Tuesday, August 5, 2014

ဆရာတစ်ယောက်ရဲ့ဝေဒနာ

No.458 Saturday, August 2, 2014

တက္ကသိုလ်ဝင်တန်းကျောင်းသားများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ သည်မှာ အနှစ် (၂၀)နီးပါးပင်ရှိခဲ့ ပြီ။ သည်အတောအတွင်း ဟိုးအရင်စာသင်စ ၁၉၉၅-၉၆ လောက်ကကျောင်းသားများနှင့် ယခုကျောင်းသားများ၏အနေအထားကို နှိုင်းချိန်ယှဉ်ထိုးကြည့်မိ၏။ မြန်မာစာဘာသာရပ်အပေါ် စိတ်ဝင်စားမှု၊ အလေးထားမှုကစလို့ တတ်မြောက်နားလည်မှုအဆုံး အစစအရာရာကွာခြားလာသည် ဟုခံစားမိသည်။ တစ်နှစ်ချင်း နှိုင်းယှဉ်ကြည့်လျှင်မသိသာသော်လည်း (၁၀)နှစ်လောက် ခွာကြည့်လျှင်တော့ တော်တော်လေးကို သိသာသည်။

ကျွန်တော်ဆယ်တန်းသင်စ မှာ တပည့်တစ်ယောက်တွေ့ခဲ့ဖူး သည်။ စကားပြေလက်ရွေးစင်စာ အုပ်ထဲက သင်ခန်းစာတွေကို ချောချောမွေ့မွေ့မဖတ်နိုင်။ ပါဠိသက်ဝေါဟာရများကိုအသာထား၍ ရိုးရိုးမြန်မာစာလုံးများကိုပင် အသံထွက်ချင်သလို ထွက်တတ် သည်။ စာမေးပွဲစစ်ကြည့်လိုက် တော့လည်း အမှတ် (၁၀၀) ဖိုး မေးခွန်းကို (၃၆) မှတ်နှင့်ကျနေသည်။
ထိုတပည့်ကိုတွေ့တော့ ကျွန်တော့်မှာ အံ့အားတသင့်ဖြစ် ခဲ့ရ၏။ ကျွန်တော်တို့ခေတ်က ဆယ်တန်းကျောင်းသားတစ် ယောက်သည် အခြားဘာသာရပ် တွေမှာညံ့နေစေဦး။ မြန်မာစာကျ သည်လိုတော့မရှိခဲ့။ ထို့အပြင် ကျောင်းပြဋ္ဌာန်းစာအုပ်မပြောနှင့် အပြင်ကဝတ္ထုတွေ၊ မဂ္ဂဇင်းတွေ ကိုတောင် တစ်နေ့တစ်အုပ်ငှား ဖတ်နေပြီဖြစ်သည်။ ဆိုတော့ ထို တပည့်က စာမေးပွဲလည်းအောင် မှတ်မရသည့်အပြင် စာကိုလည်း အဓိပ္ပာယ်သိအောင်ပင် မဖတ်နိုင် ရှိလေရာ ကျွန်တော့်မှာ များစွာ အံ့သြမိခဲ့ရလေသည်။

ယခု အနှစ် (၂၀)ဝန်းကျင်ရှိ လာသည့်အခါ စာမေးပွဲစစ်လိုက် ၍ မြန်မာစာကျတာလည်း အဆန်းတကြယ်မဟုတ်တော့။ ပြဋ္ဌာန်း စာအုပ်ထဲက သင်ခန်းစာတွေကို ချောချောမွေ့မွေ့ မဖတ်နိုင်တာ လည်း ထူးခြားဆန်းကြယ်အံ့သြ ဖွယ်မဟုတ်တော့။ စာမေးပွဲစစ် ကြည့်လျှင် ကလေးအများစုက ကောင်းကောင်းမွန်မွန်လည်း မဖြေကြသလို အောင်မှတ်လည်း မရကြ။ သင်ခန်းစာတွေကို တစ် ယောက်ချင်း ထဖတ်ခိုင်းလျှင် လည်း စာကျက်သလို ပုဒ်စုတစ်ခု ကို နှစ်ခါသုံးခါထပ်ရွတ်သူက ရွတ်၊ စာထဲမပါသည့်‘တဲ့’တွေ အများကြီးထည့်ရွတ်သူက ရွတ် နှင့် သင်ခန်းစာကို အရသာခံဖို့ မပြောနှင့် အဓိပ္ပာယ်ပါ ဘာမှန်း မသိဖြစ်ရလေသည်။

