Monday, August 18, 2014

အုပ်စိုးသူမဲ့ဝါဒ


[Introduction to Anarchism]
နိုင်ငံရေးဟူသည် မလွတ်လပ်မှုအကြောင်းခြင်းရာဟုဆိုခဲ့ပြီ။ ထို့ အတူ နိုင်ငံရေးဒဿနိကဗေဒ ဟူသည် မလွတ်လပ်မှုကို ဖန်တီးသည့် အင်စတီးကျူးရှင်းများ အဖွဲ့ အစည်းများ၏ သဘောသဘာဝနဲ့ ၎င်းတို့ ၏ လုပ်နည်းလုပ်ဟန်တို့ အား သင့်မြတ်ခြင်းရှိမရှိလေ့လာဆန်းစစ်သည့် ပညာရပ်ဖြစ်သည်ဟုဆိုခဲ့ပြီ။ ဤကဲ့သို့ လူသား၏ သဘာဝမွေးရာပါလွတ်လပ်ခွင့်အား ထိန်းချုပ်၍ လူ့ အဖွဲ့ အစည်းအတွက် လိုရာပုံဖေါ်ကြသည့် အင်စတီးကျူးရှင်းများအဖွဲ့ အစည်းများကို ဝေဖန်ဆန်းစစ်သည့် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အတွေးအခေါ် ၀ါဒမျိုးစုံသည်လည်း ယနေ့ ခေတ်ထိ အမျိုးအစားစုံလင်စွာပေါ်ထွက်ခဲ့ပေပြီ။
ဤသို့ ဝါဒမျိုးစုံထဲတွင် လူသား၏လုံးဝလွတ်လပ်ခွင့်အား တောင်းဆိုသည့် ၀ါဒမှာ “အုပ်စိုးသူမဲ့ဝါဒ” (Anarchism) ပင်ဖြစ်သည်။ ဤ ၀ါဒသည် ပြည်သူလူထု၏ လွတ်လပ်ခွင့်အား လုံးဝ ထိန်းချုပ်ကိုင်တွယ်သည့် အာဏာရှင်စံနစ် (Authoritarianism) ၏ တိုက်ရိုက်ဆန့် ကျင်ဘက် အခြားအစွန်းတစ်ဖက်တွင်ရှိသော ၀ါဒဖြစ်သည်ဟုဆိုက မှားမည်မထင်။
ဤသို့ အစွန်းတစ်ဖက်သို့ ရောက်သော လွတ်လပ်မှုကို ရည်မှန်းချက်ထားသည်ဖြစ်၍၎င်း၊ အချို့ သော အုပ်စိုးသူမဲ့ဝါဒီ (Anarchists) တို့ ၏ တော်လှန်ရေးဆန်သော အပြုအမူတို့ ကြောင်း၎င်း Anarchism ဟုဆိုလိုက်လျှင် “မင်းမဲ့ဝါဒ” ဟူသော ခေါင်းစဉ်တပ်၍ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပရမ်းပတာ စည်းမဲ့ကမ်းမဲ့ အပြုအမူများ ဖြင့်လွဲမှားစွာ မှတ်ယူခြင်းခံရလေ့ရှိပေ၏။ အမှန်စင်စစ် ကမ္ဘာ့ထင်ရှားသော နိုင်ငံရေး၊လူမှုရေး ဘာသာရေး အတွေးအခေါ်များစွာတို့ တွင် ဤ အုပ်စိုးသူမဲ့ဝါဒ၏ အခြေခံယူဆချက်အချို့ ပါဝင်နေသည်သာဖြစ်၏။
အုပ်စိုးသူမဲ့ဝါဒ "anarchy" ဟူသည် ဂရိစကားလုံး "anarchos" မှဆင်းသက်လာ၍ အုပ်စိုးသူမရှိခြင်း ("without ruler") ဟုအဓိပ္ပါယ်ရပေသည်။ တနည်းအားဖြင့် အစိုးရ (Government) နှင့် အုပ်စိုးသည့်ဥပဒေစည်းမျဉ်းများ (Rules) ကို ငြင်းပယ်သည့် အတွေးအခေါ်ဖြစ်၏။ လွတ်လပ်မှုအားချုပ်ချယ်သည့် အင်စတီးကျူးရှင်းများ မလို၊ အစိုးရ ယန္တရားမရှိပဲ လူ့ အဖွဲ့ အစည်း ဟူသည် လှုပ်ရှားလည်ပတ်နိုင်သည့် အရာဟု ဤ၀ဒါက ဆိုလိုပေသည်။ ထို့ အပြင် ယနေ့ ခေတ်လူ့ အဖွဲ့ အစည်းတို့ တွင်ရှိသော ထက်အောက် အဆင့်ဆင့် စီမံခန့် ခွဲမှုဟူသမျှ (hierarchies) သည် ဗဟိုဦးစီးစံနစ် (centralized authority) ကျင့်သုံးသည့်အားလျော်စွာ ပုဂ္ဂလိကလူသားအပေါ်ချုပ်ချယ်ခြင်းထင်ရှားလှ၏။ အုပ်စိုးသူမဲ့ဝါဒီ တို့ ဆန့် ကျင်ကြသည့် အခြားသောလူမှုရေးတည်ဆောက်ချက်မှာ ယနေ့ ခေတ်၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု (property ownership) ပုံစံဖြစ်၏။ ဤသို့ အားဖြင့် လွဲမှားသောပုဂ္ဂလိက ပိုင်ဆိုင်မှု ပုံစံကိုအကြောင်းပြု၍ပေါ်ပေါက်လာသော အစိုးရ၊ နိုင်ငံတော်၊ ထက်အောက်အဆင့်ဆင့်တည်ဆောက်ပုံနှင့် ဥပဒေစည်းမျဉ်းများ၊ သည် လူသား၏ မွေးရာပါသဘာဝလွတ်လပ်ခွင့်အား အမျိုးမျိုးအဖုံဖုံ ထိန်းချုပ်ခြယ်လှယ်နေသောလူမှုရေးတည်ဆောက်ချက်များ ဖွဲ့ စည်းပုံစံနစ်များဖြစ်၏။ ၎င်းတို့ သည် လူမှုရေးကန့် သတ်တားဆီးမှုများနဲ့ လွတ်လပ်မှုကိုဖိနှိပ်သည့်ဥပဒေများကို ဖန်တီးထုတ်လုပ်ကြသည့်အတွက် ၎င်းတို့ ကို အပြီးတိုင်ဖယ်ရှားပြီးမှသာလျှင် လူသား၏လွတ်လပ်ခွင့်ကိုပြန်လည်ရယူနိုင်မည်ဟုဆိုလိုခြင်းလည်းဖြစ်ပေ၏။
သို့ ဖြင့်အစိုးရနှင့် နိုင်ငံတော်ကို ငြင်းပယ်ခြင်းမှာ အုပ်စိုးသူမဲ့ဝါဒီ အားလုံး၏ တူညီသောယုံကြည်ချက်ဖြစ်၍ ဤရည်ရွယ်ရင်းကို အကောင်အထည်ဖေါ်သည့် လမ်းစဉ်နှင့်ပတ်သက်၍ မူ ဂိုဏ်းဂဏခွဲမျိုးစုံကွဲပြားသွားလေသည်။ အချို့ က တစ်ဦးချင်းလွတ်လပ်မှုနှင့် ကိုယ့်ကိုယ်ကိုယ် အားကိုးရေးကို အလေးထားသည့် အစွန်းရောက်ပုဂ္ဂ္ဂလိက ၀ါဒီ (individualism) များဖြစ်၍ အချို့ ကမူ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ စုဖွဲ့ နေလို ကြသည့် အစုအပေါင်းဝါဒီ (collectivism) များဖြစ်၏။ မည်သို့ ဆိုစေ ယနေ့ ခေတ်၏ အမျိုးမျိုးသော နိုင်ငံတော်တို့ အား ပယ်ဖျက်ရန်အတွက်မူ အချို့ သော အစွန်းရောက်ဝါဒီများမှလွဲ၍ ဤ၀ါဒသည် တော်လှန်ရေး နည်းလမ်းအစား တဖြည်းဖြည်းခြင်း ပြောင်းလဲမှုကိုသာ အဆိုပြုပေသည်။
သမိုင်းကြောင်းအနေဖြင့်မူ အုပ်စိုးသူမဲ့ဝါဒီတို့ သည် ရှေးခေတ်ဦးသမိုင်းမတင်မှီလူသားတို့ ၏ လွတ်လပ်မှုအပြည့်ရှိသော အစိုးရမဲ့ လူနေမှုဘ၀ပုံစံများကို ထောက်ပြ၍ ယနေ့ ခေတ်၏ အဆင့်ဆင့်အုပ်ချုပ်ရေးပုံစံများဖြင့် အတိပြီးသည့် နိုင်ငံတော်များ၊ နိုင်ငံရေးအင်စတီးကျူးရှင်းများကို ဝေဖန်ကြလေသည်။ Lao Tzu ရေးသားခဲ့သည့် "Tao Te Ching" တွင်လည်း တောက်ဝါဒီများအား အုပ်စိုးသူမဲ့ဝါဒီများ၏ ဘ၀နေထိုင်မှုပုံစံဖြင့် နေထိုင်ကြရန် တိုက်တွန်းထားသည်ကိုတွေ့ ရပေမည်။ ထို့ အတူ ရှေးခေတ်ဂရိတို့ တွင်လည်း ဒိုင်အောဂျနီးစ် သည်၎င်း၊ စတိုးဝစ်ဝါဒီ ဇီနိုသည်၎င်း အစိုးရမဲ့ လူ့ အဖွဲ့ အစည်းမျိုး မျှော်မြင်ခဲ့ကြသည်ကိုတွေ့ ရပေမည်။
