Sunday, August 26, 2012

ကံ့ကူလက်လှည့်


ကျွန်တော် တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြားကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့၊ မိုးထိအလယ်တန်းကျောင်းတွင် အလယ်တန်းပြဆရာအဖြစ် နှစ်နှစ်၊ သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့် ပတ်သက်၍ အတန်အသင့် နာမည်ရခဲ့သည်ပင်ဖြစ်ပါသည်။
ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့်အဖို့ ဘာမျှ ပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ ထိုသို့ အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထိုကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည် ဆိုသောဆရာမျိုးကိုလည်း “သြော်…စာသင်ကောင်းတယ်ဆိုပဲ” ဟုအောက်မေ့လိုက်ရုံမျှသာရှိပါသည်။

စာသင်ကြားမှုနှင့် ပတ်သက်၍ ကျွန်တော်ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ ၁၉၆၃-၁၉၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။
သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေလေပြီ။ တက္ကသိုလ်ကျောင်းပိတ်လျှင်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ကျောင်းပိတ်လိုက်လျှင် ဖြစ်စေ ကျွန်တော့် ဇာတိ တောင်တွင်းကြီးမြို့ သို့ ပြန်သွားလေ့ရှိပါသည်။ တောင်တွင်းကြီးမြို့ သို့ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသောနေရာမှာ ရွှေအင်းတောင်ဘုရားကြီး ရင်ပြင်ပေါ်ရှိ “ အမျိုးသားပြတိုက်” တွင် ဖြစ်ပါသည်။ ထို ပြတိုက်ကို စတင်တည်ထောင်ခဲ့သူများတွင် ကျွန်တော်လည်း အမှုဆောင် တစ်ယောက်အဖြစ် တက်ကြွစွာ လုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ် ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။
ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစွာ လှုပ်ရှုားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ “ဦးဥာဏ်စိန်” တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့် ရွှေအင်းတောင်ဘုရားမှာ ကပ်လျက်ရှိနေသည် ဖြစ်သောကြောင့် ပြတိုက်ဘက်သို့ သွားလျှင် ဆရာကိုဥာဏ်စိန်ဆီသို့ ၀င်သွားလေ့ရှိပါသည်။
ကိုဥာဏ်စိန်က မူလကတော့ အနုပညာနည်းပြ(ပန်းချီနည်းပြ) ဆရာဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ်မသိ၊ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် “သူငယ်တန်း”ကို သင်ကြားနေရပါသည်။
ကျွန်တော်က သူနှင့်ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အခန်းဆီသို့ လိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှသင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ်ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တပ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင် တွေ့ရသော ဖိုးေ၇ွှလိပ်မှန်း ကျွန်တော်သိလိုက်ပါသည်။
ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့ တပည့်ကလေးတွေကလည်း သိကြပါသည်။ “ဟေး…ဖိုးရွှေလိပ်ကွ” စသည်ဖြင့် အော်ကြပါသည်။ သူက ထိုလိပ်ရုပ်၏ လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက “တုတ်ကောက်နဲ့ကွ” ဟုအောက်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက “ဆေးတံနဲ့ ဟေ့” စသည်ဖြင့် အော်လိုက်ပြန်ပါသည်။
ထိုအရုပ်ရေးပြီးမှ ကိုဥာဏ်စိန်က အတန်းထဲရှိ ကလေးများဘက်လှည့်ပြီး “တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာ ဘယ်သူနဲ့ တွေ့သလဲ ဆိုတော့ …ဟုပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဘက်စွန်းတွင် အရုပ်တစ်ရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက “ယုန်ကလေး” ဟု တပျော်တပါးကြီး အော်လိုက်ကြပြန်ပါသည်။  ယုန်ကိုလည်း ဟိုဟာတပ်၊ သည်ဟာဆင်လိုက်ရာ မျက်မှန်နဲ့ အထုပ်အပိုးနဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခု ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း  တသောသောနှင့် သဘောကျနေကြပါသည်။ သူက ဆက်၍ “အဲဒီလို ဘဘကြီးဦးရွှေယုန်နဲ့ တွေ့လိုက်တော့ ဖိုးေ၇ွှလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲလို့ မေးလိုက်တယ်” 
ရှေ့လျောက်ပြီး သူဆက်ပြောနေသည်တွေကို ကျွန်တောလည်းမမှတ်မိတော့ပါ။
