Wednesday, August 29, 2012

အံ့သြလွန်းလို့ သေတော့မယ်


by Salai Ayehtan Ayete on Wednesday, August 29, 2012 at 6:33am 

By ကောင်းဆက်နိုင် 
အပြီးအပိုင် နှုတ်ဆက်ပါတယ်

ဒီလကစပြီးစာပေစိစစ်ရေးရပ်ဆိုင်းလိုက်ပြီဆိုတဲ့ မင်္ဂလာသတင်း ကြားရပါတယ်။ တကယ်တော့ စာပေစိစစ်ရေး အပါအ၀င် ဆင်ဆာဆိုတာဟာအာဏာရှင်တို့၏ မင်းမြောက်တန်ဆာငါးပါးထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဘယ်လိုမူဝါဒနဲ့ ရည်ရွယ်ချက်အကြောင်းပြပြအာဏာရှင်တို့ရဲ့ အာဏာကိုမထိပါးဖို့ကအဓိကပါပဲ။
ဒီမိုကရေစီနဲ့ ဆင်ဆာဆိုတာလည်းဘယ်လိုမှ မအပ်စပ်၊ မဆီလျော်တဲ့ ဆန့်ကျင်ဘက် အရာတွေပါပဲ။ ဆင်ဆာမရှိရင် ယဉ်ကျေးမှု ပျက်စီးကုန်မယ်လို့ ခြောက်လှန့်မှုတွေ သောကပွားတာတွေလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ကြပါနဲ့၊ ဆင်ဆာကိုအစဉ်သာ နှုတ်ဆက်လိုက်ကြပါတော့လို့၊ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား၊ အပြီးအပိုင်သာထားရစ်ခဲ့ကြပါလို့ တိုက်တွန်းချင်ပါတယ်။


နှစ်စဉ်နှစ်တိုင်းဓာတ်လိုက်သေတဲ့လူတွေ အများကြီးရှိပေမယ့် လျှပ်စစ်ကိုတော့ လူတွေသုံးနေရမှာပါပဲ။ လေယာဉ်ပျက်ကျပြီးသေတာလည်းနေ့စဉ်နီးပါးပါပဲ။ လေယာဉ်ကတော့ ဆက်အသုံးဝင်ဦးမှာပဲ။

တောင်ကိုးရီးယားသမ္မတမစ္စတာအီမြောင်ဘတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်မှာပြောသွားတဲ့ စကားရှိပါတယ်။” စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ကအရေးကြီးပေမယ့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတွေကိုမစတေးသင့်ပါဘူး” တဲ့။ လွတ်လပ်ခွင့်ကိုပိုက်ဆံနဲ့ မလဲနဲ့လို့ သတိပေးတာ။

ဆက်စပ်ပြီးတွေးမိတာကခုနေများအိပ်မက်ထဲကအာဏာရှင်ကြီးက ငါပြန်အုပ်ချုပ်မယ်ကွာ၊ မင်းတို့ကိုတစ်အိမ်ထောင် သိန်းတစ်ရာပေးမယ်ဆိုရင်လည်းခုရထားတဲ့ လွတ်လပ်မှုနဲ့တော့ မလဲနိုင်ပါဘူး။ ဘ၀ဆက်တိုင်း ကြောက်လွန်းလို့ပါ။ (အိပ်မက်မို့ပါ။ လက်တွေ့မှာတော့ သိန်းတစ်ရာကကိုယ်ကပေးရမှာ)

ဒါကြောင့် ယဉ်ကျေးမှု မယွင်းအောင် ဆင်ဆာကိုအသက်သွင်းမယ် ဆိုခဲ့ရင် ဓာတ်လိုက်မှာကြောက်လို့ လျှပ်စစ်မီးမသုံးတဲ့အဖြစ်မျိုးပါ။ လေယာဉ်ပျက်ကျပြီးမသေရအောင် လေကြောင်းလိုင်းတွေ ပိတ်တဲ့သဘောပါ။

ရေသောက်မြစ်
          လွတ်လပ်တဲ့ အတွေးအခေါ်၊ အရေးအသား၊ အပြောအဆိုမှန်သမျှဟာတိုင်းပြည်တိုးတက် ဖွံ့ဖြိုးမှုရဲ့ ရေသောက်မြစ်ပါ။ သစ်ပင်တစ်ပင်မှာရေသောက်မြစ်ကိုနည်းနည်းလေးမှ ထိခိုက်လို့မရပါဘူး။ တစ်ပင်လုံးသေသွားနိုင်သလို၊ လွတ်လပ်မှုကိုပိတ်ပင်မယ် တည်းဖြတ်မယ်ဆိုရင် တိုင်းပြည်ကိုဆင်းရဲတွင်းထဲဆွဲနှစ်တာနဲ့ တူပါတယ်။ ရာစုနှစ်ဝက်လောက် ကျုပ်တို့ဦးနှောက်တွေ လောင်းရိပ်မိခဲ့ပါပေါ့လား။ ဒီအတွက် နစ်နာကြေးတောင်းချင်ပါတယ်။ တခြားမဟုတ်ပါဘူး။ နှောင်ကြိုးမဲ့ ဒီမိုကရေစီရချင်ပါတယ်။

