Thursday, August 30, 2012

သူ့ဘူးသီးပုတ်နေတယ်။ ငါ့ဘူးသီးက လတ်တယ်ဟေ့။


by Than Saw on Thursday, August 30, 2012 at 4:01am 

ဒီနေ့ပိုစ်တ်တစ်ခု ဖတ်လိုက်တဲ့ အခါ ဒီပို့စ်တ်နဲ့ ပတ်သက်ပြီး ရေးခြင်စိတ်က သဲဝဲ ရေဝဲ ပေါက်သလို မထိန်းနိုင်မသိမ်းနိုင် ကုတ်ခြင်ဖဲ့ခြင်တဲ့ စိတ်က တဖွားဖွားပေါ်လာတယ်။ ဝဲအတင်း တုတ်တယ်လို့ လည်း ပြောနိုင်ပါတယ်။
ဆရာမလုပ်စဉ်က စာမေးပွဲအဖြေလွှာထောင်ပေါင်းများစွာကို အထက်က မဖျက်မနေရဆိုပြီး အမိန့်ထုတ်လို့ ဖျက်ခဲ့စဉ်က အတွေ့အကြုံကို သတိရမိလို့ပါ။ ကိုယ်လစာ တလ ကျပ်၃၂၀လောက်ရတဲ့ တာဝန် အရလုပ်ရတဲ့ တပတ်တခါ ကျူတိုရီရယ် စာဖျက်ခြင်းဘဲ လုပ်ခဲ့တယ်။ လုပ်လိုခဲ့တယ်။ 
  
စာမေးပွဲကြီးမှာ အချိန်ပိုင်း ဆရာ ဆရာမပေါက်စတွေ သိပ်လုပ်ခြင်တဲ့ အဖြေလွှာတစောင် တကျပ် အဖြေလွှာ ၁၀၀၀ ကို ကျပ် ၁၀၀၀ ပေးပြီး စာဖျက်ခိုင်းတာတောင် ကိုယ်အင်မတန် ဆင်းရဲသော်လည်း ဆရာလုပ်စ နှစ်အနည်းငယ်အတွင်းမှာ မလုပ်ဘူးဆိုပြီး အတင်းငြင်းခဲ့တယ်။
နောက်ဌါနမှုး ဦးတင်လတ်ဝေနဲ့  ပါမောက္ခက ဝါရင့်ဆရာမဖြစ်လို့ မလုပ်မနေရ လုပ်ရမယ်ဆိုမှ လုပ်တယ်လေ။ ကိုယ့် ညီမလေးလို ချင်ခင်ရတဲ့ အချိန်ပိုင်း ဆရာမပေါက်စလေး တစ်ယောက်ဆို ကိုယ်စာမဖျက်ရဘဲ စာဖျက်ပါတဲဆိုပြီး ကျောင်းသားတွေကို ကိုယ့်ရှေ့မှာ လှိမ့်လွန်းလို့ မနဲဖြောင်းဖျပြောရတယ်။ သူက စာဖျက်ခွင့်မရှိတာကို ကျောင်းသားတွေ သိသွားရင် သိက္ခာကျမှာ စိုးလို့တဲ့။ ကျောင်းသားတွေဆီက လက်ဆောင်တွေ လက်ခံယူနေတာတွေ့တော့ စာမဖျက်ဘဲ ဖျက်တယ်ပြောတာ ဘယ်လောက် ကြောက်စရာကောင်းတယ် ဘယ်လောက်ဆိုးဝါးတဲ့ လုပ်ရပ်ဆိုတာ ပြောပြရတယ်။ စာမကျက်ဘဲ အမှတ်များများ လိုခြင်တဲ့ ကျောင်းသားတွေ မိဘတွေက ဒီမနှုးမနပ်ကလေးကို ဆရာမဖြစ်ဖြစ်ခြင်းမှာဘဲ ဖျက်ဆီးလိုက်ကြတယ်လေ။ သူမကိုယ်တိုင်ကလည်း ပျော့ညံ့တာ ပါတယ်လေ။