အလယ်ခေတ်နှင့်နှောင်းပိုင်းဥရောပတွင်လည်း ဘာသာရေးနှင့်ဆက်နွယ်သော အုပ်စိုးသူမဲ့ဝါဒ လှုပ်ရှားမှုများရှိခဲ့သည်သာဖြစ်၏။ ဥပမာအားဖြင့် Brothers and Sisters of the Free Spirit, the Klompdraggers, the Hussites, the Adamites, the early Anabaptists, the Diggers and the Levellers စသဖြင့်။
မြန်မာတို့ အတွက်အထင်ရှားဆုံးနှင့်အနီးဆုံး ဥပမာကား ဗုဒ္ဓ၏ သံဃာ့အဖွဲ့ အစည်းပင်ဖြစ်၏။ သံဃာ ဟူသော အင်စတီကျူးရှင်းတွင် ထက်အောက်အာဏာပိုင်အဖွဲ့ အစည်းသဘောကင်းမဲ့၍ ၀ါကြီးဝါငယ် အလျားလိုက် ဆက်ဆံရေးသာထင်ရှား၏။ ဗဟိုဦးစီးစံနစ်မကျင့်သုံးသော အဖွဲ့ အစည်းလည်းဖြစ်၏။ ထို့ အတူ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွင်လည်း မရှိမဖြစ်လိုအပ်သော ပရိက္ခရာများဖြင့် ကန့် သတ်ထားမှုမှာလည်း ထင်ရှားပေ၏။ လောကီကြောင်း အုပ်စိုးသူမဲ့ ၀ါဒီတို့ နှင့်ကွဲပြားသွားသည်မှာ ဘာသာရေးရည်မှန်းချက်အတွက် စုပေါင်းနေထိုင်ကြသော အသင်းအဖွဲ့ ဖြစ်ခြင်းတွင်သာဖြစ်ပေ၏။
မည်သို့ ဆိုစေ ခေတ်ပေါ် အုပ်စိုးသူမဲ့ ဝါဒ သည်ကား ဥရောပအလင်းပွင့်ကာလ (enlightenment) အတွေးအခေါ်တို့ တွင်အခြေတည်၍ ဖွံ့ ဖြိုးလာခြင်းဖြစ်သည်ကိုတွေ့ ရပေမည်။ အုပ်စိုးသူမဲ့ဝါဒ၏ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ယူဆချက်များကို ပထမဦးဆုံးဖေါ်ထုတ်သူအဖြစ် အင်္ဂလိပ်တွေးခေါ်ပညာရှင် William Godwin (1756 - 1836) အားအသိအမှတ်ပြုကြရ၏။ ဂေါ်ဒွင် သည် တော်လှန်ရေးနည်းလမ်းအား ဆန့် ကျင်၍ အသေးငယ်ဆုံး အစိုးရနှင့် နိုင်ငံတော်ကို မချစ်သော်လည်း အောင့်ကာနမ်းရမည့်မကောင်းဆိုးဝါး ဟုယူဆ၏။ ဤ ယာယီဖြစ်သော ပစ္စက္ခလိုအပ်ချက်သည်လည်း တဖြည်းဖြည်းခြင်းပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အတွင်း အချိန်ကာလတစ်ခုကိုဖြတ်သန်းပြီးသည်နှင့် ပျေက်ကွယ်သွားလိမ့်မည်ဟု ယင်းက ဆိုခဲ့ပေသည်။ ဂေါ်ဒွင်သည် အစွန်းရောက် ပုဂ္ဂလိက၀ါဒ ကိုထောက်ခံသူဖြစ်သဖြင့် အလုပ်သမားပူးပေါင်းဆောင်ရွက်ခြင်း (cooperation in labor) ကိုမူဆန့် ကျင်ခဲ့ပေသည်။
