Tuesday, August 28, 2012

လရောင်ငတ်လို့ သေမယ့်မသာ


by Mg Naythan on Monday, August 27, 2012 at 7:27am 

“စပါးပင်တွေ လေယူရာတိမ်း ယိမ်းနွဲ့လို့နေ ~~~ကိုယ်လာရင်ကြိုမှာလားလို့ အတည်~~~”
ကြားဖူးတဲ့သီချင်းတစ်ပိုင်းတစ်စကို တိုးတိုးဖွဖွဆိုကြည့်လာတာ။နူးညံ့ပျော့ပျောင်းနေတာကို ကိုယ်တိုင် အံ့သြနေမိသေး။အာ ကျားတစ်ကောင်တောင်မှ သားကောင်ကိုဖမ်းယူစားသောက်အပြီး ဂူအပြန်မှာ နူးညံ့နေမှာပဲ မဟုတ်လား။နေပါဦး ကျားတွေမှာ မိသားစုဆိုတဲ့သိစိတ် ရှိလို့လား။

အိမ်အပြန်ဆိုတဲ့အသိက ကျွန်တော့်ခြေလှမ်းတွေကို မောင်းနှင်နေတာ။တကယ်တော့ ကျွန်တော့် ခန္ဓာကိုယ်ကြီးက နုံးချိနေပြီ။ဒီခြေထောက်ကြီးတွေနဲ့ ဘယ်နှမိုင်လောက် ချီတက်ခဲ့သလဲ။ဒီလက်ညှိုးကလေး ကွေးပြီး ကျည်ဘယ်နှတောင့်လောက် ပစ်ချခဲ့သလဲ။ကျွန်တော့်လက်ဖဝါးတွေ ကြမ်းရှနေခဲ့ပါပြီ။နွမ်းလျအိမ်ပြန် ပါပဲ။
ဒီဒေသရဲ့ အေးစိမ့်တဲ့ရာသီဥတုကလည်း ကျွန်တော့်ကို နှိပ်စက်နေတော့တယ်။ အိမ်မြန်မြန် ရောက်ချင်လှပြီ။မိန်းမနဲ့သမီးလေးတော့ ကျွန်တော့်ကို လွမ်းနေမျှော်နေရောပေါ့။အဲ ကျွန်တော် သူတို့အတွက် ဘာလက်ဆောင်ပါခဲ့သလဲ။
ဟိုးခေတ်တုန်းကဆိုရင်တော့ အောင်ပွဲရစစ်သည်တွေဟာ ရန်သူရဲ့ခေါင်းတွေကို ယူခဲ့ကြမှာပေါ့။ ဒီဘက်ခေတ်မှာတော့ ဂျာနယ်ထဲက သတင်းဓာတ်ပုံတွေက အောင်မြင်ခြင်းမှတ်တမ်းဖြစ်မှာလား။
ရှေ့ကမီးရောင်ပျပျလေးဟာ ရွာတစ်ရွာဆီကလား။ကျွန်တော့်မျက်ခွံတွေ ပိုလေးလံလာတော့တယ်။

ရွာအဝင်ဝမှာ လူတွေတန်းစီလို့။ကျွန်တော်တို့အဖွဲ့ကို ကြိုဆိုဖို့ ထင်ပါရဲ့။ရဲဘော်တို့ရေ အားတင်းထား ကြဦး။
မိန်းမငယ်တစ်ယောက်က ကျွန်တော့်ကို ပန်းကုံးလာစွပ်တယ်။ဒီရွာရဲ့ အလှဆုံးမိန်းကလေး ဖြစ်ရမယ်။ လေးဆယ်ကျော်အမျိုးသားတစ်ယောက်ရဲ့ ရာဂကို လာနှိုးဆွနေတော့တယ်။ကျွန်တော် အကြာကြီး စိုက်ကြည့် လိုက်တော့ မိန်းမငယ်ခေါင်းငုံ့သွားတယ်။ရှက်တာလား ရှက်ဟန်ဆောင်တာလား။