ကိုယ်ကတော့ သူတော်ကောင်း စစ်စစ်ကြီးတော့ မဟုတ်ပါဘူး။ အဖြေလွှာ တစ်ထောင်လောက်ထဲမှာ ပုံစံတမျိုးထဲ ရေးထားတာကို တာဝန်အရ ထပ်ကာတလဲလဲ ဖတ်ရတဲ့အခါ စိတ်ထောင်းလွန်းလို့ စာမဖျက်ခြင်တာပါ။ ပြီး အမှားမလုပ်မိအောင်လည်း အမြဲ သတိထားရတယ်။ စာဖြေသူ တစ်ထောင်ရေးထားခဲ့တာနဲ့ လုံးဝမတူတဲ့ စာဖြေလွှာ တစောင်တက်လာလို့ ကိုယ်က အမှတ်အမြင့်ဆုံး ဝမ်းသာအားရ ပေးလိုက်မိတယ်။ နောက်ထပ် အဖြေလွှာ ၅၀၀ ကျော်တော့ အောင်မယ်လေး အဲဒီတမူထူးတဲ့ အဖြေလွှာမျိုး  ၅၀၀ ထပ်ပေါ်လာလို့ အရင်က အမှတ်အမြင့်ဆုံး ပေးထားတဲ့ အဖြေလွှာပြန်ရှာပြီး သင့်တော်တဲ့ အမှတ် ပြန်ပေးရတယ်။ ပြိုင်ဖက်ကျူရှင်ဆရာ ၂ ယောက်လက်ရာတွေပါ။ တခါတလေ ပုံစုံတူတာ က ၁၀၀၀ လောက်ရှိတယ်။ တခါတလေကတော့ ၁၀ ခုလောက်ဘဲ ပုံစံတူနေတာ ရှိတယ်။ ပုံစံတူတာ ၁၀ ခုလောက်က အင်းလျှားလမ်းတို့ မြို့လည်ခေါင်မှာ သူဌေးသားသမီး ၁၀ ယောက်လောက်ကို စပယ်ရှုယ် ကျူရှင် သင်ပေးတဲ့ အင်မတန်ဈေးကြီးတဲ့ ကျောင်းတွေပါ။ စေတနာအရ တောကျောင်းတွေမှာ လစနည်းနည်းနဲ့ ဆင်းရဲသားတွေကို သင်ပေးတဲ့  ကျောင်းဆရာတွေ မဟုတ်။ ထိုအခါက သာမန်စာရေးလစထက် တလကို အဆ ၂၀ ကျော်လောက်ပေးရတဲ့ ကျူရှင် ကျောင်းတွေလေ။ 



ကျမတို့ အပတ်စဉ် ကျူတိုရီရယ် ဖျက်စဉ်ကတော့ ဌာနမှုး ဦးတင်လတ်ဝေက ကျမတို့ကို က ကိုယ်ဘာသာကိုယ် မေးခွန်းထုတ်ခွင့် ပေးထားတော့ တတန်းထဲက ကျောင်းသား ၂၀၀ လောက်ဖြေတဲ့အခါမှာ အဖြေတမျိုးထဲထွက် လာဘူးလေ။  ဒါပေမဲ့ ဘယ်လောက် ပိုက်ဆံပေးတက်ထားတဲ့ ကျောင်းဘဲဖြစ်ဖြစ် ကျမမေးမဲ့ မေးခွန်းမသိတော့ နံမည်ကြီး ကျူရှင်ဆရာတွေ ရေးထားတာ အလွတ်ကျက်ပြီး လာ ဖြေလို့မရတော့ အားလုံးနီးပါး လုံးဝ အင်္ဂလိပ်စာ ကောင်းကောင်း မရေးတတ်ကြဘူး။ ကိုယ်ပိုင် ဥဏှောက်နဲ့ မတွေးတတ်ကြတော့ဘူး။ 


