Saturday, September 10, 2011

အစိမ်းရောင်စွမ်းအင်ဆီသို့ ချီတက်ခြင်း အပိုင်း(၂)


လိုအပ်ချက်များ

မရှိမဖြစ် လူမှုကွန်ရက် အဖွဲ့ အစည်း

ကမ္ဘာကြီးမှာ တစ်နေ့ထက် တစ်နေ့ သားသမီးမွေးဖွားနှုန်း ကျဆင်းလာပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ တုန်းက ပျမ်းမျှ အမျိုးသမီး တစ်ယောက်ဟာ သားသမီး ၅ ယောက်မှ ၆ ယောက်ထိ ရှိခဲ့ရာက အခုဆိုရင် ၂ ယောက် မှ ၃ယောက်ထိလျော့နည်းလာပါတယ်။ ကမ္ဘာ့နိုင်ငံတစ်ဝက်လောက်မှာ ဆိုရင် ကလေးမွေးဖွားနှုန်း သိသိသာသာ လျော့နည်းလာကြပါတယ်။ ဥပမာ။ ။အမေရိကန်၊ တရုတ် နဲ့ အင်ဒိုနီးရှား နိုင်ငံတွေ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေ၊ ဂျပန်နဲ့ ရုရှား နိုင်ငံတွေမှာဆိုရင် သားသမီးမွေးဖွားနှုန်းကျလာခြင်းရဲ့ အကြောင်းကို လေ့လာတဲ့ အခါ အမျိုးသမီးတွေ ပညာတတ်မြောက်လာမှု နှင့် ဥစ္စာဓန တိုးပွားလာကြခြင်း ကြောင့်လို့ သုံးသပ်ကြပါတယ်။
  တချို့ အစ္စလာမ် နိုင်ငံတွေနဲ့ ခရစ်ယာန် နိုင်ငံ တွေ(အာဖ၇ိကလို နိုင်ငံမျိုး) မှာတော့ သားသမီးမွေးဖွားနှုန်းဟာ ပုံမှန်မွေးဖွားနှုန်းထက် ပိုများနေဆဲပါပဲ။

ဒီလို ကလေးမွေးဖွားနှုန်းဟာ ကျဆင်းနေပေမဲ့ ကမ္ဘာ့လူဦးရေ ကို ကြည့်ရင် ဆက်လက်တိုးတက်နေတာကိုတော့ တွေ့နေရပါတယ်။  လေ့လာချက်အရ တစ်နှစ်ကို လူဦးရေ ၇၅ သန်း နှုန်းနဲ့ တိုးတက်နေပါသတဲ့။ ဒါဟာ ကျွန်တော်တို့ လူသားတွေ အနာဂတ်အတွက် အစားအသောက်၊ ရေ နဲ့ အိမ်ယာတွေ အများအပြားလိုအပ်နေတာကို ပြနေပါတယ်။ တကယ့် အခက်အခဲက လူဦးရေ တိုးတက်မှုထက် ဥစ္စာဓန တိုးတက်မှုတွေ ပိုများလာပါတယ်။ နိုင်ငံ အများစုက စီးပွားရေး ဖွံ့ဖြိုးလာမှုနဲ့ အတူ နေထိုင်စားသောက်မှုပုံစံတွေပါ ပြောင်းလဲ လာခဲ့ကြပါတယ်။ လူတွေဟာ အသားငါးတွေ ၊ နို့ထွက် ပစ္စည်းတွေနဲ့ စွမ်းအင်တွေကို ပိုမိုသုံးစွဲလာခဲ့ကြပါတယ်။ ဒီလို သုံးစွဲမှုများလာတဲ့ အတွက် အဓိက ခံစားရတာကတော့ ဆင်းရဲတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ချမ်းသာတဲ့ တရုတ်နဲ့ အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ အစားအစာတွေ အလျံပယ် အလုံအလောက်ရရှိ နိုင်ဖို့ ထိန်းသိမ်းနိုင်ဖို့ အတွက် အာဖရိကလိုနိုင်ငံက မြေနေရာ အများအပြားကို ၀ယ်ယူခဲ့ကြပါတယ်။