ရွာသားတွေက သူတို့ချင်း တီးတိုးပြောနေကြတယ်။သူတို့မျက်လုံးတွေက အသက်မဲ့ လိုက်တာ။ သူတို့ လူတွေတော့ ဟုတ်ရဲ့လား။အင်း စစ်ရဲ့ဒဏ်ကြောင့် ခံစားချက်တွေ ထုံနေကြတာ ဖြစ်မယ်။ ကျွန်တော်တို့ ဒီစစ်ပွဲကိုနိုင်အောင်တိုက်ပြီး သူတို့အတွက် အေးချမ်းလုံခြုံမှုကို လက်ဆောင်ပေးခဲ့မှာပါလို့ နှစ်သိမ့်ရမယ်။
ရွာအုပ်ချုပ်ရေးမှူး(လို့ယူဆရတဲ့သူ)က ကျွန်တော်တို့ တည်းရမယ့်နေရာကို ပို့ပေးဖို့ ရှေ့က ထွက်သွားတယ်။ချွေးတွေစိုရွှဲနေပြီမို့ ရေမိုးချိုးအနားယူချင်နေပြီဆိုတဲ့အကြောင်း၊ ခပ်သွက်သွက် စီစဉ် စေချင်တဲ့အကြောင်း အမိန့်ပေးလိုက်တယ်။ခေါင်းတညိမ့်ညိမ့်နဲ့ ထွက်သွားတယ်။
ရွာလမ်းတစ်လျှောက်မှာ ဘေးဘီဝဲယာမျက်စိကစားရင်း သတိထားမိတာက ရွာသူရွာသားတွေ ကျွန်တော်တို့ကို(ကျွန်တော့်တစ်ယောက်တည်းလည်းဖြစ်နိုင်တယ်) ခိုးကြည့်နေကြတာပဲ။ နာမည်ကြီးမင်းသား မင်းသမီးကို ခိုးကြည့်တာမျိုးလည်းမဟုတ်ဘူး။သူတို့တဲစုတ်ကလေးထဲကနေ မရဲတရဲကြည့်ကြတယ်။ ကျွန်တော့် ဝတ်စုံကို လုံးဝမမြင်ဖူးကြတဲ့အတိုင်းပဲ။အင်း ကျွန်တော် တစ္ဆေအခြောက်ခံနေရတာလား ဒါမှမဟုတ် ကျွန်တော်ကပဲ တစ္ဆေဖြစ်နေတာလား။
တည်းရမယ့်အိမ်က အိမ်ကြီးရခိုင်ပဲ။ရေ မီး စုံရဲ့လားတော့မသိ။ရပ်ရွာအုပ်ချုပ်ရေးမှူးက ကျွန်တော့်ဘေးမှာပဲ ရပ်နေသေးတယ်။ကျွန်တော် ဘာမှာဦးမလဲ မေးချင်ပုံရတယ်။ဒါနဲ့ ခုနက ခိုးကြည့်ကြတဲ့ ရွာသားတွေအကြောင်းမေးကြည့်တယ်။သူက သူတို့ကို သတိပေးလိုက်ပါ့မယ်ဆိုတာပဲ ပြောတယ်။ ဘာကြောင့် ခိုးကြည့်တာလဲဆိုတဲ့အဖြေတော့မပေးဘူး။ရှိစေတော့ …။ဒီ့ထက်အရေးကြီးတာက ရှေ့တန်းစစ်မျက်နှာမှာ ကျွန်တော်အတော်ပင်ပန်းခဲ့တာမို့ ခုညအပန်းဖြေဖို့လိုနေတယ်။ဒါ့ကြောင့် ရွာအဝင်တုန်းက တွေ့ခဲ့တဲ့မိန်းမပျိုလေးကို ခုည ဒီအိမ်ကို ပို့ပေးစေချင်တဲ့အကြောင်း အယဉ်ကျေးဆုံးနဲ့ သွယ်ဝိုက်ပြောလိုက် တယ်။သူ ခေါင်းညိမ့်တာရပ်သွားတယ်။ခဏနေမှ ဖြစ်စေရပါ့မယ်ဆိုတာ ထပြန်သွားတယ်။
