစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိသော အုပ်ချုပ်ရေးစနစ် ကျင့်သုံးလျက် ရှိသည်။ တော်လှန်ရေး ကောင်စီ အစိုးရ အဖွဲ့ဝင်များ အားလုံး နီးပါးသည်လည်း တပ်မတော် အရာရှိကြီးများ ဖြစ်သည်။ ၁၉၆၃ ခုနှစ် ၀န်းကျင်ကာလသည် အစိုးရနှင့် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ အကြား အပြန်အလှန် နားလည်မှု အပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှု အလျော့နည်းဆုံး ကာလ အပိုင်းအခြား တစ်ခုဟု လေ့လာသူအချို့က ကောက်ချက် ပြုကြသည်။ တော်လှန်ရေး ကောင်စီ အစိုးရသည် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလင့်ကစား နိုင်ငံရေး ဆွေးနွေးမှု မတိုင်မီ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးစဉ်ကာလ အတွင်း၌ပင် တွေ့ဆုံ ဆွေးနွေးပွဲများ ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အများစုသည် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်သို့မရောက်မီမှာပင် ရပ်ဆိုင်းခဲ့သည်။

တော်လှန်ရေးကောင်စီ အစိုးရနှင့် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် ပြည်တွင်း ငြိမ်းချမ်းရေးကို ရေရှည် အမြင်ဖြင့် တည်ဆောက်ရန် ပြင်ဆင်ခဲ့သည့် အထောက်အထားများ မတွေ့ရှိရပေ။ ထိုအခြေအနေတွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်တို့ကို တော်လှန်ရေး ကောင်စီ အစိုးရက ၁၉၆၂ခုနှစ် မတ် ၃ ရက် ကတည်းက ဖျက်သိမ်းပြီး ဖြစ်သည်။ လွှတ်တော် မရှိသော ကာလဟုလည်း သတ်မှတ်နိုင်သည်။ တော်လှန်ရေး ကောင်စီ ဥက္ကဌသည် အာဏာ သုံးရပ်ကို ချုပ်ကိုင်ထားသော အချိန်လည်း ဖြစ်သည်။ လွှတ်တော် ပေါ်ပေါက်လာသည့် နောက်ပိုင်း ကာလတွင်လည်း လွှတ်တော်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မရှင် သို့မဟုတ်၊ ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သည့် အထောက် အထားများကို မတွေ့ရပေ။ အကယ်စင်စစ် ပြည်တွင်း ငြိမ်းချမ်းရေး လွှတ်တော် ကော်မရှင် တစ်ရပ်ကို လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်များမှ ကြားခံလူကြီးများ ကျွမ်းကျင် သူများနှင့် ဖွဲ့စည်း ပြီး ရေရှည်အမြင်ဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းသည် အသင့်တော်ဆုံး နည်းလမ်း ဖြစ်မည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်နိုင်ငံလုံး အပစ်အခက် ရပ်စဲရေးကို ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြီးမြောက်သည့် ကာလအထိ သတ်မှတ်ရန် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းနှင့် ပါတီပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲတစ်ခုကို တော်လှန်ရေး အစိုးရမှ ဦးစီး ကျင်းပရန်တို့ကို တင်ပြ အဆိုပြုခဲ့သည်။ တော်လှန်ရေး ကောင်စီ အစိုးရသည် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများကို အယုံအကြည် မရှိသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မကျင့်သုံးနိုင်ခဲ့ပေ။ အပစ်အခတ် ရပ်စဲရေးကို တည်ဆောက်ပြီး တောတွင်း အဖွဲ့အစည်းများနှင့် တော်လှန်ရေး အစိုးရ အကြား ယုံကြည်မှု တည်ဆောက်ရေး ကာလ တစ်ခုကို ဖြတ်သန်း သင့်ခဲ့သည်ဟု လေ့လာသူ တစ်ချို့က သုံးသပ်ကြသည်။
ဆွေးနွေးပွဲများ ပျက်ပြားပြီး နောက်ပိုင်းတွင် တော်လှန်ရေး ကောင်စီ အစိုးရသည် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများအား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခဲ့ခြင်း အတွက် အဓိက တာဝန်ရှိသည်ဟု သုံးသပ် ရေးသားမှုများ ပြုလုပ်ခဲ့သည်။ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ၏ မလျော်ကန်သော အပြုအမှုများ လုပ်ရပ်များကို တိုင်းပြည်သို့ ချပြခဲ့သည်။ ထိုစဉ်က အာဏာပိုင် အစိုးရတစ်ရပ် အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အထ မမြောက်ရခြင်း အပေါ် မှန်မှန် ကန်ကန် ဆန်းစစ် သုံးသပ်ရာတွင် တော်လှန်ရေး ကောင်စီအစိုးရသည် အားနည်းခဲ့သည်ဟု သုံးသပ်ကြသည်။ တောတွင်း အဖွဲ့အစည်းများအား အပြစ်ဖို့သည့် သုံးသပ်ချက်များ ထုတ်ပြန်ချက်များသည် ရေရှည် ကာလတွင် နှစ်ဖက်အကြား ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်ရာတွင် အဖုအထစ် ဖြစ်စေခဲ့သည်ဟု ရှုမြင်ကြသည်။