ကျူတိုရီရယ်က တော်တော်လေး သက်သာတယ် ဆိုရမယ်။ တခါတလေ ကျူတိုရီရယ်လာဖြေသူတွေက တကယ် အင်္ဂလိပ်စာ လေ့လာခြင်သူ အယောက် ၂၀ လောက်ဘဲရှိတယ်။ ကျန်တဲ့ ၁၈၀ ကဘယ်ရောက်နေလည်းမသိ။ ဌာနမှုးက စာဖြေသူစာရင်းကောက်ခိုင်းမှ ၁၀၀ လောက်လာဖြေကြတယ်လေ။ အတန်းတစ်တန်းမှာ ဆရာမတစ်ယောက် ကျောင်းသား ၂၀၀ ဖြစ်နေတာတော့၊ ဒီလိုအတန်းမျိုးကို ပိုက်ဆံတွေ နင့်နေအောင်ယူထားပြီး အတန်းတန်းထဲမှာ ၅ ယောက် ၁၀ယောက်သင်ကြားခြင်း စံနစ်နဲ့ နိုင်းယဉ်တော့ နိုင်းသူဟာ ဥဏှောက်မရှိတဲ့ နွားပါဘဲ။ ဒီဆရာတွေဟာ တယောက် တပတ်သုံးတန်းစီ ကိုင်ခဲ့ရတယ်။ ဒီတော့ ကျောင်းသား ၆၀၀ ပေါ့။ တချို့နှစ်တွေဆို အတန်းတတန်းထဲမှာ ကျောင်းသား ၂၅၀ ကျော်သွားတာတောင်ရှိတယ်လေ။ နေမကောင်းသူ ဆရာမတွေ များလာတော့ နေကောင်းသူတွေက အပိုအတန်းတွေယူပေးရတော့ နောက်ဆုံး တပတ် ၄ တန်း ကျောင်းသား ၁၀၀၀ ကျော်သင်ခဲရတယ်။


စာဖျက်တဲ့အခါမှာအတန်းတင် စာမေးပွဲကြီးမှာ တကယ့် ပြဿနာဘဲ။ အဖြေလွှာ ထောင်ပေါင်းများစွာမှာ တမျိုးထဲ ဖြေထားကြတယ်။ ဒီတော့ ဒီငအ ဆရာမက အဲဒီတော့မှ စဉ်းစားမိတယ်။ ဒါ မေးခွန်းပေါက်တာဘဲ ဖြစ်ရမယ်။ ရေးပေးသူတွေကလည်း ဒီကိစ္စထဲမှာပါကို ပါရမယ်။ အဲဒီခေတ်က ဆရာမတွေ ဆင်းရဲလည်း လူတိုင်းနီးပါး ကျူရှင်ပေးကြတဲ့ ခေတ်မဟုတ်ဘူးလေ။ အခုခေတ်မှာ တော့ ကျောင်းက ဆရာတွေ အားလုံးနီးပါးလည်း ကျူရှင်ပေး အပြင်က သာမန် ကျူရှင်ဆရာတွေကလည်း ကျူရှင်ပေး၊ ပုဂ္ဂလိကကျောင်းတွေလည်း အပြိုင်အဆိုင် ထွက်လာတော့ တော်တော် ရုပ်ဆိုးလာကြပြီ။ အပြိုင်အဆိုင် ကျပန်းဈေးတွေမှာ အော်ဟစ်ဈေးခေါ်တဲ့ ခေတ်များ ရောက်လာပြီလားမသိ။ ကိုယ့်ကိုကိုယ်လည်း အရှက်မရှိ သိဒ္ဓိတင်ပြီး ကျောင်းသားဆွယ်ရတော့တယ်လေ။


အရင်ကျမတို့ ခေတ်တုန်းကတော့ အပြင်ကျူရှင်ဆရာတွေဆိုရင် ရန်ကုန်နဲ့ မန္တလေး လေယဉ်အပတ်စဉ်စီးပြီး ကျူရှင်ပေးတာတောင် ရှိသတဲ့။ မဆလခေတ်မှာ ဒီဆရာကြီးတွေ တိုက်တွေ ကားတွေ တန်းစီဝယ်နိုင်ကြပြီး။ နိုင်ငံခြားတောင် အလည်သွားနိုင်ကြတယ်။ ကျမကတော့ မနာလို မရှိပါဘူး။ ဒါမေမဲ့ သူတို့ ကျောင်းသားတွေအတွက် ရေးပေးတဲ့ စာတွေကိုဘဲ ထပ်ကာတလည်းလည်း မဖတ်ခြင်ဘူး။ တခါလာလည်း ဒါဘဲ။ နောက်တခါလာလည်း ဒါဘဲ။ 