သူပြန်သွားတော့ ကျွန်တော် အိမ်ထဲလျှောက်ပတ်ကြည့်တယ်။ခန့်မှန်းမိသလောက် ဒီအိမ်ဟာ သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်ယောက်နေဖူးခဲ့မယ်။ဧည့်ခန်းထဲက ဖုန်တက်နေတဲ့ဓာတ်ပုံအရ အတွေးဆန့်ကြည့်မိ တာ။ဓာတ်ပုံထဲမှာ သူတို့ရိုးရာဝတ်စုံဝတ်ထားတဲ့အမျိုးသားကြီးတစ်ယောက်ရယ် မိန်းမငယ်လေးတွေရယ်။ သူတို့ထဲမှာ ကွဲထွက်နေတာ ကျွန်တော့်ဝတ်စုံနဲ့ခပ်ဆင်ဆင် တူတဲ့ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ပဲ။ ကျွန်တော် တစ်နေရာရာမှာရင်းရင်းနှီးနှီးမြင်ဖူးတဲ့ မျက်နှာပဲ။ အရိုင်းလူ။ ဓာတ်ပုံထဲကလူတွေအားလုံး အားရပါးရ ပြုံးနေလိုက်ကြတာများ ဒီကမ္ဘာမှာသူတို့သာအပျော်ဆုံးလူသားတွေကျနေတာပဲ။ဒီဓာတ်ပုံရဲ့ အထူးခြားဆုံးအချက်က ရွာသားတွေရဲ့မျက်လုံးတွေက အသက်ဝင်နေတာပဲ။ဒီရွာသားတွေရဲ့ မျက်လုံးထဲက အသက်ကို ဘယ်အရာက နုတ်ယူသွားခဲ့တာပါလိမ့်။
စစ်ကြောင့်လား။ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေရတာပါလို့ ဖျောင်းဖျရမလား။သူငယ်ချင်းတစ် ယောက်ရဲ့စကားကို သတိရမိတော့ တွေဝေရပြန်တယ်။    ငြိမ်းချမ်းရေးအတွက်စစ်တိုက်ရတယ်ဆိုတာ   F-cking for virginity ပဲတဲ့။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်မှာ မေးခွန်းထုတ်ပိုင်ခွင့်မရှိ။မိန်းမငယ်ကို မျှော်ခွင့်သာရှိတယ်။

ရပ်ရွာအုပ်ချုပ်ရေးမှူးပြန်ရောက်လာတော့ ကျွန်တော်ပြင်ဆင်ပြီးနေပြီ။ သူ တစ်ယောက်တည်းပဲ။ ကျွန်တော်မျက်နှာပျက်သွားတာကို သူသတိထားမိတယ်။သူ ချက်ချင်းပဲ ပျာပျာသလဲအစီရင်ခံတယ်။ အကျဉ်းချုပ်ကတော့ ဒီနေရာမှာအဆင်မပြေလို့ တစ်နေရာကိုလိုက်ခဲ့ဖို့ပဲ။ဘာငြင်းစရာအကြောင်းရှိလဲ။
လမ်းရောက်တော့မှ သူ့ကိုမေးဖို့ စိတ်ကူးထားတဲ့ စာတန်းကိုသတိရတော့တယ်။အိမ်ရဲ့ ဧည့်ခန်းနံရံ မှာ တစ်စုံတစ်ယောက်ရေးခဲ့တာ။ရေးခဲ့တဲ့အချိန်ကာလကလည်း ဟိုဓာတ်ပုံလိုအဝေးကြီးမဟုတ်တာ သေချာတယ်။ကျွန်တော်တည်းဖို့ရောက်ခါနီးလောက်က ရေးခဲ့တာလို့တောင် ပြောနိုင်မယ်။ “စေတန်သည် ကမ္ဘာ၏နေရာတိုင်းတွင် ရှိမနေနိုင်သည်ဖြစ်ရကား သူ့ကိုယ်စား အစိမ်းရောင်လူသားများကို ဖန်ဆင်းထားခဲ့ လေသည်”တဲ့။ခင်ဗျားတို့က သစ်ပင်ကို ကိုးကွယ်ကြတာလားလို့ မေးမယ့်ဆဲဆဲ အဖြေရမှာမဟုတ်ဘူး ဆိုတာ သတိရသွားတော့ မမေးဖြစ်တော့ဘူး။ တဏှာက လက်ဦးသွားတာလည်းပါမယ်။
သူက ဒီနေရာပဲဆိုလို့ကြည့်လိုက်တော့ ဘုရားကျောင်းတစ်ခုဖြစ်နေတယ်။သူက တံခါးကိုဖွင့်ပြီး ကျွန်တော့်ကိုတွန်းပို့လိုက်တယ်။အိုး ဘုရားကျောင်းထဲမှာ လူတွေအပြည့်ပဲ။ရွာသားတွေပဲလား။
ထိုင်ခုံတန်းလျားအပြည့်နေရာယူထားကြတဲ့ ရွာသားတွေကို ကျွန်တော် တစ်ယောက်ချင်းခိုးကြည့် နေမိတယ်။ဗုဒ္ဓေါ သူတို့မျက်လုံးတွေ အသေမဟုတ်ကြတော့ဘူး။ဒါပေမယ့် ဓာတ်ပုံထဲကလို ပြုံးနေတဲ့ မျက်လုံးတွေလည်း မဟုတ်ခဲ့ဘူး။တစ်စုံတစ်ယောက်ရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ဆောင်ကြရတော့မယ့် ဆွေမျိုးတွေရဲ့မျက်လုံးမျိုး။မိုးပြိုရင် အပိခံဖို့အဆင်သင့်ဖြစ်နေတဲ့ ယုန်သူငယ်တွေလို။ဘုရားကျောင်းထဲမှာ ဝမ်းနည်းမှုသာ ကြီးစိုးနေတော့တယ်။
ဘုန်းတော်ကြီးရှေ့မှာ ခေါင်းငုံ့ရပ်နေတဲ့ သတို့သမီးဆီလှမ်းနေတဲ့ ခြေထောက်တွေတောင် အရှိန် လျော့သွားတယ်။နှိုးထစ ရမ္မက်တွေလည်း ကြက်ပြေးငှက်ပြေး။
နောက်ဆုံးတော့ ကျွန်တော် သတို့သမီးဆီ ရောက်သွားပါတယ်။သတို့သမီးလေးက ငိုနေရှာတယ်။ သူ့ဝတ်စုံတောင် စိုရွှဲနေတဲ့အထိပဲ။ဘုန်းတော်ကြီးကလည်း ကမ္ဘာပြိုတော့မယ့်မျက်နှာထားနဲ့။
သတို့သမီးက ကျွန်တော့်နားနားကပ်ပြောတယ်။
“ကျွန်မယောက်ျားကို စစ်မြေပြင်မှာ တွေ့ခဲ့လားဟင်”
“ဟုတ်လား။သူက ဘယ်တပ်ရင်းထဲကလဲ”
မေးပြီးမှ ဆွံ့အသွားရတယ်။ကျွန်တော် ပစ်သွင်းခဲ့တဲ့ ကျည်ဆန်တွေဟာ ဒီကလေးမရဲ့ယောက်ျား ကို ထိမှန်သွားခဲ့သလား။ ဒီ့နောက် ကျွန်တော်တို့ဘာမှ မပြောဖြစ်တော့ဘူး။
