Monday, August 27, 2012

ခရီးမတ်တတ်လမ်းခုလပ်၌


by UZa Wana on Monday, August 27, 2012 at 12:03am 


ဆရာမင်းသုဝဏ်၏ သူ့မှာတမ်းကဗျာကို ဟိုးအရင်က အခါခါဖတ်ပြီး အခါခါ ခံစားဘူးပါသည်။ ယခုဒီကဗျာ ကို မရွတ်ဆိုချင်ပါ။ ရွတ်ဆိုလိုက်တိုင်း ရင်နင့်ရသော အဖြစ်က နှလုံးအိမ်ကို လာလာ တိုးဝှေ့နေသည်။ တိုးဝှေ့ ထိခိုက်နှိုင်လောက်သော တကယ့်အဖြစ်အပျက်က ကိုယ့်အတွက် ဖြစ်ထွန်းနေပြီ ။သူငယ်ချင်းငယ်ပေါင်းတယောက်၏ အဖြစ်အပျက်တို့ကို မသိရှိခင်က ကဗျာအပေါ် ခံစားချက်သည် အများသူငါနှင့် ဆိုင်သော ခံစားမှုအဆင့်သာ ရှိခဲ့သော်လည်း သူဇာတ်ကြောင်းသိရှိပြီးနောက် ကဗျာပါစာသားက ကိုယ်တစ်ဦးတည်းကို လာပြီးရည်ရွယ်နေသလို ခံစားလာရသည်။ မမျှော်လင့်ပဲ လိုချင်သော ဇာတ်လမ်းတခုလုံးကို ရလိုက်တော့ ရင်ထဲကထိရှမှုကနေ စာသားတွေအဖြစ်ပါ ရေးချဖို့ ဖြစ်လာရပြန်သည် ။ သြဂုတ်လ ၁၈ရက်နေ့ကို ကျောင်းသစ်တက်ပွဲ ပင့်ဖိတ်သဖြင့် နော်ဝေနိုင်ငံကို ၁၅ရက်နေ့ကတည်းက ရောက်လာသည်။ ရွှေဝါရောင်ဦးထာဝရနှင့် ဒကာ ဒကာမတို့က ဧည့်ဝတ်ကျေစွာ ကြိုဆိုကြသည်။ ရောက်လာသူ ဒကာဒကာမတွေနှင့် မိတ်ဆက်စကားပြောရင်း မမျှော်လင့်သောဇနီးမောင်နှံ နှင့်ဆုံတွေ့ခွင့်ရလိုက်သည်။ “ဒကာနာမည်က ” “တပည့်တော်နာမည် ခင်ဇော်ပါဘုရား တောင်ကြီးကပါ တောခိုတော်လှန်ရေးထဲပါပြီ ဒီဘက်ရောက်လာတာပါ” သူ့ ဒကာမပါ အနီးနားရှိနေသည်။ “တပည့်တော် ဇနီးနာမည်က နန်းမူ လို့ခေါ်ပါတယ်ဘုရား”


တောင်ကြီးဆိုသဖြင့် စိတ်ဝင်စားသွားသည်။ ကျောင်းသားတပ်သို့ ဝင်ရောက်ခဲ့ပုံကိုသူကပြောပြနေစဉ် ကိုယ်က တစုံတခုဆီ စိတ်က ဆက်စပ်တွေးနေမိသည်။ “ခင်ဗျား (၆၀၁) ကလား ” စကားဖြတ်ပြီး ရုတ်တရက် စိတ်ဝင်တစားမေးလိုက်မိသည် ။ ကိုယ်မေးလိုက်သော မေးခွန်းအဆုံးမှာ သူက ဝင်လက်တောက်ပသော မျက်လုံး အစုံဖြင့် အားရဝမ်းသာ စိုက်ကြည့်နေသည်။ နောက် သူသိချင်သော အဖြေတခုကို သူရှာဖွေတွေ့ရှိသလိုမျိုး စကားကိုဆိုလာသည်။ “အရှင်ဘုရား