Saturday, August 2, 2014

ဘီလျံနာတဲ့လား ( အကြည်တော် )





အခုတလော ထွက်ပေါ်နေတဲ့ သတင်းကလည်း အံ့သြစရာပါပဲ။
နှစ်ရှည်ထောင်ဒဏ်ကျပြီး ပြန် လွတ်လာတဲ့ အာဏာရှင်တစ်ဦးရဲ့ မြေး က ဘဏ်တစ်ခုထဲက ရှယ်ယာအများဆုံး ကို ဝယ်ယူလိုက်တယ် ဆိုတာပါပဲ။
ဘယ်အချိန်မှာ ဘာစီးပွားရေး တွေ လုပ်ပြီး ဘာတွေ ဘယ်လိုပိုင်ပြီး ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ ကတော့ စဉ်းစားစရာပါပဲ။

ထောင်က ပြန်ထွက်လာပြီး ဘယ် လောက်မှ မကြာခင်မှာ ဒေါ်လာ ဘီလျံ နဲ့ချီပြီး ဘဏ်လုပ်ငန်းကို ထည့်ဝင်တယ် ဆိုတာ ကတော့ ဘယ်လိုနားလည်ရ မှန်းကို မသိေ လာက်အောင်ပါပဲ။ မျိုးရိုး စဉ်ဆက်ကပဲ ပိုချမ်းသာလို့လား။ ဒါမှ မဟုတ် ရွှေအိုးကြီးပဲတူးမိတာလား ဆို တာ ပြောမပြတတ်တော့အောင်ပါပဲ။
ကျွန်တော် ရေးဖူးပါတယ်။ သူတို့ တွေဟာ မျိုးရိုးစဉ်ဆက် ချမ်းသာတာ၊ ဒါမှမဟုတ် ရတနာသိုက် တူးမိတာမှ မဟုတ်ရင် ဒီလောက်များတဲ့ ငွေကြေးဆို တာ ဘယ်လို နည်းနဲ့မှကို မရနိုင်ပါဘူး။
ဆိုပါတော့ဗျာ။ စစ်ဗိုလ်ချုပ်ရဲ့လစာ က ဘယ်လောက်များ ရှိတာတုန်း။ ရတဲ့ လခကို ဘာမှမစားမသုံးနဲ့ဦး။ တစ်သက် တာလုံးစု၊ ပြီးရင် သားသမီးတွေကို အဲဒီ အမွေပေး ဦး၊ အဲဒီအမွေအားလုံးနဲ့ လက်ဖက်ရည်ဆိုင်ကြီးကြီး တစ်ဆိုင် တောင် ဖွင့်နိုင်မှာမဟုတ်ပါဘူး။
အဲဒီ လက်ဖက်ရည်ဆိုင်တောင် ကောင်းကောင်း မဖွင့်နိုင်တဲ့သူရဲ့ သား သမီးတစ်လှေကြီးကို အမွေပြန်ခွဲရင်၊ ကွမ်းယာဆိုင် ဖွင့်ရင်တောင် ပစ္စည်းစုံ အောင် တင်နိုင်မှာ မဟုတ်ပါဘူး။ ကွမ်း ယာဆိုင်ဖွင့်ရုံမျှနဲ့တော့ ဒေါ်လာဘီလျံချီ ချမ်းသာလာမှာလည်းမဟုတ်ပါဘူး။
အခုဟာက အလုပ်ဆိုလို့ ကွမ်း ယာဆိုင်တောင် ဖွင့်သံ မကြားဖူးတဲ့ သူ တွေက ဘဏ်ဖွင့်မယ်ဆိုတော့ စဉ်းစား သာကြည့်။ ဘယ်ကရခဲ့တဲ့ ငွေကြေး တွေလဲ။ ဒါဟာ ထောင်နှစ်ရှည်ကျပြီး ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်နီးပါးကအာဏာရှိခဲ့တဲ့လူတစ်ယောက်ရဲ့ မြေး ပိုင်ဆိုင်မှု တစ်ခုပါပဲ။
ကဲ..ဒါဆို ထောင်မကျသေးတဲ့ အာဏာရှိ လူအများရဲ့ သားတွေ မြေး တွေပါ ပေါင်းလိုက်ရင် သူတို့တွေ လက် ထဲက ပိုင်ဆိုင်မှုက ဘယ်လောက်တောင် ဖြစ်နေမလဲ။
ဒါတွေ ဘယ်ကရထားကြတာလဲ။
မြန်မာပြည်ကြီး ဆင်းရဲမွဲတေပြီး ဟိုလူ့ဆီက ပိုက်ဆံချေး၊ ဒီလူ့ဆီက ပိုက် ဆံချေးနဲ့ လုပ်နေရတဲ့အချိန်မှာ ကွက်ပြီး ချမ်းသာနေတဲ့သူတွေ ဘယ်လောက် တောင်များနေ သလဲ။
