Monday, August 27, 2012

ကိုယ်ရယ်..မေမေရယ်..လောကဒဏ်ရယ်


by Linn Yaung on Monday, August 27, 2012 at 6:52am 


အဲဒီတုန်းက ကိုယ် အရမ်းဆင်းရဲတယ်။
ကိုယ် ဆင်းရဲတယ်ဆိုတာထက် ကိုယ်တို့အိမ်လေးက ဆင်းရဲခဲ့တယ်ဆိုပါတော့။
အဲဒီလို ဆင်းရဲခဲ့လို့လဲ ကိုယ်ဒီအဖြစ်အပျက်တွေကို ကောင်းကောင်းမှတ်မိနေတာဖြစ်မှာပါ။
ကိုယ်က ခါးသီးစရာကောင်းတဲ့ အဖြစ်အပျက်တွေဆိုရင် ခေါင်းထဲမှာ စွဲစွဲမြဲမြဲမှတ်မိနေတတ်တယ်။

အကုန်လုံးကို မှတ်မိနေတာတော့ မဟုတ်ဘူးပေါ့။ ဘာလို့ဆို ကိုယ့်ဘ၀ရဲ့ ခါးသီးမှုတွေက မှတ်လို့မနိုင်လောက်အောင်ပဲ အများအပြားရှိခဲ့တာမို့ပါ။ ကိုယ်မှတ်မိသလောက်ပြန်ပြောပြပါ့မယ်။
********************

အဲဒီမနက်က ကိုယ်မေမေနဲ့ လိုက်သွားတယ်။ မေမေ့ရဲ့ ဖောက်သည်အန်တီကြီးဆီကို သူအပ်ထားတဲ့ အကျီ င်္တွေပြီးလို့သွားပေးတာပါ။
ကိုယ့်မေမေက အပ်ချုပ်သမလေးတစ်ယောက်လေ။ ကိုယ်တို့မြို့လေးမှာတော့ မေမေက တော်တော်နာမည်ရတယ်။
ယုယုမေဆိုတဲ့ မေမေ့နာမည်တောင် လူတွေက သိပ်မခေါ်ကြတော့ဘူး။ ယုဝတီဆိုတဲ့ မေမေ့ဆိုင်နာမည်လေးကို မေမေ့နာမည်ထင်ပြီး ညီမလေးယုဝတီ၊ မမယုဝတီလို့ပဲ ခေါ်ကြတော့တယ်။
လက်ရာကောင်းတယ်။ ရက်ချိန်းမှန်တယ်ဆိုပြီး အန်တီတွေ၊ မမတွေက မေမေ့ဆီမှာပဲ အကျီ င်္တွေလာလာအပ်ကြတယ်။
မေမေက ဆိုင်နဲ့ကနားနဲ့ လူစည်ကားတဲ့ မြို့ထဲလို နေရာလေးမှာ ဖွင့်ထားတာမဟုတ်ပေမယ့် မေမေရဲ့ အိမ်ဆိုင်လေးအထိ အကျီ င်္တွေလာလာအပ်ကြတယ်။ မေမေက လက်ဖက်ရည်သောက်ရင် ချိုခါးပဲသောက်တာ အဲဒါကြောင့်မို့ပေါ့။
ညညဆို မအိပ်ချင်အောင်လေ။ ကပ်ကြေးသံ တစ်ချပ်ချပ်.. စက်ချုပ်သံ တစ်ဝေါဝေါနဲ့ မေမေဟာ ညတိုင်းနီးပါး ညည့်နက်တဲ့အထိ အလုပ်လုပ်ရရှာတယ်။ သူများတွေလို စက်ချုပ်သင်တွေ အလုပ်သမားတွေမငှားနိုင်ဘူးဆိုတော့ မေမေပိုပင်ပန်းတာပေါ့။
မေမေ့ဆိုင်ထဲက မှန်ဘီရိုလေးဆိုရင် အပ်ထည်ပိတ်စတွေနဲ့ အမြဲပဲ ပြည့်နေတတ်တယ်။

