Sunday, May 8, 2011

အမေ့လက်

by Rozoner King on Sunday, May 8, 2011 at 4:20pm

ကျွန်တော်အသက် ၄၇ နှစ်ရှိပြီ။ဒီအသက် ဒီအရွယ်ရောက်မှ အမေ့၏လက်အကြောင်းကို စဉ်းစားမိပါသည်။ အမေ့လက်၏တန်ဖိုး တန်းဖိုးကိုသတိပြုမိပါသည်။ အမေ၏ လက်များသည်အရင်လောက်မနူးညံ့တော့ပါ။ ကြမ်းနေလေပြီ။အရေပြားများတွန့်ပြီး အကြောများထောင်နေ၏။ သို့သော် အမေ၏ လက်များသည် အဓိပ္ပာယ် ရှိ၏။ လေးနက်၏။ ဂုဏ်ရှိ၏။


ကျွန်တော့်ကို ပထမဆုံး လမ်းလျှောက်တက်အောင် သင်ပေးခဲ့သူမှာ အမေဖြစ်သည်။ အမေသည့် ကျွန်တော်၏ လက်ကိုသူ၏လက်ဖြင့်တွဲပြီးလမ်းလျှောက် သင်ပေးခဲ့ပါသည်။ ကျွန်တော် အကြိမ်အကြိမ် ချော်လဲတိုင်း အမေသည် သူ၏ လက်များဖြင့်ဆွဲထူပေးခဲ့ပါသည်။ အမေ့ရင်ခွင်ထဲထိုင်ပြီး အမေ့လက်နှင့် ကျွန်တော့် လက်ကိုထပ်၍ လက်ရေးလှသင် ပေးခဲ့ဘူးပါသည်။ ကျောင်းနေစဉ်အရွယ်က ကျွန်တော်လက်ကိုအမေဆွဲပြီး ကျောင်းပို့ခဲ့ဖူးပါသည်။ ကျောင်းကြိုခဲ့ဖူးပါသည်။ ညနေကျောင်းအဆင်းတွင်ကျောင်းပေါက်ဝ၌ အမေသည်သူ့လက်နှစ်ဖတ်ကို မြှောက်ပြီး ကျွန်တော့်အားနှုတ်ဆက်ခဲ့ဖူးပါသည်။ ကျွန်တော်နေမကောင်းလျှင် အမေသည် သူ၏ လက်များဖြင့် နဖူးကိုစမ်း၏။ထွေးပွေ့ထား၏။ဆေးတိုက်၏။ ကျွန်တော်  အားငယ်၍ငိုကြွေးခဲ့လျှင် အမေသည်သူ၏ လက်များဖြင့် မျက်ရေသုတ်ပေး၏။ ညအိပ်ရာဝင်လျှင် ကျွန်တော်၏ ကျောကိုအမေသည် သူ၏ လက်များဖြင့် ပွတ်သတ်ပြီး ချော့သိပ့်လေ့ရှိပါသည်။ အမေသည် ကျွန်တော့်လက်ကို ဆွဲပြီး ဘုရားကြီး ၊ မန္တလေးတောင် ၊ရန်ကင်းတောင်များ သို့ ပို့ခဲ့ဘူးပါသည်။ အမေလျှော်ဖွတ်ပေးသော အ၀တ်အစားများကို ကျွန်တော် အကြိမ်ကြိမ် ၀တ်ခဲ့ဖူးပါသည်။ ကျွန်တော့်၏ဆံပင်ကို အမေသည် အမြဲသန့်စင်ပေးခဲ့ဖူးပါသည်။ အမေ့လက်ဖြင့် ခွံကျွေးသော ထမင်းများကို ကျွန်တော် စားခဲ့ဖူးပါသည်။ အမေချက်ပြုတ်သောဟင်းများကို ကျွန်တော် အနှစ် (၃၀)နီးပါးစားခဲ့ပါသည်။ ကျွန်တော်ဘွဲ့ယူစဉ်က အမေသည်သူ၏ လက်ဝါးနှစ်ဖတ်နီရဲအောင် လက်ခုတ်တီးပြီး မျက်ရေများကြားမှ ပြုံးပြခဲ့ဖူး၏။ တကယ်တော့ အမေ၏လက်သည် ကျွန်တော်လိုချင်သမျှကို ဖန်တီးပေးနိုင်သော တန်ခိုးရှိ့သည့်လက်ဖြစ်သည်။ ကျွန်တော်တောင်းသမျှ ကျွန်တော်က်ဝါးဖြန့်သမျှ အမေ၏လက်ဖြင့် ဖန်ဆင်းပေးခဲ့သည်ချည်းဖြစ်သည်။

အမေ၏လက်ကို အလိုလိုက်သောလက်လို့မထင်စေချင်ပါ။ သူငယ်ချင်များနှင့်ရန်ဖြစ် စကားများလျှင် အမေသည်ကျွန်တော့အားရိုက်ပါသည်။စာမေးပွဲအမှတ်နည်းလျှင်ရိုက်ပါသည်။ ခိုင်းတာကိုနမော်နမဲ့လုပ်လျှင် ရိုက်လေ့ရှိပါသည်။စည်းကမ်းမဲ့လျှင် အမြဲရိုက်ပါသည်။ အမေသည် အဖေ့ထက်အရိုက်ကြမ်းပါသည်။လက်သံပြောင်၏။

