Saturday, May 14, 2011

“စိန် နဲ့ စု မတွဲမိသ၍



-ဦးဖိုးသာအောင်-14/5, 2011။-

မြန်မာ့နိုင်ငံရေးအခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာဆိုတဲ့ အခြေအနေမျိုးမဟုတ်ပါ၊
စစ်အာဏာရှင် တဖြစ်လဲ ဦးသိန်းစိန်အစိုးရသည် ရှေ့သို့တိုးမြဲ တိုးနေပြီး ပြည်တွင်းပြည်ပ အတိုက်အခံတို့သည် နောက်သို့ ဆုတ်မြဲ ဆုတ်ကြရင်း ပြတ်ကျန်ခဲ့သည့် အခြအနေမျိုးဖြစ်သည်။

စစ်အစိုးရက ကျင်းပပြုလုပ်ပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးစီးသွားသည့်နောက်ပိုင်းကစပြီး မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်၏ ပုံသဏ္ဍာန်သည် ပီပြင်စွာ မြင်ကြရပါပြီ၊


အတိုက်အခံတွေက လေတလုံး မိုးတလုံးဖြင့် အာဘောင်အာရင်းသန်သန် မည်သို့ပင်ပြောခဲ့ကြပေမင့် တိုင်းပြည်၏ ကံကြမ္မာသည် အစိုးရသစ်၏ လက်ထဲသို့ ကျရောက်သွားခဲ့ပါသည်၊ ကျားသနားမှ နွားချမ်းသာ၊ သူပြုသမျှ နုရမည့် ကိန်းပင် ဖြစ်နေပါသည်။


အစိုးရအသစ်၏ အမှတ်တံဆိပ်နှင့် အလံတော်

အတိုက်အခံတွေက မတရားလွန်းလှသည့် ၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်မပြုပါဟု မည်သို့ပင်ဆိုစေကာမူ ဗိုလ်သန်းရွှေအစိုးရက ဖုတ်လေသည့် ငါးပိ ရှိလေတယ်တောင် မအောင်းမေ့ပါ၊

ထည့်သွင်း ဂရုစိုက်ဖို့ဆိုတာ ဝေလာဝေးပါပဲ၊ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ကြိုတင်မဲနှင့်ပဲ အပြတ်အသတ်အနိုင် ယူလိုက်ပါသည်၊

ဒီလိုနဲ့ မြန်မာနိုင်ငံမှာ လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ်ကြီးတရပ် ပေါ်ထွန်းလာပြီ မဟုတ်ပါလား၊ ဘယ်အတိုက်အခံတွေကမှ လက်မခံသည်ဖြစ်စေ ဦးသိန်းစိန်အစိုးရသစ်ကြီးကတော့ စင်ပေါ်မှာ အခန့်သားကြီး ပေါ်ထွက်လာပါသည်။

ခိုင်လုံမှုရှိတာက ဘယ်နိုင်ငံကမှ မကန့်ကွက်ကြဘဲ အသိအမှတ် ပြုလိုက်ကြခြင်း ပင်ဖြစ်ပါသည်။

“ မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ ” လို့ ဦးဆောင်ကြွေးကြော် ခဲ့တဲ့ ခေါင်းဆောင် ကြီးတွေ၊ မတရားတဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ကြလို့ ပြည်သူကို တပ်လှန့် ခဲ့သူတွေ၊ ၂၀၁၀ ရွေးကောက်ပွဲ၏ မတရားမှုတွေကို ကမ္ဘာသိအောင် အစီရင်ခံစာ ထုတ်ပြန်မယ် ဆိုတဲ့ အတိုက်အခံ ခေါင်းဆောင်ကြီးတွေ အခုတော့ ဘာတွေလုပ် နေကြပြီလဲ၊

