Wednesday, August 29, 2012

ကိုယ်ရယ်...မေမေရယ်... ကျောင်းစိမ်းဝတ်စုံလေးရယ်....


by Linn Yaung on Wednesday, August 29, 2012 at 2:23am ·


ထမင်းစားပြီးတော့ ကိုယ် ပန်းကန်တွေ ဆေးတယ်။
ဟင်းကျန် ထမင်းကျန်တွေကို အကုန်သွန်ပစ်ပြီး ပန်းကန်ဆေးရတာပေါ့။
မေမေက ဟင်းအကပ်အသပ်တွေထားခဲ့ရင် မကြိုက်ဘူးလေ။ ဖွားဖွားရှိတုန်းကတော့ ထမင်းကြမ်းကျန်အောင် တမင်တောင်ပိုချက်ရသေးတယ်။

ညပိုင်းကျန်တဲ့ ထမင်းကို မနက်ခင်းကြရင် ကြော်စားဖို့ပေါ့။ ဖွားဖွားထမင်းကြော်ရင် သိပ်စားလို့ကောင်းတယ်။
ဖွားဖွား ခွံ့ကျွေးတဲ့ ခရမ်းချဉ်သီးမီးဖုတ်ထောင်းလေးရယ်.. ထမင်းကြော်ရယ်ကို ကိုယ်သိပ်ကြိုက်တာပေါ့။
ဖွားဖွားက ကိုယ့်ကို အရမ်းချစ်တာလေ။ ဖိုးဖိုးလည်း ကိုယ့်ကိုယ်ချစ်တယ်။ မေမေကလည်း ကိုယ့်ကို ချစ်ပါတယ်။
ဒါပေမယ့် မတူဘူး။ ဖွားဖွားကတော့ ကိုယ့်ကို အချစ်ဆုံးလို့ ကိုယ်ထင်တယ်။

ဖွားဖွားက မဆုံးခင်အထိ ကိုယ့်ကို သူကိုယ်တိုင်ထမင်းခွံ့ကျွေးရမှ ကျေနပ်တာ။ ပြီးရင် ဒီကလေးက အခုထိ ထမင်းခွံ့ကျွေးနေရတုန်းလေ..သိပ်ချွဲတဲ့ ငချွဲလေးပေါ့လို့ ပြောတတ်တယ်။
တကယ်တော့ ကိုယ်က ဖွားဖွားခွံ့ကျွေးတာကို သိပ်မကြိုက်ပါဘူး။ တစ်ခါတစ်လေ ကိုယ်တောင် မမျိုချရသေးဘူး ထမင်းနောက်တစ်လုပ်ခွံ့ဖို့ ပါးစပ်နားမှာ လက်ကြီးတရွယ်ရွယ်လုပ်ထားရင် ကိုယ် သိပ်စိတ်ညစ်တာပဲ။ ဒါပေမယ့် ဖွားဖွားကို သနားလို့ မခွံ့နဲ့လို့ မပြောရက်ဘူး။
ဖွားဖွားပြောဖူးတဲ့ စကားတစ်ခွန်းရှိတယ်။
ကိုကို မရှိတဲ့နောက် ဒီ ဖတဆိုးလေးက ငါ့ဘ၀ပဲ။ ငါ့ သေသွားမှ နင်တို့သဘော။
အခုတော့ ငါ့မြေးလေးကို ဘယ်သူ့ဆီမှာမှ မထားနိုင်ဘူးတဲ့။
ဟိုး မန္တလေးက ဒေါ်ဒေါ်တွေ ကိုယ့်ကို လာခေါ်တုန်းက ပြောတာပေါ့။ ဖေဖေ့ရဲ့ အစ်မတွေတဲ့။
ကိုယ့်ကို လာခေါ်တာလို့ ပြောတယ်။ ကိုယ် သိပ် ကြောက်တာပဲ။ မလိုက်ချင်ပါဘူး။

