Tuesday, August 12, 2014

ဟူး… မောလိုက်တာ တအား



ဒီမိုကရေစီခေတ်မှာ ဆရာမ ဖြစ်ရတာလည်း မဆလခေတ်က မှောင်ခိုကုန် ကူးရသလိုလို၊ နဝတခေတ်မှာ အော်ဒါလိုက်ရ သလိုလိုပါပဲ။
အခုပဲကြည့်လေ... ဆရာမတွေ ကျူရှင်မသင်ရဘူးလို့ အမိန့်ထုတ်ပြန်ပြီ။ သတင်းထောက်တွေ ဖွတာလေ။
ဒါ ဝန်ကြီး စနက်လည်း မကင်း။ ဟိုတစ်လောက ဝန်ကြီးက ဆရာမတွေ အားတဲ့ အချိန်မှာ အပိုဝင်ငွေ ရှာလို့ ရတယ်တဲ့။ ဝန်ကြီးပြောတာက ရှင်းရှင်းလေး။
အားတဲ့အချိန် အလုပ်လုပ်ဖို့။ ဒါကို သတင်းစာဆရာတွေက ဆရာမတွေ ကျူရှင်သင်လို့ ရတယ်လို့ ဖွပါလေရော။
ကိုယ့်ဘာသာကိုယ် ကျူရှင်လေး အေးဆေးသင်နေရတာ အစက ဘယ်သူမှ မသိဘူး။ ခုတော့ ဝန်ကြီးနဲ့ သတင်းထောက် လုပ်မှ ဒုက္ခရောက်တော့တယ်။
ဆရာမတွေ စားပေါက်ပျောက်အောင် လာလုပ်နေတယ်။ ဆရာမတွေ ကျူရှင်မသင်ရအောင် လုပ်တဲ့လူတွေ ငရဲကြီးလိမ့်မယ်။ ဆရာဆိုတာ ဘုရားနဲ့ တစ်ဂိုဏ်းတည်း မဟုတ်လား။
အခုတော့ ကျောင်းအုပ်ကြီးက ကျူရှင်တွေကို လိုက်ချောင်းနေတယ် ဆိုလို့ ဆရာမဖြစ်တဲ့ ကျုပ်တောင် ရုပ်ဖျက်ပြီး ကျူရှင် သွားသင်နေရတယ်။
အရင်ကလို ကိုယ့်အိမ်မှာလည်း မသင်ရဲတော့ဘူးလေ။ ဟိုသတင်းထောက်တွေ တွေ့သွားမှာလည်း ကြောက်ရသေး။ သူတို့လျှောက်ဖွလို့ ကိုယ့်ကျောင်းသားတောင် ကိုယ်မရိုက်ရတော့ဘူး မဟုတ်လား။
ကလေးတွေကိုလည်း အစုလိုက် မလာခိုင်းဘူး။ ခွဲပြီး လာခိုင်းရတယ်။ နိုမို့ဆို အပြင်လူတွေ ရိပ်မိသွားနိုင်တယ်။ ကျောင်းအုပ်ကလည်း သူကျူရှင် မသင်ရတိုင်း သူများတွေကို လိုက်ကြပ်နေတယ်။
တကယ်တော့ ကျူရှင်မသင်ရလို့ အမိန့်ထုတ်တယ်ဆိုတာ တော်တော် ကြောင်တောင်တောင်နိုင်တာ။ ကိုယ်တွေက နှစ်ပေါင်း နှစ်ဆယ်ကျော်လောက် ကျူရှင်သင်လာခဲ့တာ ဆိုတော့ အရိုးစွဲပြီး ဝါသနာ ပါနေပြီလေ။
ကျောင်းမှာဆို စာမသင်တတ်တော့ဘူး။ ကျူရှင်မှာပဲ စာသင်တတ်တော့တယ်။ ကျောင်းမှာ အခြားအတန်းတွေနဲ့ ဆိုတော့ ဆူညံနေတာ။ ကျူရှင်မှာ ကိုယ့်တစ်တန်းတည်း ဆိုတော့ အေးဆေးရယ်။
ဒါတောင် ကိုယ့်အတန်းက ကျောင်းသား ၅၀ ကျော်တော့ ကျူရှင်ကိုတောင် စနေ၊ တနင်္ဂနွေဆို နှစ်ချိန်ခွဲ သင်ရတယ်။ တစ်တန်းလုံး ကျူရှင်မတက်တဲ့ ကျောင်းသားလည်း မရှိပါဘူး။
ကလေးတွေက ကျူရှင်မှာ ပျော်ကြတယ်လေ။
မပျော် ဘယ်ရှိမလဲ။ ကိုယ့်ညီမက ကျူရှင်မှာ ဈေးရောင်းတယ်။ ကလေးတို့ ကြိုက်တာလေးတွေပေါ့။ အရုပ်တွေ၊ ဂျယ်လီ၊ ပီကေ။ သကြားလုံး အစုံရမယ်။
ယမ်ယမ်လည်း ရတယ်။ ရေခဲချောင်းလည်း ရတယ်။ ရေအိုးမထားဘူး၊ ရေသန့်ဘူး ရောင်းတယ်။ ကလေးတွေက နည်းနည်းကြီးကျယ်တော့ ရေသန့် သောက်ကြတယ်လေ။ ဈေးရောင်းတာတောင် တွက်ခြေကတော့ တော်တော်ကိုက်တယ်။
ကိုယ်က မူလတန်းပဲ သင်တာ။ ကိုယ်တို့ကျောင်းက မြို့ထဲက ကျောင်းကြီးဆိုတော့ ကျောင်းသားတွေက သူဌေးသား သမီးတွေချည်းပဲလေ။