ဒီလိုချမ်းသာတဲ့ ဒေသတွေမှာ စားသောက်မှု တွေ မြင့်မားလာခြင်းနဲ့ အတူ ရောယှက်လာတဲ့ အညစ်အကြေး စွန့်ပစ်မှု တွေကို ဘယ်လို လျော့ချနိုင်ကြမလဲဆိုတာ စဉ်းစားစရာပါ ။ ဒါမှ မဟုတ် ချမ်းသာကြွယ်ဝမှုကို ထိန်းချုပ်ကြမလား။ ၁၉၆၀ နှစ်တွေနဲ့ စာရင် အခု လူသားတွေ သောက်သုံးရေ ရရှိမှု ပမာဏဟာ ၂၅ ရာနှုန်းထိ ကျဆင်းလာပါတယ်။ ကမ္ဘာ့လူဦးရေ ရဲ့ သုံးပုံတစ်ပုံဟာ သောက်သုံးရေ ပြတ်လပ်မှုတွေ နဲ့ ရင်ဆိုင်နေကြရပါတယ်။ သောက်သုံးရေ မရတာဟာ အစာပြတ်လပ်တာနဲ့ အတူတူပါပဲ။ ၁၉၉၄ ခုနှစ် ရ၀မ်ဒါ မှာ လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတာဟာ လူမျိုးရေး ကြောင့် မဟုတ်ပဲ၊ အစာရေစာ ပြတ်လပ်မှုကြောင့်ဆိုတာ သတိထားဖွယ်ရာ တွေ့ခဲ့ရပါတယ်။

နည်းပညာတွေက ကျွန်တော်တို့လိုအပ်တဲ ရေနဲ့ မြေယာတွေ ထိန်းသိမ်းနိုင်မှုကို အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်ပေးခဲ့ပါတယ်။ နည်းပညာအသစ်အဆန်းတွေကလဲ ဘယ်လိုမှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုနည်းပညာအသစ်တွေ ပေါ်ထွန်းလာခြင်းက ကျွန်တော်တို့ကို မှီခိုအားထားမှု ပိုများလာစေပါတယ်။ လယ်သမားတွေဟာ သီးနှံတိုးတက်စေတဲ့ ဓာတ်မြေသြဇာတွေ၊ ရေသွင်းစိုက်ပျိုးရေး နည်းစနစ်တွေနဲ့ စက်ပစ္စည်းတွေကို စွမ်းဆောင်ရည် အမြင့်မားဆုံးရရှိစေဖို့အတွက် အားကိုးလာကြပါတယ်။ ဒါကြောင့် အစားအစာထုတ်လုပ်မှု တိုးတက်လာခြင်းနဲ့ အတူ စွမ်းအင်လိုအပ်ချက်တွေကလဲ ပိုလိုအပ်လာခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ စားသောက်ကုန် ဈေးနှုန်းတွေကပိုမြင့်တက်လာခဲ့ပါတယ်။

အစားအစာ ထုတ်လုပ်မှု ပိုများလာတာဟာ ပိုမိုစိုက်ပျိုးလာမှု တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ စားသောက်မှုပုံစံ ပေါ်မှာလည်း မူတည်နေပါတယ်။ လူတွေ အများစုက နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီ ပမာဏ ထက်ပိုမိုစားသုံးနေကြတာပါပဲ။ အနောက်နိုင်ငံအများစုက လူတွေဟာ အမြောက်အမြား စားသောက်မှု နဲ့ အတူ  စွန့်ပစ်တာလဲ အများအပြားပါပဲ ။ အမေရိကန် ၊ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း(FAO-Food and Agriculture Organization) က ခန့်မှန်းတာက အမေရိကန်တွေဟာ သူတို့ အစားအသောက်တွေရဲ့ ၃၀ ရာနှုန်းနဲ့ ၄၀ ရာနှုန်းလောက်ကို စွန့်ပစ်ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်တွေ စွန့်ပစ်ကြတဲ့ အထဲက ၃ပုံ ၂ ပုံက သစ်သီး ၊ ဟင်းသီးဟင်းရွက်၊ နို့ထွက် ပစ္စည်း၊ ဂျုံထွက် ပစ္စည်းတွေနဲ့ သကြားတို့ပါပဲ။ ဒီအချက်အလက်တွေဟာ  ဥရောပနိုင်ငံတွေမှာလဲ အတူတူပဲလို့ ဖော်ပြထားပါတယ်။