ပြည်ပထွက်ပြီး တော်လှန်ရေးလုပ်သူ နိုင်ငံရေးလုပ်သူတွေကရော စင်ပြိုင်အစိုးရဖွဲ့၊ အားမရလို့ နောက်ထပ် အစိုးရတခုဖွဲ့မယ်လို့ ပြောလို့ပြော၊ တိုင်းရင်းသား ညီညွတ်ရေး ရစေမယ့် ဖယ်ရဒယ် ဖွဲ့စည်းပုံတွေ ရေးလို့ရေး၊ အမည်နာမ မျိုးစုံနဲ့ အဖွဲ့တွေဖွဲ့ကြ၊ တိုးချဲ့ဖွဲ့၊ စုစည်းဖွဲ့၊ ချဲ့ပြီးဖွဲ့၊ ငုံပြီးဖွဲ့နဲ့ စိတ်မချ ရမချင်း အမျိုးမျိုးတွေ ဖွဲ့ကြပြီး ဖောင်းပွနေတဲ့ အဖွဲ့ပေါင်းစုံနဲ့ အလုပ်မဖြစ်ဘဲ လေပစ် နေရတဲ့ အဖြစ်တွေပါလား။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ညီညွတ်ရေးတွေအခြေခံပြီး ခွန်နှစ်ဖွဲ့ပေါင်းကြ ရှစ်ဖွဲ့ပေါင်းကြပြီး၊ န.အ.ဖ ရဲ့ ထိုးစစ်ကို ဝိုင်းပြီး မခုခံ၊ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ဗျူဟာတွေနဲ့ အတော်ရင်လေးစရာပါ၊

လက်နက်ကိုင်တော်လှန်ရေး၊ အမိမြေလွတ်မြောက်ရေး အဆင့်က ခုခံကာကွယ်ရေးအဆင့်ကို လျှောကျ လာကြတာကိုပဲ တွေ့နေရပါတော့တယ်၊ ကိုးကန့်လိုလို၊ ဝလိုလို၊ မိုင်းလားလိုလို၊ တရုတ်လိုလို အဖွဲ့တွေလည်း သူတို့ကို ကျောထောက် နောက်ခံ ပေးနေတဲ့ တရုတ်ကြီးက သူတို့ထက် တွက်ခြေ ကိုက်မယ့် န.အ.ဖ နဲ့ပေါင်း လိုက်တော့ နယ်ခြားစောင့်လိုလို၊ ပုလိတ်လိုလို ဖြစ်ရတော့မယ့် အဖြစ်မျိုးပါ။

နိုင်ငံရေးအာဏာကို ကြိုတင်တွက်ဆနိုင်တဲ့ ဗ.က.ပ ကတော့ စောစောကတည်းက လက်နက်စွန့် စီမံကိန်းနဲ့ ယူဂျီပုံစံလေး နေပြလိုက်တယ်၊

လက်ရှိတိန်ရှောင်ဖိန်ဝါဒကိုလည်း လက်မခံ၊ မော်ဝါဒ အရိုးစွဲနဲ့ အတိုက်အခံအဖွဲ့တွေထဲမှာ ယူဂျီပုံစံနဲ့ လှုပ်ရှားနေကြလေရဲ့၊ ဗ.က.ပ ကို လျှော့တွက် လို့တော့ မရဘူး၊

ဗကပ- ပြောရေးဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်း
ဒေါ်စုကိုတောင် လွှမ်းမိုးနိုင်ပုံပေါ်တယ်၊
ဒါကလည်း မြန်မာနိုင်ငံကြီး ကံဆိုးချင်တော့ ကွန်မြူနစ်ဝါဒမှိုင်း မိခဲ့ကြတာကိုး၊
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဒီမှိုင်းမိခဲ့တာ ပဲမဟုတ်လား၊
ဗ.က.ပ ရဲ့ နောက်ဆုံး ထွက်သက်နဲ့ ရည်ရွယ်ချက်ကတော့ အရင်းရှင် အမေရိကန် မဝင်ရေး ဒို့အရေးပါပဲ။


