Sunday, August 26, 2012

ပရိသတ်အဖြစ်....


by မင်းလူ၏ ၀တ္တုတိုများ on Sunday, August 26, 2012 at 5:11pm ·


    ကျွန်တော်သည် စာရေးဆရာတစ်ယောက်ဆိုသော်လည်း စာပေနယ်မှ အပမှာတော့ ပရိသတ်တစ်ဦးမျှ သာဖြစ်၏။ စာပေနယ်မှာပင်လျှင် ကိုယ်ရေးသည့်စာနှင့်ပတ်သက်လို့တော့ စာရေးဆရာ။ တခြားသူများ ရေးသောစာတွေကိုဖတ်တော့ စာဖတ်ပရိသတ်ပင်ဖြစ်နေပြန်၏။

    စာဖတ်ခြင်းသည် ကရိကထ သိပ်မများလှ။ စာအုပ်တစ်အုပ်နှင့်အလင်းရောင်ရှိလျှင် ပြည့်စုံသည်။ နေ့အလင်းရောင်နှင့်ဖတ်လို့ရသည်။ လျှပ်စစ်မီးမရှိလျှင်တောင် မီးခွက်၊ ဖယောင်းတိုင်ထွန်းပြီး ဖတ်လို့ ရသည်။ စာဖတ်ဖို့နေရာကိုလည်း တခမ်းတနားပြင်ဆင်စရာမလို။ အိပ်ရာထဲမှာလှဲရင်း၊ ကုလားထိုင်မှာထိုင်ရင်း၊ သစ်ပင်ရိပ်မှာနေရင်း၊ ရထားစီးရင်း၊ ကားစီးရင်း ဖတ်လို့ရသည်။ ယုတ်စွအဆုံး အိမ်သာတက်ရင်းပင် ဖတ်လို့ရသည်။
    ဖတ်နေရင်းက မျက်စိညောင်းလာလို့ဖြစ်စေ၊ ဧည့်သည်လာလို့ဖြစ်စေ အကြောင်းကိစ္စတစ်ခုခု ပေါ်လာလို့ဖြစ်စေ စာအုပ်ကို ခဏချထားလို့ရသည်။ တစ်ခုခုမရှင်းတာရှိလျှင် ရှေ့ပိုင်းစာမျက်နှာကို ပြန်လှန် ဖတ်ကြည့်လို့ရသည်။
    စာဖတ်ပရိသတ်တစ်ယောက်အဖို့ လုံးဝအာမခံချက်ရှိသောကိစ္စကား ဇာတ်လမ်းအစအဆုံး ကိုယ့်လက်ထဲမှာ ရှိနေခြင်းပင်ဖြစ်၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ စာတစ်မျက်နှာကျော်ဖတ်ခြင်း၊ ဇာတ်သိမ်းခန်းကို အရင်လှန်ကြည့်ခြင်းတို့တော့ မလုပ်ကောင်းချေ။
    စာရေးဆရာတစ်ယောက်သည် စကားလုံးတစ်လုံးကို စဉ်းစားရင်း တစ်နေကုန်ချင်ကုန်သည်။ စာကြောင်းတစ်ကြောင်းအတွက် နှစ်ရက်၊ သုံးရက် အချိန်ယူချင်ယူသည်။ စာမျက်နှာပြီးဖို့ တစ်ပတ်ကြာချင်လည်း ကြာတတ်သည်။ စာဖတ်သူအဖို့တော့ စာတစ်ရွက်လှန်ရခြင်းသည် ဖျတ်ခနဲ အသံမြည်ရုံလောက်သာကြာသည်။ ထို့ကြောင့် စာမျက်နှာကျော်ဖတ်ခြင်းသည် စာရေးသူ၏အားထုတ်မှုကို အသိအမှတ်မပြုရာရောက်သည်ဟု ထင်၏။ အကယ်၍ ကျော်လွှားသွားချင်လောက်အောင် အရေးအသား ညံ့ဖျင်းနေလျှင် စာရွက်တွေ လှန်ပစ်မည့်အစား စာအုပ်ကိုပိတ်ပြီး ဆက်မဖတ်ဘဲနေလိုက်ခြင်းက စာရေးသူကို ဂုဏ်ပြုရာရောက်ပေသေး၏။
    ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်းခန်းသည် မိမိညာလက်ချောင်းနှင့် ဓာတ်ပြားတစ်ချပ်သာခြား၍ ရှိနေပါလျက် မသိချင်ယောင် ဆောင်ပြီး ရှေ့ဘာဆက်ဖြစ်မလဲဟု သို့လော သို့လော ဖတ်ရှုရခြင်းသည် စာဖတ်ပရိသတ်အဖို့ အရသာအရှိဆုံးပင်ဖြစ်တော့သည်။

