``ဘဝတွင် အလိုအပ်ဆုံးအရာတစ်ခုကို ဆုံးရှုံးနေရသော
***************((( ၁)))**************************
``ရပ်နိုင်ပေ့- ရပ်နိုင်ပေ့---``
မိခင်တစ်ယောက်က သူ့သားငယ်လေးကို ထူမ၍ လက်လွှတ်လိုက်ကာ လက်ခုပ်တီးပေးပြီး သားငယ်လေး မတ်တပ်ရပ်နိုင်အောင် သင်နေသည်။ သားငယ်လေးသည် ``ခိုးခိုး ခစ်ခစ် ``ရီနေပြီး လေထဲတွင် လက်နှစ်ဘက်ကို ဘဲလန့်စ်(balance) ညှိသလို လှုပ်ရမ်းရင်းမှ ဖင်ထိုင်လဲကျသွားပြန် လေသည်။
``ဟော--- သားသားလေး ရပ်တတ်သွားပြီနော်-- နောက်တစ်ခါထပ်ရပ်ကြည့်မယ် နော်--- သားနော်----``
ဟုထူကာ ထပ်ရပ်ခိုင်းပြီး----
``ရပ်နိုင်ပေ့--- ရပ်နိုင်ပေ့--`` ဟူသော မိခင်တို့၏ မရိုးသောမေတ္တာတရားတို့ဖြင့် သင်ပေးသော သင်ရိုးများဖြင့် ကျွန်တော်တို့အားလုံးရှင်သန်လူ လားမြောက်ခဲ့ကြသည်။ ဒါကြောင့်လည်း ပှုဗ္ဗာစရိယ မိနှင့်ဖ ဟုသတ်မှတ်ခဲ့ကြခြင်းပင်တည်း။
မွေးကင်းစ ကလေးသူငယ်ဘဝတွင် ပက်လက်ကလေး နေနေရာမှ သူ့ဖာသာ မှောက်ပြီးနေတတ်လာသည်။ ခြေထောက်ကို နောက်ကန်ပြီး ရွေ့လျားထိုးသွားကာ တွေ့သမျှ ပစ္စည်းများကို လွှင့်ပြစ်သည်။ ပါးစပ်ထဲထိုးထည့်သည်။ နောက်တော့ ထိုင်နိုင်လာသည်။ အဲဒီနောက် လမ်းလျှောက်တတ်အောင် မိခင်တို့ ဖခင်တို့က ချစ်ခြင်းများစွာဖြင့် ကလူကြည်စယ်မှုလေးတွေဖြင့် သင်ကြားလေ့ကျင့်ပေးကြလေသည်မှာ သဘာဝကပေးသော သင်ရိုးညွှန်းတမ်းနှင့် တာဝန်များပင်တည်း။
ထိုသို့ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာများ လည်း နူးညံ့လာစေရန်- အိပ်ယာဝင်ပုံပြင်များ ကို ဖွဲ့နွဲ့ကာပြောပြတတ်ပေသည်။ အိပ်ခါနီး တွင် သီချင်းလေးများဖြင့် ချော့မြူသိပ်ကြသည်။ ကျွန်တော်ငယ်ငယ်က အမေဆိုသိပ်သော သီချင်းသုံးမျိုးရှိသည်။ ကျွန်တော် အိပ်ချင်နေလျှင် ဆိုသောသီချင်းမှာ---
``လူကလေးရဲ့ အိပ်ချိန်တန်------ ဗျိုင်းရှေ့ကပျံ--------- မပျံပါနဲ့ ကိုယ်ရွှေဗျိုင်း--- ညွှတ်တွေကဝိုင်း----------``
ဟူ၍ သီဆိုတတ်သလို ကျွန်တော် မအိပ်ပဲ အာဗြဲကြီးဖြင့် ငိုနေလျှင်တော့--
``လူကလေးရဲ့ ငို------ ခိုဖမ်းလို့ပေး------- ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး----`` ဟုပြောင်းဆိုကာ ကျွန်တော် ငိုလည်းမငို အိပ်ချင်စိတ်လည်းမရှိပဲ မျက်လုံးကြောင်နေကာ ပျူးတုပြဲတဲ လုပ်နေလျှင်တော့---
