Friday, August 31, 2012

ဖနာ


by Zay Ya on Friday, August 31, 2012 at 4:17am 


~ သူတော်စင် အဗူလ်ယာဇစ် ဟာ ဂျန္နသ် သုခဘုံ ကို ရောက်တော့ အဝင်ဝ တံခါးကို ခေါက်တယ်။ "ဘယ်သူလဲ" လို့ အတွင်းက အသံတော်နဲ့ ပြန်မေးတယ်။ အဗူလ်ယာဇစ် လည်း - "ကျွန်ုပ်ပါ အရှင်၊ အရှင့် တပည့်သားပါ၊ တပည့်တော် အရှင့်ထံ ရောက်လာ ခဲ့ပါပြီ" လို့ လျောက်တယ်။အဲ့တော့ - အသံတော်က - "ဒီမှာ နှစ်ယောက် အတွက် နေရာမရှိဘူး။ သင်က "ကျွန်ုပ်" လို့ ဆိုရင်၊ အဲ့ဒီ "ကျွန်ုပ်ကြီး" ထားခဲ့နိုင် ပြီးမှ ပြန်လာပါ။"

~ အဗူလ် ယာဇစ် လည်း ပြန်လှည့်လာခဲ့ရတယ်။ နောင်အတန်ကြာ မှ နောက်တစ်ခေါက် ထပ်သွားတဲ့ အခါ၊ အရင် အတိုင်းပဲ "ဘယ်သူ လဲ" လို့ မေးတယ်။ "အို ~ အရှင်၊ အရှင် ကိုယ်တိုင် သာ ဖြစ်ပါတယ်" လို့ ဖြေ တယ်။ အဲ့တော့ မှ ဝင်ခွင့်ရပါသတဲ့။

ဒီ နိမိတ်ပြ ပုံပြင် ဟာ - ဆူဖီ ပုံဝတ္ထုတွေထဲက တစ်ပုဒ် ပါ။ ဖနာ (Fanaa) ဟာ ဆူဖီ မှာ ချုပ်ငြိမ်းမှု ကို ညွှန်းတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ ဘာ ချုပ်ငြိမ်း တာလဲ ဆိုရင် အတ္တ ချုပ်ငြိမ်း တယ်။ မာန် မာန၊ အတ္တ ပျက်သုဉ်း တယ်။ "သုညတ ဆိုက်ရောက် တယ်" လို့လည်း ဆိုသေးတယ်။ စသဖြင့် ဘယ်လို ဆိုဆို အဲ့ဒါတွေ အားလုံးက အဖြစ်တစ်ခု တည်း ကို အတူတူ ဆိုရင်း - စကား ဖလှယ် ထားတာ သာ ဖြစ်ပါတယ်။ သုညတ လို့ ဆိုတာနဲ့ - အားလုံး ပျက်သုဉ်း ဆုံးသွားတာ မဟုတ်ဘူး။ နာ့ဖ်၊ အတ္တအမြင် ကွာကျသွားတာ ကိုသာ ဆိုလိုပါတယ်။


ရှင်းအောင် အလွယ် ဆိုရင်- ပြင်ပ ရယ်၊ အတွင်း ရယ် ကွဲပြားတဲ့ အဖြစ်၊ ခွဲခြားဝေဖန် နေတဲ့ အဖြစ်တွေ - မိမိ သန္တာန်မှာ ကင်းရှင်း သွားတာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် ဝိရောဓိ တွေ မလို၊ ဝိဝါဒ ပဋိပက္ခ မလို၊ ကြိုးထုံး တစ်ခု အဆုံးအစမဲ့ ပြေကျသွား သလို၊ အထုံးအဖွဲ့ မှန်သမျှ ကျိုးပျက် ပြေလျော့ သွား တယ်။ ဖနာ ကို ဆိုက်ရောက် သူ ဟာ ဒီနည်းအားဖြင့် - ဘုရားသခင် (ဝါ) ဒွန္ဒယာ တစ်ခွင် အရာ အားလုံး နဲ့ တစ်ပေါင်းတည်း တည်ရှိတဲ့ အဖြစ်ကို သိမြင် လျက် ရှိနေတယ်။ - "ချုပ်ငြိမ်း တယ်" လို့ ခေါ်ပြီး ဘာလို့ တည်ရှိ နေရသေး တာလဲ လို့ ပြန်မေးကောင်း မေးနိုင်ပါတယ်။ အဲ့အတွက် အဖြေ က - ချုပ်ငြိမ်းတဲ့ အဖြစ် ဟာ မိမိ ရဲ့ မသိမြင်မှု ကိုသာ ညွှန်းဆိုပြီး၊ မကွဲမပြား တသားတည်း တည်ရှိတဲ့ အဖြစ်ဟာ မူလ ကတည်းက တည်ရှိနေပြီးသားပဲ။