ကံကောင်းတာက ရှစ်လေးလုံးအပြီး နောက်ပေါက်နိုင်ငံရေးအတိုက်အခံ အမည်ခံအဖွဲ့တွေရယ်ပါ၊ ပြည်ပ ထွက်ကြပြီး အင်ဂျီအိုနဲ့ အင်ဂျီအို အမည်ခံ ပြည်ပနိုင်ငံများက သူ့ရည်ရွယ်ချက်နဲ့ သူ ဖွဲ့ထားတဲ့ အဖွဲ့တွေနဲ့ ဆက်မိကြ၊ ထောက်ပံ့ ကြေးငွေတွေ ရကြနဲ့ ခေတ်ပျက် သူဌေးတွေဖြစ်၊ နိုင်ငံရေးနားလည်တာ အဓိကမကျဘဲ အင်္ဂလိပ်လို မွှတ်ရင်ခေါင်းဆောင်ဖြစ်၊ သြဇာကြီးတဲ့ အဖြစ်တွေပါပဲ၊

အင်ဂျီအိုအမည်ခံငွေပေးတဲ့ အဖွဲ့တွေကလည်း နိုင်ငံရေးနားလည်တဲ့ကောင်ဆိုရင် ဘယ်လိုချင်ပါ့မလဲ၊
သူတို့ခိုင်းတာလုပ်မယ့် သူသာ ငွေပေးမှာပေါ့၊ ဒါ အဆန်းမှ မဟုတ်ဘဲ၊ ဒီတော့ မြန်မာပြည်က သူတို့လိုချင်တဲ့ဟာ ရရင် ပြီးရောဆိုတဲ့ ငွေပေးသူတွေနဲ့ ငွေရရင်ပြီးရော ဆိုတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကလည်း ပုလင်းတူ ဘူးဆို့ အဖြစ် လိုက်ဖက်ကြပါပေတယ်၊

အရှက်၊ ဂုဏ်၊ သိက္ခာနဲ့ ဒို့ ပြည်ဆိုတာ ငွေမက်ခေတ်ပျက်သူဌေးတွေအတွက် မဟုတ်သလို ပြည်တွင်းက စစ်အစိုးရ ဓားပြနဲ့ ပြည်ပက သူခိုးပါပဲ၊

ပြည်သူ့မျက်နှာကြည်ဖို့ဆိုတာ မစဉ်းပါနဲ့၊ ဒီလိုမျိုးအတိုက်အခံတွေကြောင့် န.အ.ဖ ဟာ ရှေ့သို့ တိုးတက်မြဲ တိုးတက် နေတာ အဆန်းတရား မဟုတ်သလို သဘာဝလည်းကျပါတယ်။


ပိုဆိုးတာက မြေအောင်းပွေးနဲ့ မြေအောင်းပွေး ဖြစ်ချင်သူတွေက အတိုက်အခံတွေထဲမှာ အများသား၊ ပြည်တွင်းရော ပြည်ပမှာပါ အတိုက်အခံ အဖွဲ့ထဲကို မြေအောင်းပွေး ဝင်လုပ်ချင်လို့ကတော့ အလွယ်လေး၊
ရှစ်လေးလုံး နောက်ပိုင်း ခါတော်မှီ အတိုက်အခံအဖွဲ့တွေရဲ့ သဘာဝကလည်း ရိုးစင်းလှပါတယ်၊

ပါတီဝင် အဖွဲ့ဝင်ဖြစ်ဖို့ဆိုလည်း အတားအဆီး အစစ်အဆေးမရှိ၊ စောင့်ကြည့်စမ်းသပ်ကာလ မရှိ အော်တိုမစ်တစ် အဖွဲ့ဝင်ဖြစ်တဲ့ ခေတ်၊ ဒါကြောင့်လည်း ခေတ်သစ်စကားပုံတခု တိုးလာတယ်၊