များသောအားဖြင့်တော့ မေမေ့ဖောက်သည်တွေက ရက်ချိန်းပြည့်တဲ့နေ့ဆို အိမ်မှာပဲ ကိုယ်တိုင်လာရွေးကြတာပါ။
ဒါပေမယ့် အဲဒီအန်တီကြီးတစ်ယောက်ဆိုရင်တော့ မေမေကိုယ်တိုင်သွားသွားပို့ပေးတယ်။
သွားပို့ပေးတိုင်းလဲ မေမေက ကိုယ့်ကို ခေါ်ခေါ်သွားတတ်တယ်။ အဲဒီအန်တီကြီးက ကိုယ့်ကို ချစ်လို့တဲ့။
ကိုယ်လိုက်သွားရင် အအေးတိုက်တယ်။ ချောကလက်လို့ခေါ်တဲ့ မုန့်ပြားလေးအမြဲထုတ်ကျွေးတတ်တယ်။
အဲဒီအန်တီဆီသွားရရင် ကိုယ်သိပ်ပျော်တာပေါ့။
အဲဒီအန်တီကြီးက မြို့ထဲမှာ ရွှေဆိုင်ဖွင့်ထားတယ်။ သူ့ဆိုင်ကို ရောက်ရင် မေမေက မှန်ပုံးထဲက ရွှေဆွဲကြိုးတွေကို အမြဲတမ်းငုံ့ငုံ့ကြည့်တတ်ပေမယ့် ကိုယ်ကတော့ မကြည့်ပါဘူး။ ကိုယ် ကြည့်တာက အဲဒီရွှေဆိုင်ဘေးက အရုပ်ဆိုင်ကိုပါ။
အန်တီကြီးကျွေးတဲ့ မုန့်စားပြီးရင် ကိုယ်ကတော့ အဲဒီ အရုပ်ဆိုင်ထဲကို သွားသွားကြည့်တာပါပဲ။ အဲဒီဆိုင်မှာ ရုပ်ရှင်ထဲမှာ ပါတဲ့ စက်ရုပ်အရုပ်ကလေးတွေ အများကြီးရှိတယ်။ ကိုယ့် သိပ်လိုချင်ခဲ့တာပေါ့။ အဲဒီနေ့ကလည်း ကိုယ်အရမ်းလိုချင်တဲ့ အရုပ်ကလေးတစ်ရုပ်တွေ့ခဲ့တယ်။ ကိုယ်သိပ်ကြိုက်တဲ့ ပါဝါရိန်းဂျားရုပ်ကလေးပေါ့။ ဆိုင်ကိုရောက်တာ မကြာသေးဘူးထင်ပါတယ်။
အရင်က ကိုယ်အဲဒီအရုပ်ကလေးကို မမြင်ဖူးဘူး။
ဦးဦးဒါလေးက ဘယ်လောက်လဲလို့ ဆိုင်ရှင်ဦးလေးကြီးကို မေးကြည့်တော့ ၁၃၀၀ ကွ ဖိုးသားရ... ဘာလဲ..မင်းမေမေကို ပူဆာမလို့ လားလို့ ကိုယ့်ကိုမေးတယ်။
ကိုယ် ဆက်ခနဲဖြစ်သွားတယ်။
တကယ်တော့ ကိုယ်လိုချင်တဲ့အရုပ်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ်တစ်ခါမှ ဈေးမမေးဖူးဘူး။
သူ့ဆိုင်ကို ခဏခဏ၀င်ကြည့်ပြီး တစ်ခါမှ မ၀ယ်နိုင်တဲ့ ကိုယ့်ကို သူမှတ်မိနေမှာပေါ့။ ကိုယ်မ၀ယ်နိုင်တာကိုလဲ သူသိမှာပါ။
ဒါပေမယ့် ဒီပါဝါရိန်းဂျားရုပ်ကလေးကိုတော့ ကိုယ် အရမ်းလိုချင်မိတယ်။ သူပြောသလို မေမေ့ကို ကိုယ်ပူဆာရင်ကောင်းမလား။
ဒီနေ့ ရွှေဆိုင်က အန်တီကြီးကို အပ်ထည်တွေလာပေးတာ အများကြီးမှန်းကိုယ်သိတယ်။ ဒါဆို မေမေပိုက်ဆံတွေအများကြီးရမှာပဲ မဟုတ်လား။ ကိုယ် မေမေရှိနေတဲ့ ရွှေဆိုင် လှစ်ခနဲပြန်ပြေးတယ်။ ဆိုင်ပေါက်ဝမှာ ချိတ်ထားတဲ့ အရုပ်တွေကို ၀င်တိုက်မိလို့တောင် ဆိုင်ရှင်ဦးလေးကြီးက ဖြည်းဖြည်းသွားပါ ဖိုးသားရယ်... မင်းပါဝါရိန်းဂျားက ထွက်မပြေးပါဘူးကွ... လို့တောင် လှမ်းပြောလိုက်သေးတယ်။