ဒါ့ကြောင့် ဖနာ ဟာ ဘာလဲဆိုရင်- အခြား မဟုတ်၊ မိမိ အပေါ် အမှောင်ဖုံး နေတဲ့ အတ္တ မြူတိမ် ပျောက်ကွယ် သွား တဲ့ အဖြစ် (ဝါ) Ego Death (ဝါ) အတ္တ ကြွေပြုန်း သွားတဲ့ အဖြစ် ကို ဆိုလိုတယ်။ ဒီအဖြစ်ဟာ ဆူဖီ မှာမှ မဟုတ်သေးဘူး။ ဇင်၊ ဟိန္ဒူ စသည် အများစု မှာ လည်း ရှိတယ်။ အတ္တရဲ့ ဥခွံကို ထိုးခွင်း ထွက်လာဖို့ ညွှန်ကြား တိုက်တွန်း သမှု ကိုယ်စီ ရှိတယ်။ မောက္ခ လို့ ခေါ်ခေါ် ၊ နိဗ္ဗာန လို့ ခေါ်ခေါ်၊ အတ္တ သေဆုံး ချုပ်ငြိမ်း သွားတဲ့ အခါ ဆိုက်ရောက် တဲ့ အဖြစ်ဟာ- (အမည် တစ်ခုခု နဲ့ ဘယ်လို ကွဲပြားနေပါစေ) အတိအကျ ရှိတယ်။ ဒါကိုပဲ Enlightenment ဉာဏ် အလင်း ဖြစ်ပေါ်တယ် လို့ တစ်ညီ တစ်ညွတ် တည်း ဆိုကြပါတယ်။

"Enlightenment equals ego death."
အတ္တ ချုပ်ငြိမ်းခြင်း သည်ပင် အသိဉာဏ်အလင်း ဆိုက်ရောက်ခြင်း ဖြစ်၏။

အရှေ့တိုင်း ဘာသာ အများစုမှာ - အညီအညွတ် လက်သင့်ခံ ကြတဲ့ စကားရပ် ဖြစ်ပါတယ်။ ရှန်ကရ တွေက အတ္တ ကို "အန္တရာယ် များပြီး အဆိပ်ပြင်းဆုံး နတ်ဆိုးမြွေ" လို့ အမည် ပေးတယ်။ မိုဟာမက်က "ဖနာ ဟာ နဖ့်(အတ္တ) အတွက် မြင့်မြတ် တဲ့ ထိုးစစ် ဖြစ်တယ်" လို့ ဆိုတယ်။ ဆူဖီ မှာတော့ - ဆူဖီဆရာကြီး ဗေယဇီးဒ် ဟာ "အတ္တ ချုပ်ငြိမ်းသည်၏ နောက်၌ ဘုရားသခင် ထံတော်သို့ ရောက်၏" (ဖနာ ဖိ အလ္လာ) ဘုရားသခင် ထံသို့ ဆိုက်ရောက်ခြင်း တရား - ဆိုတဲ့ ဝေါဟာရ ကို ပထမဆုံး စတင် သုံးစွဲပါတယ်။

ရူမီ က - "Ultimate union with Love" ကို မကြာခဏ သွန်သင် ပြောဟောလေ့ ရှိတယ်။ အတ္တကို ဖြိုခွင်း ထွက်လာနိုင်ဖို့ - ဓမ္မတရား ရှာဖွေသူ ဟာ မေတ္တာ တရား ရဲ့ လမ်းပေါ်မှာ ရှိနေရလိမ့်မယ်။ မိမိ ရဲ့ စိတ်နှလုံးကို မေတ္တာနဲ့သာ ရှင်းသန့် ကြည်လင် စေလိမ့်မယ်။ မိမိ နှလုံးအိမ်ကို မေတ္တာ ဖြည့်စွမ်းနိုင်တာနဲ့ အမျှ အတ္တဟာ ကင်းဆိတ် သွားလိမ့်မယ် လို့ သွန်သင် တယ်။