အဲဒီဒေါ်ဒေါ်တွေက ကိုယ့်ကို မြင်တော့ တန်းပြီးငိုတာပဲ။ ဖေဖေနဲ့ သိပ်တူတာလို့ ပြောတယ်။
ကိုယ်ကို အဲဒီလိုပြောရင် မကြိုက်ဘူး။ ကိုယ်က မေမေနဲ့ပဲ တူချင်တာ။ ကိုယ်က မေမေ့သားလေ။
အဲဒီတုန်းက ဖွားဖွားကြောင့် ကိုယ် မလိုက်သွားရတာပေါ့။ မေမေက တစ်ခွန်းမှ ပြန်မပြောပဲ ငိုပဲ ငိုနေတာ။
ဖွားဖွားသာ မတားရင် ကိုယ်လိုက်သွားရမှာပဲ ထင်တယ်။ မေမေက ကိုယ့်ကို မချစ်ဘူးလို့ ထင်ပြီး ကိုယ်အရမ်းဝမ်းနည်းခဲ့သေးတယ်။
မဟုတ်ပါဘူး။ မေမေက ကိုယ့်ကို အရမ်းချစ်ပါတယ်။ ဘာလို့ဆို အဲဒီညက ကိုယ်အိပ်နေတုန်း နဖူးလေးကို ခိုးနမ်းတယ်လေ။
ကိုယ်သိတာပေါ့။ မေမေက ပါးစပ်ကသာ ကိုယ့်ကို ချစ်တယ်လို့ မပြောတာ .. ညတိုင်းညတိုင်း ကိုယ့်ကို နမ်းနမ်းပြီးမှ အိပ်တာပဲ။

*****************************************

အင်း.. ကိုယ် ပန်းကန်တွေ ဆေး၊ ဘုရားရှိခိုးပြီး မေမေ့ကို ချောင်းကြည့်တော့
မေမေက သူ့ရဲ့ စက်ခုံပေါ်မှာ ထိုင်ပြီး ဘာတွေ စဉ်းစားနေတာလဲ မသိပါဘူး။
ကိုယ်လည်း တိုင်မှာ ချိတ်ထားတဲ့ လက်ဖက်ရည် ပါဆယ်ထုတ်လေးကို ဖြုတ်ပြီး ခွက်ထဲထည့်တယ်။ 
မေမေ အလုပ်ခုံပေါ် သွားတင်ပေးပြီး မေမေ ကိုယ် အိပ်တော့မယ်လို့ နှုတ်ဆက်တယ်။
မေမေ တစ်ချက်လှည့်ကြည့်ပြီး ခေါင်းညိမ့်ပြတယ်။ ဘာမှလဲ ပြန်မပြောဘူး။
မေမေ ကိုယ့်ကို စိတ်ဆိုးနေတုန်းထင်တယ်။ မေမေက စိတ်ဆိုးရင် အဲဒီလိုပဲ ဘယ်သူ့ကိုမှ စကားမပြောဘဲ နေတတ်တယ်။
မေမေ စိတ်ဆိုးရင် ကိုယ် မနေတတ်တော့ဘူး။ အရမ်းဝမ်းနည်းတာပဲ။
ကိုယ်ရှင်းပြချင်ပါတယ်။

