Friday, August 31, 2012

'လ'ပေါ် ပထမဆုံးခြေချခဲ့သူ အမ်းစထရောင်း ကွယ်လွန်

General Knowledge


အပိုလို ၁၁ အာကာသယာဉ်မဈး နေးအမ်းစထရောင်း။
ဓာတ်ပုံ - အေအက်ဖ်ပီ

အောင်သာလင်း (ဘာသာပြန်)
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ဝါရှင်တန်- 'လ'ပေါ်တွင် ပထမဆုံး ခြေချခဲ့သော လူသားအဖြစ် ကျော်ကြားခဲ့သည့် အမေရိကန် အာကာသယာဉ်မှူး နေးအမ်းစထရောင်း ကွယ်လွန်သွားကြောင်း ၎င်း၏ မိသားစုက ဩဂုတ်လ ၂၄ ရက်တွင် ကြေညာသည်။

ထွန်းပေါက်အောင်မြင်သော စွမ်းဆောင်မှုများ၊ ရိုးသားကြိုးစားမှုများဖြင့် အာကာသခေတ် မျိုးဆက်သစ်တစ်ခုကို တွန်းအားပေးလှုံ့ဆော်ခဲ့သော အမ်းစထရောင်း (၈၂ နှစ်) သည် နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့၍ ဩဂုတ်လ အစပိုင်းလောက်က နှလုံးခွဲစိတ်ခံယူခဲ့ပြီးနောက် ကွယ်လွန်ခြင်းဖြစ်သည်။



'ရိုးသားလွန်းသော သူရဲကောင်း' အဖြစ် ၎င်းအား ကြေကွဲ ၀မ်းနည်းစွာ ခေါ်ဝေါ်ကြသော ဆွေမျိုးသားချင်းတို့က ၎င်းချန်ရစ်ထားခဲ့သည့် အမွေအနှစ်များက လူငယ်များ၏ စိတ်ကူးရည်မှန်းချက်များ အကောင်အထည်ဖော်ရန် အခက်အခဲများကို ရှာဖွေကျော်ဖြတ်ရန်နှင့် ကိုယ်ကျိုးစွန့်၍ ကြိုးပမ်းဆောင်ရွက်ရန် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြသည်။ 



အမ်းစထရောင်းသည် အပိုလိုအမှတ် (၁၁) အာကာသယာဉ်ဖြင့် ၎င်းနှင့် လိုက်ပါသွားသော အာကာသယာဉ်မှူး အက်ဒွင်ဘတ်ဇ် အော်ဒရင်နှင့်အတူ ၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က 'လ' မျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။

လမျက်နှာပြင်ပေါ်သို့ ဦးစွာဆင်းကာ ခြေချလိုက်သော အမ်းစထရောင်း ပထမဆုံးပြောလိုက်သော "လူတစ်ယောက်ရဲ့ ဒီခြေလှမ်းတစ်လှမ်းဟာ လူသားမျိုးနွယ် တစ်ခုလုံးအတွက် ဧရာမ ကျော်လွှားမှုကြီးတစ်ခုပါပဲ” ဟူသည့် စကားသည်ယနေ့တိုင် သမိုင်းမှာ အထင်ကရ ဖြစ်နေသည်။

လမျက်နှာပြင်ပေါ်သို့ ယာဉ်ငယ်ကလေးဖြင့် ဆင်းသက်ပြီးချိန်တွင် အမ်းစထရောင်းက မြေပြင်ရှိ ဟူစတန် ထိန်းချုပ်ရေးစခန်းသို့ "ဟူစတန်၊ ထရန်ကွီလီတီ သတ်မှတ်အခြေစိုက် စခန်းမှပြောနေပါတယ်။ အီးဂဲလ် ဆင်းသက်ပြီးပြီ" ဟု သတင်းပို့လိုက်သော အခါ ထိုစဉ်က မသဲကွဲသော အဖြူအမည်း ရုပ်သံကို ရင်တမမဖြင့် စောင့်မျှော်ကြည့်ရှုနေကြသည့် လူပေါင်းသန်း ၅၀၀ တို့ သက်မချနိုင်ဖြစ်သွားတော့သည်