ဟိုတုန်းက “ တိုင်း မသိတော့၊ ဗာရာဏသီ၊ မင်းမသိတော့၊ ဗြဟ္မဒတ်၊ ” အခုခေတ်မှာ “ ပါတီမသိ အင်အယ်ဒီ၊ ခေါင်းဆောင်က ဒေါ်စုကြည် တဲ့” ပြည်ပမှာ ဖွဲ့တဲ့အဖွဲ့များစွာမှာ ပါချင်ရင် အင်အယ်ဒီကဆိုရင် ပြီးတာပါပဲ၊ ဒေါ်စုနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာ မိမိပုံပါတာကို ပြနိုင်ရင်ပဲ အဟုတ်ကြီးဖြစ်နေပြီ၊

ဒီလိုပါပဲ အင်ဂျီအိုနဲ့ ဆက်မိ၊ အဖွဲ့တွေဖွဲ့၊ ငွေတောင်း ဝေစားနဲ့ ငွေရရေးအတွက် နိုင်ငံရေးကို ခုတုံးလုပ် အကြောင်းပြ ပရောဂျက် တင်နေတဲ့ အဖွဲ့တွေထဲမှာလည်း မြေအောင်းပွေးက အောက်ခြေမှအစ ခေါင်းဆောင်ကြီး အဆုံး နေရာအားလုံးမှာ ဖြစ်နိုင်နေတာပဲ ဥစ္စာ။


ခါတော်မှီ အတိုက်အခံအဖွဲ့တွေ အမည်ခံ ခေတ်ပျက် တောကြောင်

ဒီလို အခင်းအကျင်းတွေထဲမှာ စံနစ်ကျပြီး ငွေသုံးနိုင်တဲ့ လက်တံရှည် န.အ.ဖ အစိုးရက ခပ်ညံညံပြိုင်ဘက်ကို မွေးထား၊ ခေတ်ပျက်နိုင်ငံရေး သူခိုးကို မသိဟန်ဆောင်ပြီး သူ့လူတွေ အများကြီးသွင်းထားနိုင်တာပေါ့၊

န.အ.ဖ က သူ့အတွက် အနှောက်အယှက်ကြီးတခုလို့ မြင်လာတဲ့ ဖဒိုမန်းရှာလို ပုဂ္ဂိုလ်ကျတော့ အပြတ်ရှင်းလိုက်တယ် မဟုတ်လား၊

ဒါကို ကြည့်ရင်ကျန်တဲ့လူတွေက မှု့စရာတွေမဟုတ်ဆိုတာ သေချာတယ်၊ အတိုက်အခံနိုင်ငံရေးကို လေဒီယိုတွေနဲ့ ပေါင်းပြီး လေနဲ့ဘဲ လုပ်ပြတယ်၊

လက်တွေ့မပါဘူး၊
သူတို့ပြောသမျှတွေကို နှစ်ဆယ့်သုံးနှစ်လောက် လေဒီယိုမှာ ကြားခဲ့ရတယ်၊


အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ပြီး လူထုတိုးတက်မှု ရှိလာတာဆိုလို့ ဘာမှ ပြစရာမရှိဘူး၊
လေဒီယိုနားထောင်ခဲ့တဲ့အချိန်တွေကို နှမျောဖို့ ကောင်းတယ်၊
အိုင်အယ်အိုနဲ့ ပေါင်းပြီး ကလေးစစ်သား ပပျောက်ရေးနဲ့ အဓမ္မအလုပ်ခိုင်းတာ ရပ်စဲမှု လုပ်နေတာကို နိုင်ငံရေး အောင်မြင်မှုကြီးလို့ ထင်မှတ်မှား ဘဝင်မြင့်နေရင် န.အ.ဖ က မွေးထားမှာ သေချာတယ်၊
ဒေါ်လာလည်း ရ၊ ဝမ်းလဲ ဝ နှင့် အချိန်ဆွဲထားနိုင်တဲ့ နိုင်ငံရေးအချောင်သမားတွေ များများရှိနေလေလေ န.အ.ဖ က ကြိုက်လေလေပါပဲ။


