ပြဿနာဟောင်းတစ်ခုအတွက် အကြံသစ်ဉာဏ်သစ်များ
ကမ္ဘာ့ဆင်းရဲသည့်ပြဿနာနှင့်ပတ်သက်၍ စာအုပ်များ၊ သဘောတရားများ များစွာထွက်ပေါ်ခဲ့ကြသည်။ မန်ဆာချူးဆက်တွင် ပညာရှင်နှစ်ဦးရေးသားသော “ကမ္ဘာ့ဆင်းရဲမှုတိုက်ဖျက်ရေး နည်းလမ်းများနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ခြင်း” စာအုပ်တစ်အုပ်ထွက်မည်။ ပညာရှင်တစ်ဦးသည် အိန္ဒိယနိုင်ငံ ကိုလ်ကာတားရှိ ဆင်းရဲသားများအကြောင်းဖတ်ရှုကာ သနားကြင်နာစိတ် ပေါ်ပေါက်ခဲ့သူဖြစ်သည်။ အခြားပညာရှင်တစ်ဦးကမူ ဆင်းရဲသားပညာရှင် ကလေးများသည် အမြဲတမ်းကစားချိန်ရနေသည်ဟု သိရသဖြင့် မနာလိုမကျေနပ်ခဲ့သူဖြစ်သည်။
မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ထိုဘောဂဗေဒပညာရှင်နှစ်ယောက်က ဆင်းရဲမှုအကြောင်းကို စွဲစွဲလမ်းလမ်းလေ့လာသုံးသပ်ခဲ့ကြသည်။ ပညာရပ်ပိုင်းဆိုင်ရာ သုတေသနများနှင့် ကိုယ်တွေ့အတွေ့အကြုံများကို ပေါင်းစပ်ကာ တစ်နေ့လျှင် ၀.၉၉ဒေါ်လာအောက် ၀င်ငွေဖြင့် ရပ်တည်နေကြသော လူ ၈၆၅သန်းတို့၏ဘ၀ကို ထင်ပေါ်စေရန်ကြိုးစားကြသည်။
ထိုပညာရှင်နှစ်ယောက်က ကျပန်းစမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ကြသည်။ ထိုစမ်းသပ်ချက်များ၌ ဆင်းရဲမှုတိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းများကို ဆေးကုမ္ပဏီများက ဆေးဝါးများစမ်းသပ်သကဲ့သို့ စမ်းကြည့်ခဲ့ကြသည်။ အုပ်စုတစ်ခုကို ကုထုံးကုနည်းပေးပြီး၊ နောက်အုပ်စုတစ်ခုကို ကုထုံးကုနည်းမပေး။ ထိုအုပ်စုနှစ်ခုကို ကျပန်းနည်းဖြင့် ရွေးချယ်သည်။ အကယ်၍ ပထမအုပ်စု၏ အခြေအနေကောင်းလျှင် လုပ်ငန်းစီမံကိန်း၏ အကျိုးကျေးဇူးကြောင့်ဖြစ်မည်။ ထိုစမ်းသပ်မှုများသည် စိတ်ဝင်စားစရာကောင်းသည်။ အကူအညီပေးရေးအစီအစဉ်များတွင် ပြောလေ့ပြောထရှိကြသော အကြံဉာဏ်များ၊ အတွေးအခေါ်များထဲမှ အမှန်တရားများကို ဖော်ထုတ်ကြသည်။ အကယ်၍ လုပ်ငန်းစီမံကိန်းတစ်ခုက အောင်မြင်သည်ဟူသောအဖြေထွက်လာလျှင် အစိုးရများ၊ အလှူရှင်များက ထိုလုပ်ငန်းစီမံကိန်းကို ၀ိုင်းဝန်းထောက်ခံကြကာ၊ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ညွှန်းကြမည်။
အလားတူပင် အခြား“စေတနာကောင်းရုံမျှမက” ဟူသော စာအုပ်တစ်အုပ်ထွက်လာသည်။ ထိုစာအုပ်ကိုလည်း ဝေဖန်သူများ များစွာပေါ်ပေါက်ခဲ့သည်။ ဝေဖန်သူများက ဤစမ်းသပ်မှုများသည် ဆေးဝါးတစ်ခုက ထိရောက်မှုရှိသည်မရှိသည်ကိုသာဖော်ပြပြီး မည်သို့ထိရောက်မှုရှိကြောင်း မပြောသလိုဖြစ်နေသည်။ ဆေးဝါးလောက၌လည်း ကျပန်းစမ်းသပ်သည့်နည်းများသည် သာမန်လူနာတစ်ယောက် မည်သို့အကျိုးကျေးဇူးရှိမည်ကိုသာပြသပြီး မိမိလူနာတစ်ယောက် အကျိုးရှိ၊ မရှိ ပြောဆိုနိုင်ခြင်းမရှိပေ။ လူသားတို့၏ ဇီဝကမ္မသည် လူသားတစ်ယောက်နှစ်တစ်ယောက် ခြားနားကြသည်။ ထို့အတူပင် ဆင်းရဲမှုနှင့်ပတ်သက်လျှင်လည်း တစ်ယောက်နှင့်တစ်ယောက် မတူကြ။
မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ပညာရှင်နှစ်ယောက်ကမူ မည်သည့် နည်းလမ်းကအလုပ်ဖြစ်သည်သာမက မည်သို့အလုပ်ဖြစ်သည်၊ မည်သည့်အတွက်ကြောင့်အလုပ်ဖြစ်သည်ဆိုသည့်ကိစ္စကိုပါ စိတ်ဝင်စားကြသည်။ သူတို့သည် လက်တွေ့သမားတွေလည်းဖြစ်ကြသည်။ သူတို့က ဆင်းရဲသားများ တွေးပုံ၊ ဆုံးဖြတ်ချက်ချပုံတွေကို စိတ်ဝင်စားကြသည်။
ဆင်းရဲသားများကို မိုက်မဲသည်ဟုမဆိုနိုင်။ ၄င်းတို့သည် သတင်းအချက်အလက်လွဲမှားစွာရရှိခြင်း၊ အခြေအနေ၏ လွှမ်းမိုးမှုကိုခံရခြင်း၊ ၄င်းတို့အတွက် အကျိုးရှိသည်ဟု အသိအမှတ်ပြုသည့်ကိစ္စကိုပင်လျှင် လုပ်ဆောင်ရန် ခက်ခဲခြင်းတို့နှင့်ရင်ဆိုင်ရလျက်ရှိကြသည်။ သုတေသီများက အိန္ဒိယတောင်ပိုင်း၌ ငွေချေးသူများက ၄င်းတို့၏အကျိုးအတွက်ဝယ်ကြရန် တိုက်တွန်းသည့် ကျန်းမာရေးအာမခံကို ငြင်းပယ်ရန်အတွက် စာချုပ်တစ်ခု၏ အားနည်းချက်များအသုံးပြုပုံ ပြောပြသည်။ ဆင်းရဲသားများသည်လည်း အခြားသူများကဲ့သို့ပင် နှောင့်နှေးကြန့်ကြာခြင်း၊ ကိုယ်ကောင်းရာကောင်းကြောင်း မလုပ်လိုခြင်းများရှိကြသည်။ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်က အမျိုးသမီးတစ်ယောက်သည် အတိုး ၂၄ရာခိုင်နှုန်းပေးရသော ချေးငွေကိုယူကာ ၄ရာခိုင်နှုန်းရသည့် ငွေစုစာရင်းဖွင့်သည်ကို တွေ့ရသည်။ လုပ်ပုံလုပ်နည်းသည် အလွန်လွဲမှားသည်။ သို့သော် အမျိုးသမီးက ထိုကြွေးမြီကို ပြန်ဆပ်ရန်ဆန္ဒရှိကြောင်း လက်ခံသည်။
ကင်ညာမှ လယ်သမားများသည်ပင် မြေသြဇာအသုံးပြုခြင်း၏အကျိုးကျေးဇူးများကို ခံစားနိုင်ခြင်းမရှိကြ။ စိုက်ပျိုးချိန်တွင် ယခင်ရာသီက ထွက်ရှိခဲ့သောသီးနှံများမှရရှိသောဝင်ငွေကို အကုန်သုံးပြီးဖြစ်နေ၍ ဖြစ်သည်။ ပို၍ အမြင်ကျယ်သည့် လယ်သမားများ၏ သီးနှံရိတ်သိမ်းပြီးလျှင်ပြီးချင်း ငွေရှိလျှင်ရှိခြင်း မြေသြဇာဝယ်ထားကြသည်။ ပြန်ရောင်းမပြစ်ကြ။ လယ်သမားတွေအနေဖြင့် မြေသြဇာဝယ်ရန်အတွက် ငွေမစုနိုင်သော်လည်း မြေသြဇာဝယ်၍ စုတတ်သည့်အကျင့်ရှိသည်ကို တွေ့ရသည်။