“မေမေ....
ကိုယ့် ကျောင်းအကျီ င်္လေးတွေကော ကိုယ့် ဘောင်းဘီလေးတွေပါ ဟောင်းနေပြီ။
ပြီးတော့ .. ကိုယ့်ဖိနပ်လေး သဲကြိုးပြတ်နေတာ တစ်ပတ်လောက်တောင် ရှိနေပြီ မေမေရယ်။
ကိုယ်ကျောင်းမှာ ဖိနပ်ပြတ်သွားတုန်းက ကျောင်းစောင့်ဦးလေးကြီးက ကြေးနန်းကြိုးလေးနဲ့ ပြန်တွဲပြီးချည်ပေးထားတာ။
တကယ်ဆို အဲဒီနေ့ကတည်းက မေမေ့ကို ပြောပြီး ၀ယ်ခိုင်းမလို့ပါ။ ဒါပေမယ့် ကိုယ်ကျောင်းက ပြန်လာတော့ အိမ်မှာ မေမေမရှိဘူးလေ။
အဲဒီနေ့က ဖိုးဖိုး ဆေးရုံ စတတ်နဲ့ နေ့ဆိုတော့ မေမေ အလုပ်တွေရှုပ်နေတာမို့လား။
ပြီးတော့ ဆေးတွေကလည်း ဈေးကြီးလိုက်တာ မဖြူရယ်.. ဒီအတိုင်းဆို နောက်နေ့ လူနာစောင့်ငှားဖို့တောင် ခက်နေပြီလို့ မေမေပြောတာကိုယ်ကြားတယ်လေ။
ကိုယ့်ဖိနပ်လေးလည်း စီးလို့ရနေသေးတယ်ဆိုတော့ ဖိုးဖိုးဆေးရုံက ဆင်းမှ ၀ယ်ခိုင်းတော့မယ်လို့ စဉ်းစားထားတာ။
ဒီအချိန်မှာမှ ကျောင်းဆုပေးပွဲကလည်း လုပ်ရသေးတယ်နော်။ ကိုယ် ဆုတတ်မယူချင်ပါဘူး မေမေရယ်..။
ကိုယ် ဆုပေးပွဲမသွားချင်တာ မေမေ့ကို သနားလို့ပါ။ ကိုယ် ဆုသွားယူမယ်ဆိုရင် မေမေက ကိုယ့်ကို အကျီ င်္အဟောင်းတွေနဲ့ သွားခိုင်းမှာ မဟုတ်ဘူးဆိုတာ ကိုယ်သိတယ်။ ကိုယ့်ကို မေမေအသစ်တွေ ၀ယ်ပေးမယ်ဆိုရင် ပိုက်ဆံတွေ အများကြီးကုန်မှာ မဟုတ်လား။

မေမေက .. “ သားသား .. သွားအိပ်တော့လေ” လို့ ကိုယ့်ကို ပြောတယ်။
ကိုယ်က “ဟုတ်ကဲ့ မေမေ” လို့ ပြောပြီး အိပ်ယာထဲကို ၀င်ခဲ့တယ်။
ကိုယ် အိပ်လို့ မရဘူး။ ဖိုးဖိုးကိုလည်း လွမ်းတယ်။ ဖွားဖွားကိုလည်း လွမ်းတယ်။
ပြီးတော့ ကိုကို့ကိုလည်း လွမ်းတယ်။ ကိုယ် အိပ်လို့ မရဘူးမေမေရယ်။

အို.. ကြည့်စမ်း ..။ ကိုယ်မေ့သွားတယ်။
မေမေ့ကို ခြင်ဆေးခွေ ထွန်းမပေးခဲ့ရဘူးပဲ။  မေမေက အကျီ င်္ချုပ်ပြီဆို ဘာကိုမှ သတိရတာမဟုတ်ဘူးလေ။
ခြင်ဆေးခွေထွန်းဖို့ အမြဲပဲ မေမေ့နေတတ်တယ်။ ခြင်တွေကလည်း အရမ်းပေါတာဆိုတော့ မေမေ့ကို ကိုယ်ပဲ ခြင်ဆေးထွန်းထွန်းပေးရတယ်။ မေမေ့ ခြေသလုံးမှာဆို ခြင်ကိုက်လို့ ကုတ်ထားတဲ့ အရာတွေ အများကြီးပဲ ရှိတယ်။
အိပ်ယာထဲက ပြန်ထ ခြင်ဆေးခွေကို မီးညှိပြီး မေမေဆီကို ပြန်သွားရတာပေါ့။
မေမေက ချုပ်ရမယ့် အကျီ င်္ပုံစံကို စဉ်းစားနေတာတဲ့ တူတယ်။ အကျီ ကော်ကပ်တဲ့ ခုံလေးပေါ်မှာ ကိုယ့်ကို နောက်ကြောပေးပြီးထိုင်နေတယ်။ မေမေ အနှောက်အယှက်ဖြစ်မှာစိုးလို့ ကိုယ် ခြေသံမကြားအောင် တိပ်တိပ်လေး မေမေ့ ခြေထောက်နားမှာ ခြင်ဆေးခွေလေး သွားထားပေးတယ်။
အနံရလို့ထင်တယ်။ မေမေ ကိုယ့်ကို လှည့်ကြည့်တယ်။
အို ... မေမေ ငိုနေတာပဲ။ မေမေရယ်..။