ကာလာဗာ လို့ ခေါ်တဲ့ နှလုံးအိမ်ဟာ စင်စစ် အတ္တ (နာ့ဖ်) နဲ့ ဝိညာဉ် (ရုရ်) ကြားမှာ ဖြစ်တည်တယ် လို့ ဆိုတယ်။ ဒါ့ကြောင့် မိမိနှလုံးအိမ် အတွင်း မေတ္တာတရား သွတ်သွင်း ထုံမွှမ်းနိုင်ခြင်းသာ ပဓာန ဖြစ် တယ်။ အဲ့လိုနဲ့ အတ္တ (နာ့ဖ်) က နင်းချေစရာ မလိုဘဲ ကြေပျက် သွားမှာ ပဲ။ စင်စစ် လည်း နကိုကတည်းက - မိမိ လို့ သတ်မှတ်စရာ လိုအပ်မနေဘူးရယ်။ မရှိတဲ့ အရာ တစ်ခုကို အရှိ လို သဘောထားပြီး ဖယ်နေ မယ့် အစား၊ လက်ရှိ ရှိနေတဲ့ ချမ်းမြေ့မှု နဲ့ ဦးညွှတ်တဲ့ နှလုံး ဟာ အကောင်းဆုံးသော လမ်း ဖြစ်တယ်။ အတ္တ ရှိတယ် မရှိတယ်တွေ ဖယ်သာ ထား ခဲ့ပါ။ ချစ်မေတ္တာ နဲ့သာ မိမိ သန္တာန်မှာ အပြည့်ဝဆုံး ထုံမွှမ်း နေပါစေ။ မိမိ လောက၊ မိမိ စွဲလမ်း သမျှ၊ ငါ-ငါ သုံးစွဲသမျှ - မိမိသန္တာန်ထဲ စွဲညိမယ့် အရာရာ ကို အလိုလို ဖယ်ချ ထားနိုင် ခဲ့တာ တွေ့ရမယ်။ မိမိ နှလုံးအိမ်၊ မိမိ သန္တာန် တစ်ခုလုံး ဟာ ဘုရားသခင် (ဝါ) သစ္စာတရား ဆီ အလုံးစုံ ညွှတ်တိမ်းလျက် ရှိနေတာ တွေ့ရမယ်။ ဒါ့ကြောင့် ဖနာ ရဲ့ အဖြစ် ဆီ ဆိုက်ရောက် ဖို့ လျောက်လှမ်း နေ သူ ဟာ အတ္တ အညွှန်းဘောင် အားလုံး ခြေဖျက် ရင်း၊ - ဘုရားသခင် နဲ့ အနီးဆုံး ကို တစ်စ တစ်စ တိုးကပ် သွား တယ်။ အတ္တ ဥခွံ ကျေပျက် သွားတဲ့ အခါ (ဝါ) ဖနာ ရဲ့ အဖြစ် ရှိပြီ ဆိုတဲ့ အခါ - ဟိုမှာ၊ သည်မှာ၊ နေရာဌာန၊ ကာလ တိုင်း မှာ၊ ဘုရားသခင် နဲ့ အတူ၊ ထပ်တူ ရှိနေတော့ တယ်။

လက်ရှိ ဆူဖီ ဆရာ အများ အတွက် ဖနာ (အတ္တချုပ်ငြိမ်းမှု) ဟာ လမ်းဆုံး ဖြစ်တယ် လို့ အယူစွဲ ရှိကြတာကို ရူမီ က ငြင်းပယ် ပါတယ်။ စင်စစ် - ဖနာ ဟာ လမ်းဆုံး မဟုတ်ဘူး။ ဖနာ ရဲ့ အခြား တစ်ဘက်မှာ - ချစ်မေတ္တာ နဲ့ အမြင့်မားဆုံး ချမ်းမြေ့ စိမ့်ဝင်နေတဲ့ အဖြစ်၊ (ဝါ) ဘုရားသခင် ထံပါး ဆိုက်ရောက်မှု ~ ဗကာ (Baqa) ရှိတယ်။ ဖနာ မှာ ဆိုက်တဲ့ သန္တိ သုခ ဟာ တော် ရုံနဲ့ ခွာ မရအောင် ဆွဲဆောင်တယ်။ ဗကာ ဆို တဲ ဒီအဆင့် (လူ့လောက ကို ငါပျောက်တဲ့ ငါ၊ ငါမဟုတ်တဲ့ ငါနဲ့ ပြန်လည်လာ) မှ ဆူဖီ လမ်းဆုံး တယ် ဆိုပါတယ်။

ဟိုးအထက်က စကား နဲ့ ပြော ရရင် - Ego Death အတ္တ ချုပ်ငြိမ်း တာနဲ့ တစ်ပြိုင်နက်၊ ကာလ ဒေသ၊ ကန့်သတ်ချက် ဘောင် အားလုံးက လွတ်မြောက် တယ်။ လွတ်မြောက်ရုံ သက်သက် မဟုတ်ဘူး။ အဲ့ဒီ နောက်မှာ၊ လွတ်မြောက်မှု တစ်ခုတည်း မဟုတ်ဘူး။ ပကတိ ချမ်းမြေ့ ကြည်စင် နေတဲ့ အဖြစ်ဟာ အဆုံးမရှိ စောင့်ဆိုင်းနေ ပါတယ်။ ဒါကြောင့်ပဲ အရှေ့တိုင်း Mystic နယ်ပယ်တိုင်း မှာ Enlightenment ကို လမ်းဆုံး အဖြစ် သတ်မှတ်ရင် မှားယွင်း တယ် လို့ ယူကြတယ်။ Enlightenment (အသိဉာဏ်အလင်း) ဟာ ပန်းတိုင် မဟုတ်သေးဘူး။ တံခါးပေါက် သက်သက်။ အဲ့ တံခါး ရဲ့ အလွန် ဟိုမှာဘက် မှာ ခရီးလည်း ခရီး၊ ပန်းလည်း ပန်းတိုင် ဖြစ်တဲ့ သစ်လွင်တဲ့၊ ခြေလှမ်းပေါင်း များစွာ တည်ရှိနေတယ်။

With the help of U Maung Maung Ko
..........................
August 31st 2012 at 2:38 PM
..........................


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...