                                                                                               * * * * *

    ရုပ်ရှင်ကြည့်ပရိသတ်ကျတော့ ရုံထဲဝင်လိုက်ပြီဆိုသည်နှင့်မိမိ၏မျက်လုံးများကို ပိတ်ကားထံ ၀ကွက်အပ်နှံလိုက်ရသည်။ ရုပ်ရှင်ဇာတ်ကားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပွဲပြီးအောင်တော့ ကြည့်ရှုပေတော့မည်။ မပြီးခင် ရုံပြင်ထွက်သူ အလွန်ရှားသည်။ ဇာတ်ကားက အလွန်ညံ့နေလျှင်ပင် အောင့်အည်းသည်းခံ၍ ပြီးဆုံးအောင်ကြည့်ကြရလေသည်။
    ရုပ်ရှင်ကြည့်ရာတွင် ကိုယ်ကြိုက်သည့်နေရာ၊ ကိုယ်ကြိုက်သည့်အချိန်မှာ ကြည့်လို့ရသည်မဟုတ်။ ရုပ်ရှင်ရုံကိုသွားရမည်။ ပွဲပြသသည့်အချိန်မှာ ကြည့်ရမည်။ ကိုယ်တစ်ယောက်တည်းကြည့်ချင်လို့လည်းမရ။ ရာနှင့်ထောင်နှင့်ချီပြီးရှိမည့် တခြားသူများနှင့်အတူ ရော၍ကြည့်ရမည်။
    ထူးခြားတာက ဒီလောက်များပြားသောလူများသည် တစ်ယောက်ကိုတစ်ယောက် လုံးဝဂရုမစိုက် ကြဘဲ ပိတ်ကားပေါ်က အရုပ်များကိုသာ အာရုံစိုက်နေကြခြင်းပင်ဖြစ်၏။ အချို့အခန်းတွေဆို စိတ်ဝင်စား လွန်းသဖြင့် အရုပ်ကြီးတွေလို ငြိမ်သက်လျက် အသံတစ်စက်မှမထွက်ဘဲ ငေးစိုက်နေကြသည်။ ဒီလောက် လူပရိသတ်ကို တခြားနေရာမှသာဆိုလျှင် တိတ်တိတ်နေဖို့ ထိန်းသိမ်းရန်မလွယ်ချေ။ တစ်ခါတလေ  အိမ်ကြီး တစ်အိမ်ထဲမှာ မင်းသမီးတစ်ယောက်တည်းရှိနေပြီး အားငယ်စိုးရွံ့နေရသည့်အခန်းမျိုး ကြည့်ရသောအခါ ဘေးမှာရှိနေသည့်လူတွေကိုတောင်မေ့နေပြီး ကိုယ်တစ်ယောက်တည်းဖြစ်နေသလို ချောက်ချောက်ချားချား ခံစားရသည်။
    ရုပ်ရှင်ကြည့်ပရိသတ်အနေဖြင့် အခွင့်အရေးတစ်ခုကိုတော့ ဘယ်သောအခါမှာမှ ရနိုင်လိမ့်မည် မဟုတ်။ ထိုအချက်ကား ပြသနေသောဇာတ်လမ်းကိုမကြိုက်သဖြင့် ပြုပြင်ပြောင်းလဲပေးရန် ကန့်ကွက် တောင်းဆိုပိုင်ခွင့်မရှိခြင်းပင်ဖြစ်၏။