အမှန်အတိုင်းပြောရလျှင် ဘာရယ.်မဟုတ်၊ သူ့ပါးစပ်ထဲေ၇ာက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလို ဘာလိုလို လုပ်ပြီး ပြောနေခြင်း ဖြစ်ပါသည်။
ဆရာကိုဥာဏ်စိန် ကျွန်တော့်ကို မြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာ ရယ်လိုက်ပြီး “လာလေဗျာ။ ခင်ဗျားကော နားထောင်သွားပါဦးလား”တဲ့
“တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ” ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။
နောက်တနေ့ သူ့စာသင်ခန်းထိ ရောက်သွားပြန်တော့သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တက်ကရ ပုံပြင်လိုလို ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။သုံးလေးရက်လောက်ရှိတော့ ကျွန်တော်မနေနိုင်တော့ဘဲ…. “ခင်ဗျား ဘာစာသင်တာမှလည်း မတွေ့ရပါကလားဗျ” ဟု ရယ်ကာမောကာ မေးလိုက်တော့
“စာသင်တာ ဟာ အရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင် ရတဲ့ ကိစ္စ၊” ဟုရယ်ပြီး ပြောပါသည်။ ပြီးမှ “တကယ်ပြောတာဗျ…. စာသင်တာ ဘယ်အချိန်သင်သင်ဖြစ်တယ်၊ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့ လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းပျော်အောင်လုပ်နေရတာဗျ”
ကျွန်တော့်စိတ်ထဲတွင် “အင်း…သူပြောတာလည်းဟုတ်သားဘဲ” ဟု တွေးလိုက်မိသည်။ နောက်တနေ့ ရောက်သွားတော့ သူလုပ်ပုံ ကိုင်ပုံကိုကြည့်ချင်သည်နှင့် ကျောင်းခန်း အပြင်ဘက် ပြတင်းပေါက်နားတွင် ထိုင်ခုံကလေးတစ်လုံးကိုချပြီး ကြည့်နေမိပါသည်။ ကျွန်တော်အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။
ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်း မကြည့်၊ စာသင်ခန်း အပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီ ငိုနေပါသည်။ ကလေးကြည့်ရာဆီကို လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဥာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင်မအောက်မေ့၊ သူ့ဘာသာသူ အရုပ်တွေရေးလိုက်၊ ပုံပြောလိုက် လုပ်နေပါသည်။
ကျွန်တော်ကတော့ ထိုကလေးကိစ္စကို  ကိုဥာဏ်စိန်ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေးကြာတော့ ကိုဥာဏ်စိန်က ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ပြီး…
“ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ်ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ကတော့ ဒီကောင် တစ်သက်လုံး အငိုတတ်မှာ မဟုတ်တော့ဘူး”
ထိုသို့ ပြောလိုက်သောအခါမှ ဟိုကောင်ကလေးလည်း အသံမြှင့်ပြီး စီခနဲ ငိုလိုက်ပြန်ပါတော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ဘဲ ပေကပ်ကပ် လုပ်နေပါသည်။
“ခက်တယ်ဗျာ…. ကလေးတွေကို ထိန်းရတာ ကျုပ်က မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ” ဟု  ညည်းသလို ကျွန်တော့်ကိုလှမ်းပြောပါသည်။
“ကဲ မပြန်ချင်ရင်နေဗျာ၊ ဒါပေမယ့် ကလေးမမြင်လောက်တဲ့ နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေစမ်းပါ”
ကိုဥာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ် ကလေးသို့ ထွက်သွားပါသည်။ သု့အဘွားကို မမြင်လိုက်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ၀ိုင်းကြည့်နေကြရအောင်ပင် ဖြစ်သည်။
ကိုဥာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီးရေးနေပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်က တော့ သူများတွေအော်လိုက်မှ ကယောင်ကတမ်း ခဏလောက် အငိုရပ်လိုက်ပြီး အရုပ်ကို လှမ်းပြီးကြည့်လိုက်သည်။ ပြီးတော့ အပြင်ဘက်လှမ်းကြည့်၊ အဘွားကို ရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။
ကျွန်တော်ကတော့ ထိုကလေးနှင့် ကိုဥာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှ မလုပ်တတ်ပါ။ ရိုက်နှက်ပစ်လိုက်ရအောင် ကလည်း တကယ့် လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါမည်လား။
ကိုဥာဏ်စိန်ကတော့ အေးအေးဆေးဆေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလိုပြောလိုက်၊ ဟိုချာတိတ်ကလည်း ငိုမြဲပါပဲ။
အတော်လေးကြာတော့ ကိုဥာဏ်စိန်ကလည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကို ဆရာစိုက်ကြည့်နေမှန်းသိတော့ ခဏမျှ ဆရာကိုပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီခနဲ့ ခပ်ကျယ်ကျယ် ကြီး ငိုလိုက်ပြန်ပါသည်။
ကိုဥာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား…. “ဟေ့ကောင်တွေ…. မင်းတို့တွေ့တယ်မဟုတ်လား၊ ဒီကောင် ကျောင်းရောက်ပြီ ဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ ဒီကောင်မှာ “အငို” တွေ အများကြီးပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ကတော့  ကုန်မှာ မဟုတ်တော့ဘူး။ မင်းတို့ပါ ၀ိုင်းပြီး ငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ”
ကျန်တဲ့ ကောင်တွေကည်း သဘောပေါက်မြန်လိုက်တာ မပြောပါနဲ့တော့။ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့် ပွတ်ပြီး တအီအီ ငိုချင်ယောင်ဆောင်လိုက်ကြသည်မျာ ကျွတ်ကျွတ်ညံသွားပါတော့သည်။
ကျွန်တော်လည်း အသံထွက်အောင်ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကိုကြည့်ပြီး ကြောင်တောင်တောင်နှင့် တိတ်သွားတော့ ပို၍ ပင် ရယ်မိပါသည်။ ကိုဥာဏ်စိန်က …
“ဟိုး…တော်ပြီ အငိုတွေ ကုန်သွားပြီ” ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေက တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။
ဟိုအကောင်လည်း ကယောင်ကတမ်း အငို ရပ်သွားပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။
ကိုဥာဏ်စိန်ကတော့ သူ့ကို လှည့်လို့မျှပင်မကြည့်တော့ဘဲ သူ့ဘာသာ အရုပ်တွေရေးလိုက် ပုံပြင်ကို ပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲကလေးကလည်း သူပြောနေသည့်ပုံပြင်ကို နားထောင်သလိုလိုလုပ်လိုက်၊ အရုပ်တွေကိုကြည့်လိုက်လုပ်နေပါသည်။ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ၊ အီခနဲ ငိုလိုက်ပြန်ပါသည်။ ကိုဥာဏ်စိန်က….။
“ဟ…အငိုတွေ မကုန်သေးဘူးကွ၊ကျန်သေးတယ်” ကိုဥာဏ်စိန် စကားဆုံးအောင်ပင်မပြောလိုက်ရပါ။ တစ်တန်းလုံးတပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင်ဆောင်လိုက်ကြပြနပါသည်။ သူတို့တစ်တွေက သည်လိုငိုလိုက်ရခြင်းကို ပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။
ဟိုငနဲလေးလည်း မငိုဝံ့တော့ လောက်အောင်ပင်ဖြစ်သွားပါသည်။ ကိုဥာဏ်စိန်၏ စကားနှင့်ဆိုလျှင်တော့ “အငို”တွေ ကုန်သွားပြီပေါ့။
ကျွန်တော် သည် အထက်တွင်ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက်ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ပြသနာကို ကြည့်ပြီး ခေါင်းခြောက်လိုက်သည်မှာ မပြောတတ်အောင်ပင်ဖြစ်ခဲ့ပါသည်။ “ဒီကလေးကို အငိုတိတ်အောင်လုပ်ပါ။ မလုပ်နိုင်ရင် မင်းကိုသတ်မယ်” ဟုဆိုလာလျှင် ကျွန်တော်သေဖို့သာလျှင်ရှိပါသည်။ ဘာမျှ တတ်နိုင်မည် မဟုတ်ပါ။
ကျောင်းဆင်းလို့ ကျွန်တော်နှင့် ကိုဥာဏ်စိန် ဘုရားဘက်သို့ထွက်လာကြတော့…“ကိုဥာဏ်စိန်…ခင်ဗျား တော်တယ်ဗျ။ ဟိုကောင် အငိုတိတ်သွားအောင် လုပ်နိုင်တာ သိပ်သဘောကျတာပဲ။ ကျုပ်ဆိုရင် ဘာလုပ်ရမှန်း မသိတာနဲ့ ဒုက္ခအကြီးအကျယ်ရောက်နေမှာ”
“ဒီလိုပဲလေဗျာ…သင့်သလို ကြည့်တွယ်လိုက်ရတာပဲ”
သူကတော့ ဒီလိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့်အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝမဟုတ်ပါ။ ကြောက်စရာ ဧရာမကိစ္စကြီးဖြစ်နေတာ အမှန်ပါ။
ကျွန်တော့်အဖို့ သူငယ်တန်းသင်ကြားမှူကို စိတ်ဝင်စားနေပါပြီ။ တစိမ့်စိမ့်တွေးပြီး လန့်နေသလောက် အထင်ကြီးနေမိပါပြီ။
နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကိုသတိထားပြီး ကြည့်လိုက်မိပါသည်။ ငိုတော့ ငိုထားဟန်တူပါသည်။ သူ့ အဘွားကိုတော့ မတွေ့ရပါ။ ကွယ်ရာထောင့်တစ်နေရာရာတွင်တ စိုးရိမ်ရိမ် စောင့်နေလိမ့်မည် ထင်ပါသည်။
ကိုဥာဏ်စိန်၏် သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။ သူ့ အမူအရာက မြူးမြူးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ၊ ပျော်စရာကြီး။ အသံကလည်း ကြည်ကြညချိုချို။
“ကဲ…ဒီနေ့တော့ မင်းတို့ကို ဆီးသီးကျွေးမယ်။ ဆီးသီး စားကြမလားဟေ့”
“စားမယ်” တအုပ်ကြီး အော်ပြီး ဖြေလိုက်သောအသံ။
“ဆီးသီးစားချင်တဲ့သူ လက်ညှိုးထောင်”
တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ ကိုယ့်ကိုေ၇ှ့ခပ်ကိုင်းကိုင်းညွတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဥာဏ်စိန်ကို မော့ကြည့်နေပါသည်။ “ဆီးသီးတကယ်ကျွေးမှာလား” ဟုစဉ်းစားနေပုံရပါသည်။ သူသာမဟုတ်ပါ။ ကျွန်တော်လည်း ကိုဥာဏ်စိန်ကို ဘာတွေ အကြံအဖန်လုပ်ဦးမလဲဟု တွေးနေမိပါသည်။ ဘယ်လိုမှ မှန်းလို့ မရရိုးအမှန်ပါ။
