Thursday, August 30, 2012

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ


by ဂျူး - Ju on Wednesday, August 29, 2012 at 10:52pm ·


မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။

ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီလက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို “တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်” လို့ သူက ပြောရတယ်။
မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို ကိုချစ်တဲ့အခါ ကိုယ့်အတွက် ရည်စူးပြီး ဝယ်လာတဲ့ တစ်စုံတစ်ခုကို အလွန် တန်ဖိုးထားတယ်။ ကိုယ်နဲ့ မတော်တဲ့ အင်္ကျီပေမယ့် သူများကို မပေးရက်ဘဲ ဗီရိုထဲမှာ သိမ်းထားတော့တယ်။ သူက မေးရင်တော့ ပေး လိုက်ပြီပေါ့လို့ ပြောလေ့ရှိတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ကြိုက်တတ်တဲ့ ပန်းလို့ ထင်ပြီး တခြားပန်းတွေ ပွင့်နေတဲ့ သစ်ပင်ကို ဓာတ်ပုံတွေ ရိုက်လာတယ်။
“မင်းအတွက် မင်းကြိုက်တဲ့ပန်းတွေ တွေ့လို့ ကိုယ်ဓာတ်ပုံ ရိုက်လာတာ” လို့ ပြောတယ်။
“ဟင် ဒီ ညမွှေးပန်းကို မေ ကြိုက်တယ်လို့ ဘယ်သူက ပြောလဲ”
“ဟိုတစ်ခါ မေပြဖူးတဲ့ ပန်းလေ၊ မေ သိပ်ကြိုက်တယ်ဆို၊ မွှေးလည်း သိပ်မွှေးတယ်ဆို”
သူမက ရယ်မောပါတယ်။
“အဲဒီပန်းက ဧကရာဇ်ပန်းကွယ့် ဒီပန်း မဟုတ်ဘူး၊ အပင်ချင်းလည်း မတူဘူး၊ ဟိုက အပင်ကြီး၊ ဒါက ချုံပင်၊ သိလား”
“အို ဒီပန်းလည်း လှတာပဲကွနော်၊ မွှေးလိုက်တာလည်း အလွန်ပဲ၊ ညမှ ပွင့်လို့ ကိုယ်ညအချိန် အဲဒီရှေ့ကို သွားပြီး ခက်ခက်ခဲခဲ ရိုက်ယူခဲ့ရတာ၊ အောင်မာ ပန်းလေးတွေတောင် ကောက်လာခဲ့သေးတယ်၊ စာအုပ်ကြားမှာ ညှပ်ယူခဲ့တာ” လို့ မရမက ပြောရင်း ရယ်မော လိုက်ရုံပဲ ရှိပါတော့တယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ သွားလေရာမှာ သူကြိုက်တတ်တဲ့ စာရေးဆရာရဲ့ စာအုပ် တွေကို အားပါးတရ ဝယ်မိတော့တာပါပဲ။ သူမ ဝယ်သမျှက ဘယ်တော့မှ မမှားစေရဘူး။ သူ့ကို မပေးရခင် ဖတ်ရင်းလည်း စာအုပ်တိုင်း စာမျက်နှာတိုင်း စာကြောင်းတိုင်းဟာ သူ့မျက်နှာ၊ သူ့စကား၊ သူ့အသံတွေလိုပဲလို့ ခံစားလိုက်မိတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အခါ သူခရီးဝေးကနေ သူ့အတွက် သူပဲ စာအုပ်တွေ ဝယ်ပြီး ပြန်လာ တဲ့အခါ သူမက သူဝယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း ကောက်ကိုင်ကြည့်ပြီး
“ဒီစာအုပ်က ရှင့်မှာ ရှိပြီးသားလေ” လို့ သတိပေးနိုင်ခဲ့တယ်။
သူကတော့ မှား ဝယ်မိတာကို ဝန်မခံချင်တော့ အပြုံးမပျက်
“ဟုတ်တယ်၊ ဒီစာအုပ်က ကောင်းလွန်းတော့ နှစ်အုပ်လောက် ရှိရင် ပိုအဆင်ပြေတယ် မဟုတ်လား” လို့ပဲ ပြောလိုက်ရပါတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မိန်းမ အတွက်လား သူ့အတွက်လား ကိုယ့်ကိုယ်ကိုယ် မသေချာဘဲ ခရီးဝေးကြီးကို အချိန် အကြာကြီး သွားပြီး အလုပ်တွေ လုပ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ရပ် ဝေး ကို ရောက်နေတိုင်း နေ့စဉ်လိုလို တယ်လီဖုန်းနဲ့ လှမ်းဆက်ပါတယ်။ “ကိုယ် မင်းကို လွမ်းလှပြီ” လို့ လှိုက်လှိုက်လှဲလှဲ ပြောတတ် တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ကိုယ် မင်းကို လွမ်းလှပြီ ဆိုတဲ့ စကားရဲ့နောက် အနည်းဆုံး ခြောက် လ၊ တစ်နှစ်တော့ ထပ်ဝေးနေရဦးမယ် ဆိုတာ သူမက အလိုလို သိလိုက်ပြီးသား ဖြစ်ပါတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ပိုက်ဆံကုန်တဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကို ငြိုငြင်လေ့ ရှိပါ တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ တစ်ယောက် တစ်နယ်စီ ခြားလို့ မတွေ့ရ မမြင်ရ ကြာလာရင် သူမ အင်တာနက် သုံးနေတဲ့အချိန် သူ့ကို အွန်လိုင်းမှာ တွေ့ဆုံနှုတ်ဆက်ရုံမက စကားတွေ မဆုံးတမ်း ပြောနေချင်တယ်။ “နေကောင်းလား” “ထမင်းစားပြီးပြီလား” “မောင့်ကို လွမ်းတယ်” ဒီစကားတွေကို ရေးတတ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့ အခါ အွန်လိုင်းမှာ တွေ့ပြီး “ဟေး နေကောင်းလား” လို့ တစ်ခွန်း နှစ်ခွန်းလောက် နှုတ်ဆက်ပြီးတော့ သူ့အလုပ် ကိစ္စတွေကို မနားတမ်း စာပြန်နေတာမျိုး၊ စာရေးနေတာမျိုး လုပ်တတ်တယ်။


ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ “ကိုယ့်ကို လက်ထပ်တော့မလား” လို့ သူမရဲ့ ဆန္ဒကို ဦးစားပေး သလို မေးလေ့ရှိတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ မောင့် ဆန္ဒအတိုင်းပဲပေါ့လို့ ရှက်စနိုးနဲ့ ပြန်ဖြေလိုက်တယ်။
ဒါဖြင့် “မေ့ ဆန္ဒကရော”လို့ မေးရင်
“မေ့ဆန္ဒက မောင့်ဆန္ဒပါပဲ” လို့ ဖြေတယ်။
“ကိုယ်သိပြီ၊ မင်း ကိုယ့်ကို လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်လည်း ကိုယ်နားလည်ပါတယ်” လို့ သူက ပြောတယ်။
“ဘယ်သူက အဲလို ပြောလို့လဲ” လို့ သူမက နာကျင်မှုကို ဖုံးကွယ်ပြီး မေးတော့
“မင်းကို ကိုယ် အသိဆုံးပေါ့၊ မေ ကိုယ့်ကို အားနာနေတယ် မဟုတ်လား” လို့ ပြောတယ်။
“ဟုတ်တယ်၊ တကယ်တော့ မောင့်ကို ကျွန်မ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး၊ တော်တော်နဲ့လည်း အဆင်သင့်ဖြစ်မှာ မ ဟုတ်ဘူး” လို့ သူမက ပြောလိုက်ရင် သူက ယုံတတ်တယ်။ အဲဒီစကားကို သူက မျက်နှာပျက်သွားတယ်။ နာကျင်တဲ့ဟန်ကို မဖုံးကွယ် ဘူး။
“မင်း ကိုယ့်အပေါ် မကြိုက်တာတွေ ဘာရှိလဲ” လို့ သူက မေးတယ်။
“အို အများကြီးပဲပေါ့” လို့ သူမက ဖြေတယ်။
“ဟိုဇာတ်ကား ကြည့်ဖူးတယ် မဟုတ်လား၊ မင်းနဲ့ ပတ်သက်လို့ ကိုယ်မုန်းတဲ့ အချက် ၁၀ ချက်ဆိုတဲ့ ဇာတ်ကားလေ၊ အဲဒီ ကောင်မလေးက ၁၀ ချက်ပဲ ရှိတယ်၊ ကျွန်မက အချက် ၂၀ လောက် ရှိတယ်၊ ရွတ်ပြရမလား”
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မကြားချင်ဘူးလို့ မပြောရက်ဘဲ မချိပြုံးနဲ့ သူမ ပြောသမျှကို နား ထောင်ဖို့ ကြိုးစား ကြည့်တတ်ပါတယ်။
“ငွေ အသုံးအဖြုန်း ကြီးတာကို ကျွန်မ မကြိုက်ဘူး၊ ကတိတွေ ပျက်ကွက်တာကို ကျွန်မ မကြိုက်ဘူး၊ ကျွန်မနဲ့ မောင်ရဲ့ နှစ် ယောက်သား ဆက်စပ်မှု အခြေအနေကို သူငယ်ချင်းတွေကိုတောင် အမှန်အတိုင်း ဖွင့်မပြောဘဲ သူငယ်ချင်း အဆင့်လိုလို ဘာလိုလိုနဲ့ ဖုံး ကွယ် လျှို့ဝှက်ထားတာကို ကျွန်မ မကြိုက်ဘူး၊ လူရှေ့ သူရှေ့မှာ ကျွန်မကို မျက်နှာတည်ကြီးနဲ့ ဘာမှ မဆိုင်သလို စကားပြောတတ်တာ ကို ကျွန်မ မကြိုက်ဘူး၊ မကြိုက်ဘူး မကြိုက်ဘူး မကြိုက်ဘူး . . . တွေ အများကြီးကို ဆုံးအောင် သူ နားမထောင်နိုင်တော့ပဲ တစ်ချက် ချင်းကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ သူမကလည်း သူမ အမှန်။ သူကလည်း သူ အမှန်။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်း စကားများတဲ့အခါ နောက်ဆုံးတော့ သူက “ကိုယ် အင်တာနက်ဆိုင် သွားလိုက်ဦးမယ်” လို့ ထွက်သွားပြီး သူမက ကော်ဖီဆိုင်မှာ တစ်ယောက်တည်း ကျန် နေခဲ့တယ်။ နောက်နာရီဝက်လောက် ကြာရင်တော့ သူမဆီ ဖုန်းဆက်လာတယ်။ “ကိုယ် ချိန်းထားတာ တစ်ခုရှိလို့ မင်းအိမ်ကို လိုက်မပို့ နိုင်တော့ဘူး၊ ကား ငှားသွားနော်” တဲ့။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ နှစ်ယောက်ရဲ့ အနာဂတ်အတွက် ကိုယ်တစ်ယောက်တည်းသာ တာဝန်ရှိတဲ့ ပုံစံမျိုး၊ ငွေစုချင်ဇောနဲ့ အငှားကားစီးမယ့် ပိုက်ဆံကို နှမြောလို့ ဘတ်စ်ကားကိုပဲ ရွေးလေ့ရှိတယ်။ သူ့ကိုတော့ အငှားကားနဲ့ သွားတာလို့ လိမ်လည်ပြောလေ့ရှိတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ပင်ပန်းမှာ အနေကျပ်မှာ သိလို့ အားလပ်ချိန်မှာ သူနဲ့အတူ သူ့အလုပ်ကိစ္စနဲ့ သွားသမျှ နေရာတကာ မလိုက်စေချင်ဘဲ အိမ်မှာ ဂီတနားထောင်၊ ရုပ်ရှင်ကြည့်၊ အနားယူ အပန်းဖြေ နေစေချင်တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့အနီးမှာ နေနိုင်သမျှ တွယ်ကပ်ပြီး သူ့ဘေးမှာ အရိပ်တစ်ခု ဖြစ်ချင် တယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညအချိန်တွေမှာ တယ်လီဖုန်းထဲမှာ မက်ဆေ့ခ်ျစာလေးတွေ ရေး ပို့တတ်တယ်။
“နေ့လယ်က ကိုယ် ပြောလိုက်မိတာကို စိတ်ဆိုးလား”
“မနက်ဖြန်ကျရင် ကော်ဖီဆိုင်မှာ တွေ့ကြမလား”
“မေ ဘာလုပ်နေလဲ၊ စာဖတ်နေလား၊ သီချင်း နားထောင်နေလား”


ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညသန်းခေါင် တယ်လီဖုန်းနဲ့ စာပြန်မရေးတဲ့ သူမကို သဘောကျ စွာ ရယ်မောလို့ စာတစ်စောင် ပြန်ရေးလိုက်ရင်း ညကို အဆုံးသတ် လိုက်ရတယ်။
“မင်း အိပ်နေပြီ မဟုတ်လား၊ အိပ်မက်လှလှ မက်ပါစေ” တဲ့။
သူပြောတာတောင် နောက်ကျနေသေးတယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမက ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်ထဲမှာ မွှေးပျံ့တဲ့ ပန်းပင်အောက်မှာ သူနဲ့အတူ ထိုင်ပြီး သူ့ပခုံးကို နွဲ့မှီထားတတ်ပါတယ်။ အိပ်မက်ထဲမှာ နှစ်ယောက်သား ပြုံးလို့ပေါ့။

ဂျူး
(သရဖူ၊ နိုဝင်ဘာလ၊၂၀၁၁)

ကျေးဇူးတင်ခြင်း
ကျွန်တော်တို့ Page တွင် တင်ရန် ယခုဝတ္ထုတိုလေးကို သရဖူမဂ္ဂဇင်းမှ မိတ္တူကူးယူ၍ ကျွန်တော့်အား ပေးသော မရိုစီ (Ro zy) အား ကျွန်တော်တို့ Admin Team မှ ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါသည်။

One of Admins

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...