နိဂုံး
ပြည်တွင်း ငြိမ်းချမ်းရေးသည် အပြောမဟုတ်၊ လက်တွေ့လုပ်ရမည့် ကိစ္စ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မည့် ဥပဒေတစ်ရပ်ကို လွှတ်တော်တွင် အတည်ပြုပြဌာန်း ထားနိုင်ပါက ငြိမ်းချမ်းရေးကို အလျင်စလို မတည်ဆောက် နိုင်သေးလျှင်လည်း ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီး ယုံကြည်မှု တည်ဆောက် ထားနိုင်လိမ့်မည်ဟု ကောက်ချက် ချကြသည်။ မငြိမ်းချမ်းသော ဒေသနေသူများသည် ငြိမ်းချမ်းရေး၏ တန်ဖိုးကို ပိုမိုနားကြသည်။ အနီးဆုံး ကာလများက အပစ်အခက် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည့် လုပ်ငန်းစဉ်များကို အသေးစိတ် ပြန်လည် သုံးသပ်ကာ အားနည်းချက်များ၊ အားသာချက်များ ထုတ်နှုတ် နိုင်ရန်လည်း အရေးကြီးသည်ဟု ထင်မြင်မိသည်။ ကမ္ဘာပေါ်ရှိ မည်သည့် နိုင်ငံတွင် မဆို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အလျင်အမြန် အကောင်အထည် ဖော်ခြင်းသည် လူသားမျိုးဆက် အတွက် အကောင်းဆုံး လက်ဆောင် ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ကမ္ဘာကြီးကို တဖြည်းဖြည်း လွှမ်းခြုံလာပြီး ငြိမ်းချမ်းရေး ချိုးဖြူငှက်များသည် ကောင်းကင်တွင် ပျံဝဲ လာလိမ့်မည်ဟု ယုံကြည်လျက် စာရွက်ပေါ်တွင် မဟုတ် လက်တွေ့ဘ၀တွင် အကောင်အထည် ဖော်ကြရမည်မှာ သမိုင်းပေး တာဝန်ပင် ဖြစ်သည်။

ကိုးကား။
တော်လှန်ရေး ကောင်စီ၏ လုပ်ဆောင်ချက် သမိုင်းအကျဉ်းချုပ်၊ တော်လှန်ရေး ကောင်စီ ၁၉၇၄ခုနှစ် မတ်လ ၂ရက်
မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ -ဒုတိယတွဲ
တက္ကသိုလ်များ သမိုင်းသုတေသနဌာန၊ ၁၉၆၃ခုနှစ် နိုဝင်ဘာ
ရှေ့သို့ငြိမ်းချမ်းရေး အထူးစာစောင်၊ ၁၉၆၃ခုနှစ် ဒီဇင်ဘာလ ၁ရက်
အင်တာနက် အချက်အလက်များ

ဒေါက်တာရန်မျိုးသိမ်း
Posted by ပိတောက်မြေ at 4:15:00 AM 0 comments

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...