ကိုဥာဏ်စိန် အလုပ်စပါပြီ။
သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် “၀”လုံးတစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို“၀”လုံးပေါ်တွင် အညှာကလေး တစ်ချက် တပ်လိုက်ပါသည်။
“ကဲ…ဟောသည်မှာ ဆီးသီးတစ်လုံး ဘယ်သူအလျင်စားမလဲ”
ကျွန်တော်စားမယ်၊ ကျွန်မစားမယ် ဟူသော အသံများ ညံသွားပါသည်။
“ဟုတ်ပြီ…မင်းက အငယ်ဆုံးမို့ မင်းကို အရင်ကျွေးမယ်။ ရော့…စားစမ်း” ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့် ယူချင်ဆောင်၍ ခပ်ငယ်ငယ် ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေ ဟန်ဆောင်၍ ပါးစပ်ထဲထည့်လိုက်ဟန်ဆောင်ပြီး “မြွမ်မြွမ်” နှင့် စားချင်ယောင်ဆောင်ပါသည်။ တစ်တန်းလုံး တ၀ါးဝါးရယ်ကြပါသည်။
“ကျွန်တော်လည်းစားမယ်” “ကျွန်မလည်းပေးပါအုံး” စသော အလုအယက် တောင်းဆိုသံများမှာ ဆူညံနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။
“ချိုရဲ့လားဟေ့”
“ချိုတယ်ဆရာ”
“ကဲ..ဟိုအကောင်လည်း အငိုကုန်သွားပြီ။ မင်းလည်း တစ်လုံးစားလိုက်ဦး” ကိုဥာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးလိုက်ယောင်ပြုလိုက်ပါသည်။
ချာတိတ်က ကြောင်တောင်တောင်ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။ “ သူက မစားချင်သေးဘူးတဲ့၊ မင်းက ယူစားလိုက်စမ်းကွာ” ဟုဘေးက ကလေးတစ်ယောက်ကို ပြောလိုက်တော့ ထိုကလေးကလည်း အလွယ်တစ်ကူပင် ကောက်စားချင်ယောင်ချင်ဆောင်လိုက်ပါသည်။
သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက် မဟုတ်ပါ။ ဘဲဥ ပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။
“ဒီဆီးသီးက မ၀ိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့ စားကြည့်စမ်း မချဉ်ဘူးလား” ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်တော့ စားချင်ယောင်ဆောင်၊ ရှုံ့မဲ့ပြီးမှ…. “ချဉ်တယ်ဆရာ” ဆိုတော့ အားလုံးက သဘောကျပြီး ရယ်ကြပါသည်။
ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့တွတွ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေးတွေက ချဉ်တယ်ဆရာ ဟုပြောပြပါသည်။ ၀ိုင်းဝိုင်းစက်စက် ဆီးသီးကို ရေးပေးလိုက်လျှင် ကလေးတွေက ချိုတယ်ဟုပြောကြပါသည်။
ကလေးတွေ ဆီးသီးစားတမ်း ကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့…
“ဟိုချာတိတ် ဒီနေ့တော့ မငိုတော့ဘူးဗျ” “သူ့အဘွားကိုမမြင်ရတော့လို့ပေါ့ဗျာ” အိမ်က လူကြီး တစ်ယောက်ယောက်ပါလာရင် ဒီိလိုငိုနေတတ်ကြတယ်ဗျ။ လူကြီးတွေ မပါရင် ခဏပါပဲ။ ကလေးတွေပဲဗျာ၊ ခဏရှိတော့ သူတို့ ကလေးချင်း ကစားကြ၊ သူများကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ ခက်နေတာက လူကြီးတွေဗျ၊ အထူးသဖြင့် အဘွားကြီးတွေက အဆိုဆုံးပဲ။ ယာဖျက်တော့ သခွား၊ မြေးဖျက်တော့ အဘွား” ဆိုသလိုပေါ့ဗျာ၊ အဘွားကြီးတွေဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြားအလုပ်ကလည်း မည်မည်ရရ မရှိတော့ ဘူးမဟုတ်လား”
“ဆရာကို ဘာမှ လာပြီးဆရာ မလုပ်တာ၊ုသြဇာမပေးတာ တော်သေးတာပေါ့ဗျာ”
“အံမယ်…အဲဒါမျိုးလည်း တစ်ခါတစ်လေ ရှိသေးသဗျ၊ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်း ဆရာနဲ့ နီးနီး ထားခြင်ကြတာတွေပေါ့။ ကလေးတွေမှာ အရပ်အမောင်းက တူတာမဟုတ်ဘူးဗျ၊ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တဲ့ ကလေးတွေကို နောက်က၊ အတန်းကို ကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဲဒါ သူတို့ကလေးကို ရှေ့ထားပေးပါ၊ ဘာညာနဲ့ လာပြီးပြောတတ်ကြတယ်။ “ခင်ဗျားတို့ ကလေးကိုလည်း သင်ပေးမှာပါ။ မတတ်မှာ မစိုးရိမ်ပါနဲ့ ” လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေ အကဲအပါဆုံးပေါ့ဗျာ၊ ဟိုဘက်အထက်တန်းတွေရောက်တော့လည်း ဂရုစိုက်မနေပြန်တော့ပြန်ဘူး။ ရယ်စရာလည်း အကောင်းသား။ ဒီတော့ သူငယ်တန်းဟာ မိဘနဲ့ ပြဿနာ အကြုံရဆုံးပေါ့ဗျာ”
“သူတို့ သားသမီးကို ရိုက်တာပြုတာနဲ့ ပတ်သက်လို့လည်းပြဿနာကြုံကြရမယ်ထင်တယ်”
“တခါတလေလည်း ကြုံရတာပေါ့ဗျာ၊ နည်းတော့နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ ဆရာ၊ဆရာမ အပေါ်မှာလည်း မူတည်တတ်ပါတယ်။ တနေ့ကပဲ ခင်ဗျားလူ ထွန်းေ၇ွှကြီး သူ့သားကို ကျောင်းလာအပ်သွားပါကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှာ ရယ်တောင်ရယ်နေရသေးတယ်။ “သူငယ်ချင်းရေ”တဲ့။ “ကဲ..ငါ့သားကို မင်းဆီအပ်ခဲ့ပြီ။ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ၊ သူများတွေကတော့ မကျိုးမပဲ့ရင်ြ ပီးရော၊ ရိုက်ပါဆရာ လို့ ပြောတာပဲ။ ငါ့သားကိုတော့ မလိမ္မာရင် ဆော်သာဆော်ကွာ၊ မတော်တဆ သေသွားရင်တော့ အလွမ်းပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာတဲ့လေ”
