Tuesday, August 28, 2012

“မျောက်ပုံပြင်”


- နိုင်ငံတော်တည်ဆောက်ရေး (state building) ဖြစ်စဉ်တွင် လွှတ်တော်နှင့်အစိုးရ ၂ ကဏ္ဍမျှဖြင့် တည်ဆောက်၍မရ။ လွတ်လပ်မျှတသောတရားစီရင်ရေးမရှိသမျှ ဥပဒေစိုးမိုးမှုမရှိ (rule of law)။ ဥပဒေစိုးမှုမရှိသမျှ ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance) ဟူသည် အိမ်မက်မျှသာ။ အုပ်ချုပ်ရေးသမားများနှင့် လွှတ်တော်အမတ်များမှ လွတ်လပ်သောတရားစီရင်ရေးကို မည်မျှတန်ဖိုးထားသနည်းဟူသည့်မေးခွန်းသည် နိုင်ငံပြုခေါင်းဆောင်ပီသခြင်းမပီသခြင်းအတွက် အဆုံးအဖြတ်လည်းဖြစ်သည်။
 
- အမှန်တကယ်တော့ လွတ်လပ်၍အြဇာလောင်းရိပ်ကင်းသော တရားစီရင်ရေးစံနစ်ဟူသည် လှပသောဥယျဉ်တစ်ခုကို ပြုစုပျိုးထောင်ရသကဲ့သို့ ဖြစ်၏။ သင့်တင့်မျှတသော နေ၊ရေ၊လေကိုရရှိစေရန်နှင့်ပိုးမွှားရောဂါကင်းစင်စေရန် အစဉ်ထာဝရ ဂရုစိုက်နေမှသာလျှင် လှပသော ဥယျာဉ်တစ်ခုကိုပိုင်ဆိုင်နိုင်၏။ လာဘ်ပေးလာဘ်ယူမှု၊ ခြစားမှု၊ အြဇာလွှမ်းမိုးမှု၊ ခြိမ်းခြောက်မှုစသည်တို့ ရှိနေသေးသရွေ လွတ်လပ်သောတရားစီရင်ရေးကို မတည် ဆောက်နိုင်။