စာရေးလားဘုရား” စာရေးကြောင်းခေါင်ငြိမ့်ပြလိုက်တော့ သူကောသူ့အမျိုးသမီးပါအာရဝမ်းသာနှင့် “ညက တပည့်တော် ဒကာမနဲ့ စကားပြောဖြစ်တယ် ငါတို့သိချင်တဲ့ဆောင်းပါးရေးတဲ့ဦးဇင်းကို အခု ကြွလာတဲ့ ဦးပဇင်းများ သိမလား မသိဘူး မေးကြည့်ရင် ကောင်းမယ်လို့” ၆၀၁နှင့် ပတ်သက်ပြီး စိတ်ဝင်တစား မေးလိုက်သော မေးခွန်းကို ကြားကတည်းက သူလဲ အမြဲတမ်းရှာဖွေ သိချင်နေသော ဘုန်းတော်ကြီးကိုသူ တွေးနေပုံရသည် ။ သူက ဟိုးအရင်က ရေးခဲ့ဘူးသောဆောင်ပါးသုံးပုဒ်ကို ပြောပြနေသည်။ ထိုဆောင်းပါးများ က (၆၀၁) တပ်ရင်မှူး ဗိုလ်တိုက်မောင်းအကြောင်း ။ ဗိုလ်တိုက်မောင်း ဆိုတာက ဦးဇင်းနှင့်ငယ်ပေါင်းကြီးဖော် ကဗျာရေးဖက်

၊နိုင်ငံရေးလက်တွဲဖော်။ အမြဲတမ်း အများအတွက်သာ စိတ်ထဲထည့်ထားတတ်သူ။ စွန့်လွှတ်ပေးဆပ်မှုကိုသာ သူလေ့ကျင့်စရာအဖြစ် ပြင်ဆင်နေသူ။ ၈၈မတိုင်ခင်ကတည်းက နေ့စဉ် သူ့ဘဝနှင့် သူ့အလုပ်ကို အရိုးသားဆုံးသော ရှင်သန်ခြင်းဖြင့် တသားတည်းထားသူ။ သူ့စိတ်ထဲမှာ အမြဲတမ်း ရှင်သန်နေတာက ကဗျာနှင့် နိုင်ငံရေး။ နိုင်ငံရေး ခရီကြမ်းကြီးကို ဖြတ်သန်းလျှက် ခရီးရှည်မှ ပြန်အရောက် သူ့အတွက် လုပ်ပေးစရာတွေ များစွာက စိတ်ထဲနေရာ ယူလာသည်။ အညတြရ အသက်ပေးခဲ့ရသူတွေထဲ သူလဲအပါအဝင်မဟုတ်လား။ ယုံကြည်ချက်က သူခေါင်းချရာ တောင်တန်းတွေလိုမြင့်မားခဲ့သူ။ အမိမြေကို တွယ်တာတတ်ပုံကို နောက်ဆုံးအချိန်အထိ ပြသခဲ့သူ။ ဒီလို အချက်အလက်တွေက တခုပြီးတခု ရရလာ။ ထိုကဲ့သို့ သူများပြောသော အချက်အလက်ကို အလိုလို လက်ခံပြီးသား။ သူ့အကြောင်းသူ့စိတ်ဓာတ်ကို သူများထက်ပိုသိနေသူမို့ သူ့ကိုသူများတွေထက်ပိုနှမြောသည်။ ဘယ်နေရာ ရောက်ရောက် ဘယ်သူနဲ့တွေ့တွေ့ သူ့အကြောင်းပြောသူတိုင်း သူ့တပ်သားတွေအားလုံးက သူ့ကို တလေးတစား တန်ဖိုးထားကြသည်။ နောက် တကယ့် သူတို့၏ ခေါင်းဆောင်ကောင်းတယောက်ကို အားကိုးတကြီးရှိတာကိုတွေ့ရသည်။ “အရှင်ဘုရား ငုရင်ပြင် ကို ကြည့်လိုက်ဘုရား