ကျွန်တော်ရယ်လိုက်မိပါသည်။
မူလတန်းအထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ ဘ၀ကို ကျွန်တော် အလွန်စိတ်ဝင်စား နေမိပါသည်။
နောက်တနေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန်ပါသည်။ “ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ၊ ငါက ၀ယ်မယ်။ ဆီးသီးငါးလုံးကို တစ်မတ်ပေးမယ်။ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူးနော်”
ဝလုံးကိုဝိုင်းဝိုင်းရေးတတ်အောင်လေ့ကျင့်နေပြီဖြစ်ကြောင်းကျွန်တော် သဘောပေါက်လိုက်ပါသည်။ “နောက်ပြီး ဟောဒီလို ဟောဒီလိုရေးတဲ့ ဆီးသီးကို မ၀ယ်ဘူး၊ အဲဒီ ဆီးသီးမျိုးတွေက အပုပ်တွေ”
သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှမကသေးပါ။ “ဒီလို ရေးရမယ်” ဟု ကလေးများကို ကျော်ခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝေ့ပြပါသည်။
“ဘယ်လိုရေးရမလဲ”
“ဒီလို..ဒီလိုရေးရမယ်”
ကလေးတွေကလည်း သူတို့ လက်ကို လက်ယာရစ်ဝှေ့ယမ်းပြီး အော်ကြပါသည်။
“ဘယ်လိုရေးရင် ဆီးသီး အပုပ်လဲ”
“ဒီလို..ဒီလိုရေးရင် ဆီးသီးအပုပ်” လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။
လက်ယာရစ် ရေးခြင်း ကို အကြိမ်ကြိမ် ဝှေ့ယမ်းလေ့ကျင့် ကြစေပြီးနောက် ဆီးသီး တွေရေးကြရင် ခိုင်း လိုက်ကြပါသည်။ ကလေးတွေကလည်း သူတို့ သင်ပုန်းကလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။
ဝလုံးကို လက်ယာရစ် ရေးကြအောင် လေ့ကျင့်ပေးလိုက်သည်မှန်သော်လည်း တကယ်လက်တွေ့အားဖြင့် ရေးသည် မရေးသည်ကို ကိုဥာဏ်စိန် လိုက်ပြီးစစ်နိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများ သိနိုင်ပါ့မလဲ ဟု ကျွန်တော်စိတ်တွင် တွေးနေမိပါသည်။
“ဟောသည်မယ် ဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလို ရေးနေတယ်၊ သူ့ဆီးသီးက အပုပ်ကြီးဆရာ”
ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ် ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံရသောကလေးက ချက်ချင်းဖျက်ပစ်ပြီး “ဒီလို…ဒီလို ရေးတယ်ဆရာ” ဟု လက်ယာရစ် ဝှေ့ယမ်းပြီး ပြလိုက်ပါတော့သည်။
ဒီလို ဆိုတော့လည်း သူ့ဟာသူ ပြဿနာက ၇ှင်းသွားသားပဲ ဟု အောက်မေ့လိုက်ပါသည်။ ဆီးသီးငါးလုံးစီရေးပြီးတော့ တစ်ယောက်ပြီး တစ်ယောက်လာပြကြပါသည်။ ကို ဥာဏ်စိန်က ဆီးသီးတွေကို ကြည့်ပြီး ဟိုအလုံးက ပိန်တယ.်။ ဒီအလုံးက မ၀ိုင်းဘူး။ နောက်ကို အဲဒီလောက် ချဉ်ရင် မ၀ယ်ဘူး၊ ဒီတစ်ခါတော့ ၀.ယ်လိုက်မယ် စသည်ဖြင့် ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။
အငိုသန်သောချာတိတ်လည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ုကိုဥာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး ….
“အံမယ် ဒီကောင်က လူက ငိုပေမယ့် ဆီးသီးကတော့ အချိုသားပဲ။ ဘယ်ဆိုးလို့လဲကွ၊ ” ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။
ဟိုချာတိတ် ၀မ်းမြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။ ကလေးအားလုံး မှာ သူ့ထက်ငါ အလုအယက် ဆီးသီး လာေ၇ာက်ပြကြပါသည်။ ဟိုချာတိတ်က မကြာခဏ လာပြီးပြနေသည်ဖြစ်သောကြောင့်… “အံမယ် ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ၊ ချိုလည်း ချိုတယ်ဟေ့”
ချာတိတ် ကျောင်းပျော်သွားပါပြီ
ကျွန်တော်လည်း ကိုဥာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီး ကို ကြည့်ရင်း ပျော်နေမိပါသည်။
သို့နှင့် ကျောင်းဆင်းခေါင်းလောင်းထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်၊ ပစ္စည်း စသည်တို့ကို ကိုယ်စီကိုယ်ငှ သိမ်းယူကြရပါသည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်း ဘေးနာရံ သစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ရပါသည်။ထိုသို့သော ပစ္စည်းများကို သူတို့တစ်တွေ ယူကြပြီးနောက် အားလုံး မတ်တပ်ရပ်နေကြရပါသည်။
“စာအုပ်ပါဘီလား” ကိုဥာဏ်စိန်က အော်မေးလိုက်ပါသည်။
“ ပါဘာဘီ” ကလေးတွေက အော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။