ပွဲကပြီးနေပါပြီ၊ သမတဖြစ်မယ့် ဗိုလ်သိန်းစိန်ကို အမေရိကန်က ဝါရှင်တန်မှာခေါ်ပြီး မယုတ်မလွန်လေး သူကောင်းပြုထားတယ်၊ တရုတ်ကွန်မြူနစ်ပါတီ စတုတ္ထမြောက် ခေါင်းဆောင် ဆိုသူကလည်း မြန်မာပြည်ကို လာပြီး သမ္မတ ဦးသိန်းစိန်ကို သတိပေး သူကောင်းပြုတယ်၊
ဦးသိန်းစိန်အစိုးရကလည်း နပ်ပါတယ်၊


သမ္မတ ဦးသိန်းစိန်

မ အပါဘူး၊ အဲဒီတော့ အ တာက ဘယ်သူတွေလည်း အတိုက်အခံတွေလား၊ မဟုတ်ပါဘူး၊ အတိုက်အခံခေါင်းဆောင်ဆိုသူတွေလည်း မ အကြပါဘူး၊

သူတို့အခြေအနေ နိုင်ငံရေးအခြေအနေကို သူတို့သိတာပေါ့၊ ကလေးတောင်သိနိုင်တဲ့ဟာပဲ၊ သိသိကြီးနဲ့ လုပ်ခဲ့ကြတယ်၊

အခုလည်း အရှိန်လေးနဲ့ ဆက်လုပ်နေကြတယ်၊ လူ့အခွင့်အရေးကိစ္စတို့၊ ဦးသန်းရွှေတို့ အုပ်စုကို စစ်ခုံရုံး တင်ဖို့တို့၊ လူကြားကောင်း တရားနာ ငွေတောင်းလို့ ကောင်းမယ့် အစ်ရှုးလေးတွေရှာပြီး ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖေတို့ အကူအညီနဲ့ လူကြားအောင် အော်ကြတုံးပါပဲ၊


သူတို့လည်း မညံ့ကြပါဘူး၊
သူတို့အကျိုးနဲ့ သူတို့ပါပဲ၊ အတိုက်အခံတွေဘာပဲ ပြောပြော “ လက်တွေ့နဲ့ ကိုက်ညီပါသလား ” လို့ မေးဖော်ရတာကိုပဲ ရေဒီယိုတွေကို ကျေးဇူးတင်နေပါတယ်။


မြန်မာ့ အရေး နှစ်- ၂၀ ကြာပြီး ဒီမိုကရေစီ မရသေးသော်လည်း ကမ္ဘာသိ နာမည်ကြီးသူ ဒေါ်အောင်ဆန်းစုကြည်၊

မြန်မာ့ဒီမိုကရေစီ ရရှိရေးတိုက်ပွဲ နှစ်နှစ်ဆယ်ကျော်ကာလမှာ ပွဲကပြီးသလောက် ရှိနေပါပြီ၊ ဒီပွဲမှာ ဘယ်သူတွေနိုင်ပြီး ဘယ်သူတွေ ရှုံးသွားသလဲ၊

စီးပွားရေးအရ အမြတ်ထွက်သွားတာက တရုတ်နဲ့ အာစီယံ၊ စီးပွားလွန်ချမ်းသာ သွားကြတာက န.အ.ဖ စစ်ခေါင်းဆောင်ကြီးတွေ၊
ကမ္ဘာသိ နာမည်ကြီးသူက ဒေါ်အောင်ဆန်းစုကြည်၊
နိုင်ငံရေးအရ တွက်ခြေမကိုက်လိုက်တာက အမေရိကန်၊
နိုင်ငံရေးအရ အရှုံးမထွက်ဘူးဟု ပြောနိုင်နေတာက ဗ.က.ပ နဲ့ သူ့နောက်လိုက်များ၊
အချောင်ကြီးပွားကုန်ကြတာက ပရီပိုဇယ်စားအဖွဲ့ခေါင်းဆောင်များနဲ့
အရှုံးကြီး ရှုံးကြရတာက မြန်မာပြည်သူလူထုကြီးပါပဲ။