တွေးလိုက်မိတိုင်း မမျှတမှုတွေကို နာကြည်းနေရုံမှတစ်ပါး ဘာများ တတ် နိုင်ကြမှာလဲ။
သိပ်လည်း မပြောရဲပါဘူး။ နိုင်ငံ တော်လျှို့ဝှက်ချက် ပေါက်ကြားလို့ဆို ပြီး လာဖမ်းနေရင် ဒုက္ခ။
မမျှတမှုတွေ
ရဲတစ်ယောက်က မိန်းကလေး တစ်ယောက်ကို မုဒိမ်းကျင့်မှုနဲ့ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်တယ်ဆိုတဲ့ သတင်း ကိုလည်း ကြားရပြန်ပါတယ်။
အမှန်တော့ ပြည်သူတွေကို အကာ အကွယ်ပြုဖို့ တာဝန်ယူထား ဥပဒေတွေ သင်ထားပြီး ပြည်သူတွေက လစာပေး ထားရတဲ့ ပြည်သူ့ရဲတစ်ယောက်က ဒီလို ပြစ်မှုမျိုး ကျူးလွန်တာ လွန်လွန်းလှပါ တယ်။ ပြစ်ဒဏ်လည်း ကျထိုက်ပါတယ်။ ဒါပေမဲ့သတင်းတစ်ပုဒ်ကြောင့် ထောင် ဒဏ်ဆယ်နှစ်ကျခံရတဲ့ မီဒီယာသမား နဲ့စာရင် နည်း နည်းလေးပါ။
ဒီထက်ပိုဆိုးတာက မုဒိမ်းမှု ကျူး လွန်တာကို ဝင်ကယ်ခဲ့တဲ့သူတွေကို ရဲ က တရားပြန်စွဲပြီး ထောင်ထဲမှာ ဆယ် လကျော်နေပြီးမှ အပြစ်မရှိကြောင်း အမိန့်ချပြီး ပြန် လွှတ်ပေးလိုက်သတဲ့။
ကဲဗျာ။ အပြစ်ရှိသူကို လေးနှစ်၊ အပြစ်မရှိသူက ဆယ်လဗျာ။ ဒါ့အပြင် အဓမ္မပြုကျင့်စဉ် ရှိနေတယ်လို့ ယူဆရတဲ့ အခြားရဲဝန်ထမ်းနှစ်ဦးကို ထောင်ဒဏ် ခြောက်လစီချ မှတ်သတဲ့။ ကဲ ပြန်စဉ်းစား ကြည့်ပါဗျာ။ ဝင်ကယ်သူက ဆယ်လ၊ အလိုတူ အလိုပါက ခြောက်လဗျာ။
ဘယ်လိုမှကို စဉ်းစားလို့ မရတော့ ပါဘူးဗျာ။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ တရားဥပဒေဆိုတာ ဘာလဲဗျာ။ ကဲ.. သိရင် ပြောကြပါဦး။
ဘယ်သူက ဒီလိုထင်သလို ဥပဒေ ချမှတ်ရအောင် တရားဥပဒေ ဘယ်သူ ကများ စိုးမိုးထားတာလဲ ခင်ဗျာ။
ဆက်စပ်ပြီး ပြောပါရစေ…
ဒီကြားထဲ လွှတ်တော် နာယက ကနေပြီး မီဒီယာကိစ္စကို သမ္မတရုံးကို တင်သွင်းရာမှာ ဒီကိစ္စတွေဟာ တရား ရေးမဏ္ဍိုင်နဲ့ပဲဆိုင်ပြီး အုပ်ချုပ်ရေးမဏ္ဍိုင် နဲ့ မသက်ဆိုင်ဘူး ဆိုတာကြောင့်လည်း ဘယ်လို စဉ်းစားရမှန်းမသိ ဖြစ်ရပြန်ပါ တယ်။
အစက ပြောခဲ့တာက မဏ္ဍိုင်ကြီး လေးရပ် ဒေါက်တိုင်သဖွယ် အမှီသဟဲ ပြုရမယ်လို့ဆိုခဲ့ပြီး အခုကျမှ ဒီဒေါက် တိုင်တွေ တို့နဲ့မဆိုင်ဘူး ဆိုလာပြန်တော့ နေတတ် လိုက်၊ ပြောတတ်လိုက်တာလို့ပဲ ဆိုရမလားပဲ ခင်ဗျာ။
ဒီဒေါက်တိုင်တွေ အချင်းချင်း ညီ ညွတ်မှ နိုင်ငံတစ်နိုင်ငံ တိုးတက်မယ်လို့ တရားဝင်ဆိုခဲ့ပြီး အခုလိုဖြစ်မှ ချက်ချင်း သူစိမ်းဆန်လိုက်တာကတော့ ရုပ်ရှင် ထဲမှာလို အက်ဆီးဒင့်ဖြစ်ပြီး ခေါင်းကို ထိ၊ ချက်ချင်းများ အတိတ်မေ့သွား တာလားလို့တောင်ထင်လိုက်မိပါတယ်။ နောက်ထပ် စဉ်းစားမိတာက ဒီဒေါက် တိုင်တွေကမှ မညီညွတ် ရင်ကျန်တာတွေ ညီညွတ်ဖို့ဆိုတာ ပြောမနေပါနဲ့တော့ ဗျာ။
