Wednesday, August 13, 2014

ကမ္ဘာကျော်တဲ့ အညာထမင်းဆိုင်

June Naing added 2 new photos.
June Naing's photo.

ခရီးသွားလမ်းညွှန်စာအုပ်များထဲ ထည့်သွင်းဖော်ပြခံခဲ့ရသော်လည်း ဆိုင်တွင် ဆိုင်းဘုတ်မရှိ၊ လေအေးပေးစက်မရှိ၊ ဟိတ်ကြီးဟန်ကြီးနှင့် ခမ်းနားထည်ဝါမှုမရှိ။ အညာနေကိုအန်တုပြီး အရိပ်ကောင်းကောင်းပေးနေသည့် မန်ကျည်းပင်လေးကို အမှီပြုပြီး ခုံပုကလေးများ ခင်းထားသည့် ဆိုင်ကလေးသာဖြစ်သည်။

‘‘တချို့က သရပါသရီးဆိုတော့ ဆိုင်ကြီးအကြီးကြီးလို့ ထင်ကြတယ်။ နိုင်ငံခြားသားတချို့ဆို သရပါသရီးဘယ်နားမှာလဲဆိုပြီး ကျွန်မတို့ဆိုင်ကို လာမေးကြတယ်’’ဟု အညာထမင်းဆိုင်လေး၏ ပိုင်ရှင်ဖြစ်သူ ဒေါ်ကြည်ကြည်က ပြောသည်။
ယုတ်စွအဆုံး ‘‘သရပါသရီး (Tharapa-3)’’ဟု လူသိများခဲ့သည့် ဆိုင်နာမည်ကိုပင် သူတို့ပေးခဲ့သည်မဟုတ်။ ပုဂံမြို့၏ နာမည်ကျော် သရပါဟိုတယ်၊ သရပါဝမ်း (Tharapa-1)စားသောက်ဆိုင်နှင့် သရပါတူး(Tharapa-2) စားသောက်ဆိုင်အနီးတွင် ဖွင့်ထားခြင်းကြောင့် မြင်းလှည်းမောင်းသူများ၊ ဧည့်လမ်းညွှန်များက နောက်ပြောင်ခေါ်ရင်းခေါ်ရင်း နောက်ဆုံးတွင် ဒီနာမည်က ကမ္ဘာကျော်ခရီးသွားလမ်းညွှန်စာအုပ်များ၏ စာမျက်နှာများထက်တွင် သရပါသရီး (Tharapa-3)အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။
ထိုဆိုင်လေးက ကမ္ဘာကျော် ခရီးသွားလမ်းညွှန်စာအုပ်များထဲ မရောက်မီကတည်းကပင် ပြည်တွင်းခရီးသွား လမ်းညွှန်ဝက်ဘ်ဆိုက်များ၊ ဘလော့များတွင် မကြာခဏညွှန်းဆိုခံခဲ့ရသည်။ ဆိုင်၏အညာဆန်ဆန် အပြင်အဆင်များ၊ အညာဒေသထွက် ဟင်းလျာများကို ဖွယ်ဖွယ်ရာရာ စားသောက်နိုင်သည့် ထိုဆိုင်ကလေးသည် ပြည်ပခရီးသွားများသာမက ပြည်တွင်းခရီးသည်များအကြားတွင်ပါ နာမည်ကျော်ကြားလာခဲ့သည်။
ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသော ဟင်းလျာများနှင့် ဆိုင်အပြင်အဆင်ကြောင့်သာမဟုတ်။ အမြဲတမ်းပြုံးနေတတ်သည့် ဆိုင်ရှင်မိသားစုများနှင့် လောကွတ်မပါဘဲ စားသုံးသူများအား ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်သည့် ဓလေ့များကြောင့် ဆိုင်တစ်ဆိုင်တွင် စားသောက်ရသည်နှင့်မတူဘဲ အမျိုးအဆွေများအိမ်တွင် စားသောက်ရသည်နှင့် ပိုမိုတူကြောင်း ပြည်တွင်းခရီးသွားလမ်းညွှန်များက လူမှုကွန်ရက်၊ ဘလော့နှင့် ဝက်ဘ်ဆိုက်များတွင် မကြာခဏညွှန်းဆိုခဲ့ကြသည်။
သူ၏ကျော်ကြားမှုက ဒီမျှနှင့်မပြီးသေး။ ၂၀၁၁ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပုဂံသို့ရောက်ရှိချိန်တွင် ၎င်း၏နေ့လယ်စာအတွက် ပုဂံဒေသရှိ ရာနှင့်ချီရှိသည့် နာမည်ကျော် စားသောက်ဆိုင်များကို ကျော်လွှားပြီး ထိုအညာဆိုင်ကလေးတွင် ဝင်ရောက်စားသုံးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အဖွဲ့ဝင်များ တကူးတက လာရောက်စားသောက်ခဲ့သည့် ဆိုင်အဖြစ် နောင်တွင် နာမည်ကြီးလာသော်လည်း ထိုအညာထမင်းဆိုင်ပိုင်ရှင်များက သူတို့၏ကျော်ကြားမှုကို ပိုပိုသာသာ ပြောခဲ့ခြင်းတော့မရှိ။
‘‘အစ်မတို့ဆိုင်မှာ စားဖူးတဲ့သူတစ်ယောက်က အန်တီ့ (ဒေါ်အောင်ဆန်းစုကြည်)ကို ခေါ်လာတာဖြစ်မယ်ထင်တယ်။ သူလာတုန်းက လူတွေကလည်း တအုန်းအုန်းပဲ။ လာမယ်လို့လည်း မထင်ထားဘူး’’ဟု သရပါသရီး (Tharapa-3)ဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။
အစကတည်းက အညာချက်ဟင်းလျာများဖြင့် လူသိများခဲ့သည့် သူတို့၏ဆိုင်ကလေးသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုနှင့် ပေါင်းစပ်ကာ တစ်နေ့တခြား လူသိများလာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပြန်သွားပြီးနောက် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ၊ လူသိများသည့် အနုပညာရှင်များက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်စားသောက်ခဲ့သည့် ဆိုင်အဖြစ် တကူးတက လာရောက်စားသောက်ကြကြောင်းလည်း သရပါသရီး (Tharapa-3) ဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။
‘‘သူပြန်သွားပြီးမှ ဒေါ်အောင်ဆန်းစုကြည်စားတဲ့ဆိုင်လားဆိုပြီး မေးမေးစားကြတာများတယ်။ တချို့ဆိုရင် ဘယ်နေရာမှာ စားသလဲဆိုပြီး စားသွားတဲ့နေရာကို ခင်းပေးရတယ်’’ဟု သရပါသရီး(Tharapa-3) ဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။
လာမည့်သီတင်းကျွတ် (သို့မဟုတ်) ဒီဇင်ဘာအားလပ်ရက်များအတွင်း ပုဂံသို့ ဘုရားဖူးထွက်မည်ဟု စိတ်ကူးခဲ့ပါက အညာအငွေ့အသက် လွှမ်းမိုးနေပြီး ထင်ရှားကျော်ကြားသူများ၊ ကမ္ဘာကျော် ခရီးသွားလမ်းညွှန်စာအုပ်များအကြား ရေပန်းစားခဲ့သည့် ထိုအညာထမင်းဆိုင်လေးကို ပုဂံဒေသ လည်ပတ်စရာနေရာစာရင်းတွင် ထည့်သွင်းရန် နေရာသစ်တစ်ခုအဖြစ် ရောက်ရှိလာပြီဖြစ်သည်။
7 Days

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...