မေမေကိုယ့်ကို အကြာကြီး စိုက်ကြည့်နေတယ်။
ကိုယ်လဲ မေမေ့ကို ကြောင်ပြီး ကြည့်နေမိတယ်။ ပြီးတော့..

“သားလေးရယ်... ငါ့သားလေးရယ်”...
မေမေကိုယ့်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး တင်းနေအောင် ဖတ်ထားတယ်။
မေမေ ငိုတယ်။ ဆို့ဆို့နစ်နစ်ငိုတယ်။ ပါးစပ်ကလည်း ဗလုံးဗထွေးပြောတယ်။
“မေမေ့ကို ခွင့်လွှတ်ပါသားလေးရယ်... မေမေတာဝန်မကြေတာပါ..တဲ့။
မဟုတ်ဘူးလေ...
မဟုတ်ဘူးလေ မေမေရယ်.. ကိုယ်က မေမေစိတ်ညစ်အောင် လုပ်မိတာပါ။
မေမေ့ကို တောင်းပန်ရမှာက ကိုယ်ပါ။ မေမေ မငိုပါနဲ့ .. မေမေ မငိုပါနဲ့..
ကိုယ် ရင်ထဲကနေ စကားတွေ ပြောနေမိတယ်။ အသံမထွက်ဘူး။
မေမေ တစ်ခါမှ ကိုယ့်ရှေ့မှာ မငိုဖူးလို့ အံ့သြနေတယ်။
ကိုယ် မေမေ့ကို သနားလိုက်တာ။

အဲဒီညက မေမေ အလုပ်မလုပ်ဘူး။ကိုယ်နဲ့ အစောကြီးလိုက်အိပ်တယ်။
အို .. အိပ်တာလည်း မဟုတ်ပါဘူး။ အိပ်ယာထဲအထိ မေမေ ငိုတုန်းပဲ။
ငိုပြီး စကားတွေ အများကြီးပြောတယ်။ ဒါပေမယ့် အဲဒါ ကိုယ့်ကို ပြောနေတာလား .. တစ်ယောက်ယောက်ကို တိုင်တည်ပြီး ရင်ဖွင့်နေတာလား မသဲကွဲပါဘူး။
ကိုယ်က မေမေ့ ရင်ခွင်ထဲမှာ ၀င်ပြီး နားထောင်တာလေ။
အဲဒီလို မနေရတာ အရမ်းကြာပြီ။ ကိုယ် အရမ်းပျော်တာပဲ။ ဒါပေမယ့် ကိုယ်လဲ ငိုပါတယ်။
အဲဒီညက မေမေ ပြောတာတွေ အများကြီးဆိုပေမယ့် ကိုယ့်နားထဲမှာ စွဲနေတာကတော့ တစ်ခွန်းထဲပါ။
“သားလေးကြောင့် မေမေ ကြိုးစားပြီး အသက်ရှင်နေတာပါကွယ်” တဲ့။
အဲဒီညက ကိုယ် အိပ်မက် မမက်ပါဘူး။
နှစ်နှစ်ခြိုက်ခြိက် အိပ်ပျော်သွားခဲ့တယ်။