ဂေါ်ဒွင်ကဲ့သို့ ပင် ခေတ်ပေါ် အုပ်စိုးသူမဲ့ဝါဒကို စတင်ထူထောင်သူမှာ ပြင်သစ်ပညာရှင် Pierre-Joseph Proudhon (1809 - 1865) ဖြစ်၏။ ပရူဒင် သည် မိမိကိုယ်မိမိ အုပ်စိုးသူမဲ့ဝါဒီအဖြစ် အဦးဆုံးကြေငြာခဲ့သူလည်းဖြစ်၏။ ၎င်းအလိုအရ အားလုံး၏လွတ်လပ်ခွင့်နှင့် တည်ငြိမ်အေးချိမ်းရေးကို ထိန်းသိမ်းနိုင်စေယုံ မျှသာလိုအပ်သည့် စည်းမျဉ်းများနှင့် ဗဟိုအာဏာပိုင်ကင်းမဲ့သည့် လူ့ အဖွဲ့ အစည်းများ ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် ရဲဌာနများ၊ ဘုရင်စံနစ်များ၊ ဘာသာရေးအဖွဲ့ အစည်းကြီးများ၊ အခွန်ကောက်ခံမှု စံနစ်များမှာ အလိုအလျောက် ပျောက်ကွယ်သွားမည် (သို့ ) အသေးငယ်ဆုံးအခြေအနေသို့ ရောက်ရှိသွားမည်ဟု အဆြိုပုခဲ့ပေ၏။ ၁၈၄၀ တွင် ထုတ်ဝေသည့် ၎င်း၏ "What is Property?" တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုဟူသမျှ ခိုးမှုပင်ဖြစ်သည်ဟု တင်ပြထားခဲ့သည်။
အုပ်စိုးသူမဲ့ဝါဒ၏ ဂန္ထ၀င်ကာလဟု ဆိုရမည့် ၁၉ ရာစုနှောင်းပိုင်းတွင်ကား အုပ်စိုးသူမဲ့ကွန်မြူနစ်ဝါဒီများ ပေါ်ပေါက်လာတော့သည်။ ၎င်းတို့ အနက် ထင်ရှားသူများမှာ ရုရှလူမျိုးများဖြစ်သည့် Mikhail Bakunin (1814 - 1876) နှင့် Peter Kropotkin (1842 - 1921), ဖြစ်သည်။ ၎င်း တို့ နှစ်ဦးသည် မာ့ခ်စ်ဝါဒီတို့ ၏ အရှင်းရှင်စံနစ်အပေါ်စံနစ်အပေါ် ဝေဖန်မှုများနှင့် အုပ်စိုးသူမဲ့ဝါဒ၏ နိုင်ငံတော် (state) အပေါ် ဝေဖန်မှုများကိုပေါင်းစပ်၍ လူ့ အဖွဲ့ အစည်းအတွင်း ပုဂ္ဂလိကလူသားတစ်ဦးချင်း၏ လွတ်လပ်ခွင့်အား ထိန်းသိမ်းနိုင်မည့် ကွန်မြူနစ်အမြင်ကို ဖေါ်ထုတ်လာခြင်းဖြစ်၏။
၂၀ ရာစုတွင်ကား အုပ်စိုးသူမဲ့ဝါဒီတို့ သည့် အလုပ်သမားလှုပ်ရှားမှုများ၊ အမျိုးသမီးဝါဒ လှုပ်ရှားမှုများ၊ ၁၉၁၇ ရုရှတော်လှန်ရေးလှုပ်ရှားမှုများနှင့် နောက်ပိုင်းတွင် ဖက်ဆစ်ဆန့် ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့ကြသည်။ အုပ်စိုးသူမဲ့ ၀ါဒီ ကွန်မြူနတီများအဖြစ် ဒိန်းမတ်နိုင်ငံ ရှိ Cristiana၊ စပိန်နိုင်ငံရှိ Catalonia နှင့် ယူကရိန်းနိုင်ငံရှိ Free Territory စသည်တို့ ကို လက်တွေ့ တည်ထောင်ခဲ့ကြသည်။
အုပ်စိုးသူမဲ့ဝါဒ၏ အဓိကထင်ရှားသော ပင်မ ဂိုဏ်းခွဲများမှာ-
၁) Philosophical Anarchism (ဒဿနိကဗေဒဆိုင်ရာ အုပ်စိုးသူမဲ့ဝါဒ)
အစိုးရဟူသည် ကိုယ်ကျင့်ဆိုင်ရာရှုထောင့်မှကြည့်လျှင် တရားနည်းလမ်းကျမှု ကင်းမဲ့၍ လူသား၏သဘာဝ လွတ်လပ်မှုအတွက် အန္တရာယ်ရှိသဖြင့် ပုဂ္ဂ္ဂလိကတစ်ဦးချင်းအနေဖြင့် နိုင်ငံတော်အား လေးစားလိုက်နာစရာမလိုသကဲ့သို့  နိုင်ငံတော်သည်လည်း နိုင်ငံသားတို့ ၏ နာခံမှုကို တောင်းဆိုပိုင်ခွင့်မရှိဟု အဆုံးစွန်ယူဆခြင်းဖြစ်၏။