အစားအသောက်တွေ ဟာ အများအားဖြင့် ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လူတွေရဲ့ အိမ်တွေမှာ အလဟသ ဖြစ်ကုန်ကြ ပါတယ်။ အိမ်ပြင်ပဖြစ်တဲ့ စားသောက်ဆိုင်တွေမှာထွက်စားခြင်းကလည်း ကယ်လိုရီတွေ ပြုန်းတီးခြင်းရဲ့ အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် တနေ့ ၂ နပ်ထဲက ၁ နပ်စာကို အပြင်မှာ ထွက်စားကြပါသတဲ့။ ပြီးတော့ လူ သုံးယောက်မှာ တစ်ယောက်က သူတို့ရဲ့ ကားထဲမှာပဲ စားသောက်ကြပါတယ်။ ဒီလိုပြင်ပမှာ စားသောက်မှုနဲ့ အတူ အဆင်သင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေရဲ့ ဝယ်လိုအားလဲ များပြားလာပါတယ်။ တကယ်တော့ ဒီလို အဆင်သင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေဟာ ပုပ်သိုးပျက်စီးဖို့ ပိုလွယ်ကူပါတယ်။ စွန့်ပစ်ပစ္စည်းတွေအများစုမှာ အသင့်လုပ် အစားအသောက်တွေရဲ့ ပမာဏက များပြားလှပါတယ်။

အခုရင်ဆိုင်ရမှာက ကျွန်တော်တို့ဟာ ကျန်းမာရေး အတိုင်းအတာတစ်ခုထိပဲ  လိုအပ်တဲ့ ကယ်လိုရီ ပမာဏကို ထိန်းသိမ်းဖို့နဲ့၊ ပုပ်သိုးပစ္စည်း စွန့်ပစ်မှုကို လျော့ချကြဖို့ပါပဲ။ အဓိက အားဖြင့် အစားအသောက်တွေနဲ့ သောက်သုံးရေ ရှားပါးမှု ဟာ လူဦးရေ ပိုများလာတာထက် လူသားတွေရဲ့ မှားယွင်းတဲ့ နေထိုင်မှု ပုံစံတွေမှာ မူတည်နေပါတယ်။


အသက်ရှင်ဖို့ ရေ

ကမ္ဘာ့လူဦးရေရဲ့ သန်းပေါင်းများစွာဟာ အန္တရာယ်ကင်းတဲ့ ရေရရှိမှု နဲ့ ကင်းဝေးနေကြပါတယ်။ ရေမသန့်ရှင်းမှုကြောင့် နှစ်စဉ် လူ သန်းပေါင်းများစွာဟာ အသက်ဆုံးရှုံးနေကြရပါတယ်။ ကျန်းမာရေးနဲ့ အညီ ရေကို ထိန်းသိမ်းမှုဟာလဲ လာမဲ့ နှစ် ၂၀ အတွက် ထည့်သွင်း စဉ်းစားရပါလိမ့်မယ်။ ရေကြောင့် အသက်ဆုံးရှုံးကြတယ်ဆိုလို့ ကြောက်ရွံ့စရာတော့ မရှိပါဘူး။ ကမ္ဘာ့လူဦးရေ တိုးတက်မှုများပြားလာပေမဲ့ လူတိုင်း အတွက် သောက်သုံးရေဟာလဲကမ္ဘာကြီးမှာ လုံလုံလောက်လောက်ရှိနေပါတယ်။ ဥရောပနိုင်ငံများရဲ့ တွေ့ရှိချက်အရ.... လူတစ်ယောက်ကျန်းမာဖို့ ဆို၇င် တစ်နေ့ ရေ လီတာ ၂၀ သောက်ဖို့ လိုအပ်ပါတယ်။ နှစ်စဉ် မိုးရေဟာ ၁ သိန်း ကီလိုမီတာ ထုထည် ပမာဏ ရွာသွန်းပါတယ်တဲ့။  အခုလက်ရှိ လူဦးရေ နဲ့ ဆိုရင် ကောင်းကောင်းလုံလောက်တဲ့ ပမာဏတစ်ခုပါပဲ။ အဓိကက သောက်သုံးရေ မရလို့ လူတွေ အသက်ဆုံးရှုံးရတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ရေတွေကို သောက်သုံးမိကြလို့ပါပဲ။

