Monday, August 27, 2012

ထွက်ခဲ့ရုံ


by Zay Ya on Monday, August 27, 2012 at 8:28pm ·


ရှေ့မှာ အဖြူရောင် ကင်းဗတ်စ တစ်စ ထောင်ထားတယ်။ ဖြူဝင်း နေတဲ့ ပန်းချီကား ဖြစ်နေသလား၊ မဆွဲရသေးတဲ့ အရိုင်းထည် သက်သက် လား ဘယ်သူ မှ ခွဲမသိဘူး။ ဒါ့ကြောင့်လည်း ခန့်မှန်းရ မလွယ်ကူတဲ့ သူ့အသွင်က အခြား စုတ်ချက် တစ်ခုကို လက်ယပ် ခေါ်နေပါတယ်။


ခရှစ်ရှနရဲ့ သွန်သင်ချက် ကြောင့်  အရိုင်းထည် ဖြစ်သွား တဲ့ အချိန်က - အာဇုန ဟာ ကြေးမုံပြင် တစ်ချပ် ပဲ။ သူ့ သန္တာန်မှာ ဘယ် အရိပ် ထင်လို သလဲ။ သူ့ သန္တာန် မှာ ဘယ် စုတ်ချက် တင်ချင်သလဲ။ အဆင်သင့် စောင့်ဆိုင်း နေတယ်။  အပြုအမူ တိုင်းမှာ ကံ၊ ကံရဲ့ အကြောင်းအကျိုး ဆက်တွေ ကွင်းဆက် ပြတ်တောက် တယ်လို့ စာစကားမှာ ဆိုတတ်တယ်။ လိုရင်းက အတွင်း အညစ် အကြေးတွေ ရှင်းလင်း ကြည်လင် လာတာ ကို ဆိုလိုပါတယ်။ အတ္တ ဥခွံဟာ အဲ့အချိန်မှာ စတင် ပြိုကွဲတယ်။

အတွင်း ကြည်လင် လာရင် အပြင် ကလည်း  ကြည်လင် ရှင်းလင်း လာမှာပဲ မဟုတ်လား။

မျက်မမြင် ဆူဖီ ဆရာတစ်ယောက် ရှိတယ်။ သူက သူ နေတဲ့ ရွာလေးမှာ ပစ္စည်း အတိုအထွာလေး တွေ ရောင်းချ နေထိုင် တယ်။ ရွာက လူတွေက ဒီ ဆူဖီကြီး မျက်စိ မမြင်ဘူး ဆိုတာ သိတယ်။ သူ့ဆီက ပစ္စည်း အချို့ကို တိတ်တိတ်လေး ခိုး ယူတတ်ကြ တယ်။ ဒါကို ဆူဖီကြီးက သိပေမယ့် ဘာမှ မပြောဘူး။ လက်ခံတယ်။

အချို့တွေ က ငွေအကြွေ အတုတွေနဲ့ လာဝယ် ကြတယ်။ ဒါဆိုရင် လည်း သူက လက်ခံတာပဲ။ "ဒီအကြွေတွေက အတုတွေ၊ ဟိုဟာကမှ အစစ်" စသဖြင့် ဘယ်တော့ မှ မပြောဘူး။ အလားတူ အချို့က သူ့ဆီက ပစ္စည်း ယူပြီး၊ "ကျုပ်တို့ အဖိုးအခ ပေးပြီးပြီနော်" လို့ ပေါ်တင် လိမ်တယ်။ သူက "ခင်ဗျားတို့ မပေးရ သေးပါဘူး" လို့လည်း မငြင်းဘူး။ "ကောင်းပါပြီ" တစ်ခွန်းပဲ ပြောတယ်။ သူတို့ကို ကျေးဇူးတင် လိုက်သေးတယ်။

သူ့ အတွက် အရာရာကို လက်ခံရုံမှ တစ်ပါး အခြား မလိုဘူး။ သူ သေဆုံးခါနီး တဲ့ အခါ - နောက်ဆုံး စကား ဆိုခဲ့တယ်။ "အရှင်ဘုရား။ ကျုပ်ဟာ ငွေအကြွေ အတု တစ်ချပ်သာ ဖြစ်ပါတယ်။ အရှင့် သားတွေကို ကျုပ် မဝေဖန် မငြင်းပယ် ခဲ့သလို၊ အရှင့် နိုင်ငံတော်ကို ရောက်တဲ့ အခါ၊ ကျုပ်ကို လည်း ငြင်းပယ်တော် မမူပါနဲ့ အရှင်"

သူ့အတွက် - ဘယ်သူကရော ငြင်းပယ် နိုင်ဦးမလဲ။ အသိအမြင် မပါဘဲ၊ ဝေဖန် ခွဲခြားတတ်တဲ့ မိမိ အတွင်းသန္တာန် ပျောက်ကွယ် သွားတဲ့ အခါ အပြစ် ကင်းစင်တဲ့ အကလေးငယ်ရဲ့ သရုပ်သကန် ပေါ်ပေါက် လာပါလိမ့်မယ်။ ဒီ နိမိတ်ပြ ပုံပြင်က ဒါကို ညွှန်းဆို တယ် လို့ ဆိုရမယ်။ ခွဲခြားတဲ့ မျက်လုံး ပျောက်ကွယ် သွားတဲ့ အခါ - မိမိ ရှေ့က အသွင်ပြင် အားလုံး တစ်သား တည်း ဖြစ်နေမှာပဲ။

လက်ရှိ အများစု က ဒီလို မဟုတ်ဘူး။ ခွဲခြား သိမ်းပိုက်လေ့ ရှိနေကြသရွေ့ ထောင် နံရံ တွေကို ကြိုက်နေတဲ့ သူနဲ့သာ တူပါတယ်။ မိမိက အကျဉ်းထောင် တစ်ခု အတွင်း နေနေ ပါလျက် နဲ့ - အခြားသူ တွေ ကို လက်ညှိုးထိုးတယ်။ မိမိ ကိုယ်ကိုယ် နန်းဆောင် ထဲမှာ နေနေတယ် လို့ ထင်တယ် - အခြားသူတွေကို  "အဲ့ကောင်တွေက ထောင်သားတွေပဲ" လို့ ရယ်မော ရှုံ့ချ တယ်။ အမည်တွေသာ ကွဲပြားပြီး၊ စုလစ်မွန်းချွန် နဲ့ အလှအပတွေသာ ကွာကောင်း ကွာပါလိမ့်မယ် ~ ထောင်က ထောင်ပဲ။ မိမိ ကိုယ်ကိုယ် ပိတ်လှောင် နေတာက ပိတ်လှောင် နေတာ သက်သက်ပဲ။ တစ်ခုကို ခွဲခြားပြီး၊ တစ်ခုကို သိမ်းပိုက်နေသရွေ့၊ မကွဲပြား တဲ့ မျက်လုံးနဲ့  အညီအမျှ မရှု နိုင်သရွေ့ -- ကိုယ် ရောက်နေ ရှိနေ တဲ့ နေရာ ဟာ - လွတ်မြောက်မှု မဟုတ်သေး။ "ထောင်" က "ထောင်" ပဲ ဖြစ်နေဦးမယ်။

....................
August 28th 2012 at 9:54 AM
....................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...