Thursday, August 30, 2012

မောင်ဝါဝါနှင့် ဖေ့စ်ဘုတ် နေ့လည်ခင်း


by ရသစာပေအနုပညာဘလော့ဂ် on Thursday, August 30, 2012 at 12:09am ·

- သူရဿဝါ -

ဒီနေ့ ရုံးပိတ်ရက် ဆိုတော့ ထုံးစံအတိုင်း မောင်ဝါဝါ အိမ်မှာ မနေဘဲ သူငယ်ချင်း ဖြစ်သူ မယ်ဆူး၏ အိမ်ကို အလည် သွားမည်ဟု ဆုံးဖြတ် လိုက်သည်။ “ဆူးမ .. နင့်ဆီငါ လာလည်မယ် .. နေ့လည်စာ ကျွေးပါ” ဟု အွန်လိုင်းမှ နေ၍ လှမ်းပြော လိုက်သည်။ သိပ်မကြာ .. မယ်ဆူး၏ ဖေ့စ်ဘုတ် ဝေါလ်ပေါ်တွင် စတေးတပ်စ် တစ်ခု ချက်ချင်း တက်လာသည်။


“မောင်ဝါဝါ ဒီနေ့ အိမ်ကို အလည် လာမယ်တဲ့ … နေ့လည်စာ ထမင်းကျွေး ရမယ်လို့ ပြောတယ် ..”
မောင်ဝါဝါ လာလည်မည့် အကြောင်း ဘယ်သူ့ကို အသိပေး တာပါလိမ့်။ ရောက်မှ မေးတော့မည်။ အခု လောလောဆယ် အိမ်က အရင်ထွက်မည်။ ဒီလိုနှင့် မောင်ဝါဝါ မယ်ဆူးအိမ် ရောက်လာသည်။ အိမ်ထဲတွင် ကွန်ပျူတာ တစ်လုံးနှင့် အင်တာနက် သုံးနေသော မယ်ဆူးကို လှမ်းတွေ့သည်။ မောင်ဝါဝါ တံခါးပေါက်ဝမှ လှမ်း၍ နှုတ်ဆက် လိုက်သည်။

“ဟေ့ .. ဆူးမ .. ငါရောက်ပြီဟေ့ ..”
မောင်ဝါဝါ နှုတ်ဆက်တာ ကြားတော့ မယ်ဆူး တစ်ချက် လှမ်းကြည့်သည်။ ပြီးတော့ မောင်ဝါဝါ့ ကိုပင် အရေး မလုပ်ဘဲ သူ့ကွန်ပျူတာမှာ တဂျောင်းဂျောင်းနှင့် စာရိုက် လေတော့သည်။ မောင်ဝါဝါ မယ်ဆူး အနားကို ကပ်၍ သွားကြည့်တော့ …

“မောင်ဝါဝါ အငတ်ကြီး .. ရောက်လာဘီ”
“အွန် ..”
မောင်ဝါဝါ အွန်သွားသည်။ ဘယ်လို ဖြစ်လို့ မောင်ဝါဝါ ရောက်လာ တာများ အရေးတယူ ဖေ့စ်ဘုတ်ပေါ် တင်လိုက် ပြန်ပါလိမ့်။ မောင်ဝါဝါလည်း သူ့ဘေးမှာ ဝင်ထိုင် လိုက်သည်။ မောင်ဝါဝါ့ကို တစ်ချက်မှ လှည့်မကြည့်ဘဲ လှမ်း ပြောသည်။