****************************

ကိုယ် ရွှေဆိုင်ထဲကို ရောက်တော့ မေမေရှိမနေဘူး။
ကောင်တာက မမကို သားမေမေကောဟင်..လို့ မေးတော့
ဖိုးသား မေမေက နောက်ခန်းထဲမှာဆိုတာနဲ့ ရွှေဆိုင်ရဲ့ နောက်က အခန်းထဲကို လိုက်ဝင်သွားတယ်။
ကိုယ်သိပါတယ်။ ရွှေဆိုင်က အန်တီကြီး သူ့အကျီ င်္အသစ်တွေကို စမ်းဝတ်ကြည့်နေတာနေမှာပေါ့။
အရင်အခေါက်တွေကလည်း အဲဒီလိုပဲ နောက်ခန်းထဲမှာ ၀တ်ကြည့်တာပဲမဟုတ်လား။

“ဟင်”
ကိုယ် အံ့သြသွားတယ်။
ကိုယ်ထင်သလို မဟုတ်ဘူး။ ရွှေဆိုင်က အန်တီ အကျီ င်္တွေ ၀တ်နေတာ မဟုတ်ဘူး။
ဆိုဖာခုံပေါ်မှာထိုင်နေတယ်။ ကိုယ့်မေမေက အန်တီကြီးရဲ့ ရှေ့နားလေးမှာ ငုတ်တုပ်ကလေးထိုင်ပြီး ငိုနေတယ်။
ဘာဖြစ်တာလဲ...။ မေမေ ဘာလို့ ငိုတာလဲ။ ဟိုအန်တီက အကျီ င်္တွေ ချုပ်တာ မကောင်းလို့ ဆူနေတာလား။
ကိုယ် ကြောက်တာနဲ့ ဆက်ဝင်မသွားပဲ တံခါးနားလေးမှာ ရပ်ပြီး ခိုးကြည့်လိုက်တယ်။

“မမရယ်... ဒီတစ်လတော့ စောင့်ပေးပါနော်..
နောက်လကျတော့ နှစ်လစာ အတိုးကော အရင်းကော ဆပ်နိုင်အောင် ကြိုးစားပါ့မယ်...
ဖေဖေက တစ်နေ့တစ်ခြား အရမ်းဆိုးလာလို့ ဆေးရုံမတင်ရင် မဖြစ်တော့လို့ပါ...
ဒီတစ်လတော့ ခွင့်လွှတ်ပေးပါနော်....”

“အို ... ယုဝတီရယ်.. လူတိုင်းက ကိုယ့်အခက်အခဲနဲ့ ကိုယ်တွေချည်းပဲပေါ့..
မမက ညည်းကို သနားလို့ ဘာအပေါင်မှ မပါဘဲ ထုတ်ပေးထားရတာ...
သူများတွေ ဘယ်သူ့ကိုမှ ပေးတာ မဟုတ်ဘူး.. အတိုးလေးတော့ မှန်မှန်ဆပ်မှပေါ့အေ”

အန်တီကြီးအသံက ကိုယ့်ကို စကားပြောသလို ချိုချိုသာသာမဟုတ်ဘူး။
ဒီလို ခပ်မာမာပြောတာလဲ ကိုယ်တစ်ခါမှ မမြင်ဖူးဘူး။ အခုတော့ မေမေ့ကို ပြောနေတာက မာဆက်ဆက် ပြတ်တောင်းတောင်းနဲ့ပေါ့။
မေမေကတော့ ခေါင်းလေးငုံ့.. တသိမ့်သိမ့်ရှိုက်ရင်း ငိုပြီးတောင်းပန်နေတယ်။
မေမေ့ကို ငိုအောင်လုပ်လို့ ကိုယ်အဲဒီအန်တီကြီးကို မုန်းသွားတယ်။
သူက ဆက်ပြောတယ်။
“ကဲ ..ကဲ.. ညည်းဒီတစ်လ မပေးနိုင်ရင်လဲ အကုန်မပေးနဲ့ .
ဒါပေမယ့် ပေးနိုင်သလောက်တော့ပေးခဲ့.. အခု ဒီအကျီ င်္ ချုပ်ခတွေ ကျသလောက်နဲ့ နှိမ်လိုက်မယ်...
လိုတာတွေကို နောက်လကျမှ ပေါင်းဆပ်... ဒါပဲနော် နောက်လဆိုရင်တော့ ဒီလို ဖြစ်လို့မရဘူး..
မမက ညည်းတစ်ယောက်တည်းနဲ့ အလုပ်လုပ်ရတာ မဟုတ်ဘူး..”