***********************************************

နောက်နေ့ မနက်က စနေနေ့လေ။
အိပ်ယာနိုးတော့ မေမေက ဆေးရုံသွားဖို့တောင် အဆင်သင့်ဖြစ်နေပြီ။
“မေမေ ကိုယ်လဲ ဖိုးဖိုးဆီလိုက်ချင်တယ်” လို့ ကိုယ်ပြောတယ်။
မေမေက တစ်ချက်စဉ်းစားပြီး
“သား လိုက်ချင်လဲ လိုက်ခဲ့လေ.. အပြန်ကျရင် အန်တီနွယ်တို့ဆီမှာ သားအတွက် အကျီ င်္အဖြူစ ၀င်ဝယ်ပေးမယ်တဲ့။
ကိုယ် ဘာမှ မပြောတော့ပါဘူး။
မေမေက ဆုပေးပွဲ တက်စေချင်ရင် ကိုယ် တက်ရမှာပေါ့။ အခုမှ ကိုယ် ပထမဆု မရခဲ့တာကို စိတ်မကောင်းဖြစ်ရသေးတယ်။
တကယ်ဆို ကိုယ်မေမေ့အတွက် ပထမဆု ယူပေးရမှာ မဟုတ်လား။
ညက မေမေ ပြောတယ်လေ..
“သူများတွေဆို ကိုယ့်သားသမီးကို ဆုရစေချင်တာတောင် ရကြတာမဟုတ်ဘူး...
မေမေ့ သားလေးက အရမ်းတော်လွန်းလို့ ဆုရတာ.. မေမေက သားလေး ဆုရတာကို သိပ်ဂုဏ်ယူတာ..
မေမေပင်ပန်းသမျှတွေ သားလေးလိမ္မာလွန်းလို့ ပင်ပန်းတယ်လို့ မထင်ပါဘူးသားရယ်...” တဲ့။
“နောက်နှစ် ဆုပေးပွဲကျရင်တော့ ကိုယ် ပထမဆု ရစေရမယ် မေမေ” လို့ မေမေ့ကို ကိုယ် ကတိပေးခဲ့တယ်။

ဆေးရုံရောက်တော့ ဖိုးဖိုးနဲ့တွေ့တယ်။
ဖိုးဖိုးက စကားမပြောနိုင်ပေမယ့် ကိုယ့်ကို တွေ့တော့ ပျော်သွားပုံပဲ။
ကိုယ့်လက်ကလေးကို ဖိုးဖိုးလက်ထဲ ထည့်ပေးတော့ တင်းနေအောင် ပြန်ဆုတ်ထားတယ်လေ။
“ဖိုးဖိုး.. ကိုယ် ဆုရတယ် ..သိလား.. မနက်ဖန် ဆုပေးပွဲ ဖိုးဖိုးရဲ့ .. ဖိုးဖိုးနေကောင်းရင် ကိုယ်နဲ့ ဆုပေးပွဲ လိုက်ပြီး မုန့်စားလို့ရတယ်”...လို့ ပြောတော့ ဖိုးဖိုးက ပြုံးနေတယ်။
“ဖိုးဖိုး မြန်မြန်နေကောင်းအောင် လုပ်နော်.. ” ဆိုတော့ ဖိုးဖိုးက မသိမသာလေး ခေါင်းငြိမ့်ပြတယ်။
ဖိုးဖိုးနှာခေါင်းက ပိုက်ကြီးက ရှုပ်လိုက်တာ..။ ခံရသိပ်ခက်မယ်လို့ ကိုယ်ထင်တာပဲ။