“ဘာဖြစ်လို့လဲမသိဘူး .. ခေါင်းတွေ မူးနေတယ်ဟာ .. မနက်ကတည်းက”
“အေး .. ခေါင်းမူးရင် ဆေး …”
မောင်ဝါဝါ့ စကားပင် မဆုံးလိုက်။ သူက ခေါင်းမူးသည့် အကြောင်းကို ဖေ့စ်ဘုတ်ပေါ် တင်ပြီးသား ဖြစ်နေပြီ။ ဖေ့စ်ဘုတ် ထဲမှာ သူခေါင်းမူး တာကို ဆေးကု ပေးမည့် ဆရာဝန် ရှိတာ ကျနေတာပဲ။ ဘယ်လို ဖြစ်နေ မှန်းကို မသိ။ ဒီလိုနဲ့ နှစ်ယောက်သား စကား ပြောလိုက်၊ မယ်ဆူး တစ်ယောက် ဖေ့စ်ဘုတ် လှည့်သုံးလိုက်နှင့် နေ့လည် ထမင်းစားချိန် ရောက်လာ သည်။ သူချက် ကျွေးတာများ စားရ မလားလို့ ဘယ်ဟုတ်မလဲ .. လမ်းထိပ် ထမင်းဆိုင်မှ ဟင်းတွေ သွားဝယ် ချလာပြီး ပန်းကန်ထဲ ထည့်ကာ ယူလာသည်။ ယူလာပြီး တော့လည်း ချက်ချင်း စားလို့ မရ။ ထို ဟင်းပန်းကန် တွေကို တစ်ပန်းကန်ချင်း ဓါတ်ပုံ လိုက်ရိုက် နေသေးသည်။ မောင်ဝါဝါလည်း နားမလည်နိုင်။

“ဟဲ့ .. အဲဒါက ဘာလုပ် တာတုန်း” ဆိုတော့ .. လက်ကာပြ၍
“နင် အသာနေစမ်းပါ ..” ဟု ပြန်ပြော လေသည်။ ပြီးတော့ ထိုဓါတ်ပုံ တွေကို ကွန်ပျူတာ ထဲကိုပြောင်း၊ ပြီးတော့ ဖေ့စ်ဘုတ်တွင် ထိုဟင်းပန်းကန် ပုံများကို တင်လေ တော့သည်။ အောက်ကနေ စာလည်း ရေးလိုက်သေး။

“သူငယ်ချင်းတွေ စားဖို့ .. ဆူးဆူး ကိုယ်တိုင် ချက်ထားတဲ့ ဟင်းတွေ .. အတူတူစားကြမယ်နော်” တဲ့။ ကြည့်စမ်း။ ဘယ်လောက် မေတ္တာ တုံးစရာ ကောင်းသလဲလို့။ လိမ်တာမှ မောင်ဝါဝါ တစ်ယောက်လုံးကို ရှေ့ထားပြီး ဗြောင်ကို လိမ်နေတာ။ သူ့ဟာသူ လိမ်ပြီး ဓါတ်ပုံတွေ ဖေ့စ်ဘုတ်ပေါ် တင်တာက အရေးမကြီး။ မောင်ဝါဝါမှာ သူဓါတ်ပုံ တင်၍ မပြီး မချင်း ထမင်း မစားရသဖြင့် တွန့်လိမ် ကောက်ကွေးပြီး စောင့်လိုက် ရသည်။ ထမင်း စားရင်းဖြင့် မောင်ဝါဝါ မယ်ဆူးကို မေးမိသည်။

“နင် .. ဘာဖြစ်လို့ တစ်နေကုန် ဖြစ်သမျှ ပျက်သမျှကို ဖေ့စ်ဘုတ်ပေါ် Live Stream လွှင့်နေတာလဲဟေ .. နင် တစ်ချိန်လုံး လုပ်သမျှ ကိုင်သမျှကို အွန်လိုင်းက တဆင့် အသိပေး ရမယ့်လူများ ရှိနေလို့လား”
“ဟဲ့ .. ဒါက ခေတ်ပေါ် ဖေ့စ်ဘုတ် စတိုင်ဟဲ့ .. Status Box ကြီးတွေ ထားထားတာ ဘာလုပ်ဖို့တုန်း .. အဲဒါတွေ ရေးဖို့လေ”
ထမင်းစား၍ ပြီးသွားတော့ ဧည့်သည် ဖြစ်သော မောင်ဝါဝါက ပန်းကန်တွေ ဆေးရသည်။ သူကတော့ ကွန်ပျူတာ ရှေ့မှာ အခန့်သား ပြန်ထိုင်၍ နေလေသည်။ ပန်းကန် ဆေးပြီး ပြန်ထွက် လာတော့ မယ်ဆူးမှာ သူမနက် ကတည်းက တင်ထားသော စတေးတပ်စ်တွေ၊ ဓါတ်ပုံတွေ အောက်မှာ လိုက်ခ် ဘယ်နှစ်ခု ရသလဲ၊ ကော်မန့် ဘယ်နှစ်ခု ရသလဲ ဆိုတာကို စိတ်ရှည် လက်ရှည် ရေတွက် ကြည့်ရှု နေပြန်သည်။ ပြီးတော့ မောင်ဝါဝါကို ခေါ်၍ ပြောသည်။