ဆင်းရဲမှုကို မှီခိုမှုနှင့်လည်းတွဲ၍ စဉ်းစားတတ်ကြသည်။ ဆင်းရဲသားများသည် ၄င်းတို့၏ဘ၀များအတွက် ချမ်းသာသူများထက်ပို၍ တာဝန်ယူကြရသည်။ ချမ်းသာသူများသည် ပိုးသတ်ထားသောရေကိုသုံးနိုင်ခြင်း၊ ပုံမှန်ဝင်ငွေရနေခြင်း၊ ဘဏ်စာရင်းများတွင် ပုံမှန်ဝင်ငွေရှိနေခြင်း၊ ကျန်းမာရေးအသုံးစရိတ်နှင့် အငြိမ်းစားရန်ပုံငွေများ အဆင်သင့်ဖယ်ထားခြင်းဟူသော အကျိုးကျေးဇူးများကို ခံစားနိုင်သည်။ စီးပွားပျက်မည့်အန္တရာယ်မတွက်ဘဲ စီးကရက်တွေ၊ အရက်တွေကို သောက်သုံးနိုင်ကြသည်။ သို့သော် ဆင်းရဲသားများအနေဖြင့် လ္ဘက်ရည်တစ်ခွက်မှအစ စဉ်းစား၍ သောက်နေကြရသည်။ ထို့ကြောင့် ဆင်းရဲသားများနှင့်ပတ်သက်လျှင် ဆွဲဆောင်ခြင်း၊ တွန်းခြင်း၊ ထောက်ပံ့ကြေးပေးခြင်းဟူသောနည်းများကို အသုံးပြုကာ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်ရန် အထောက်အကူဖြစ်နိုင်သည်။ သို့သော် ဆင်းရဲမှုနှင့် မှီခိုမှုကို အမြဲတမ်းတွဲ၍ စဉ်းစားမရပေ။
ဆင်းရဲသားများသည်လည်း ၄င်တို့၏ စီးပွားရေးလုပ်ငန်းများကို ထူထောင်လုပ်ကိုင်နိုင်ကြသည်။ ထိုသို့ ထူထောင်လုပ်ကိုင်နိုင်ခြင်းမှာ အခြားရွေးချယ်စရာမရှိ၍ ဖြစ်သည်။ ဆင်းရဲသားအတော်များများက အစိုးရ၀န်ထမ်းအလုပ်များ၊ စက်ရုံလုပ်သားအလုပ်များကို လုပ်ချင်ကြသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လုပ်ငန်းရှင်များများစားစားမရှိကြပေ။ လခစားများသာ များနေသည်။
အချို့ဘောဂဗေဒပညာရှင်များက မူဝါဒကောင်းသော်လည်း နိုင်ငံရေးမကောင်းလျှင် လွဲချော်သွားတတ်သည်ဟု ဆိုတတ်ကြသည်။ ၁ ဒေါ်လာသုံးလျှင် ၀.၈၇ဒေါ်လာ ဗျူရိုကရက်များ၏ လက်တွင် ပျောက်ဆုံးမည့်ကိစ္စ၌ ပညာရေးအတွက် မည်သို့အကောင်းဆုံးသုံးမည်ကို စဉ်းစားနေစရာမလိုဟု ယူဆခဲ့ကြသည်။
လုပ်ထုံးလုပ်နည်းများ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ ညံ့ဖျင်းသည့်နိုင်ငံတစ်ခု၌ ဘာမျှမတတ်နိုင်၊ ထိုလုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်ပတ်သက်လျှင်လည်းဘာမျှ မတတ်နိုင်ဟု ဘောဂဗေဒပညာရှင်များက ပြောလေ့ရှိကြသည်။ ထိုအတိုင်းဆိုလျှင် တော်လှန်ရေးတစ်ခု ပေါ်ပေါက်သည်အထိ စောင့်ရမလိုဖြစ်နေသည်။ သို့သော် ပညာရှင်နှစ်ဦးတို့ကမူ “တိတ်တဆိတ်တော်လှန်ရေး” လုပ်၍ ရသည်ဟု ယူဆကြသည်။ သေးသေးဖွဲဖွဲကိစ္စများမှ စကာ ကောင်းမွန်အောင်လုပ်နိုင်သည်ဟု ယူဆသည်။ အလွန်တရာဆိုးဝါးနေသည့်အချိန်၌ပင် အသေးအဖွဲလေးများကို အနည်းငယ်မျှ စလုပ်ကာ ကြီးကြီးကျယ်ကျယ်ပြောင်းလဲနိုင်သည်ဟု တွက်ဆသည်။
မူဝါဒများပို၍ ကောင်းမွန်လာလျှင် နိုင်ငံရေးအခြေအနေ ပို၍ ကောင်းမွန်လာနိုင်သည်ဟု တွက်ဆသည်။ အကယ်၍ ကောင်းမွန်သည့် မူဝါဒချမှတ်မှုများကြောင့် ၄င်းတို့၏ ဘ၀များပြုပြင်ပြောင်းလဲနိုင်ကြောင်း မဲဆန္ဒရှင်များက တွေ့ရှိလျှင် ၄င်းတို့၏ မျှော်လင့်ချက်များမြင့်မားလာကာ တောင်းဆိုမှုများ ပို၍ မြင့်မားလာနိုင်သည်ဟု ယူဆသည်။
ခင်မောင်ညို (အီကောနောမစ်)

0 comments:
Post a Comment