ပိုဆိုးလာတာလေးကိုပြော ပါဦးမည်။ စာဖတ်သူများကို ညည်းပြနေသည်ဟုလည်း မထင်ပါနှင့်။ အမှန်တော့ ကျွန်တော် ကိုယ်တိုင် သည်ပြဿနာကို မည်သို့ကုစားရမည်မှန်းမစဉ်းစား တတ်တော့၍ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်သည့် ယခုကိစ္စကို ရေးပြရခြင်းဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်း ကဗျာလက်ရွေးစင်မှာကိုးခန်းပျို့ကထုတ် နုတ်ထားသည့်‘ဝိဇ္ဇာသိပ္ပလူ့ကိစ္စ’ ဟုအမည်ပေးထားသော ကဗျာတစ်ပုဒ်ပါပါသည်။ ပြောလိုသည့် အချက်ပေါ်လွင်စေရန် ကဗျာကို အနည်းငယ်ဖော်ပြပါရစေ။

‘သကျရူပံ၊ ကြံကြံသမျှ၊ တောင့်တရာရာ၊ တတ်ကောင်း စွာသား၊ ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်၊ ပျော်ပါးလွင်မူ၊ အကြင်သူအား၊ စကားချေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့၊ ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့်၊ ရွံရှာလန့် ထိတ်၊ အသံဆိတ်၏’

ဒါကဗျာရဲ့ ပထမပိုဒ်ပါ။ ကျွန်တော်က ကဗျာကိုရွတ်ပြပြီး လူတို့ကြံစည်သမျှ၊ တောင့်တ သမျှ၊ အသိပညာ၊ အတတ်ပညာက စွမ်းဆောင်ပေးနိုင်တဲ့အ ကြောင်း ပညာ၏တန်ခိုးထက်ပုံကို ဥပမာ၊ဥပမေယျတွေနှင့် ရှင်းပြလိုက်သည်။ သည့်နောက် ပညာဟူသည် လူ့ကိစ္စဖြစ်၍ ငယ်စဉ်ကတည်းက ပညာသင်ရမည့် အကြောင်း၊ ပညာမသင်ဘဲ ပျော်သလိုနေခဲ့လျှင် ကြုံတွေ့ခံစားရမည့်ဆင်းရဲဒုက္ခများကို ဆရာတော်က ဖွဲ့ဆိုထားကြောင်း ရှင်းပြကာ ‘ကဗျာထဲက အကြင်သူဆိုတာ ဘယ်သူ့ကိုရည်ညွှန်းထားလဲကွ’ဟု ကျောင်းသားအားလုံးကို ခြုံ၍မေးလိုက်သည်။ သည်တွင် ကျွန်တော့်ကို အိပ်မပျော်အောင် ဒုက္ခပေးမည့် ကိစ္စဆိုးကြီးနှင့် တည့်တည့်တိုးပါတော့သည်။ ကျောင်း သားတွေဖြေလိုက်ကြတာ။တစ် ယောက်တစ်ပေါက်။ ‘သူ့ရည်းစား’တဲ့။ ‘သူ့မိန်းမ’တဲ့။ ‘သူ့ချစ်သူ’တဲ့။ ‘ကြင်နာရတဲ့သူ’တဲ့စုံနေ အောင်ပြောကြသည်။ တော်ပါ တော့ဟု မနည်းတားရသည်။ စာသင်သည့်အခါ တက်တက်ကြွကြွသင်တတ်သည့် ကျွန်တော့် စိတ်ဓာတ်တွေလည်း အဝီစိရောက်အောင် ထိုးကျသွားရသည်။ နောက်အတန်းမေးလည်း ထိုနည်းလည်းကောင်း။ ပညာမဲ့ သူကိုရည်ညွှန်းတာဟုပြောနိုင်သည့်သူ အတော်နည်းပါသည်။ ‘အကြင်’ဟုတွေ့လိုက်သည်နှင့် ထင်ရာမြင်ရာပြောကြခြင်းဖြစ်ပါ သည်။