ဆေးရုံက ပြန်ခါနီးတော့ ... ဆေးရုံအောက်က ဆေးဆိုင်မှာ ဖိုးဖိုးအတွက် ဆေးဖိုးတွေ ၀င်ရှင်းရတယ်။
အများကြီးပဲ။ မေမေက နည်းနည်းလျှော့ပါဦးလို့ ပြောတာတောင် လျှော့မပေးဘူး။ မေမေ မျက်နှာသိပ်မကောင်းဘူး။
အပြန်ကျတော့ အန်တီနွယ်တို့ ဆိုင်ကို ၀င်ပြီး ကိုယ့်အတွက် အကျီ င်္ပိတ်စ၀င်ဝယ်တယ်။
အကျီ င်္ အဖြူစ ဖြတ်ပြီးတော့ ပိတ်စ အစိမ်းစတွေကို ကိုင်ပြီး မေမေ ချီတုံချတုံဖြစ်နေတယ်။
ကိုယ် သိတာပေါ့.. မေမေ့မှာ ပိုက်ဆံ သိပ်မကျန်တော့ဘူးလေ.။

“မေမေ.. ..................”
ကိုယ်မေမေ့ကို တိုးတိုးလေး ကပ်ပြောလိုက်တော့ မေမေ မျက်မှောင်ကြီး ကုတ်ပြီး ကိုယ့်ကို ကြည့်တယ်။
“ဟုတ်တယ်..မေမေရဲ့ .. တကယ်ပါ။ အသစ်ကြီးရှိသေးတယ်..”
ကိုယ် မေမေ့လက်ကို ဆွဲပြီးပြောတော့ မေမေက .. “လူလည်လေး”လို့ ကိုယ့်ကို ပြောတယ်။
ပြီးတော့ “အစ်မနွယ်ရေ.. အစိမ်းစ မယူတော့ဘူး.. အဖြူစပဲ ယူတော့မယ်”..လို့ပြောပြီး အဖြူစပဲ ၀ယ်လာတယ်။
ဈေးထောင့်ကို ရောက်တော့ မေမေ ကိုယ့်အတွက် ဖိနပ်အသစ်လေးတစ်ရံဝယ်ပေးတယ်။
သားရေ ဖိနပ်လေးပေါ့။
ကိုယ်သိပ်ပျော်သွားတယ်။ ကိုယ်အဲဒီလို သားရေဖိနပ်လေး စီးချင်နေတာ ကြာပြီလေ။
အိမ်ပြန်ရောက်တော့ ဖွားဖွားသိမ်းထားတဲ့ ကိုကို့ သေတ္တာကို ဖွင့်ပြီး ကျောင်းစိမ်းပုဆိုးလေး မေမေ့ကို ပေးလိုက်တယ်။
ကိုကို ရှိတုန်းက ၀တ်တဲ့ ကျောင်းစိမ်းပုဆိုးလေးလေ.. အသစ်အတိုင်းပဲ ရှိပါသေးတယ်။
ကိုကို ကျောင်းတတ်တုန်းက သိပ်မ၀တ်လိုက်ရဘူးထင်တယ်။
အန်တီနွယ့်ဆိုင်မှာ မေမေ့ကို တိုးတိုးလေး ကပ်ပြောခဲ့တာ အဲဒါပေါ့။
“မေမေ ကိုယ့်ကို ဘောင်းဘီအသစ်ချုပ်ပေးမယ့် အစား ဖိနပ်ဝယ်ပေးပါ့လား.”လို့ ပူဆာခဲ့တာလေ။
မေမေ့မှာ ပိုက်ဆံအရမ်းနည်းနေပြီ မဟုတ်လား။ ဆုပေးပွဲနေ့ကျရင်လည်း ကိုယ့်ကို ဓာတ်ပုံဖိုး ငါးဆယ်ပေးရဦးမယ်လေ။
အခုတော့ ဆုပေးပွဲတက်ဖို့ အဆင်သင့်ဖြစ်နေပြီပေါ့။ ကိုယ် အဲဒီတုန်းကတော့ တက်ကြွနေသေးတယ်။

***************************************************
လင်းရောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...