“ငါ ပြောတဲ့ ဖေ့စ်ဘုတ် ခေတ်ပေါ် စတိုင်တွေ ပြမယ် … ဒီမှာကြည့် … ငါတစ်ယောက်တည်း ဒီလို လုပ်တာ မဟုတ်ဘူးဟဲ့” ဟုဆိုကာ ဖေ့စ်ဘုတ် ပေါ်တွင် သူ့ကဲ့သို့ အခြား သူများ ရေးထား ကြသော စတေးတပ်စ် များ၊ ဓါတ်ပုံ များကို မောင်ဝါဝါအား ပြသ လေတော့သည်။ လူပေါင်းစုံ ရေးထားခြင်း ဖြစ်သဖြင့် အကြောင်းအရာလည်း ပေါင်းစုံ လှလေ၏။

“အခု .. တော်ဝင်စင်တာက အိမ်သာထဲမှာ .. ဒန် တန် တန်”
“ကော်ဖီနဲ့ ဂျယ်လီ တွဲစားကြည့်ရင် ဘယ်လိုနေမလဲမသိဘူး ဟီဟိ”
“ပျင်းလိုက်တာ … ဘာလုပ်ရင် ကောင်းမလဲ”
“မန္တလေးကို အခုနေ လီယောင်ဂျေးရောက်လာရင် သိပ်ကောင်းမှာပဲ”
စသည်ဖြင့် ဖြစ်၏။ မောင်ဝါဝါလည်း အံ့သြရ လေပြီ။ တချို့များ တစ်နေကုန် ဘာလုပ်လုပ် ဘယ်နေရာ ရောက်ရောက် လုပ်သမျှ ကိစ္စကို ဖေ့စ်ဘုတ်ပေါ် မချွင်းမချန် အကုန်တင်၏။ ဒိုင်ယာရီ နေ့စဉ် မှတ်တမ်း ထဲတွင်ပင် ဒီလောက် ရေးချင်မှ ရေးမှာ။ အဲသလို လူမျိုးတွေ၏ နောက်ကြောင်း ရာဇဝင် တစ်ခုခု လိုက်ချင်လို့ ကတော့ ဘယ်နေရာမှ တကူးတက စုံစမ်း နေစရာမလို။ သူ၏ ဖေ့စ်ဘုတ်ထဲ ဝင်၍ Time Line ကြည့်ရုံနှင့် အကုန် စုံစမ်း၍ ရနိုင်မည် ထင်သည်။ မောင်ဝါဝါလည်း မယ်ဆူးအား “နင်တို့ ကိစ္စတွေ ကလည်း ရှုပ်နေတာပါပဲလားဟာ …” ဟု ပြောကာ နဝေတိမ်တောင်ဖြင့် အိမ်ပြန် လာခဲ့လေ၏။

သို့သော် မောင်ဝါဝါ မသိလိုက် သည်မှာကား မောင်ဝါဝါ ပြန်မည် အလုပ် အိမ်ပေါက်ဝပင် မရောက်သေး မယ်ဆူး ကတော့ ဖေ့စ်ဘုတ်ပေါ်တွင် မောင်ဝါဝါ ပြန်သွားသည့် အကြောင်းကို အောက်ပါအတိုင်း အွန်လိုင်းတွင် ဖောက်သည် ချ၍ နေခဲ့ခြင်းပင် ဖြစ်လေ၏။

“မောင်ဝါဝါ ငတိကြီးတော့ .. အွန်လိုင်း ဖေ့စ်ဘုတ် ယဉ်ကျေးမှု အကြောင်း ပြောပြလိုက်တာ အူတူတူနဲ့ ပြန်သွား ရှာပြီ … အွန်လိုင်း သုံးနေပြီး ဒါလေးတောင် နားမလည်ဘူး .. ရယ်ရတယ်တော့ .. ဗြဲ”

၂၃ - သြဂတ်စ် - ၂၀၁၂
TechSpace Journal
Volume (1), Issue (23)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...