          ရှေးတုန်းကတရုတ်ပြည်မှာခြေသေးအမျိုးသမီးတွေ ရှိခဲ့ဖူးပါတယ်။ ကျုပ်တို့ နိုင်ငံကိုတောင် ရောက်လာကြလို့ တွေ့ဖို့မြင်ဖူးသူတွေ များပါတယ်။
          ငယ်စဉ်ကတည်းကခြေကိုကြပ်စည်းထားပြီးအရွယ်ရောက်လာလို့ ဖြေလျှော့ပေးလိုက်ပေမဲ့ခြေသေးကလေးဟာနဂိုအရွယ် ပြန်ဖြစ်မလာတော့ပါဘူး။

          အခုလည်းဦးနှောက်တွေကို ကြပ်စည်းထားရာကနေဖြေလျှော့ပေးလိုက်ပေမဲ့ နဂိုအရွယ် ပြန်ဖွံ့ဖြိုးလာဖို့ မဖြစ်နိုင်တော့ပါဘူး။

          ခြေသေးဦးနှောက် တွေပေါ့ဗျာ။ ခရစ်နှစ် ၂၀၁၂ သြဂုတ် (စိစစ်ရေးမရှိတော့ချိန်) မွေးမယ့်ကလေးတွေ အရွယ်ရောက်တော့မှပဲပုံမှန်ဦးနှောက် ပိုင်ရှင်တွေုဖြစ်တော့မှာ။

          ခြေသေးဦးနှောက်ဖြစ်ရတဲ့အတွက် လျော်ကြေးသို့မဟုတ် နစ်နာကြေးလေးတော့ တောင်းချင်ပါတယ်။ တခြားမဟုတ်ပါဘူး။ ၂၀၁၂ ဒီလကစပြီးမွေးလာမယ့် မျိုးဆက်သစ်တွေအတွက် အကြွင်းမဲ့ ဒီမိုကရေစီ နှောင်ကြိုးမဲ့ဒီမိုကရေစီနဲ့ ခြွင်းချက်မရှိကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးဖို့ပါပဲ။

          ကိုယ့်အတွက်တော့ မတောင်းတော့ပါဘူး၊ လွန်ကုန်ပါပြီ။ ခြေသေးဦးနှောက် က သေရာပါ ဖြစ်သွားပါပြီ။ ကိုယ်တင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးပဲနဖားကြိုးတပ်ထားတဲ့ လက်နဲ့စာရေးကြ၊ ရှေ့နောက်ဘေးဘီကြည့်ပြီးမှ စကားပြောခဲ့ကြရ။ စားဝတ်နေရေး ငဲ့ပြီးမှ တွေးကြရဆိုတော့ လူစဉ်မမီတဲ့ ရလဒ်တွေပဲထွက်လာတာပေါ့။

          ဘယ်လောက်တောင်လူစဉ်မမီလဲဆိုတော့ လက်ရှိအတိုင်းအတာထိဒီမိုကရေစီရလာတာတောင် ဘယ်လိုအကြောင်းကြောင့်ရတယ်ဆိုတာမှန်ကန်အောင် မသုံးသပ်နိုင်ကြပါဘူး။ မတောင်းဘဲနဲ့ အချောင်ပဲရလာသလိုလို၊ အသက်ပေးခဲ့သူများကိုကျေးဇူးမတင်ဘဲမဆိုင်သူတွေပဲကျေးဇူးတင်ရမလိုလိုပါ။

          ဥပမာလေးတစ်ခုပေးရရင် ဆန်ရှင် Sanction ကိစ္စမှာကြည့်။ သမ္မတကြီးဦးသိန်းစိန်ကဒီမိုကရေစီ နှင့် လူ့အခွင့်အရေးတွေကိုသိသိသာသာထင်ထင်ရှားရှားဆောင်ရွက်ပေးလိုက်တော့ Sanction လည်းချက်ချင်းပွင့်ရောပဲ။ အရင်တချိန်ကပေကတ်ကတ်လုပ်နေလို့ Sanction မပွင့်တာကိုဒေါ်အောင်ဆန်းစုကြည် အပေါ် အပြစ်မြင်တဲ့ လူရှိတယ်ဗျာ။ အံ့ရော။ တိုင်းပြည်မွဲသွားတာလည်းမဆီမဆိုင် လျှောက်တွေးပြီးပြောနေကြတယ်ဗျာ။ ဒီလောက်ရှင်းတာ။ တိုင်းပြည်မွဲတာတိုင်းပြည်မျက်နှာမကြည့်ဘဲကိုယ်ကျိုးရှာကြလို့။ ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲကိုယ်မတတ်တဲ့ အလုပ်တွေမှာ စွတ်ဝင်လုပ်ကြလို့ဆိုတာရှင်းနေတာပါ။