``---------- မိတ္ထီလာ ကန်တော်အောက်က --- ဖားကောက်ခဲ့ပါ -- ဖားပါရင် တစ်ကောင်ပေးပါ့-- မျက်လုံးရယ်ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး---`` ဟု ကျွန်တော်မျက်လုံးကြောင်တာကို ဖားဖြစ်အောင် ဆိုချော့သိပ်တတ်သည်။ နူးညံ့သော ကလေးငယ်၏ နှလုံးသားတွင် မိခင်၏ တေးသံတို့သည် ယနေ့ထက်တိုင် စွဲနစ်နေသေးသည်။ ကျွန်တော့အောက်က ညီကိုလည်း အလားတူပင်ချော့သိပ်တတ်သည်။
ထို့ကြောင့်အရွယ်မရောက်သေးသော အလွန်နူးညံ့သိမ်မွေ့သည့် ကလေးငယ်လေးတွေအတွက် မိဘသည် အလွန်လိုအပ်သော အလိုအပ်ဆုံးသော သူများဖြစ်သည်။ သို့သော် အချို့သော သနားစရာ ကလေးငယ်လေးများမှာ လောကဓံ၏ ရိုက်ချက်ပြင်းထန်လိုက်ပုံများ မှာ အကြောင်းအမျိုးမျိုးကြောင့် မိဘ ဟူသည် ဘယ်သူဘယ်ဝါမှန်းပင် မသိပဲ လူ့ဘဝတွင် ရှင်သန်လာခဲ့ရသည်။ မိခင်ဖခင်တို့၏ မေတ္တာတရားကို မရရှိသော်လည်း ကျွန်တော်တို့အားလုံးက လူသားဆန်သောနှလုံးသားဖြင့် ထို မိဘမဲ့ သနားစရာကလေးသူငယ်လေးများကို ကိုယ်တိုင် မပြုစုမစောင့်ရှောက်နိုင်သဖြင့် မိဘနဲ့မခြား မေတ္တာတရားကြီးမားလှသော ပရဟိတကျောင်းထူထောင်ကာ ကျွေးမွေးပြုစုသူ မေတ္တာရှင်များကို လိုအပ်သော နေရာတို့၌ သုံးစွဲရန် ငွေကြေး--ပစ္စည်း--စားဖွယ်ရာနှင့်  အဆောက်အဦး- ငွေပဒေသာပင်- စသည်တို့ကို ကျွန်တော်တို့ ဝိုင်းဝန်းထောက်ပံ့ လှုဒါန်းရသော် မွန်မြတ်လှပေစွ -- သူတော်ကောင်းတို့ သာဓုခေါ်မည့်အလုပ်ပင်ဖြစ်သည်။ ဘဝဆက်တိုင်းတွင်လည်း မိဘမဲ့ ဟူသော လောကဓံမှ ဘယ်သောအခါမှ ကြုံတွေ့မည်မဟုတ်။
****************************** ******************************
``မိတ်ဆွေ---``
``မေတ္တာငတ်မွတ်နေသော ကလေးသူငယ်လေးများက သင့်ရဲ့ မေတ္တာ တစ်စိပ်တစ်ဒေသ ကို ငံ့လင့်နေပါသည်။ တစ်ပေါက်ချင်းကျသော မိုးရေသည် ကျဖန်များက တောင်ပို့တွင်လျှံသကဲ့သို့ အလှုရှင်တို့၏ မများသော-- တာဝန်မကြီးသော အလှုငွေများကို ကျွန်တော်တို့ မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်းက ကာယအား ၊ဥာဏအား၊ မေတ္တာအား ၊အနစ်နာခံမှုအား တို့ဖြင့် စုစည်းလှုဒါန်းပေးပါမည့်အကြောင်း --------``
မြန်မာ့အရုဏ်သစ် ပရဟိတ လူမှုကူညီရေးအသင်း
0 comments:
Post a Comment