အရင်နှစ်တွေက တစ်ခါမျှ သည်လိုမေးမကြည့်ဖူးခဲ့။ မေး ကြည့်စရာလည်း မလိုလောက် အောင် အဓိပ္ပာယ်ကရှင်းနေ သဖြင့် သည်အတိုင်းပဲ သင်သွားခဲ့ သည်။ ယခုနှစ်တွင်မှ အတန်းတစ် တန်းတွင် အမှတ်မထင်မေးကြည့် မိရာမှ ကလေးအများစု နားမ လည်မှန်းသိလိုက်ရခြင်းဖြစ်၏။ သို့နှင့် နောက်အတန်းတွေပါ ထို သင်ခန်းစာရောက်၍ ဆက်မေး ကြည့်ရာ ‘အကြင်သူ’ဟူသည် မည်သူ့ကိုရည်ညွှန်းကြောင်း မှန် အောင်ပြောနိုင်သည့်သူ အတော် နည်းပါးကြောင်းတွေ့ရလေ၏။ သည်အတိုင်းဆိုလျှင် အခြား ကဗျာတွေ၊ စကားပြေတွေကိုလည်း အဓိပ္ပာယ်တွေရှင်းပြ၊ သင်ပြနေသည့်တိုင် သူတို့နားလည်ကြပါရဲ့လား။ ကျွန်တော် သံသယဖြစ်မိသည်။ စာမေးပွဲစစ်လိုက်တော့လည်း အသင့်ရေးပြီးသားမှတ်စုတွေကို အလွတ်ကျက်ပြီးဖြေနေကြသဖြင့် ထိုက်သင့်သည့် အမှတ်တော့ရနေကြသည်။ အခြားခက်ဆစ်တို့၊ သဒ္ဒါတို့၊ မေးခွန်းတိုတို့ကရသည့်အမှတ်နှင့် ပေါင်းလိုက်တော့ စာမေးပွဲကတော့ အောင်သွားကြသည်။ သို့သော် ကဗျာကိုလည်း မခံစားတတ်၊ စကားပြေတွေဖတ်ပြီး သုတလည်းမသိ၊ ရသလည်းမသိဆိုလျှင် စာမေးပွဲတစ်ခု အောင်သွားတာကလွဲပြီး သူတို့အတွက် ဘာအကျိုးရှိမည်နည်း။ ကျွန် တော်တို့နိုင်ငံအတွက်ကော။ အဖိုးတန်သည့် လူချွန်လူမွန်ကလေးတွေ ရလာနိုင်ပါ့မလား။ ကျွန်တော်စဉ်းစားရင်းအိပ်မပျော်နိုင်အောင်ဖြစ်ရပါသည်။

သည်ကိစ္စကို ပေါ့ပေါ့တန် တန်သဘောထား၍မရပါ။ ကျွန် တော်တို့ဆရာ၊ ဆရာမများ တက္က သိုလ်ဝင်တန်းမှာ ကိုယ့်ကျောင်း အောင်ချက်မြင့်မားရေးဦးစားပေး သင်ကြားနေသောသင်ကြားနည်း စနစ်များကို ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပြီထင်ပါသည်။ ကလေးတွေကိုစာသင်ရင်း ကျွန်တော်ခဏခဏပြောမိသည့်စကားတစ်ခွန်းရှိသည်။ ‘‘ငါတို့က မင်းတို့ထက်စာရင် ကံကောင်းတယ်ကွ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ပညာရေးစနစ်ဆိုးနဲ့တိုးပေမယ့် ငါတို့ကိုသင်ပေးတဲ့ဆရာတွေကပညာရေးစနစ်ကောင်းက မွေးထုတ်ပေးလိုက်တဲ့ဆရာတွေကွ။ မင်းတို့ကျတော့ ပညာရေးစနစ်ကမကောင်းတဲ့အပြင် ငါအပါအဝင် မင်းတို့ကိုသင်ပေးနေတဲ့ဆရာတွေအားလုံးက စနစ်ဆိုးက မွေးထုတ်ပေးလိုက်တဲ့ဆရာတွေချည်းပဲ။ ဒီအထဲ ဆရာအလုပ်ကို ပေါ့ပေါ့တန်တန် သဘောထားတဲ့ဆရာတွေနဲ့တွေ့ရင်တော့ မင်း တို့တစ်တွေ လူတော်တွေဖြစ် မလာဘဲ လူရှော်တွေချည်းဖြစ် ကုန်မှာသေချာတယ်ကွ’’ဟု တစ် ခါတလေ ဘယ်သူ့ကိုစိတ်အချဉ် ပေါက်လာမှန်းမသိသည့်အခါ ကျွန်တော်ပြောမိတတ်သည်။