ဒါပေမဲ့လည်း နားလည်ပါတယ်။ ကိုယ်က နှစ်ပေါင်းများစွာ စီးပွားရေးလုပ်စားတဲ့အနေနဲ့ ၁၀ တန်း အဆင့် ၈ တန်းအဆင့်ဘဲ သင်နေခဲ့ရမယ်ဆိုရင် ဒီ ဆရာတစ်ယောက် အနေနဲ့ တော်တော်လေး စိတ်ညစ်မှာဘဲ။ ၈တန်းအဆင့်အတွက် နှစ်စဉ် နဲနဲဘဲ အဆင့်မြင့်သင်ပေးလို့ရတယ်။ ဒါပေမဲ့ ၈ တန်းကလေးတွေကို ၁၀ နှစ်လောက်သင်လာပြီးတဲ့အခါမှာ ကလေးတွေကို ပီအိတ်ခ်ျဒီအဆင့် အထိမြှင့်ပြီး မေးခွန်းထုတ်လို့မရဘူးလေ။ ကျမကိုယ်တိုင်လည်း တွေ့ကြုံခဲ့ရဘူးပါတယ်။ ယူကေက International Baccalaureate ဆိုတဲ့ နိုင်ငံတကာကျောင်းကြီးအတွက် မေးခွန်းထုတ် စာဖျက်ပေးရတော့ ၃ ခါလောက် မေးခွန်းထုတ်ပြီးတဲ့အခါ ကျောင်းက သိပ်ခက်ခက် မထုတ်ပါနဲ့ သူ့အဆင့်နဲ့ ထိုက်တန်တာ ထုတ်ပါလို့ ပြောခဲ့တယ်။  

အခုခေတ်မှာ အစိုးရကျောင်း ပုဂ္ဂလိကကျာင်းတွေမှာ ရေပန်းစားသင်ကြားပေးတဲ့ စာစီစာကုန်း ခေါင်းစဉ်တွေကတော့ ကျမတို့ ငယ်ငယ်က မြန်မာပြည်မှာ လူကြိုက်များတဲ့ ခေါင်းစဉ်တွေနဲ့ မတူတော့ပါဘူး။ ဒါပေမဲ့လည်း ခေတ်အလိုက် အနည်းဆုံး မျိုးဆက်တစ်ခုဖြစ်တဲ့ အနှစ် ၃၀ အတွင်းလောက်မှာတော့ အကြောင်းအရာတွေ အပ်ကြောင်းထပ် နေမှာပါဘဲ။ ကျမတို့ခေတ်တုန်းကတော့ ကတော့ မိဘမေတ္တာ ဆပ်မကုန်၊ ဆရာစေတနာ၊ တိုင်းပြည်ကို ဘယ်လို အကျိုးပြုမလည်း။ ထီပေါက်ရင် ဘာလုပ်မလည်း။ တောနှင့်မြို့ကွာခြားပုံ၊ အလုပ်သမား လယ်သမားများ အကြောင်း စသည်တို့ပေါ့။ ဆရာမ ဖြစ်စ သုံးလေးနှစ်လောက်မှာတော့ နံမည်ကြီး ကျူရှင်ဆရာတစ်ယောက်က ထပ်ကာတလည်းလည်း ဒီအကြောင်းတွေ ရေးထားတာ မဖတ်ခြင်လို့ ပိုက်ဆံမယူဘဲ စာမေးပွဲကြီးမှာ နှစ်အနည်းငယ် စာမဖျက်ဘူး။ ကျောင်းပြီးအိမ်ပြန်မှာ စာကောင်းပေကောင်းဖတ်ဖို့ ခေါင်းကို အနားပေးခြင်လို့ပါ။ တာဝန်မကျေတာတော့ မဟုတ်ဘူး။ ပိုက်ဆံပေးဖျက်ခိုင်းလို့ မဖျက်တော့ စိတ်ထဲမှာ တာဝန်မကျေတာမဟုတ်လို့ ယူဆတယ်လေ။ တခြားဆရာ စာဖျက်ခြင်တဲ့ ဆရာတွေလည်း ရှိနေသာဘဲ။ ဆရာဆိုတာ အနစ်နာခံရတယ်။ မူလတန်းဆရာတွေဆို အနစ်နာခံရဆုံးပါဘဲ။ ဒီမူလတန်းဆရာတွေက သူတို့ တသက်လုံးမှာ သူတို့ ဘဝကို မြုပ်နှုံပြီး ကျမတို့ကို အေဘီစီဒီ ကကြီးခခွေး မသင်ပေးလိုက်ရင် ကျမတို့ အခုလို လူဖြစ်လာမှာ မဟုတ်ဘူး။ 