“ဟုတ်ကဲ့ပါ..မမရယ်..ကျေးဇူးတင်ပါတယ်...
နောက်လဆိုရင်တော့ ကျန်တဲ့ပိုက်ဆံကော နောက်လအတွက်အတိုးကော ပေါင်းဆပ်ပါ့မယ်..
မမကျေးဇူးကို မမေ့ပါဘူး.. အခု အကျီ ချုပ်ခက နှစ်ထောင့် လေးရာ ကျတာ.. နှစ်ထောင့်နှစ်ရာပဲ ပေးပါနော်.. ”

“အို .. နှစ်ထောင်ပဲ ထားလိုက်ပေါ့အေ.. မမလဲ .. စာရင်းနှုတ်ရလွယ်တာပေါ့...” ဆိုပြီး အန်တီကြီးက အကျီ င်္ထုတ်ကို ကောက်သိမ်းလိုက်တယ်။
မေမေက ဟုတ်ကဲ့..ရပါတယ်..မမရယ်.. ဆိုပြီး မျက်ရည်တွေ သုပ်နေချိန်မှာ ကိုယ်က မေမေ့ကို သနားလို့ မျက်ရည်ကျလာတယ်။
မေမေ ဒီအန်တီ့ဆီက ပိုက်ဆံချေးတာတွေ ကိုယ် ဘယ်သိမလဲ.. ။
မေမေ့ကို ဒီအန်တီက ဒီလို အနိုင်ကျင့်တာတွေ ကိုယ် ဘယ်သိမလဲ..။
သိရင် သူတိုက်တဲ့ အအေးလဲ မသောက်ဘူး.. သူကျွေးတဲ့ မုန့်လဲ ကိုယ်စားမိမှာ မဟုတ်ဘူး။
အခုတော့ မေမေ့ကို ကိုယ်အရမ်းသနားနေမိတယ်။
မေမေက မျက်ရည်တွေ သုပ်ပြီး ပြန်ဖို့ထွက်လာတော့  ငိုနေတဲ့ကိုယ့်ကို မတွေ့အောင် ပန်းရုံလေးနဲ့ကွယ်ပြီး မျက်ရည်အမြန်သုပ်ရသေးတယ်။ ကိုယ် မေမေ့ကို ပါဝါရိန်းဂျားရုပ်လေး မပူဆာတော့ပါဘူး။ 
မေမေ သနားပါတယ်။

******************************

ရွှေဆိုင်ထဲက ထွက်ပြီး အပြင်ကိုရောက်တော့ .. မေမေက သူလိုတဲ့ အပ်ချည်တွေ..အထက်ဆင်စတွေ သွားဝယ်တယ်။
ဝယ်ပြီး ပြန်ထွက်လာတော့ .. သားလေး .. ရေခဲမုန့်သွားစားမယ်လေ...လို့ ပြောတယ်။
မေမေနဲ့ ကိုယ်နဲ့ မြို့ထဲကို လာတိုင်း ရေခဲမုန့်စားနေကြပါ.။
ဒူးရင်းသီးနံ့နဲ့ ရေခဲမုန့် ကိုယ်သိပ်ကြိုက်တာကို မေမေသိတယ်။
ဒါပေမယ့် ဒီနေ့တော့ ကိုယ် ရေခဲမုန့် မစားချင်တာ မေမေ မသိဘူး။
အန်တီကြီးဆီက ချုပ်ခမရခဲ့တဲ့အကြောင်း ကိုယ်သိနေတာကို မေမေ မသိဘူး။
ကိုယ် မေမေ့ကို သနားနေတာကို မေမေ မသိဘူး။
ကိုယ် ရင်ထဲမှာ ငိုချင်လာလို့ မေမေ့ကို တစ်ခွန်းပဲ ပြောလိုက်နိုင်တယ်။
“မေမေ... ကိုယ် ..ဒီနေ့ ရေခဲမုန့် မစားချင်ဘူး”