- အမတ်များနှင့် ယနေ့ လွှတ်တော်သည်ကား ကျမ်းဂန်လာ မျောက်များနှင့် မင်းဥယျာဉ်ကဲ့သို့ ဖြစ်နေ၏။ လောင်းရမည့်ရေပမာဏကို အတိအကျသိလိုသဖြင့် ဥယျာဉ်ထဲရှိသစ်ပင်ပန်းပင်များအား ဆွဲနှုတ်၍ ရေသောက်မြစ်အတိုအရှည်ကို ကြည့်ကြသကဲ့သို့ ပင်။ တရားစီရင်ရေးနယ်ပယ်ရှိပုဂ္ဂိုလ်များအဖို့ ကြုံရတတ်သည်မှာ အမှုနိုင်သူက တရားသူကြီးပညာရှိပါပေသည်ဟု ချီးမွမ်းတတ်၍ရှုံးသူကမူ မတရားဆုံးဖြတ်ခံရသည်ဟု ဆိုကြခြင်းပင်။ ဤသို့ သော အကဲဖြတ်မှုမျိုးမှာ သာမန်ပြည်သူတို့ ထံမှဖြစ်သော် မထောင်းတာလှသော်လည်း အမှုရှုံးသဖြင့် မတရားဆုံးဖြတ်ခံရပါသည်ဟုဆိုသော ပုဂ္ဂိုလ်မှာ နိုင်ငံတော်အဆင့်ဖြစ်သော် လွတ်လပ်သောတရားစီရင်ရေးကိုခြိမ်းခြောက်မှုကြီးဖြစ်လာတော့၏။
- ယနေ့ ခုံရုံးကိစ္စတွင်လည်း ဤကဲ့သို့ သော မရင့်ကျက်သည့်အပြုအမူမျိုးကို လွှတ်တော်အမတ်များထံတွင်တွေ့ လာရ၏။ အခြားသော ရွေးခြင်စရာနည်းလမ်းများကို မရွေးခြယ်ပါဘဲ ခုံရုံးအား ထိပ်တိုက်တွေ့ သည့်နည်းလမ်းကိုရွေးခြင်ကြသည့်အပြုအမူမှာ စိတ်ပျက်ဖွယ်ကောင်းလှတော့၏။ လူမှုပဋ္ဋိညဉ် (Social Contract) ၏တန်ဖိုးနှင့်အရေးပါမှုကို အလေးမထားမလိုက်နာလိုခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အခြေခံဥပဒေကိုပြင်ဆင်ရန်ကိစ္စမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဋအဖို့ မီးခဲကိုင်မိသကဲ့သို့ ဖြစ်ဟန်ရှိ၏။ ၂၀၀၈ ကို ပိဋ္ဋကတ်သုံးပုံကဲ့သို့ မှတ်ယူလိုဟန်တွေ့ ရ၏။ 
- တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဋကြီးမှာလည်း အတွင်းအပြင် ၃၀၁ ပါး ထဲတွင်အ၀င်အပါဟု သိရသောအခါ ထိပ်တိုက်တွေ့ ရေးနည်းလမ်းကို ရွေးကြခြင်းမှာ မဆန်းလှဟု စဉ်းစားမိတော့၏။ အဆိုးဆုံးမှာ ၎င်းပါတီ၏ထင်ရှားလှသည့် “အခြေခံဥပဒေပြင်ဆင်ရေး” ပေါ်လစီကို မျက်နှာလွှဲခဲပစ် လုပ်ခြင်းဖြစ်၏။ သို့ ဆိုလျှင် ဒေါ်စုအပါအ၀င် ၂၀၀၈ ကိုပြင်ဆင်ရမည်ဟုကြွေးကြော်ထားသောအမတ်များမှာ ယခုအခါ အဘယ်ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးကို လက်တွန့် နေကြသနည်း။ တာဝန်ခံနိုင်မှု (Accountability) သည် ခေါင်းဆောင်ဆိုသူတို့ ၏ မရှိမဖြစ်အရည်အချင်းဖြစ်သည်ကို မသိကျိုးကျွံပြုခြင်းပင်လော…..။ သို့ မဟုတ် ပြည်သူအား မျှော်လင့်ချက်အမှား (false hope) များပေးခဲ့ခြင်းလော…။
- ပြည်ထောင်စုအဆင့်ဖြစ်ခြင်းမဖြစ်ခြင်းသည် ပြည်သူကို တိုက်ရိုက်အကျိုးမပြု။ သို့ ရာတွင် အချိုးမကျ ဂွကျလှသည့် ၂၀၀၈ ကိုပြင်ခြင်းသည်ကား ပြည်သူ့ အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုရုံမျှမက တည်ငြိမ်ခိုင်မာသော ဥပဒေဘောင် (legal frame) တစ်ခုကို တည်ဆောက်ပေးပြီးသားဖြစ်၏။ 