ကျောင်းဖွင့်ရာသီဆို ဆရာမတွေ အတန်းလုပြီး ရန်ဖြစ်ရတာ အမော။ အခန်းကောင်းရင် ကျောင်းသားကောင်းပြီး ဝင်ငွေ ပိုတယ်လေ။ အေ ခန်းရဖို့ကို၊ အတန်းပိုင် ဖြစ်ဖို့ကို ဟိုဟိုဒီဒီ ပေးရကမ်းရတာတွေကလည်း မနည်းမနော။
ကျောင်းနဲ့ ပတ်သက်လို့ ပြောရဦးမယ်။ အစတုန်းကတော့ သူငယ်တန်း လာအပ်တဲ့ ကလေးတွေဆို ကျောင်းအုပ်ကြီးက အလှူငွေ ဘယ်လောက် လှူသလဲဆိုပြီး လက်ခံပေးတာလေ။
အခုနောက်ပိုင်းတော့ အလှူငွေ မလှူရဘူးဆိုတော့ ကျောင်းအုပ်ကြီးလည်း နည်းနည်း လန့်သွားသေးတယ်။ ဒါပေမဲ့ အလှူငွေ မထည့်ရတာမှ ကျောင်းအုပ်အတွက် ခွင်ပိုတည့်သွားတာ။ ကျောင်းကို မလှူတော့ဘဲ ကျောင်းအုပ်ကိုပဲ လှူတော့တယ်လေ။ ကလေးမိဘတွေလည်း ကျောင်းကို မလှူရတော့ နည်းနည်း သက်သာသွားတာပေါ့။
သူငယ်တန်းမှာ အတန်းခွဲတာတော့ မိုက်တယ်။ ဘယ်မူကြိုက ထွက်သလဲ မေးရုံပဲ။ အင်္ဂလိပ်မူကြို၊ အဆင့်မြင့်တဲ့ မူကြိုက ထွက်တဲ့ ကလေးဆိုရင်တော့ အတန်းကောင်းကောင်း ရတယ်။
အစိုးရမူကြိုတို့၊ နာမည်မရှိတဲ့ မူကြိုတို့က ကလေးတွေ ဆိုရင်တော့ ဘိတ်ချီးတန်းပဲ သွားပေါ့။ ဒါကိုယ်တွေ အပြစ်မဟုတ်ဘူးလေ။ မိဘတွေ မူကြိုကောင်းကောင်း မထားတဲ့ အပြစ်ပဲ။ ကလေးတွေ အတန်းမကောင်းရင် မိဘကိုပဲ အပြစ်တင်ကြ။ ကလေးတွေ စာမရေးတတ်ရင် မူကြိုကို အပြစ်တင်ပေါ့။
ဒီခေတ် သူငယ်တန်း ဆရာမ လုပ်ရတာ တော်တော်လွယ်တယ်။ အရင် မဆလခေတ်နဲ့ နဝတခေတ် အစပိုင်းလောက်ကဆို သူငယ်တန်း ကလေးတွေက စာလည်း မရေးတတ်။ ထမင်းလည်း မစားတတ်နဲ့။
အခုတော့ မူကြိုတွေ ကောင်းမှုနဲ့ ကလေးတွေက စာလည်း ရေးတတ်ပြီ။ ထမင်းလည်း စားတတ်ပြီ။ ဒီတော့ ဆရာမက အေးဆေးပဲလေ။ ဝှိုက်ဘုတ်မှာ စာလေးရေးပြီး ကလေးတွေကို ပြန်ကူးခိုင်းရုံပဲ။
ဒီခေတ် ကလေးတွေလည်း တော်တော် ကံကောင်းကြပါတယ်။ ကိုယ်တွေတုန်းကဆိုရင် မူကြိုလည်း မတက်ခဲ့ရ၊ ကျူရှင်လည်း ရှိမှန်းမသိနဲ့။ အခုတော့ ကလေးတွေ မူကြိုလည်း တက်ရတယ်၊ ကျူရှင် ဆိုရင်လည်း အစုံပဲလေ။
နောက်ပြီး သူငယ်တန်း ကလေးက စာကျက်ဖို့ ဂိုက်တောင် ထားပေးကြတယ် မဟုတ်လား။ ကလေးတွေ အနားမရအောင် စာတွေကျက်ရတော့ ပိုတော်လာမှာပေါ့လေ။
ကလေးတွေကလည်း ဆော့ချိန် မရှိဘူးလို့တော့ ပြောကြမှာပေါ့။ ဒါပေမဲ့ ရန်ကုန်မြို့ကြီးမှာ ကလေးတွေ ဆော့ရတာ အန္တရာယ် များပါတယ်လေ။ ကစားကွင်းက မရှိ၊ မြေလွတ်က မရှိနဲ့။ လမ်းပေါ်ထွက်ဆော့ရင် ကားတိုက်လိမ့်မယ်။ ဒီတော့ အေးဆေးဆေး ကျူရှင်လေး တက်လိုက်၊ ဂိုက်နဲ့ စာကျက်လိုက်။
အဲ့ဒါ အန္တရာယ် ပိုကင်းတယ် မဟုတ်လား။
ဟူး...
ကျူရှင်ကို ပြေးလိုက်ဦးမယ်။ ဒီနေ့တော့ ဆံပင်ကို ဖားလျားချ၊ နေကာ မျက်မှန်လေးတပ်ပြီး ရုပ်ဖျက် သွားလိုက်ဦးမယ်။ ဒီခေတ် ဆရာမ ဖြစ်ရတာ မလွယ်ပါဘူးလေ ...။
(ဆရာမအချို့ကိုသာ ရေးခြင်းဖြစ်ပါသည်။ ဆရာမ အားလုံးကို မဆိုပါ)

စိုပြေ (သံချောင်းပါတီ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...