*********************************

အိမ်ကို ပြန်ရောက်တော့ မေမေက ပုံစံမပျက်ဘူး။
ကိုယ်ကတော့ ပုံစံပျက်တယ်။ ကိုယ် ဖိုးဖိုးနားကို သွားတယ်။
ဖိုးဖိုးကို သေချာကြည့်တယ်။
“ဖိုးဖိုး ညောင်းနေလား.. ကိုယ် နှိပ်ပေးရမလားလို့ မေးတယ်”
ဖိုးဖိုးက ချောင်းတစ်ဟွတ်ဟွတ်ဆိုးရင်း ပြောတယ်...။
“သားသား.. ဖိုးဖိုးကို လာ ဖားနေတာလား .. မုန့်စားချင်လို့လား.”တဲ့.။
ဖိုးဖိုးက ခေါင်းဦးအောက်ကို လက်နှိုက်ပြီး ကျပ်တန်လေးတစ်ရွက်ထုတ်ပေးတယ်။
“မဟုတ်ပါဘူး ..ဖိုးဖိုးရယ်.. ကိုယ် မေမေနဲ့ မြို့ထဲက မုန့်စားလာတယ်”ဆိုတော့ ..
ငါ့မြေး အလိမ္မာလေး.. ဖိုးဖိုးဆီလာပါဦးဆိုပြီး ဖိုးဖိုးက ကိုယ့်ကို ဖတ်ထားတယ်။
ကိုယ်ကလည်း ဖိုးဖိုးကို တင်းနေအောင် ပြန်ဖက်ထားတယ်။
ဖိုးဖိုး နေမကောင်းတာ ကိုယ် အခုမှ သိတယ်။
ဖိုးဖိုး ဆေးရုံတက်ရတော့မယ်။

ညရောက်တော့ .. မေမေက ထုံးစံအတိုင်း လက်ဖက်ရည် ချိုခါးတစ်ခွက်နဲ့ စက်ချုပ်နေတယ်။
ကိုယ်ကတော့ အိပ်ယာပေါ်မှာ အိပ်မပျော်နိုင်ဘူးပဲ။
ပိုက်ဆံချမ်းသာပြီး သဘောဆိုးတဲ့ ဟိုအန်တီကြီးကို ပြန်မြင်ယောင်မိတယ်။
မျက်ရည်တွေကျပြီး တောင်းပန်တိုးလျှိုးနေတဲ့ မေမေ့ကို ပြန်မြင်ယောင်မိတယ်။
ပြီးတော့ .. ကိုယ့် လိုချင်ခဲ့တဲ့ ပါဝါရိန်းဂျားရုပ်ကလေးကို ပြန်မြင်ယောင်နေမိတယ်။
ကိုယ် မြန်မြန် အိပ်ပျော်သွားချင်တယ်။

ပြီးတော့ .. ကိုယ်ကြည့်ဖူးတဲ့ ဇာတ်ကားထဲက ကောင်လေးလို မနက်မိုးလင်းလို့ မျက်လုံးဖွင့်လိုက်ရင်
ကိုယ်လိုချင်တဲ့ ပါဝါရိန်းဂျားအရုပ်ကလေးကို ကိုယ့်ခြင်ထောင်အမိုးမှာ ရောက်လာနေစေချင်တယ်။
အဲဒီဇာတ်ကားထဲက ကောင်းလေးက ပိုက်ဆံချမ်းသာတော့ သိပ်ကောင်းတာပဲ။
သူလိုချင်တဲ့ အရုပ်ကို ပူဆာရင် သူ့ဖေဖေက ၀ယ်ပေးပြီး ကောင်လေး အိပ်နေတုန်း ခြင်ထောင်အမိုးမှာ ကြိုးကလေးနဲ့ ချည်ပြီး ချိတ်ထားပေးတတ်တယ်။ အိပ်ယာက နိုးနိုးခြင်း ကိုယ်လိုချင်တဲ့ အရုပ်ကလေးကို မြင်ရတာ သိပ်ပျော်ဖို့ ကောင်းမယ်လို့ထင်တယ်။
ကိုယ်လဲ အဲဒီလိုလေးဖြစ်ပါစေလို့ ဆုတောင်းမိတာပေါ့။
ဒါပေမယ့် မဖြစ်နိုင်မှန်းတော့ သိပါတယ်။
ကိုယ့်မှာက ရုပ်ရှင်ထဲက ကောင်လေးလို ဖေဖေမှ မရှိတော့တာပဲ။

အဲဒီညက အိပ်မက်မက်တော့ ကိုယ်က ပါဝါရိန်းဂျားဖြစ်နေတယ်။
-------------------------------------------------------------------------------
(လင်းရောင်)

ကျွန်တော့်ရဲ့ အမှတ်တရတွေဖြစ်ပါတယ်။
တစ်ပိုင်းခြင်းရေးသွားပြီး တစ်ချိန်ချိန်မှာ စာမျက်နှာထက်ကို ရောက်လာမလားလို့ မျှော်လင့်ထားတဲ့ စာစုလေးတွေဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...