                                                                                               * * * * *

    ဇာတ်ပွဲကြည့်ပရိသတ်များကတော့တစ်မျိုးတစ်ဘာသာဖြစ်၏။ ဇာတ်ပွဲကြည့်ရသည်မှာ ပွဲချိန် ရှည်လျားသည်။ တစ်ညလုံးကြည့်ကြရသည်။ သို့ရာတွင် လွတ်လပ်မှုတော့ရှိ၏။
    ပွဲခင်းကိုဝင်ချင်သည့်အချိန်ဝင်၊ ထွက်ချင်သည့်အချိန်ထွက်နိုင်သည်။ ရှေ့ပိုင်းအချိန်များတွင် ပွဲဈေးတန်းထွက် လျှောက်နေပြီး ပြဇာတ်ကျမှ ၀င်ကြည့်လို့လည်းရသည်။ ၀န်ကြီးတွေထွက်နေချိန်မှာ ပျင်းရိ ငြီးငွေ့လာလျှင် လှဲအိပ်နေလို့ရသည်။ ထို့အတွက် ကပြသူများက ငြိုငြင်လိမ့်မည်မဟုတ်ချေ။ ပွဲခင်းထဲမှ ဆိုင်းသံလေးနဲ့အိပ်ရတာ သိပ်ဇိမ်ရှိတယ်ဆိုပြီး တကူးတက သွားအိပ်တတ်သူမျိုးပင်ရှိ၏။
    နှစ်ပါးခွင်ထွက်လာတော့မှ ငေါက်ခနဲထထိုင် မင်းသား၊ မင်းသမီးအကကောင်းလျှင် လက်ခုပ်တီး။ လူပြက်တွေပြက်တာသဘောကျပြီး တ၀ါးဝါး တဟားဟားရယ်ရင်း အိပ်ချင်ပြေရပြန်သည်။
    စာအုပ်တို့၊ ရုပ်ရှင်တို့ဆိုသည်က တစ်ခါရိုက်နှိပ်ထုတ်လုပ်ထားပြီးလျှင် ပြီးသည်။ အရာရာသည် မူလအတိုင်း အစဉ်အမြဲပုံသေရှိနေသည်။ ဇာတ်သဘင်မှာကျတော့ ဇာတ်လမ်းဇာတ်ကွက် ဇာတ်ဝင်သီချင်း စသည်တို့မှာ ပုံသေဖြစ်သော်လည်း နေ့စဉ် လူကိုယ်တိုင်ထပ်တလဲလဲကပြရခြင်းဖြစ်၏။ ထို့ကြောင့် မင်းသား နေမကောင်းသည့်နေ့နှင့်လည်း ကြုံနိုင်သည်။ မင်းသမီးအသံဝင်သည့်အခါနှင့်လည်း တွေ့နိုင်သည်။ စင်ပေါ် ရောက်မှ တစ်စုံတစ်ခုမှားသွားလျှင် ပြန်ပြင်လို့မရ။
    တစ်ခုတော့ရှိ၏။ စင်ပေါ်မှာ မင်းသား၊ မင်းသမီးငိုချင်းချနေသည်ကိုကြည့်ပြီး ပရိသတ်မှာ မျက်ရည် မဆည်နိုင်ဖြစ်ရသည်။ ကပြနေသူတွေအဖို့တော့ ညစဉ်ညတိုင်း ငိုချင်းချနေရ၍ ရိုးနေပြီ။ မျက်ရည်တစ်စက်တောင် စို့ထွက်ခြင်းမရှိကြောင်းကိုတော့ ပရိသတ်က မသိရှာချေ။

                                                                                               * * * * *

    နတ်ကန္နားပွဲကြည့်သည့်ပရိသတ်သည် တစ်မူထူးခြား၏။ တကယ်တော့ နတ်များသည် အနုပညာရှင်များမဟုတ်ကြချေ။
    အကယ်၍ ဟုတ်ခဲ့လျှင် သူတို့သည် ခုခေတ်စကားနှင့်ပြောရလျှင် 'ရှဲဒိုး'များသာဖြစ်ကြ၏။ သူတို့ကိုယ်စား လူများက ကပြပေးရသောကြောင့်ပင်။
    ဘာပဲဖြစ်ဖြစ် ဆိုင်းသံ၊ ဗုံသံတွေထဲတွင် နတ်ဆိုင်း၊ နတ်ဒိုးသည် လူတို့ကို စိတ်လှုပ်ရှား အတက်ကြွဆုံးဖြစ်စေတာတော့ အမှန်ပဲဖြစ်၏။
    ဤသို့ဖြစ်ရသည်မှာ စည်းချက်၏ ထူးခြားမှုကြောင့်ဖြစ်၏။ နတ်ဒိုး၏စည်းချက်မှာ လူ့နှလုံးခုန်သံ စည်းချက်နှင့်တူသည်။ နတ်ဒိုးသံကိုနားထောင်ရင်း နှလုံးစည်းချက်နှင့် ဆိုင်းသံစည်းချက်တို့ တစ်ထပ်တည်း ကျသောအခါ စိတ်လှုပ်ရှားလာရသည်။
    ဆိုင်း၏စည်းချက်က တဖြည်းဖြည်းမြှင့် တဖြည်းဖြည်းမြန်လာရာမှ ရုတ်တရက် အမြင့်ဆုံးသို့ ခုန်တက်လိုက်သောအခါ စည်းချက်နှင့်ညီနေပြီဖြစ်သော နှလုံးခုန်နှုန်းကလည်း အမြင့်ဆုံးသို့ လိုက်တက်ရ၏။ ထိုအခိုက နတ်ဝင်ပူးသည့်အချိန်ပင်ဖြစ်၏။
    နတ်ကန္နားပွဲကြည့်သည့်ပရိသတ်အဖို့ သူများနှင့်မတူဘဲ အထူးအခွင့်အရေးတစ်ခု ရနိုင်သည်။ နတ်ဒိုးသံကြောင့် စိတ်ကြွလာသောအခါ ကိုယ်တိုင်ဝင်ကလို့ရခြင်းပင်ဖြစ်လေသည်။