ခေတ်အဆက်ဆက် မတည် ငြိမ်သည့် နိုင်ငံရေးစနစ်ကြားမှာ ကျွန်တော်တို့ မျိုးဆက်လောက် ကစပြီး မြေစာပင်ဖြစ်ခဲ့ရသည်။ တိုင်းပြည်အုပ်ချုပ်သူများက ‘သူ တို့အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး’ကိုသာ နည်းအမျိုးမျိုး နှင့်ကြိုးစားခဲ့ကြပြီး ပညာရေးကို တော့ ဖြစ်ချင်ရာဖြစ် ပစ်ထားခဲ့ ကြသဖြင့် ဆယ်စုနှစ်ငါးခုမက ကြာလာသည့်အခါ ကျောင်းတွေ မှာ အရည်အသွေးရှိသည့်ဆရာ တွေလည်း ရှားပါး၊ သင်နည်း စနစ်တွေလည်းလွဲချော်။ သည်လို နှင့် မှတ်စုပေး၊ အလွတ်ကျက်ဖြေ သည့်စနစ်က ယခုတိုင်ကြီးစိုးနေ တော့သည်။ သည်အထဲ သင် ထောက်ကူပစ္စည်းကမပြည့်စုံ၊ လက်တွေ့လုပ်စရာမရှိ။ မြို့ကြီး ပြကြီးတွေက ကျောင်းအချို့ကလွဲ ပြီး နယ်ကျောင်းအများစုမှာ စာ ကြည့်တိုက်အသုံးပြုခွင့်မရနှင့် ကြာတော့ ကဗျာတစ်ပုဒ်၊ စာတစ် ပုဒ်ကိုဖတ်ပြီး အဓိပ္ပာယ်ဘာမှန်း မသိသည့်ကလေးတွေ၊ မခံစား တတ်သည့်ကလေးတွေ တဖြည်း ဖြည်းများလာရတော့သည်။

ယခုအစိုးရသစ်လက်ထက် မှာ ပညာရေးပြုပြင်ပြောင်းလဲမှု တွေလုပ်နေသည်ဆိုသော်လည်း အများအားဖြင့် ထင်သာမြင်သာ မရှိသေး။ သင်ရိုးညွှန်းတမ်းတွေ လည်း မပြောင်းနိုင်သေး။ စာမေး ပွဲစနစ်တွေလည်း ထူးမခြားနား။ မှတ်စုပေး အလွတ်ကျက်ဖြေ သည့်စနစ်ကြီးကလည်း ပိုနေမြဲ ကျားနေမြဲ။ ကျောင်းတိုင်းက လည်း တက္ကသိုလ်ဝင်တန်းအောင် ချက်မြင့်မားရေးကိုပဲ အာရုံထား နေကြသည်။ ဘယ်လိုနည်းနှင့် အောင်အောင်၊ အောင်ချက် ကောင်းမှ မျက်နှာပန်းလှမည်ဆို တော့ သင်ခန်းစာတစ်ခုကို နား လည်ဖို့ထက် အလွတ်ရဖို့ကိုပဲ ဆိုင်ရာတို့ တွန်းအားပေးနေကြ တော့သည်။ အစိုးရမင်းများက လည်း ၂၀၁၅ နီးလာလေလေ ကလေးတွေအရေးထက် သူတို့ အရေးက ပိုအရေးကြီးနေလေ တော့ တစ်ပီတည်းပီ၊ တစ်အာ တည်းအာရင်း ပညာရေးဥပဒေ တွေသာ အတည်ပြုပြဋ္ဌာန်းနေ သော်လည်း လက်တွေ့မှာတော့ လှည့်တောင်မကြည့်နိုင်ကြတော့ ပေ။

သည်ပုံဆိုလျှင်ဖြင့် ကျွန် တော်တို့၏ပညာရေးက နိုင်ငံ တကာအဆင့်အသာထား၍ အာ ဆီယံအဆင့်မီရန်ပင် အတော်ခဲ ယဉ်းနေပါဦးမည်။ ယခုပင်လျှင် လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းက နောက်ဆုံး၊ အဆင်းရဲဆုံးက အဆင့်(၁၂)ဖြစ်နေလျှင် နောင်နှစ်တွေမှာ သည့်ထက်ဆိုးဖို့သာရှိပါတော့သည်။

သင်ရိုးညွှန်းတမ်းတွေ၊ သင် ကြားနည်းစနစ်တွေ၊ စာမေးပွဲ စနစ်တွေ အမှန်တကယ်ပြုပြင် ပြောင်းလဲလာမည့်နေ့ရက်တွေကို စောင့်မျှော်ရင်း ကျွန်တော်အိပ် ပျက်ညတွေများလှပါပြီ။ ။

မင်းသန်းထိုက် (ဒေးဒရဲ)
http://www.7daydaily.com/story/17302#.U92vRmMtqUk

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...