လက်ရှိအခြေအနေမှာတော့ အမေရိကန်က ဒေါ်စုနဲ့ ဦးသိန်းစိန်ကို ဆွဲစိဖို့ ကြိုးစားနေတယ်၊

အောင်မြင်ရင်ကံကောင်းပါလိမ့်မယ်၊
မအောင်မြင်ရင်တော့ အမေရိကန်ရဲ့ နည်းဗျူဟာသည် မှားနေလို့ပဲဟု ဆိုရပါမည်၊
အမေရိကန်၏ လူကဲခတ်မှားခြင်း မှန်ခြင်းအပေါ်မြန်မာပြည်၏ ကံကြမ္မာပဲလို့ ပြောရမည်ဖြစ်ကြောင်းပါဗျား။ ။

ဦးဖိုးသာအောင်


၁၄- ၅- ၂၀၁၁
  • You, Melven Than and 7 others like this.
    • Sept Thway ကဲ စိန်တွေကို စုလိုက်ကြ စို့ လား ...
      11 hours ago ·
    • Nyein Soe Oo အကယ်၍ ရွှေသိမ်း ကနေ စိန်သိမ်း သို့ ပြောင်းခြင်းဖြစ်ပါက ...
      11 hours ago ·
    • Melven Than်ကို စုတော့ အန္တရယ်မရှိနိုင်ဘူးလား...
      4 hours ago ·
    • Sept Thway အင်းလျားမြိုင် (၅)လောင်းပြိုင် လူသတ်မှုဖြစ်တဲ့ အိမ်က စိန်တွေ အများကြိး ဆိုပဲ ကိုသန်း ရ .....
      4 hours ago · · 2 peopleLoading...
    • Melven Than စန်ပုပ်စိန်ပျက်တွေနဲ့ တိုးနေပါဦးမယ် ကိုသွေးရေ..လိုက်ရဲဘူးဟ....
      4 hours ago ·
    • Khin Win အဲ့ဒါအင်တွေလေ။ငါသွားခိုးပီးအပေါင်ဆိုင်မှာတွားပေါင်မိတာကံကောင်းလို့အဖမ်းမခံရတယ်။:P
      4 hours ago ·
    • Zaw Win Tun ဒါဟာသိပ်မှန်တာပေါ့..လူတွေကတာကိုယ့်လူသူ့ဘက်သားများရယ်လို့ ခွဲခြားနေတာ..တကယ်တော့တစ်မြေတည်းတစ်ရေတည်းသောက်မွေးဖွားလာကြတာဘဲ..
      4 hours ago ·
    • Melven Than တော်သေးတယ်.. ပြောတောင်ဆုံးသေးဘူး....စိန်ပုပ်စိန်ပျက်တွေပါဆို...
      4 hours ago ·
    • Red Peacock
      ခေါင်းစဉ်ကြည့်ပြီး အပြုသဘောဆောင်မယ့်ဟာမျိုးရေးမယ်ထင်လို့ ဖတ်ကြည့်လိုက်တာ အချိန်ကုန်တာပဲ အဖတ်တင်သွားတယ် ဟဟဟဟ အတိုက်အခံတွေကို သိမ်းကြုံး နှိပ်ကွက်သွားတာပဲ ဒါမျိုးတွေဖတ်ပြီးရင် လူတွေက မြန်မာပြည်နိုင်ငံရေးသမားတွေကို လုပ်စားတွေလို့ ထင်သွားရင် မြ...န်မာပြည် ဒီမိုကရေစီ ရေးအတွက် ပိုနှောင့်နှေးသွားမယ်လို့ထင်တယ် သူတို့လုပ်တာ သူတို့အတွက်ပါကွာ ဆိုတာမျိုး အတွေးတွေဝင်သွားရင် မကောင်းဘူးထင်တယ် လုပ်စားတဲ့လူတွေရှိသလို တကယ်လုပ်နေတဲ့လူတွေလည်းရှိတယ်ဆိုတာတော့ ထည့်မရေးသွားဘူး..ဟဟဟဟSee More
      3 hours ago · · 2 people

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...