- နိုင်ငံရေးတွင် ထိပ်တိုက်တွေ့ သူသေကိုသေ ချကြသည့်မြန်မာ့အစဉ်အလာဆိုးကို လွှတ်တော်အမတ်များမှသင်ခန်းစာယူသင့်ပြီထင်သည်။ ဥပဒေကြောင်းအရပြောင်းလဲပြုလုပ်တတ်လာခြင်း၊ မိမိတို့ ၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှသာ ရသင့်သည့်အခွင့်အရေးကို တိုက်ယူတတ်ခြင်းစသည့် ဒီမိုကရေစီတန်ဖိုးများ၊အလေ့အကျင့်များကို လွှတ်တော်အမတ်များကိုယ်တိုင်က နမူနာကောင်းအဖြစ်ပြုလုပ်ပြသင့်၏။ 
- ခုံရုံးတစ်ဖွဲ့ လုံးအား ဖြုတ်ပစ်၍ လူသစ်များဖြင့်အစားထိုးနိုင်သည်ဆိုအံ့။ နောင်အနာဂါတ်တွင် ၎င်းအဖွဲ့ သစ်သည် ဥပဒေပြုရေးသမားတို့ ၏ အာဏာလောင်းရိပ်အောက်မှာသာ ဆုံးဖြတ်ရတော့မည့်အစဉ်အလာကို လမ်းခင်းပေးပြီးသားဖြစ်၏။ လွတ်လပ်၍တရားမျှတသောတရားစီရင်ရေးကိုအဆုံးအရှုံးခံကစားသကဲ့သို့ ဖြစ်၏(at the expense of Independent Jurisdiction)။ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဆုံးအဖြတ်သည်သာ အပြီးအပြတ် (supreme and final) ဖြစ်သည်ဟူသော အခြေခံဥပဒေဆိုင်ရာပြဋ္ဋာန်းချက်သည် လွှတ်တော်အမတ်များအတွက် အကျုံးမ၀င်၊ ခုံရုံး၏ဂုဏ်သိက္ခာကို ဥပဒေပြုသမားများလေးစားစရာမလို ဟူသော အစဉ်အလာဓလေ့တစ်ခု(bad legacy)ကို လွှတ်တော်အမတ်များကိုယ်တိုင်က ချပေးသကဲ့သို့ ဖြစ်ပေမည်။
- သမိုင်းတလျောက်တွင်လည်း လွတ်လပ်မျှတသော တရားစီရင်ရေးစံနစ်ကို လေးစားတန်ဖိုးထားခဲ့ကြခြင်းမရှိခဲ့သည်ကိုသာတွေ့ ရ၏။ တရားစီရင်ရေးသည် နိုင်ငံရေးသမားတို့ ၏ လိုအင်ကို ပုံဖေါ်ရန် ကိရိယာ (political tool) တစ်ခုအနေနှင့်သာ အသုံးချခံခဲ့ရသည်ကိုတွေ့ ရ၏။ ဤသည့်အတွက်ကြောင့်ပင် ဖဆပလ ဒီမိုကရေစီသည် သန္ဓေပင်မတည်လိုက်ရပဲ သားလျောပျက်ကျခဲ့ရခြင်းလည်းဖြစ်သည်။
- ယနေ့ အခင်းအကျင်းသည်လည်း အစိုးရနှင့်လွှတ်တော်ကြား ခုံရုံးကိုမြေဇာပင်လုပ်လာခြင်းဖြစ်သည်ဟုမြင်၏။ အစိုးရ၀န်ကြီးများစုသည်၎င်း၊ လွှတ်တော်အမတ်အများစုသည်၎င်း တပါတီတည်းမှထွက်ကြသော်လည်း အမတ်ဘ၀နှင့် အစိုးရ၀န်ကြီးဘ၀ ခံစားစံစားမှုများမတူနိုင်ကြ။ သို့ ဖြင့်၎င်းတို့ မဏ္ဍိုင် ၂ခုကြားအာဏာလွန်ဆွဲပွဲအတွင်း တရားစီရင်ရေး၏ပြယုဂ်ဖြစ်သည့် ခုံရုံးက ဒါးခုတ်ရာလက်ဝင်လျှိုပေးရသကဲ့သို့ ဖြစ်နေ၏။ 