၂) Individualist Anarchism (ပုဂ္ဂလိကဆိုင်ရာ အုပ်စိုးသူမဲ့ဝါဒ)
Libertarian Anarchism ဟုလည်းခေါ်သော ဤဂိုဏ်း၏ ယူဆချက်မှာ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်ရာ၌ မည်သို့ သော အဖွဲ့ အစည်းများမှ ကန့် သတ်ချုပ်ခြယ်ခြင်းမပြုအပ်ဟုယူဆခြင်းဖြစ်၏။ ဒီမိုကရေစီစံနစ်သည်ပင်လျှင် လူများစုဖြင့်ဖိနှိပ်ချုပ်ခြယ်ခြင်းကို ဖန်တီး၍ လိုလားဖွယ်မဟုတ်ဟု ဆိုပေသည်။ တနည်းအားဖြင့် တစ်ဦးချင်းလွတ်လပ်ခွင့်ကို ခြယ်လှယ်သည့် နိုင်ငံတော်နှင့် လူမှုရေးထိန်းချုပ်မှု (social control) ကဲ့သို့ သော အဖျက်သဘောလွတ်လပ်ခွင့်များ (negative liberty) ကို ဦးစားပေး ဆန့် ကျင့်ခြင်းလည်းဖြစ်၏။
၃) Social Anarchism (လူမှုရေးဆိုင်ရာ အုပ်စိုးသူမဲ့ဝါဒ)
ဤဂိုဏ်းက ဇောင်းပေးတွေးခေါ်သည်မှာ အပြုသဘော လွတ်လပ်ခွင့်များ (positive liberty) များဖြစ်သဖြင့် အထက်ပါ ပုဂ္ဂလိကဆိုင်ရာ အုပ်စိုးမှုမဲ့ဝါဒ နှင့်နေရာများစွာတွင် ဆန့် ကျင်၍ တွေးခေါ်သော ဂိုဏ်းဖြစ်၏။ ဤ၀ါဒတွင်အလေးထား သည်မှာ လူမှုရေးညီမျှမှု၊ ကွန်မြူနတီတစ်ခုလုံးနှင့် အချင်းချင်းအပြန်အလှန်ကူညီယိုင်းပင်းမှုတို့ ဖြစ်၍ ဤသည်တို့ အား အုပ်စိုးမှုမဲ့ဝါဒ၏ အခြေခံယူဆချက်များ၊ ကျင့်ကြံမှုများဖြင့် ပေါင်းစည်းရန်အားထုတ်ခြင်းဖြစ်၏။ အဆုံးစွန်အားဖြင့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ထက်အောက် အဆင့်ဆင့် စီမံခန့် ခွဲမှုများ မရှိတော့သည့် လူ့ အဖွဲ့ အစည်းတစ်ရပ်ကို ဖန်တီးနိုင်ရေးဖြစ်၏။
References & Readings:
http://www.philosophybasics.com/branch_anarchism.html
http://www.britannica.com/EBchecked/topic/22753/anarchism
http://theanarchistlibrary.org/library/donald-rooum-and-freedom-press-ed-what-is-anarchism-an-introduction
https://www.youtube.com/watch?v=__vv6eRj2-k
https://www.youtube.com/watch?v=4AgX4xS_w_k
https://www.youtube.com/watch?v=UcsQmqF1teI
https://www.youtube.com/watch?v=oB9rp_SAp2U
https://www.youtube.com/watch?v=gWzE2kTKTMs&list=UUPSFjkA3jc_U2mdcSLb4bhQ&index=2

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...