မကြောက်ကြနဲ့

ကြောက်ရင်တော့လွဲမှာမုချပါပဲ။
ကျုပ်ဉာဏ်မီတာလေးတွေ ရှိပါတယ်။ (ခြေသေးဦးနှောက်ဆိုတော့)။ ၀ိုင်းတွေးပေးဖို့ပါ။
စာနယ်ဇင်းလွတ်လပ်မှု အကြောင်းပြပြီး ညစ်ညမ်းစာပေတွေ ဓာတ်ပုံတွေ စသဖြင့် ခေါင်းထောင်လာမှာ စိုးရိမ်သူတွေ များပါတယ်။ ခေါင်းထောင်တာလို့ပြောရတာက ကြိတ်ဝိုင်းတွေ ရှိပြီးသားမို့ပါပဲ။ ၀ါသနာရှင်ဆိုရင် ကြိတ်ဝိုင်းတွေ ရှိစမြဲပါ။ ညစ်ညမ်းတယ်လို့ သတ်မှတ်ထားလို့ မီဒီယာတွေမှာ အရှက်အကြောက်ကင်းတာတွေ မတွေ့ရပါဘူး။ ပိပိပြားပြား ရှိပါတယ်။ မခုတ်တတ်တဲ့ လူမျိုးလို့တောင်ထင်စရာပါ။

ဥရောပနိုင်ငံတွေမှာတော့ ယောင်္ကျား မိန်းမ ကလေး လူကြီး မီဒီယာပေါင်းစုံမှာ အရှက်ဆိုတာ ချိုနဲ့လား မေးရလောက်ပါတယ်။ မဆန်းရေးချ မဆန်းပါပဲ။ မိုးလင်းလို့ သတင်းစာ ကြည့်လိုက်ရင် မျက်နှာဖုံးမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရင်သားတွေဖော်ပြီးရိုက်ထားတဲ့ မြီးကောင်ပေါက်ပုံတွေနဲ့ဗျာ။ အဲဒီသတင်းစာရဲ့ မူက နှစ်ယောက် မထပ်ရဘူး။ နှစ်ကြိမ်မထပ်စေရဘူး၊ တန်းစီပြီးဓာတ်ပုံတွေ ပို့ထားတာသန်းနဲ့တောင်ချီတယ်။ မျက်နှာဖုံးပါရင် မရှက်တဲ့အပြင် နာမည်နဲ့တကွ ကိုယ်ရေးအကျဉ်းလေးတောင် ပါသေးတယ်။ ရုပ်မြင်တွေမှာလည်းကလေးအိပ်ချိန်ဆိုရင် လူကြီးကြိုက်ဆိုပြီးကွင်းကွင်းကွက်ကွက် ကားတွေ မိုးလင်းတဲ့အထိ ပြတော့တာပဲ။

ဒါပေမဲ့ ဥရောပမှာကားတွေ ရထားတွေပေါ်မှာအမျိုးသမီးတွေအပေါ် အမျိုးသားတွေကစိတ်ဖောက်ပြန်တာမဟားတရားလုပ်တာမရှိပါဘူး။

ကျုပ်တို့ဆီမှာကောဗျာ၊ မီဒီယာပေါ်မှာမခုတ်တတ်တဲ့ ကြောင်တွေကကားရထားပေါ်ကျမှ ခုတ်တော့တာကိုး။
ဥရောပမီဒီယာတွေကြောင့် ဗလက္ကာရမှုတွေများမှာပဲလို့ ထင်ရင်တော့ တက်တက်စင်လွဲလိမ့်မယ်။ အာရှနိုင်ငံတွေမှာ ဖြစ်တဲ့နှုန်းနဲ့ အများကြီးမကွာခြားပါဘူး။ ဒါကြောင့်သိပ်လည်းမစိုးရိမ်ကြပါနဲ့။ မီဒီယာပေါ်မှာမခုတ်လည်းအပြင်မှာခုတ်လိုက်တာမှ မှုခင်းဂျာနယ်တွေသာဖတ်ကြည့်ကြပါတော့။ ကမ္ဘာလှည့်ခရီးသည်ကိုတောင် ချမ်းသာမပေးတာတွေ့ရပါလိမ့်မယ်။

(ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် ၁၀၉ ပါ ကောင်းဆက်နိုင်၏ အံ့သြလွန်းလို့ သေတော့မယ်
ဆောင်းပါးအား ကြိုက်လွန်းလို့ ရှယ်ပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...