- မည်သို့ ပင်ဖြစ်စေ….အခြေခံဥပဒေနှင့်ပတ်သက်သော အဆုံးအဖြတ်မှန်သမျှ အခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်သည်သာ (supreme and final) အတည်ဖြစ်ပေသည်။ ဤသည့်ပြဋ္ဋာန်းချက်ကို မလိုက်နာလိုခြင်းသည်ဤအခြေခံဥပဒေအား “ကာကွယ်စောင့်ရှောက်ပါမည်” ဟူ၍ကျမ်းကျိန်သစ္စာဆိုထားခြင်းအား ဖေါက်ဖျက်ခြင်းလည်းမည်၏။ လွှတ်တော်အမတ်များကပင်လျှင် အခြေခံဥပဒေအားမလေးစားမလိုက်နာနိုင်ပါက အခြားမည်သူက လေးစားလိုက်နာနိုင်အံ့နည်း။ 
- “ အကျင့်ဟောင်းများဖျေက်ဖျက်ကြပါ “ ဟုဆိုလျှင် ယခင် န၀တ၊နအဖ ခေတ်ကိုရည်ညွန်းသည်ဟုမှတ်ယူကြ၏။ ဤမျှမဟုတ်။ တရားစီရင်ရေးကို ကဏ္ဍတစ်ရပ်အနေနှင့် လေးစားတန်ဖိုးထားခြင်းမရှိသော၊ တရားစီရင်ရေးအပေါ် နိုင်ငံချင်ကြက်ကဲ့သို့ ခြိမ်းခြောက်လိုသော မြန်မာ့နိုင်ငံရေးသမားတို့ ၏သန္ဓေပါဗီဇကိုလည်းဆိုလိုသည်ဟုမှတ်ယူအပ်၏။
- ဤအငြင်းပွားမှုကြောင့်စစ်တပ်၏ အခန်းကဏ္ဍခေါင်းထောင်ထလာမည်ကို စိုးရွံ့ သူက စိုးရွံ့ ကြသည်။ မြန်မာပြည်တွင် စစ်တပ်၏အခန်းကဏ္ဍမှာကြီးထွားလာနေခြင်းမဟုတ်။ နဂိုကတည်းက ကြီးထွားနေခြင်းဖြစ်၏။ ဤသည်ကို အသိအမှတ်မပြုလိုခြင်း၊ လက်မခံလိုခြင်းသာလျှင်ရှိပေမည်။သို့ ရာတွင် မည်သူမျှစစ်တပ်အား နိုင်ငံရေးနယ်ပယ်မှ နောက်ဆုတ်သွားနိုင်အောင် စည်းရုံးသိမ်းသွင်းနိုင်မှုမရှိခဲ့။ နင်ပဲငဆပြောဆို၍ နံရံကိုခေါင်းနှင့်ဝင်တိုက်ကြခြင်းသာရှိပေသည်။ မြန်မာပြည်တွင်လိုအပ်နေသည်မှာ နိုဘယ်ဆုရှင်မဟုတ်၊ နိုင်ငံတကာမှဒေါက်တာဘွဲ့ များပိုင်ရှင်လည်းမဟုတ်… စစ်သားများအား သိမ်းသွင်းနားချနိုင်သူသာဖြစ်၏။ ၂၀၀၈ အားပြင်ဆင်နိုင်ရေးတွင်လည်း ဤအချက်သည်သာ အခရာကျ၍ စည်းရုံးရေးစွမ်းရည်ကောင်းသည့် နိုင်ငံရေးသမားများအရေးတကြီးလိုအပ်နေပြီဖြစ်၏။ မာနတံခွန်ထူ၍ ပြည်သူ့ အကျိုးထက်ကိုယ့်အကျိုးကိုရှေ့ တန်းတင်လာသောအပြုအမူများပြလာသောအမတ်များအား မည်သည့် စစ်သားကမျှ လေးစားအထင်ကြီးလိမ့်မည်မဟုတ်။ စည်းရုံးနိုင်ဖို့ ဝေးစွ။
- ချုပ်ရလျှင်၂၀၁၀ မတိုင်မှီက လွှတ်တော်အမတ်များအားဒဏ္ဍာရီလာမျောက်သုံးကောင်ကဲ့သို့ မျက်စိပိတ်၊နားပိတ်၊ ပါးစပ်ပိတ် နေကြသည့်အဖြစ်ဖြင့်သရော်ခဲ့ကြဖူး၏။ယခုအခါတွင်ကား ပြည်သူ့ ဥယျာဉ်ကိုဖျက်သည့်မျောက်တစ်အုပ်အဖြစ်ကိုမရောက်ကြဖို့ ဂရုပြုကြရတော့မည်ထင်သည်။

    0 comments:

    Post a Comment

    စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

    Followers

    Total Pageviews

    အမှာပါးစရာများရှိနေရင်

    Pop up my Cbox

    Blog Archive

    အက်ဒမင်

    အခြားကဏ္ဍများကို လေ့လာရန်

    ရှာဖွေလေ တွေ့ရှိလေ

    စာပေမြတ်နိုးသူများ

    free counters
    Related Posts Plugin for WordPress, Blogger...