သို့သော် ကမ္ဘာ့နိုင်ငံပေါင်း ၁၇ နိုင်ငံ၏ ဂုဏ်ပြုခြင်းခံရပြီး အမေရိကန် အစိုးရ၏ ဂုဏ်ပြုဆုထူး၊ တံဆိပ်ထူးကြီးများ အများအပြားကိုရရှိခဲ့သော အမ်းစထရောင်းသည် သူ၏ ကမ္ဘာကျော်ကြားမှုကို မမက်မောဘဲ မထင်မရှား ရိုးရိုးကုပ်ကုပ်သာ နေထိုင်တတ်သူဖြစ်သည်။

သူ့လက်မှတ်ပါသော စာအုပ်ကလေးများကို ဈေးနှုန်း မတန်တဆဖြင့် ရောင်းချနေကြောင်း သိရသောအခါ အမှတ်တရ ပစ္စည်းများပေါ်၌ လက်မှတ်များ မထိုးပေးတော့ပေ။ မြေကမ္ဘာကို အာကာသယာဉ်ဖြင့် ပထမဆုံးပတ်လမ်းမှ လှည့်ပတ်နိုင်ခဲ့သော ဂျွန်ဂလင်းက "အလွန်ကျော်ကြားတဲ့ သည်းခံစိတ်ရှည်သူ" အဖြစ် အမ်းစထရောင်းအား ဂုဏ်ပြုသည်။

"အမေရိကန် သူရဲကောင်းတွေထဲမှာ သူကထိပ်ဆုံးမှာ။ သူ့ခေတ်မှာတင် မဟုတ်ဘူး။ ခေတ်အားလုံးမှာ သူကထိပ်ဆုံးဗျ" ဟု သမ္မတ အိုဘားမားက အလွန်ကြေကွဲ ၀မ်းနည်းစွာ ဩဂုတ်လ ၂၄ ရက်က ဂုဏ်ပြုစကား ပြောသွားသည်။

အမ်းစထရောင်းတို့ အပိုလိုအမှတ် (၁၁) အာကာသယာဉ်ဖြင့် လပေါ် ဆင်းသက်ချိန်က သမ္မတ အိုဘားမား၏ အသက် ရှစ်နှစ်ပင် မပြည့်သေးပေ။

အော်ဒရင်က ၂၀၁၉ ခုနှစ်တွင် အပိုလို အမှတ် (၁၁) နှစ် ၅၀ ပြည့် လပေါ် ဆင်းသက်သည့်နေ့ ကျင်းပရန် သူရယ်၊ အမ်းစထရောင်း ရယ်၊ မိုက်ကယ် ကောလင်း (အပိုလို ၁၁ နှင့် အတူပါသွား ပြီး လမျက်နှာပြင်ပေါ်သို့ မဆင်းဘဲ လပတ်ယာဉ်ပေါ်၌နေရန် တာဝန်ကျသူ အာကာသယာဉ်မှူး) ရယ်တို့ ဆုံတွေ့ကြဖို့ကိုပင် ကြံစည်ထားခဲ့ကြောင်း ပြောသည်။

နာဆာအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခု တွင် “သူဟာ အတော်ဆုံးလူ ဖြစ်ခဲ့တယ်ဗျာ။ ကျွန်တော် သူ့ကို အရမ်းလွမ်းနေရတော့မယ်” ဟူ သော ကောလင်း၏ တမ်းတစကားကို တွေ့ရသည်။

“သူ့ရဲ့ တာဝန်ထမ်းဆောင်မှု၊ အောင်မြင်မှုနဲ့ ရိုးသားတည်ငြိမ်မှုဟာ ဘယ်တော့မှ မတိမ်ကောတဲ့နမူနာတွေပဲ” ဟုလည်း ဩစတြေးလျနိုင်ငံ ၀န်ကြီးချုပ် ဂျူလီယာ ဂီးလ်လတ် က အကဲဖြတ်သည်။