လယ်ယာစိုက်ပျိုးရေး အတွက်လဲ ရေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဂျုံ တစ်ကီလို ဂရမ်ထွက်ဖို့ ရေ၁၀၀၀ လီတာ လိုအပ်ပါတယ်။ ကော်ဖီ တစ်ကီလိုဂရမ် ထွက်ဖို့ဆို၇င်တော့ ရေက ၂၀ ၀၀၀ လီတာ လိုပါတယ်တဲ့။ မိုးရေချိန်ဟာ တကယ်တော့ ကမ္ဘာ့နေရာတစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ တိုက်တွေ အားလုံးရဲ့ မိုးရေချိန် ၄ ပုံ ၁ ပုံ ဟာ ကနေဒါနိုင်ငံ မှာ ရွာသွန်းပြီး၊ တချို့ဒေသတွေမှာ ဆို၇င် မိုးရေ တစ်စက်မှ မရွာတာမျိုးလဲ ရှိပါတယ်။ ဒါဖြင့် သောက်သုံးရေ ကို ဘယ်လို ထိန်းသိမ်းကြမလဲ ဆိုတာ စဉ်းစားစရာပါ။

ဥရောပ သမဂ္ဂနိုင်ငံများရဲ့ အစီအရင်ခံစာအရ ၁၉၅၀ နှစ်တွေမှာ ရေရှားပါးတဲ့ နိုင်ငံတွေဟာ ဘာရိန်းနဲ့ မော်လ်တာ စတဲ့ နိုင်ငံ အနည်းငယ်ပဲ ရှိပါတယ် ။ ဒီနေ့ခေတ်မှာတော့ ကင်ညာနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေပါ ရင်ဆိုင်လာရပါတယ်။ အိန္ဒိယ နိုင်ငံမှာဆိုရင် စိုက်ပျိုးရေးမှာ မြေအောက်ရေ ကို အဓိက အသုံးပြုကြပါတယ်။ ၃ပုံ ၂ပုံသော အိန္ဒိယ လူဦးရေ ဟာ မြေအောက်ရေအသုံးပြုပြီး စိုက်ပျိုးကြပါတယ်။ မြေအောက်ရေဟာ ပြန်လည်ရရှိနိုင်တဲ့ စွမ်းအင်ဖြစ်ပေမဲ့၊ ဒီလို အလျင်အမြန်ထုတ်ယူသုံးစွဲမှုကြောင့် ပညာရှင်တွေက ကုန်ဆုံးသွားမှာ စိုးရိမ်နေကြရပါတယ်။ ကမ္ဘာ့ မိုးရေချိန်ကလဲ တဖြည်းဖြည်းလျော့နည်း လာပါတယ်။ ရေစုပ်စက်တွေ အများစု တပ်ဆင်ပြီး မြေအောက်ရေ ကို အများအပြား စုပ်ယူ သုံးစွဲ တာ ထက်စာရင် အလေအလွင့်မရှိ ရေကို ထိန်းသိမ်းဖို့လိုပါတယ်။

ဒီလို အခြေအနေနဲ့ ဆိုရင် မျိုးဆက် တစ်ခုအတွင်းမှာပဲ မြေအောက်ရေ တွေကုန်ဆုံးသွားနိုင်ပါတယ်။ တချို့ဒေသတွေဖြစ်တဲ့ ပီရူး၊ မက္ကဆီကို နဲ့ အမေရိကန် နိုင်ငံတွေမှာ မြေအောက်ရေ ရှားပါးမှုနဲ့ ကြုံတွေ့နေရပါပြီ။

မြစ်ရေတွေဟာလဲ ထို့အတူ ခန်းခြောက်လာနေပါတယ်။ကမ္ဘာ့အကြီးဆုံးမြစ်တွေဖြစ်တဲ့  မြစ်ဝါမြစ်နဲ့ ကော်လိုရာဒို မြစ်တွေဟာ ပင်လယ်အဖြစ် မပြောင်းလဲ နိုင်တော့ပါဘူး။