အမေသည်မိသားစု၏ ပုံစံ(၁၀) တွင်မှီခိုဟု ရေးထားပါသည်။ တကယ့်တော့ အမေသည်မှီခိုမဟုတ်ပါ။ မနက် အိပ်ရာထ မျက်စိ နှစ်လုံးပွင့်ကတည်းက လုပ်လိုက်ရတဲ့လုပ် ညအိပ်ရာဝင်တဲ့အထိဖြစ်ပါသည်။ တစ်အိမ်လုံးရှိသမျှ အိမ်မှုကိစ္စ အားလုံးသည်အမေရဲ့တာဝန်သာဖြစ်သည်။ အမေသည်အလုပ်နှင့်လက်ပြတ်သည်ဟူ၍ မရှိပါ။

အမေ၏အသက်(၇၂)နှစ်ရှိပါပြီ။ အမေနေမကောင်းလျှင် အမေ့နဖူးကို ကျွန်တော့်လက်ဖြင့်မစမ်းဘူးပါ။ကျွန်တော်နေမကောင်းဖြစ်တိုင်း အမေကကျွန်တော့်ကိုပြုစုခဲ့ပါသည်။ ကျွန်တော်က အမေ့ကိုပြုစုရန်မေ့နေခဲ့သည်။ပြုစုလျှင်လည်း တာဝန်ကျေ ရုံမျှသာဖြစ်သည်။ အမေ့မျက်ရေကို ကျွန်တော်သတိမပြုမိခဲ့ပါ။ အမေခွံကျွေးသောထမင်းကို အားရပါးရ စားဖူးခဲ့သော ကျွန်တော်သည် အမေ့ကိုတစ်ခါမှ ခွံမကျွေးခဲ့ဘူးပါ။ အမေ့ကို ကျွန်တော်ကိုယ်တိုင် ဘုရားသို့ မပို့ဘူးပါ။ အမေ့အ၀တ်အစားများကို ကျွန်တော်ကိုယ်တိုင်လက်ဖြင့် လျှော်ဖွတ်မပေးခဲ့ဘူးပါ။ အမေ့လိုအပ်ချက် အတိုင်းအတာတစ်ခုအောက်မှသာ ကျွန်တော်ဖြည့်စည်းပေးနိုင်ခဲ့ပါသည်။ လစဉ်လဆန်းတိုင်း ငွေကြေးပေးလိုက်လျှင် တာဝန်ကျေပြီဟု ကျွန်တော်ယူစမိပါသည်။ အမေ့လက်ဖြင့်ပြုစု၍ ကျွန်တော်လူဖြစ်ခဲ့ပါသည်။ ကျွန်တော့်လက်ဖြင့် အမေ့ကို မပြုစုနိုင်သေးပါ။ ဒီအကြောင်းကို အမေ့အားကျွန်တော်ဝန်ခံပြောကြားပါသည်။ အမေသည်မျက်ရည်ကြားမှ ပြုံးပြုံးကြီး နားထောင်ပြီး ကျွန်တော် ကိုဒီလိုဆုံးမပါသည်။

“သားရယ် အမေ့လက်ရဲ့လက်က အကြင်နာတွေ ၊ မေတ္တာတွေ ပြည့်နက်နေတဲ့လက် ၊ သားရဲ့လက်က အတ္တတွေ လောဘတွေ ဖုံးလွှမ်းနေတဲ့လက်၊ အမေရဲလက်က ပေးချင်နေတဲ့လက် ၊ သားရဲ့လက်ကတောင်းချင်နေတဲ့လက် ။ အမေ့ရဲ့လက်ကမှောက်ဖို့အမြဲကြိုးစားနေတဲ့လက် ၊သားရဲ့လက်က လိုချင်တာကိုရအောင်ယူဖို့ကြံစည်နေတဲ့လက်။ သားရယ်အမေ့ရဲ့လက်တစ်စုံနဲ့လောကထဲမှာ သားကို လူအဖြစ်ဖန်တီးပေးနိုင်င်ခဲ့ပါတယ်။ သားရဲ့လက်တစ်စုံကိုလဲ တန်ဖိုးမဲ့လက်ဆောင်မဖြစ်အောင် သတိပြုပါကွယ်။ လောကအလှကို ဖန်တီးပေးနိုင်တဲ့၊ အဓိပ္ပာယ်ရှိတဲ့ လက်တစ်စုံ ပိုင်ဆိုင်နိုင်သူဖြစ်ပါစေကွယ်။ ဂုဏ်ရှိသောလက် ၊ သိက္ခာရှိသောလက်ဖြစ်အောင်ကြိုးစားပါကွယ် ” ဒီစကားကြောင့် ကျွန်တော်၏ လက်များကို ကျွန်တော်ပြန်ပြီးရဲရဲဝံ့ဝံ့ပြန်ပြီး မကြည့်ဝံပါ။ ကျွန်တော်ရှက်မိပါသည်။

လူငယ်တို့၏လက်သည် အမေ၏လက်ကိုမေ့ပြီး ချစ်သူလက်ကို တန်းဖိုးထားမိတက်ကြသည်။

အမေ့မျက်ရေသုတ်ပေးဖို့ထက် ချစ်သူမျက်ရေသုတ်ပေးဖို့အမြဲစိတ်ကူးနေတက်ကြပါသည်။

အမေ့လက်ကိုတွဲဖို့ထက် ချစ်သူ့လက်ကိုတွဲပေးဖို့ အမြဲကြိုးစားနေတက်ကြပါသည်။

အမေ၏ မေတ္တာလက်၊ အကြင်နာလက် ၊စေသနာလက်များကို လူငယ်လေးများ တန်ဖိုးထားသတိပြုမိစေရန် ဒီစာကိုရေးသားလိုက်ရပါသည်။

ဦးဘုန်း(ဓာတု) မန္တလေး
နီးနီးဝေးဝေး အတွေးလက်ဆောင်စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
အားလုံးတန်ဖိုးရှိသော လက်များပိုင်ဆိုင်နိုင်ကြပါစေ. .

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...