နွံမှ နေ၍ (Photo Essay)
by Zay Ya on Saturday, August 25, 2012 at 9:48pm ·
"Meditation" ကို ဘာဝနာ လို့ ပြန်ဆိုတဲ့ အခါ- အဲ့ စကားမှာ အရှုပ်အထွေး ရှိတယ်။ ဝေါဟာရ အနက်ပြန်ရင် - မူရင်း သိုးဆောင်း အလိုမှာ - ဆင်ခြင်တယ်- ခွဲခြမ်းတယ် - စူးစမ်း ပိုင်းဖြတ် တယ် ဆိုတဲ့ အဓိပ္ပါယ်တွေ အကြမ်းဖျဉ်း ပါဝင်တယ်။
အရှေ့တိုင်း အားဖြင့် ဆိုရင်တော့ - သူ့ နောက်ကွယ် မှာ နက်ရှိုင်းတာတွေ ကျန်နေ တယ်။ ဒါ့ကြောင့် အဲ့အတွင်း ပိုင်း အထိ မတိုးဝင်နိုင် ရင် ဘာဝနာ ဆိုတဲ့ စကား အပေါ် အခြေခံ မခိုင်၊ ပေါ့ပျက်နေမှာပဲ။ဘာဝနာ ရဲ့ အတွင်းဆုံး အောက်ခြေ မှာ "လွတ်မြောက်မှု" မောက္ခ ရှိတယ်။ လွတ်မြောက်မှု လို့ ဆိုတာနဲ့ - ဘယ်က လွတ်မြောက် မလဲ။ ကြောက်ရွံ့မှုက -- ဒုက္ခက --ချုပ်နှောင်မှုက - ကျဉ်းကျပ်မှု က - စသဖြင့် လွတ်မြောက်မှု အစီအရီ ခေါ်ဆိုကြမယ်။ ဒီ လွတ်မြောက်မှု ကို အခြေပြုပြီး ဘာဝနာ ဟာ အခိုင်မာဆုံး ရပ်တည်ထားပါတယ်။
အထင်ကရ အချက် က - "ဘာဝနာဟာ အဝေးမှာ မဟုတ်ဘူး" ဆိုတဲ့ အချက်ပဲ။ - လက်တွေ့ ရှင်သန်နေထိုင် နေတဲ့ လူ့ဘဝ ရေးရာ၊ မြောက်မြားစွာ တွေ ထဲက ဘာဝနာ ဟာ ပြေးထွက် မသွားဘူး။ သီးခြား ခွဲထွက် မနေဘူး။ အားလုံး တစ်ပေါင်းတည်း ခြုံငုံ နေတယ်။ ဖြစ်ရပ်တိုင်း၊ လှုပ်ရှားမှု တိုင်းမှာ ဘာဝနာဟာ အတိအကျ ရှိတယ်။ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် နာရီပိုင်း လုပ်တတ် တဲ့ အလုပ်မျှ မဟုတ်ဘူး။ မိနစ်ပိုင်း နာရီပိုင်းလောက် တကူးတက လုပ်ရုံ ၊ ပြီးတာနဲ့ တနေကုန် မေ့လျော့ နေတဲ့ အဖြစ်ရှိရုံ မဟုတ်ဘူး။ နေ့စဉ် လုပ်ကိုင်နေတဲ့ ဘဝ သရုပ်တွေထဲ လျိုးဝင် ပြန့်နှံ့ နေတဲ့ - စက္ကန့် မလပ် တည်နေရာ ဖြစ်ပါတယ်။
ဘာဝနာ အကြောင်း ဆွေးနွေး ကြတဲ့ အခါ - ဘာဝနာ ဆီ မရောက်ဘဲ၊ ဘာဝနာ ပြုပုံ၊ နည်းနာ တွေ ဆီချည်း ရောက်ရောက် သွားတတ် တယ်။ ဒီမှာ အဲ့ဒီ နည်းနာတွေ ကို ပြောတာ မဟုတ်ဘူး။ ဘာဝနာ ရဲ့ သဘော ဆီသာ ပြောလိုတာ ဖြစ်ပါတယ်။ အထက်ပါ အတိုင်း - "ဘာဝနာ" ဟာ လွတ်မြောက်မှု ဆီ ဦးတည်တယ် ဆိုတဲ့ အခါ - ဘယ်လို လွတ်မြောက်မှု မျိုးကို ဆိုလိုတာ တဲ့လဲ။ (ဝါ) ဘာဝနာ ဟာ မိမိ ကိုယ်ကိုယ် ထွန်းညှိတဲ့ အလင်း လို့ ဆိုတယ်။ ဒါဆို ဘယ်လို အလင်းမျိုးကို ဆိုလိုတာ တဲ့လဲ။ ကျိန်းသေတာက ဒီအလင်းဟာ အခြားသူ ထွန်းညှိတဲ့ အလင်း မဟုတ်ဘူး။ မိမိ ကိုယ်ကိုယ် မိမိ ထွန်းညှိရတယ်။ တခြားသူ လာမှုတ်ငြိမ်း လို့ မရဘူး။ မိမိ ရင်တွင်းမှာ ပြည့်ဝ ထွန်းလင်း နေတယ်။
အဲ့မှာတင် ပြင်ပက စိုးမိုးမှု၊ အာဏာ နဲ့ အတွင်းအဇ္ဈတ္တရဲ့ အထီးတည်း ရှင်းလင်း နေတဲ့ အဖြစ်ဟာ ထိပ်တိုက် တွေ့ ကြတော့ တယ်။ ပြင်ပက စိုးမိုးမှု ဟာ ဘာသာ လည်း ဖြစ်တယ်။ ဝါဒ အမြင် သွတ်သွင်းမှုလည်း ဖြစ်တယ်။ ဒါ့ကြောင့်မို့ ဒါတွေ စီးဆင်းလာနိုင်တဲ့ - ဘုန်းကြီး၊ ဓမ္မဆရာ လည်း ဖြစ်နိုင် သလို သိပ္ပံပညာရှင် တစ်ယောက် လည်း ဖြစ်နိုင်တယ်။ မိမိ လက်ဦးဆရာ အမိအဖ လည်း ဖြစ်နိုင်သေးတယ်။
ဘာဝနာ ဟာ အဲ့ဒီ စိုးမိုးမှု၊ လွှမ်းမိုးမှု အောက်ကနေ လွတ်ကင်း၊ ဖယ်ရှား ထွက်လာတယ်။ ဘာနဲ့ တူလဲဆို - နွံက ထွက်တဲ့ ကြာလိုမျိုး။ ကြာဟာ နွံအိုင်က တိုးထွက်ပြီး၊ -နွံ အညစ်အကြေး မပါဘဲ ရှင်းသန့်နေ တယ်။ ဒါပေမယ့် ရွံ့နွံ့အိုင် အခြေမတည်ဘဲ၊ ရွံ့နွံအိုင် အထောက်အပံ့ မပါဘဲ၊ ဒီ ကြာ က မပွင့်ဘူး။ ဒီကြာပွင့် နိုင်ဖို့ ဒီအညစ် အကြေး တွေမှာ ကျေးဇူး ရှိတယ်။ အလားတူ -- ဒီ အညစ်အကြေး တွေကိုပဲ အကျေအလည် နင်းချေ ဖြတ်သန်း ခဲ့ရ ပြန်တယ်။
....................
"Becomes the Ocean" Essay 2
Photo from "Vertical Here-Now"
...................
August 26th 2012 at 10:58 AM
0 comments:
Post a Comment