သူတို့ အတိုင်ဖောက်အော်ပုံမှာ ရိုးရိုး အသံမျိုးမဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။
“ပေတံပါဘီလား”
“ပါ..ဘာ..ဘီ”
ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီ အော်ပြီးမေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများ အတန်းမှ စ၍ တစ်တန်းစီ တန်းစီပြီးထွက်ရပါသည်။
“ခင်ဗျားအလုပ်ကလည်း ပြီးပဲမပြီးနိုင်ဘူး၊ တယ်ရှုပ်တာကိုးဗျ”
“ဒီလိုဘဲ ကိုယ့်လူရေ….ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေ သင်ရတာ မဟုတ်ဘူး။ ကလေးတွေဆိုတော့ အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန် ဒီဟာမေ့နဲ့ ။ ဦးထုပ်ပျောက် ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို  လာတိုင်တော့တာဗျ၊ ဆရာအထိန်းအသိမ်းညံ့ရာရောက်တာပေါ့ဗျာ”
သူက ပြောရင်းဆိုရင်း ခုံတွေအောက်သို့ ငုံ့ ကြည့်ပြီး ဟိုဟာရှာသလိုလို ဒီဟာရှာသလိုလို လုပ်နေပြန်သောကြောင့်…. “ဘာ၇ှာနေပြန်တာလဲဗျ”
ဘာတွေများကျန်ရစ်ခဲ့သေးသလဲလို့ရှာရတာပေါ့ဗျာ။ ခုနက ကျုပ်အော်တဲ့ စာရင်းထဲမှာ မပါတဲ့ ဂျင်တို့၊ ဂေါ်လီတို့  ဘာတို့ ညာတို့ ဆိုတာတွေပေါ့ဗျာ။ ကျန်နေရစ်ခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါံ။ ကလေးတွေကိုးဗျ၊ အမိုက်ကလေးတွေ ဘာသိတတ်ကြတာမှတ်လို့”
“ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်လေးတွေ စီပြီး ရိုက်ထားတာကို တွေ့တယ်”
“အေးဗျာ…ထီးတွေ ဦးထုပ်တွေ လွယ်အိတ်တွေ စာရေးစာပွဲပေါ်မျာ ရှိနေရင် ရှုပ်လွန်းလို့”
“အဲဒီလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းက ထုတ်ပေးသလား”
“ဘယ်ပေးလိမ့်မလဲဗျာ”
“ခင်ဗျား အိတ်စိုက်ပေါ့”
“မစိုက်ရပါဘူးဗျာ၊ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေရှိနေတာပဲ။ ကျောင်းခန်းထဲမှာ သုံးချင်လို့ ဆိုပြီး နှိုက်လာခဲ့တာပါပဲ”
ကျွန်တော်တို့ နှစ်ယောက်လုံးရယ်လိုက်မိကြပါသည်
“ဆီးသီးကတော့ ၀လုံးအတွက် လုပ်လိုက်တာပေါ့နော်”
“ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်၊ ၀လုံးဆိုတော့ ဘာမှလုပ်ဖို့ တောင် မလိုတော့ဘူးပေါ့။ ၀လုံးရေးကြရအောင်ဆိုတော့ ကလေးတွေ ဘယ်မှာ ပျော်တော့မလဲ။ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့ အတိုင်းပဲ။ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား။ုသူတို့လည်းပျော်၊ သူတို့ လည်းပျော်တော့ ကျုပ်လည်းပျော်တာပေါ့ဗျာ”
သူကပြောရင်း ရယ်လိုက်ပါသည်။
ထို့နောက် ၁၀ရက်လောက်မှာ ၀လုံးချည်းရေးခိုင်းနေပါသည်။
“ခင်ဗျား ၀လုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ၊ ပြီးပဲ မပြီးနိုင်တော့ဘူး”
“မြန်မာ အက္ခရာရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ။ ၀လုံးကို လက်မသေရင် လက်ေ၇းဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ်တန်းမျာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်းရောက်သွားရင် လက်ရေးလှ လေ့ကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ ကလေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှ မရှိဘူး။ ကျောင်းသားတစ်ယောက်လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေက အထင်သေးမခံချင်ဘူးဗျ”
ကျွန်တော့်စိတ်ထဲ လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကျောင်းသားများကို သွားပြီး သတိရလိုက်မိပါသည်။ သူတို့လည်း ကံမကောင်း အကြောင်းမလှ၍ ကိုဥာဏ်စိန်ပြောသလို ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင်ကြုံခဲ့ကြရလိမ့်မည်ဟု ထင်မိပါသည်။ ကျွန်တော်၏ ငယ်ဆရာ ဆရာဦးစံေ၇ွှကြောင့် ကျွန်တော် လက်ရေးအတန်အသင့်ကောင်းခဲ့သည်ကို တွေး၍ ကွယ်လွန်သူ ဆရာကြီးကို သတိရ ကျေးဇူးတင်မိပါသည်။
ကိုဥာဏ်စိန်က ဆက်၍ “အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ၊ အဲဒါတွေကျရင်တော့ ပိုပြီး ဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကစပြီး ဆွဲတာတွေ၊ သဝေထိုးကို အပေါ်က စပြီး ဆွဲဆာတွေ  အို၊ ကို၊ မို၊ တို့လို စာလုံးပေါင်းတွေ မှာ လုံးကြီးတင်ကို အလျင်စလိုရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာဖြည်းဖြည်းဆေးဆေးရေးရင်တော့ မသိသာလှ ဘူးပေါ့။ လက်ရေးကို သော့ပြီး မြန်မြန်ရေးလိုက်ပြီဆိုရင် အဆွဲအငင် စနစ်မကျတဲ့ လက်ရေးဟာ အလွန်ဖတ်ရတာခက်သွားတယ်ဗျ”
