Friday, August 31, 2012

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်


by Eleven Media Group on Friday, August 31, 2012 at 4:17am ·

(Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ Facebook မှ ကူးယူဖေါ်ပြပါသည်။)
လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့ တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။


ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေ ပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက  Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။ ယုံကြည်ချက်တူတာ အများကြီးမဟုတ်ဘူး။ တစ်ယောက်အကြောင်း၊ တစ်ယောက် မသိစရာ မရှိဘူး။ ပေါင်းကြည့်လို့ကတော့ မိဘ၊ ဆွေစဉ်မျိုးဆက်ကအစက သိနိုင်တယ်။ ထောက်လှမ်းရေးဆိုပြီး အောင်နိုင်က ထွန်းအောင်ကျော်ကို ဘယ်လိုစွပ်စွဲတာလဲ။ အောင်နိုင်က ရမ်းရမ်းကားကား လူမိုက်မဟုတ်သလို၊ စိတ်ဓါတ်မနိမ့်ကျဘူး။ ထွန်းအောင်ကျော်က ခေါင်းမာပေမယ့်၊ ရန်လိုသူမဟုတ်ဘူး။ အေးဆေးတယ်။ လူချစ်လူခင်ပေါတယ်။ ကျွန်တော် စိုးလင်းကို ပြောမိတယ်။ အောင်နိုင် ရူးသွားတာပဲဖြစ်ရမယ်။ ကျွန်တော်စိုးလင်းပြောသမျှကို ယုံတယ်။ သူက အေးတယ်။ အားနာတတ်တယ်။ သူများကို ထိခိုက်အောင်မလုပ်တတ်ဘူး။ သူကပြောတယ် သံချောင်း၊ မျိုးဝင်း၊ အောင်နိုင်တို့က အဓိက တရားခံတဲ့။ ABSDF မှာ ဒေါက်တာနိုင်အောင်နဲ့ ကိုအောင်ထူး(ရှေ့နေကောင်စီ)က အဓိကပဲတဲ့။ ဒါဟာ အမှန်တကယ်ဆိုရင် ကျွန်တော်နားလည်တာက သူတို့အားလုံးရဲ့ နိုင်ငံရေးက ပြီးသွားပြီ။ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပေါ့။

အခု တရားစွဲကြမယ်ကြားတော့ ၁၉၊ ၉ ၊ ၁၉၈၈ နေ့ မနက်မှာ မြို့တော်ခန်းမနဲ့ ပြည်ထောင်စုဘဏ်ဘက် ပစ်ခတ်တာလေးကို ကိုယ်တိုင်ကြုံထားရတော့ အမြဲမှတ်မိနေတယ်။ မ၀င်းမော်ဦး၊ ၀င်းဇော်နဲ့ စောနိုင်တို့ရဲ့ နာမည်ကျော် ဓါတ်ပုံလေးရဲ့ ရာဇ၀င်ပေါ့။ အဲဒီတုန်းက ဆန္ဒပြသူတွေကို ပစ်တာကတော့ War Game တွေအတိုင်းပဲ။ ရက်ရက်စက်စက်ပဲ။ စက်သေနတ်နဲ့ ပစ်တယ်။ အကာအကွယ်ယူနေတဲ့သူကို လောင်ချာနဲ့ပါပစ်တယ်။ ဂျူတီကုတ်နဲ့ တက်ဆွဲသူကိုလည်း ပစ်တယ်။ လူနာတင်ကားတောင် မသွားရဲဘူး။ ပစ်တယ်။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ လိုအပ်တာတွေထက် အင်အားကို သုံးတယ်။ အဲဒီတုန်းက အဲဒီမှာ နေရာယူတာက တပ်မ ၃၃(ကျွန်တော်မမေ့ဘူး။ အရမ်းနာကျည်းတယ်) တပ်မမှူး (မြို့တော်ခန်းမှာတာဝန်ကျတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူး)တွေ နာမည်လိုက်ရှာ မှတ်ထားမိတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစိတ်တွေ မရှိချင်တော့ဘူး။ တိုင်းပြည်ကို ရှေ့ဆက်သွားစေချင်ပြီ။

အခုလို ဒီကိစ္စနဲ့ယှဉ်ရင် ဒီ့ထက်ဆိုးခဲ့တဲ့ ကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။ ပြီးတာတွေ မပြီးတာလဲ နားလည်ပါတယ်။ တရားဥပဒေဆိုတာလည်း နားလည်ပါတယ်။ လုပ်နိုင်တဲ့သူကိုပဲ လုပ်မှာလား။ ဘယ်လောက်ဝေးဝေးသွားချင်တာလဲ… စဉ်းစားကြဖို့ပါပဲ။ ခံခဲရတာတွေ၊ နာကျည်းတာတွေကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အခြေအနေနဲ့ အချိန်အခါကိုတော့ နားလည်ရပါမယ်။ ကိုယ်စခဲ့တဲ့ အလုပ်တွေ ကိုယ်အဆုံးသတ်ရဦးမယ်။ ကိုယ်တာဝန်မကျေခဲ့တာတွေ ကိုယ်တာဝန်ကျေအောင် လုပ်ရဦးမယ်။

သေချာတာကတော့ နှစ်ငါးဆယ် စနစ်ဆိုးရဲ့အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့မှာ ပြသနာတွေက အများကြီး။ အနာဂတ်က ဘာမှ မသေချာသေးဘူး။

(ကိုစိုးလင်းအား ဒေါက်တာနိုင်အောင်၏ ABSDF (တောင်ပိုင်း) က ၁၉၉၁ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ဦးအား လူမဆန်စွာ ညဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။ ကိုစိုးလင်းအား ABSDF ဒေါက်တာနိုင်အောင် အဖွဲမှ ညဉ်ပန်းနှိပ်စက်ပြီး ထောက်ဒဏ် ၁၀နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅ တွင် ထွက်ပြေးလွတ်မြောက်သည်အထိ ABSDF အကျဉ်းထောင်ထဲ၌ နေထိုင်ခဲ့ရသည်။)


ဒေါက်တာ(ကျော်မင်းဦး)၊ (ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်

မ၀င်းမော်ဦးနှင့် (ဒေါက်တာ)၀င်းဇော်၊ (ဒေါက်တာ)စောနိုင်

ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)

ကိုမင်းလွင်၊ ကိုစိုးလင်း(အနကလ)နှင့် ကိုဇာနည်အောင်တို့ကို Eleven Media Group ၏ ၁၁-၁၁-၁၁ (၁) ခြောက်လုံး ဆုံသည့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွင် တွေ့ရစဉ်

(၀ဲမှယာသို့) ဒေါက်တာကျော်ရင်လှိုင် (အတွင်းရေးမှုး၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)(နိုင်ငံတော်သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်)၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဦးသူရ (ဇာဂနာ)(အဖွဲ့ဝင်၊၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်)၊ ဒေါက်တာသောင်းထွန်းနှင့် ဦးလှမောင်ရွှေ (နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့်လူမှုရေး အကြံပေးကောင်စီဝင်) တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းတွင် ဒေါက်တာနိုင်အောင်တို့အား ၀င်ရောက်ကြိုဆိုနေသည်ကို တွေ့ရစဉ် (Photo: Hla Maung Shwe Facebook)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...