                                                                                               * * * * *

    ပရိသတ်ဆိုသည်မှာ အနုပညာနှင့်ပတ်သက်သောကိစ္စတွေမှာသာ ရှိသည်မဟုတ်။ တခြားနယ်ပယ် တွေမှာလည်းရှိသည်။
    ဥပမာ - အားကစားပွဲများ။
    လက်ဝှေ့ကြည့်သောပရိသတ်များမှာ နူးညံ့သိမ်မွေ့သူများမဟုတ်ကြ။ ဒါကို အပြစ်ပြောလို့မရချေ။
    ထိုးတာ ကြိတ်တာကြည့်ချင်လို့ လက်ဝှေ့ပွဲလာခြင်းဖြစ်၏။ လက်ဝှေ့ပွဲဆိုသည်မှာ နှစ်ပါးသွား မဟုတ်။ တကယ်ထိအောင်ထိုးမှ ကြိုက်သည်။ ကွဲလျှင်၊ သွေးထွက်လျှင် ပိုကြိုက်သည်။ အလဲထိုးနိုင်လျှင်ကား သြဘာသံ မဆုံးတော့။ လက်ဝှေ့ပွဲဆိုပြီး တို့ကနန်း ဆိတ်ကနန်းလုပ်နေလျှင်၊ မထိအောင် ရှောင်ထိုးနေလျှင် ပရိသတ်က အော်ဟစ်လှောင်ပြောင်ကြလိမ့်မည်။ လုပ်ပွဲကြီးဆိုပြီး ဆူကြလိမ့်မည်။ လက်ဝှေ့ပွဲမှာ သရေပွဲဟူ၍မရှိစကောင်းချေ။
    ဘောလုံးပွဲကျတော့ ရသစုံသည်။ လှလှပပကစားကွက်ကလေးတွေ့လျှင် ကျေနပ်အားရဖြစ်၏။ ဂိုးသွင်းလိုက်ရာ ဂိုးပြီထင်ပြီးမှ တိုင်ထိပြီးပြန်ထွက်လျှင် ဟာခနဲ ရင်သပ်ရှုမောဖြစ်ရသည်။ ဘေးထွက် သွားလျှင် ဒေါသဖြစ်ရသည်။ လူကျွံနေလျှင် ဘောသူခိုးဆိုပြီး အော်ဟစ်လှောင်ပြောင်မည်။ ဒိုင်လူကြီး အဆုံးအဖြတ်မှားလျှင် ၀ိုင်းဆဲမည်။ စည်းကြပ်ဒိုင်အလံထောင်တာမှားလျှင် ပြောင်းဖူးရိုးနှင့်ပေါက်မည်။
    တစ်ခုတော့ရှိ၏။ ၀တ္ထုတို့၊ ရုပ်ရှင်တို့မှာ ပရိသတ်က ကြိုတင်မသိသည့်တိုင်အောင် မည်ကဲ့သို့ ဇာတ်သိမ်းမည်ဆိုတာကတော့ သတ်မှတ်ပြဌာန်းပြီးရှိနှင့်သည်။ ဘောလုံးပွဲမှာကား မည်သို့မည်ပုံ ဇာတ်သိမ်းမည် ဖြစ်ကြောင်း မသိနိုင်။ ပရိသတ်သာမဟုတ်၊ ဒိုင်လူကြီးလည်းမသိ။ ကိုယ်တိုင်ပါဝင်ကစားနေသူများပင်လျှင် ကြိုတင်မသိနိုင်ကြချေ။
    အားကစားပွဲတိုင်းတွင် ပရိသတ်သည် ဘက်လိုက်စမြဲဖြစ်၏။ မိမိတို့ကြိုက်နှစ်သက်သောဘက်သို့ အားပေးကြသည်။ တစ်ခါတစ်ရံ နှစ်ဖက်အသင်းတို့ကို သက်ဆိုင်ရာပရိသတ်က အပြိုင်အဆိုင်အားပေးရင်း ပရိသတ်ချင်း ထဆော်ကြ ချကြတာမျိုးလည်းရှိ၏။
    ပရိသတ်အားလုံးလည်း တညီတညွတ်တည်းအားပေးကြပြီး ကစားသူအချင်းချင်းလည်း ကြည်နူး ချမ်းမြေ့ဖွယ်အားကစားတစ်ခုသာရှိ၏။
    မြန်မာ့ရိုးရာခြင်းလုံးကစားခြင်းပင်ဖြစ်ပေသည်။

မင်းလူ
(စာပေဂျာနယ်အထူးထုတ်၊ စက်တင်ဘာ၊ ၁၉၉၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...