ကလေးငယ်၏ တစ်သက်တာအတွက်ကို အခြေခံ ပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ ဘ၀နှင့် တာဝန်ကို အလွန်ရိုသေလာမိပါသည်။ အချို့သော တိုင်းပြည် ပညာရေးစနစ်များတွင် သူငယ်တန်းသင်သောဆရာကို သီးသန့်အရည်အချင်းရှိစေလျက် လစာမြင့်မြင့်ကြီးပေးထားကြသည် ဟူသော အချက်ကို သဘောပေါက်လာမိပါသည်။
ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီး ပြောဖူးသောစကားကိုလည်း သွားပြီး သတိရလိုက်မိပါသေးသည်။
“ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ခကို တစ်ဝက်ပေးရတာတောင် များသေးတယ်လို့ ထင်တတ်ကြသေးတယ်။ ဓါးပြတ်သွားမှာ ကြောက်ရတာကတစ်မျိုး ငိုတာက တစ်မျိုး၊ ရုန်းတာက တစ်မျိုး။
အင်း…ကိုဥာဏ်စိန်တို့ ကိုသိန်းမောင်ကြီးတို့ လုပ်ငန်းက ခပ်ဆင်ဆင်ပါပဲလားဟု အောက်မေ့မိပါသည်။
ဤသို့လျှင် ၀လုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။
သင်ပုန်းပေါ်တွင် က၊ခ၊ဂ၊ဃ၊င ဟူသော အက္ခရာ ငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းလိုက်ပါသည်။
“မင်းနာမည် ဘယ်သူလဲ”
“မောင်ကျော်မြင့်ပါခင်ဗျာ”
လက်ပိုက်ပြီး ဖြေပါသည်။
“မင်းနာမည်ကကော”
“မောင်ထွန်းစိန်ပါခင်ဗျ”
“ညည်းနာမည်က ဘယ်သူလဲ”
“ကြော့ယဉ်ဝင်းပါရှင့်”
“အံမယ်… တယ်ကောင်းတဲ့ နာမည်ပါလား၊ ကဲ…ကဲ ညည်းနာမည်ကကော”
“မတည်ကြည်ဝင်းပါရှင့်”
“ဟဲ့…ငါ့တပည့်တွေနာမည်က ကောင်းလှချည်လား၊ ညည်းနာမည်ကကော”
“နီနီအေးပါရှင့်”
ဤသို့လျှင် ကျောင်းသားအတော်တော်များများကို နာမည်လျှောက်ပြီးမေးပါသည်။ ပြီးမှ…
“ကဲ…ကြည့်စမ်း မင်းတို့အားလုံးမှာ နာမည်တွေ ရှိကြသည်။ နာမည်မရှိတဲ့ လူများရှိသလားဟေ့”
“မရှိဘူး ခင်ဗျ”
“အေး…မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သူတို့မှာလည်း နာမည်ရှိတယ်” သင်ပုန်းပေါ်ရှိ ကကြီးခခွေး အက္ခရာများဆီကို လက်ညှိးထိုးပြီး ပြောလိုက်ပါသည်။
ညည်းနာမည်က ဘယ်သူလဲ”
“ဖြူနှင်းဝေပါ ဆရာ”
“သူ့နာမည်က ကကြီးတဲ့၊ မှတ်ထား၊ ကြားလား၊ ဘယ်သူလဲ”
“ကကြီးပါ ဆရာ”
          “ညည်းနာမည်က ဘယ်သူလဲ”
          “သန္တာပြုံးပါဆရာ”
          “အေး… သူ့နာမည်က ခခွေးတဲ့ မှတ်ထား၊ ကြားလား”
ဤသို့အားဖြင့် ကကြီး၊ခခွေးများကို မိတ်ဆက်သင်ကြားပေးသွားပါသည်။ မကြာမီမှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင်ရှာဖွေဖတ်ရှုကြရပါသည်။ ကြံစည်စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင်ကြားပို့ချရမည် ဆိုသည့် ကိစ္စအတွက် ကိုတော့ မူလတန်း၊ သူငယ်တန်းသင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည်အားထုတ်ရသည်ဟု မထင်မိပါ။
တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ နောက်တစ်ကြိမ် သီတင်းကျွတ်ကျောင်းပိတ်ရက်လောက်တွင် တောင်တွင်းကြီးသို့ ပြန်ရောက်သွားပါသည်။ ယခင်အတိုင်း ကိုဥာဏ်စိန်၏ သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါသည်။
ကလေးတွေက စာတွေ အတော်လေးဖတ် နိုင်နေကြပါပြီ ။  ကျောင်းဆင်းခါနီးရောက်တော့ ကလေးတွေ သံပေါက်ကဗျာ ရွတ်ကြရပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော်မမှတ်မိတော့ပါ။ ဆိုလိုရင်းအဓိပ္ပယ်အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေးရမည်။ ဘုရားကန်တော့၊ မိဘကန်တော့ ဆိုတာတွေလည်း ပါပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေမည့်ကိစ္စများအပြင်(ကျွန်တော်မှတ်မိသလောက်) “အလှူပေးကြောင်း၊ထမင်းရောင်း၊တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုတာကလည်းပါနေပါသည်။ စကားလုံးကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကိုဆိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်။ ကိုယ်ဟန်အမူအရာလည်း လုပ်ပြီးဆိုကြရပါသည်။ ထိုသံပေါက်ကို ဆိုကြရာတွင် “တောင်းကြီးကိုသာ ကန်ပစ်ပါ” ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီး ကန်လိုက်သည့် အမူအရာကိုလည်း လုပ်ကြရပါသည်။
ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက် နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက်သို့ ထွက်လာကြတော့….
“နေပါဦး ကိုဥာဏ်စိန်ရ…ဟို တောင်းကြီးကိုသာ ကန်ပစ်တယ် ဆိုတာက ဘာလုပ်တာလဲဗျ။ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး”
ကိုဥာဏ်စိန်က ရယ်လိုက်ပြီး …..