ကိုတိုက်မောင်းကိုဂုဏ်ပြုထားတာ” ဦးဇင်းကသိကြောင်း ပြောပြပြီး ကိုတိုက်မောင်နှင့်ပတ်သက်သည့် စာတွေစုနေကြောင်း ကိုယ်တိုင်လည်း ရေးမှာဖြစ်သလို အတူနေခဲ့သူတွေက အနီးကပ်မြင်ခဲ့ရသော သူတို့၏ခေါင်းဆောင်အကြောင်းကို ရေးစေလိုကြောင်း ပြောပြသည်။ ဒီစာတွေကို စုပြီးမကြာခင်စာတအုပ် ထုတ်ချင်တာကိုပါပြောပြတော့ သူတို့ဇနီးမောင်နှံက ထိုဖြစ်ပေါ်လာမည့်စာအုပ်အတွက် ကုန်ကျငွေကို သူတို့တာဝန်ယူချင်ကြောင်းကိုပါ ပြောလာကြသည်။ သူတို့ဇနီး မောင်နှံက ကိုတိုက်မောင်းနှင့် အတူတူနေခဲ့ရသူတွေ ။ ဒီလို အတူတူ နေခဲ့သူတွေ၏ သူတို့ တပ်ရင်းမှူး အပေါ် အလေးထား တန်ဖိုးထားကြသည်မှာ အထူး အဆန်းတော့မဟုတ် ။ အလှအပတွေကို စာဖွဲ့ကြတော့ ။ခပ်ဝေးဝေးက မြင်တဲ့အလှ၊ အနီးကပ် မြင်တဲ့အလှ ဟု သရုပ်ခွဲတတ်ကြသည်။ တချို့က အဝေးက အမြင်မှာသာလှနေကြပြီး အနီးကပ် ကြတော့ အလှပျောက်သွားတတ်တာတွေရှိသည်။ တချို့ကအဝေးမှာအရုပ်ဆိုးသည်ဟု ထင်ရသော်လည်း နီးလေ လှလာလေဆိုသောအလှတွေလည်းရှိသည်။ ကိုတိုက်မောင်း၏ သိက္ခာသမာဓိကတော့ နီးလေ အလှကိုပိုမြင်ရလေဆိုသော အတန်းအစားထဲက ဖြစ်၏။ ဒီတော့ ဇနီးမောင်နှံ နှစ်ဦးသား သူတို့ တပ်ရင်းမှူးအကြောင်းကိုအားပါးတရ ပြောကြတာကြည့်ပြီး မရှိတော့ပြီ ဖြစ်သော မိတ်ဆွေအတွက် ကျေနပ်အားရသော ဝမ်းသာမှုတွေဖြစ်ရသလို အခုလိုအချိန်မှာ အသက်ထင်ရှား ရှင်လျှက် နေစေလိုသော နှမြောတသ ဝမ်းနဲ့မှုတို့ရောပြွမ်းသောစိတ်ခံစားမှုက ရင်ထဲ ပြည့်ကျပ်လာပါတော့သည်။ ကိုခင်ဇော်က သူ့တပ်ရင်းမှူးအကြောင်းအားပါးတရ ပြောရင်း သူ့ထံတွင် သိမ်းဆည်းထားသော ကိုတိုက်မောင်း လက်ရေး နှင့်စာများ ကိုတိုက်မောင်းဓာတ်ပုံများ ရှိကြောင်းကို ပြောလာသည်။ သူတမြတ်တနိုးသိမ်းထားတာကိုက သူရဲ့တပ်ရင်းမှူးအပေါ် ဘယ်လောက်တန်ဖိုးထားကြောင်းပေါ်လွင်နေသည်။ ပုံတိုင်း ပုံတိုင်းက ဇာတ်ကြောင်းတွေ တခုစီနှင့် ။ “’ဒီနေရာက နေထိုင်းကဆေးရုံကို ရောက်အောင် မလွယ်ဘူးဘုရား” ဗိုလ်တိုက်မောင်း၏ နောက်ဆုံးခရီးနှင့်သူ၏ ဝိညာဉ်ကို ချွေချပစ်မည်ဖြစ်သော သစ်ပင်ကြီး ပုံကို လွမ်းမောတသ စွာ လက်ညိုးထောက်ရင်း သူပြောပြနေသည်။ “ကားအချိန်မီ ရလိုက်ရင် မသေဘူးဘုရား ” နောက်ဆုံး သူသေမည်ကို သေချာသိသော ဗိုလ်တိုက်မောင်းက သူ့အလောင်းကို မြန်မာ့မြေပေါ်တွင်သာ မြှုပ်နှံရန် တောင်းဆို ခဲ့သည်။ သူ အမိမြန်မာ ပြည်ကို သေပြီးတောင် ချစ်နေမြဲ ဆိုတာကို သက်သေပြခဲ့သည်။ အမိမြန်မာပြည်၏ ပြည်သူ အားလုံး လွတ်မြောက်ရေးကို အာသာ ပြင်းပြင်းသူလိုလားခဲ့သည်။ အတူနေစဉ် သူဦးဆောင် ခဲ့ မှုကို တမ်းတမ်းတတ ဖြစ်ဆဲ ဇနီးမောင်နှံ ဆီက ဗိုလ်တိုက်မောင်း နှင့်ပတ်သက်သော ဓာတ်ပုံများ ။ သူ ကိုယ်တိုင်၏လက်ရေးစာများကို မပျောက်မပျက် ထိမ်းသိမ်းထားသည်။ အခုဒါတွေကို လာရောက်ပြီး ပေးအပ်နေသည်။ “ဦးဇင်းစာရေးပါဘုရား ” သူပြောပြနေသည့် အချက်အလက်တွေက ကိုတိုက်မောင်းအပေါ် သူတို့ လင်မယား တသသ နှင့်တလေးတစား ပြောရလောက်သည်ချည်း ။ သူစိတ်ထဲက မမေ့ပျောက်သေးသော ဇာတ်လမ်းများကို သူက လွမ်းလွမ်းဆွေးဆွေး ပြောပြနေသည်။ ဘေးက နားထောင်နေသော သူ့ဇနီးသည်က လိုအပ်သည့်နေရာ မေ့နေမည်ထင်သည့် အရာတို့ကို ဝင်ဝင်ထောက်ပေးသည်။ သူ့မိတ်ဆွေ ကဗျာဆရာ ကံထွန်းသစ်ကို ဗိုလ်တိုက်မောင်း နဲ့ ပတ်သက်တာတွေ ရထားပြီဆိုတာ ပြောပြလျှင် ဘယ်လောက်များ ဝမ်းသာနေမည်မသိ ။ ဆရာတော် ကံထွန်းသစ်ကျောင်းမှာ အရေးတော်ပုံကာလ နားခိုရင်း သူယုံကြည်ရာလမ်းကို ရွေးချယ်ခဲ့သော ၈၈ ၏နေ့ရက်များအား ကံထွန်းသစ်နှင့်ဆုံတိုင်း ပြောမကုန်ခဲ့။ သူ့မိတ်ဆွေ ကဗျာဆရာ တော်လှန်ရေးသမားကြီး၏ ဘဝ နောက်ဆုံးအချိန်မတိုင်ခင် လူသားဆန်ဆန် နေထိုင်ခဲ့သည်များသာ သူ့နားနှင့် တိုက်ရိုက် နားထောင်ရလျှင် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေမှာကို မြင်ယောင်နေမိသည်။ . အရှင်ဇဝန-နိုင်ငံရေးအကျဉ်းသားဟောင်း

ရဲဘော်တိုက်မောင်းနှင့် သူ့ ရဲဘော်များ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...