အမ်းစထရောင်းကို ၁၉၃၀ ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်တွင် အိုဟိုင်းယိုး ပြည်နယ် ၀ါပါကိုနီတာမြို့၌ မွေးဖွားပြီး လေယာဉ်ပျံသန်းမှု၌ စိတ်ဝင်စား၍ အိမ်နားရှိ လေဆိပ်၌ ဆယ်ကျော်သက် အရွယ်ကပင် ၀င်ရောက်လုပ်ကိုင်သည်။ အသက် ၁၅ နှစ်တွင် လေယာဉ်အမောင်းသင်ပြီး ၁၆ နှစ်ပြည့်မည့်နေ့တွင် လေယာဉ်မောင်းလိုင်စင် ရသည်။

အမေရိကန်ရေတပ် လေကြောင်းပြအဖြစ် ကိုရီးယားစစ်ပွဲကာလတွင် တာဝန်ဖြင့် ၇၈ ကြိမ် ပျံသန်းခဲ့သူဖြစ်သည်။

နာဆာအဖွဲ့၏ ရှေ့ပြေးဖြစ်သော National Advisory Committee for Aeronautics တွင် ၁၉၅၅ ခုနှစ်၌ တာဝန်ထမ်းဆောင်သည်။ နာဆာအဖွဲ့ ပျံသန်းမှု သုတေသနတွင် သုတေသနလေယာဉ်မှူးအဖြစ် ရဟတ်ယာဉ်၊ ဂလိုက်ဒါ၊ ဂျက်နှင့် ဒုံးပျံများအပါအ၀င် မြန်နှုန်းမြင့်လေယာဉ် ပုံစံပေါင်း ၂၀၀ ကျော်ကို စမ်းသပ်မောင်းနှင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် အာကာသယာဉ်မှူးအဖြစ် အသိအမှတ်ပြုခံရပြီးနောက် ဂျင်မီနီခရီးစဉ်တွင် ယာဉ်မှူးကြီးတာဝန်ဖြင့် အာကာသတွင်း ယာဉ်နှစ်စင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့သည်။

နာဆာအဖွဲ့မှ ၁၉၇၁ ခုနှစ်တွင် အနားယူပြီးနောက် ဆင် ဆင်နာတီ တက္ကသိုလ်၌ အာကာသလေကြောင်း အင်ဂျင်နီယာပညာကို ၁၀ နှစ်နီးပါးခန့် ပို့ချပေးခဲ့သည်။

Lear Jet, United Airlines နှင့် Marathon Oil စသော ကုမ္ပဏီ ဘုတ်အဖွဲ့များတွင်လည်း ပါဝင်ကူညီအကြံပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စု နာဆာအဖွဲ့၏ လုပ်ငန်း ဌာနချုပ်များတွင်လည်း လေကြောင်းပျံသန်းမှုဆိုင်ရာ ဒုတိယတွဲဖက် စီမံအုပ်ချုပ်ရေးမှူးအဖြစ် နာဆာ၏ လေကြောင်းပျံသန်းမှု သုတေသနနှင့် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းစီမံပေးခဲ့သည်။

“သူ့ရဲ့ တာဝန်ထမ်းဆောင်မှု၊ အောင်မြင်မှုနဲ့ တည်ငြိမ်ရိုးသားမှုတွေကို အားပေးဖော်ဆောင်ပေးကြပါ။ နောက်တစ်ကြိမ် လသာတဲ့ညမှာ အိမ်ပြင်ထွက်လို့ လမင်းကြီးက ရှင့်ကို ပြုံးပြုံးကြီး ငုံ့ကြည့်နေတာတွေ့ရင် နေးအမ်းစထရောင်းကို သတိရပေးကြပါ။ ပြီးတော့ သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပါလို့ တောင်းပန်ချင်တယ်” ဟု အမ်းစထရောင်း၏ ဘ၀သက်တမ်းတစ်လျှောက်ကို အမှတ်ရဖြစ်နေကြသော ပြည်သူလူထုကို နေးအမ်းစထရောင်း၏ မိသားစုက ရိုးရှင်းသော မေတ္တာရပ်ခံချက်တစ်ရပ်ကို ပန်ကြားထားခဲ့ကြောင်း သိရသည်။

(အအက်ဖ်ပီ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...