ဒီထက် ပြောစရာကတော့
ဒီလို ထောင့်လေးထောင့်က ပြော စရာ ရှိနေရတဲ့ကြားထဲ အသိရခက် လှတဲ့ တရားစီရင်ရေး မဏ္ဍိုင်က လုပ် သမျှကို ဘယ်သူ့ကိုမှ သိခွင့်မပေးတာ လည်း အံ့သြစရာပါပဲ။
တစ်နိုင်ငံလုံး စိတ်ဝင်စားကြတဲ့ တရားစီရင်မှုတွေမှာ တရားရုံးတွေက သတင်းထောက်တွေ၊ စတုတ္ထမဏ္ဍိုင် တွေ ဝင်ပြီး သတင်းယူဖို့ မပြောပါနဲ့။ တရားခံရဲ့ မိသားစုတွေ ကိုတောင် ပေး မတွေ့ဘူးဆိုတာကြောင့် တရားကို တံ ခါးပိတ်ပြီး စီရင်တာလားလို့တောင် ပြောရမလိုပါပဲ။
အများပြော၊ အမြဲပြောနေကြတဲ့ ပွင့်လင်းမြင်သာမှုဆိုတာ တရားစီရင် ရေးမဏ္ဍိုင်မှာ မရှိဘူးလားလို့ စဉ်းစားမိ ပြန်ပါတယ်။
တရားစီရင်တာဗျာ။ ဘယ်သူမဆို ကြားချင်နာချင်ကြမှာပဲ။ ဒါကို မိဘ အသိုင်းအဝိုင်းကတောင် နားမထောင် ရဘူးဆိုတော့ အမှန်တရားဆိုတာ ဘယ် သူတွေက သိနိုင်ေ တာ့မှာလဲ။
ဒါကို ပွင့်လင်းမြင်သာမှု ဆိုရင် ဘယ်လို စကားမျိုးနဲ့ ပြောရမှာလဲ။ အံ့ သြစရာတော့ အကောင်းသား။
ဒီကြားထဲ မိုးသည်းထန်နေမှ ဓာတ်ကြိုးတွေလည်း အတော်ပြတ်ကျပြီး မှ ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေကို ပြင် ဆင်ဖို့ ကြိုးစားနေပြီ ဆိုတာကြောင့် လည်း ရယ်စရာများ လုပ်နေတာလား လို့ပဲ မေးချင်တယ်။ ဒါပေမဲ့ပေါ့လေ။ ဒီ နှစ်ပြင်ရင် နောင်နှစ်ပြီးနိုင်တာမို့ နောက်နှစ်မိုးတွင်းမှာ စိတ်ချမ်းသာရ မယ် ဆိုတာလောက်ပဲ တွေးပြီး ကြည်နူး ရပါတယ်။ ဒါတောင် အပြည့်အဝ ကြည်နူးရတာ မဟုတ်ပါဘူး။ ဟိုနိုင်ငံ ဒီနိုင်ငံက ဒီအတွက်ကို ငွေလှည့်ချေး ရဦးမယ်ဆိုတာကြောင့် ဘယ်လိုမှကို မစဉ်းစားတတ်အောင် ပါပဲ။ ခုနက အပေါ်မှာ ရေးခဲ့သလို ထောင်ကထွက် လာတဲ့ လူဟောင်းကြီးရဲ့ မြေးက တောင် ဘီလျံချီပြီး ချမ်းသာနေတာကို တို့အစိုးရက သူတို့လောက်တောင် မချမ်းသာ ဘူးလားလို့ မေးကြည့်ချင်ပါ တယ်။ မကြာသေးခင်ကလည်း ဝန်ကြီး တစ်ယောက်ရဲ့ မိသားစုတွေထဲက တစ် ယောက် နိုင်ငံခြားမှာ အဲဒီလိုပဲ ဘီလျံ ချီပြီး ငွေစုထားတယ် လို့လည်း သိထားရ တာကြောင့် အစိုးရထက် စာရင်တောင် အစိုးရသားသမီးတွေက ပိုပြီးများ ချမ်း သာနေသလားလို့ပဲ မေးကြည့်ချင်ပါ တယ်ဗျာ။
ကျေးဇူးပါ။
အကြည်တော်
Popular Myanmar News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...