ဒီအခြေအနေတွေကို လေ့လာပြီးနောက်...ပညာရှင်တွေက အိန္ဒိယ နိုင်ငံရဲ့ တချို့ဒေသတွေမှာ ရေကို ထိရောက်စွာ အသုံးပြုပြီး ရေပိုက်လိုင်းတွေနဲ့ သီးနှံပင်တွေဆီ တိုက်ရိုက် အလေအလွင့်မရှိအောင် ပို့ဆောင်ပေးပါတယ်။

စိုက်ပျိုးရေး အတွက် နောက် အရေးကြီးတာက ရာသီဥတု အခြေအနေပါပဲ။ အခုလက်ရှိရာသီဥတု ခန့်မှန်းမှုက အင်မတန်မှ ချို့တဲ့ အားနည်းနေပါသေးတယ်။ ဥပမာ။ ။ အီသီရိုးပီးယား နိုင်ငံမှာဆိုရင် မိုးလေ၀သငှာန ပေါင်း ၁၆၀၀  ရှိပေမဲ့၊ ၁၆ ခုလောက်ပဲ အင်တာနက်ကတစ်ဆင့် သူတို့ရဲ့ တိုင်းတာတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ကြပါတယ်။ အများစုက စာရွက်တွေပေါ်မှာပဲ တင်ပြခဲ့ကြပါတယ်။ စာရွက်ပေါ်မှာ တင်ပြဖို့ အချိန်က ၂လ ကြာပါတယ်။ ဒီအချိန်မှာပဲ အပင်တွေဟာ ရာသီဥတုဒဏ်ကြောင့် သေဆုံးသွားကြပါတယ်။

ဒီလို အခက်အခဲတွေကို ဖြေရှင်းဖို့ ဂူဂယ်လ်(Google.org) နဲ့ ဥရောပ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရာသီဥတု သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ သိရှိစေနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ လယ်သမားတွေဟာ ရာသီဥတု သတင်းနဲ့ အတူ ကြိုတင်ပြင်ဆင်ရမဲ့ နည်းလမ်းတွေကိုလဲ ရရှိဖို့လိုပါတယ်။ အခုဆို၇င် ဖုန်းထဲမှာ "သင့်အနားက အရေးကြီးသတင်း(Outbreak near you) "  ဆိုတဲ့ ဖုန်း ဆော့ဖ်ဝဲကို အသုံးပြုပြီး အချိန်နဲ့ တပြေးညီ ရာသီဥတုကို သိရှိနိုင်ကြပါပြီ။

နောက်အရေးကြီးတာက သောက်သုံးရေ သန့်ရှင်းမှု နည်းပညာတွေ ပါပဲ။ အခုဆိုရင် ရေထဲမှာပါတဲံ ရောဂါပိုးမွှားတွေကို သေစေဖို့အတွက် ခရမ်းလွန်ရောင်ခြည်(UV) ကို အသုံးပြုပါတယ်။ အနုစိတ် အလွှာများနဲ့ ရေကို စစ်ယူတဲ့ နည်းပညာ(Membrane Technology) ကလဲ တိုးတက်လာပါတယ်။ အခုလက်ရှိမှာ နာနိုနည်းပညာ(Nano Technology) သုံးရေသန့်စင်မှုစံနစ်က ဈေးပိုသက်သာတဲ့ နည်းလမ်းတစ်ခုပါပဲ။  အဆင့်မီ ရေသန့်စင်တဲ့ နည်းပညာတွေဟာ အခုလယ်သမားတွေ အနေနဲ့ တော့ ဈေးကြီးနေဆဲပါပဲ။  စင်ကာပူနိုင်ငံနဲ့ တခြား ဟိုတယ်တွေမှာ အသုံးပြုနေကြပါတယ်။ ဒီလိုနည်းပညာတွေ ဈေးနှုန်းသက်သာလာတဲ့ အချိန်ရောက်ရင်တော့ လယ်သမားတွေပါ စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်လာပါလိမ့်မယ်။


ဆက်ပါဦးမည် ။ ကျေနပ်နိုင်ကြပါစေ။
စာချစ်သူများအား ကျေးဇူးတင်ပါသည်။

မူရင်း ၊ ၊ 2030: Technology That will change The World,( Rutger van Santen, Djan Khoe , Bram Vermeer)

(ဇေယျာ) 11/Sep/11, Sunday, 12:04 am

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...