အဲ အခု ကျမ ပုဂ္ဂလိကကျောင်းတွေကို အကြံပေးခြင်တာက။ ကိုယ့်ဘာသာကိုယ် သူဌေးကလေးတွေဆီက ငွေလှိမ့်ယူပြီး တိတ်တိတ်ဘဲ သူဌေးလေးတွေကို စာသင်ပေးကြပါ။ အတန်းထဲမှာ ဆရာမတစ်ယောက် ကျောင်းသား ၅၀ ကနေ ၂၀၀ လောက် ရှိနေတဲ့ အစိုးရကျောင်းတွေနဲ့ သွားမနိုင်းကြပါနဲ့။  နိုင်းစရာမဟုတ်။ ပြိုင်စရာ မဟုတ်ပါ။  


ဘီလ်ဂိတ်နဲ့ ဂျော့ ဆော့ရော့စ်လိုလူတွေကိုလည်း မေတ္တာရပ်ခံပါတယ်။၊ ဒီအစိုးရကျောင်းတွေက ဆရာ ဆရာမတွေကို အရည်အသွေးမြှင့် သင်တန်းတွေ၊ မိမိဘာသာ ရာသက်ပန် ဆက်တိုက် လေ့လာဖို့အတွက်၊ မြန်တဲ့ အင်တာနက်တွေ နှစ်စဉ် စီမံပေးပါ။ ဆရာတွေအတွက် လေ့လာဖို့ ဗီဒီယိုတွေ ဆောင်းပါးတွေ အများကြီး အင်တာနက်မှာ ရှိလာပါပြီ။ အစိုးရကလည်း လစာတွေ တိုးပေးပါ။ ပုဂ္ဂလိက အလှူရှင်တွေလည်း အခု ဒီကျောင်းတွေကို အကူအညီတွေ အများကြီး ပေးနေပါပြီ။  ဒီလို ပံ့ပိုးမှုတွေ လုပ်ပေးရက်သားနဲ့ ကျူရှင်ပေးစားဘို့ဘဲ လုပ်နေရင်တော့ ကျောင်းစည်းကမ်းအရ အရေးယူရမှာ ပေါ့လေ။ အသက်ကြီးတဲ့ ဆရာဆရာမတွေကိုလည်း ပြည်ပလေ့လာရေးထွက်ဖို့ အထောက်အပံ့ အကူအညီတွေ ပေးပါ။ အခုလောလောဆယ်တော့ ပြဿနာအဝဝကို  နည်းနည်းလေး သည်းညီးခံကြဖို့ဘဲ ရှိပါတယ်။

ပျံကျဈေးမှာ ဈေးခေါ်သလို သူ့ဘူးသီးပုတ်နေတယ်။ ငါ့ဘူးသီးက လတ်တယ်ဟေ့။ ဆိုတာမျိုးကို မလုပ်ကြပါနဲ့။ ဆရာအချင်းချင်းပါ။ ပညာရှင်တွေပါ။ အချင်းချင်း ဖေးမကြပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...