“သက်သက်အမြင်ကတ်လွန်းလိှု့ဗျာ။ ဒီလိုဗျာ၊ ကျွန်တော်တို့ဆီမှာ တချို့လူတွေက အလှူလုပ်ရင်လုပ်ပေါ့ဗျာ။ ဘာလုပ် အလှူငွေခံချင်ရတာလဲ၊ သားသမီးကို မရှိမဲ့ ရှိမဲ့ ရှင်ပြုရတာဆိုတော့ အများက သနားသဖြင့် ၀ိုင်းဝန်းကြရတာတော့ ရှိချင်ရှိမှာပေါ့။ အခုတော့ အလှူကြီးကို ဧရာမခမ်းခမ်းနားနားလုပ်ပြီး အကူငွေခံတာဟာ ထမင်းရောင်းတာနဲ့ ဘာထူးသလဲ။ အဲဒါတွေကို အမြင်ကတ်လွန်းလို့ ထည့်ပြီးရေးလိုက်တာပဲ။ ခင်ဗျားတို့လို ကဗျာနားလည်တဲ့လူတော့ မဟုတ်ဘူး၊ ကျုပ်ကြားဖူးနားဝ ကိုယ်ရွတ်ခဲ့တာတွေနဲ့ မှန်းပြီး စပ်လိုက်တာပဲ၊ မှန်လားမမှန်လား မသိဘူး။ ခြေထောက်နဲ့ ကန်တာကို ထည့်ပြီးရေးလိုက်တာကတော့ ကလေးဆိုတော့ အားရပါးရလှူပ်ရှားပြီး ၇ွတ်ရဆိုရရင် ပိုကြိုက်ကြတယ်ဗျ။ ဒါကြောင့် ကျုပ်က စွပ်ပြီးထည့်လိုက်တာပဲ”
ကိုဥာဏ်စိန်က ပြောပြီးအားရပါးရ ရယ်နေပါသည်။
“နေပါဦးဗျာ၊ ခင်ဗျား အဲဒါတွေကိုရေးတော့ ကလေးတွေက ဘာနားလည်မှာလဲဗျ”
“အေးလေဗျာ…ကျုပ်လည်း ကလေးတွေကို နားလည်စေချင်လို့မှ မဟုတ်ဘဲ၊ လောဘကြီးသူတွေကို အမြင်ကတ်လို့ရေးထားတာပဲ”
“ခင်ဗျားပြောတာကို ကျုပ်မရှင်းဘူး။ လောဘကြီးသူတွေကို အမြင်ကတ်တာက လောလောဆယ်ပဲဗျ။ ဒီလို …ကိုအောင်သင်းရ… ကလေးဆိုတာမျိုးက သူတို့ရနေတဲ့ စာတို့ ကဗျာတို့ကို အလကားနေရင်းအော်ဟစ်နေတတ်တာ၊ ကလေးတွေဆိုတာကို ခဏခဏကြားနေရရင် လောဘကြီးသူတွေလည်း ဒါမျိုး လုပ်ရမှာ နည်းနည်းတော့ ရှက်လာကြမှာပေါ့ဗျာ။ အဲ… သောက်ရှက်ဆိုလို့ တစ်စက်မှ မရှိတဲ့ လောဘကြီးသူတွေအတွက်တော့လည်း မတတ်နိုင်တော့ဘူးပေါ့ဗျာ”
ကိုဥာဏ်စိန်ပြောရင်းပင် အားရပါးရ ရယ်လိုက်ပြန်ပါသည်။
ကလေးတွေကို စာသင်ရင်း လောဘကြီးသူတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဥာဏ်စိန်ကို တအံ့တသြကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘ၀င်ကြီး တစ်ခွဲ သားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ်ဆရာတို့သည် ကိုဥာဏ်စိန်တို့လို သူငယ်တန်းဆရာလောက်မှ ပြည်သူအများကို အကျိုးပြုနိုင်ပါ၏လော ဟု သံသယဖြစ်လာပါသည်။
စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ် ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများသလဲ။ တက္ကသိုလ်ကျောင်းသားဆိုသည်က လက်တစ်ဆုပ်စာမျှလောက်သာဟု ပြောရပါမည်။ ဧရာမမြို့ကြီးပြကြီးတွေလောက်မှာသာ ရှိပါသည်။ သူငယ်တန်းဆိုသည်က ဟို…တောကြိုအုံကြားလေးတွေထိအောင် ၇ှိနေကြသည်မဟုတ်လား။
နောက်ပြီး သူငယ်တန်းဆ၇ာတွေရဲ့ အသွန်အသင် အဆုံးအမကို လွန်ပြီးမှ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသို့ေ၇ာက်လာကြရသည် မဟုတ်လား။
နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အ၀င်စားဆုံးမှာ (ကိုဥာဏ်စိန်ပြောသလို) သူငယ်တန်းပဲ မဟုတ်ပါလား။
နောက်ပြီး တက္ကသိုလ်ရောက်သောကျောင်းသားက ဘယ်လောက်ထိအောင်များပြားပါသလဲ။ မူလတန်းကျောင်းသားဆိုသည်ကတော့ တစ်ပြည်လုံးလောက်ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပံကို ကျွန်တော်ဖြင့် တစိမ့်စိမ့် ကျေးဇူးတင်ကြည်ညိုနေမိပါသည်။
သြော်…ကျွန်တော့မှာ မြေးမလေး တစ်ယောက်ရလာပြန်တော့ ပိုလို့ပဲ ကိုဥာဏ်စိန်တို့လို သူငယ်တန်းပြ ဆရာ၊ ဆရာမများ၏ ကျေးဇူးးကို သဘောပေါက်မျှော်လင့်မိလာရပြန်ပါသည်။
တစ်ခုတော့ရှိပါသည်။ “ယာဖျက်တော့်သူခိုး၊ မြေးဖျက်တော့ အဘိုး” ဟူသော စာကားပုံအသစ်ပေါ်မလာလေအောင် ဟို…ဒေါ်အေးသာ ဆိုသော အဘွားကြီးလို ဆ၇ာ၊ဆရာမလေးတွေ စိတ်မညစ်စေရန်တော့ သတိထားလေဦးမှပဲ။

အောင်သင်း

--

Be Happy,

          Moe Moe.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...