ကလေးမရဲ့မျက်ရည်တွေကြောင့် ကျွန်တော့်အင်္ကျီလည်းစိုရွှဲနေပြီ။ တီးဝိုင်းကလူတွေကလည်း တူရိယာတွေကိုင်ပြီး ငေးငိုင်နေတယ်။ အဝေးက ခွေးအူသံရပ်သွားတဲ့အခါ တိတ်ဆိတ်မှုက ဗိုလ်ကျတော့တယ်။ ရက်စက်တဲ့တိတ်ဆိတ်မှုကြောင့် ကျွန်တော် တစစ်စစ်ကိုက်ခဲလာတယ်။ သတို့သမီးကို ပွေ့ချီပြီး ဘုရားကျောင်းထဲကပြေးထွက်ခဲ့တယ်။
ဘယ်လောက်ကြာကြာပြေးနေခဲ့သလဲမသိတော့ အသိစိတ်ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ခေါင်မိုးမရှိတဲ့အိပ်ခန်းတစ်ခုထဲ ရောက်နေတယ်။ ချစ်တယ် ကလေးရယ် …။
ကလေးမက ရွာအဝင်တုန်းကလိုပဲ ပန်းကုံးတစ်ခုကိုင်ထားတယ်။ သူ ဂုဏ်ပြုဖို့လွယ်သွားအောင် ကျွန်တော်ခေါင်းငုံ့ပေးလိုက်တယ်။ ပန်းကုံးက ကျွန်တော့်လည်ပင်းရောက်တယ်ဆိုရင်ပဲ လက်ညှိုးကုံးတစ်ခု ဖြစ်သွားတယ်။ဘာတွေလဲ !!!
“ဒီလက်ညှိုးတွေဟာ ရှင်မုဒိမ်းကျင့်ခဲ့တဲ့ မိန်းကလေးတွေရဲ့လက်ညှိုးတွေပေါ့။ မလှဘူးလားဟင်။ ဟင်း ဟင်း ရှင်နဲ့ သိပ်လိုက်တာပဲ”
ကလေးမ ထပ်ငိုပြန်တယ်။ ဒါ အခွင့်ကောင်းပဲ။ သူ့ကို ချော့ရင်း လုပ်ငန်းစရမယ်။
သူ့ဆံနွယ်တွေကို ပွတ်သပ်လိုက်တယ်။ သူ့ဦးခေါင်းကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ အငိုတော့ မရပ်သေးဘူး။ခေါင်းလေး မော့ပါဦး အချစ်ကလေးရယ်။
သူ့မေးစေ့လေးကို ပင့်တင်လိုက်တယ်။ ဗုဒ္ဓေါ …။ကျွန်တော် သူ့ကို တွန်းလွှတ်လိုက်မိတယ်။
မဖြစ်နိုင်ဘူး။ကလေးမ ဘယ်ရောက်သွားတာလဲ။ကလေးမနေရာမှာ ဘာလို့ သမီးကရောက်လာ တာလဲ။
သမီးက တရှုံ့ရှုံ့ငိုနေပြန်တယ်။
“အဲဒါ တကယ်ပဲလားဟင် ဖေဖေ”
“ဘာလဲ။ ဘာတွေပြောနေတာလဲ”
“လက်ညှိုးတွေလေ။ ရှင့်လည်ပင်းက လက်ညှိုးတွေပေါ့”
ဟင် မိန်းမ။ ဟာ ရွာသားတွေရောပဲ။ ဘာလို့ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ။
“အား အား”
ဗုဒ္ဓေါ သမီးရဲ့သားအိမ်ထဲက သွေးတွေစီးကျလို့။ ဟင့်အင်း ကျွန်တော် ဟိုကလေးမကို ဘာမှ မလုပ်ရသေးဘူး။
ကျွန်တော် ခုတင်ပေါ်က ဆင်းပြေးတယ်။ အပြင်မှာလည်း မှောင်မည်းနေတာပဲ။ ရွာသားတွေကရော လိုက်လာကြမှာလား။သစ်ပင်တွေကလည်း လရောင်မဖောက်နိုင်လောက်အောင် အုံ့ဆိုင်းနေလိုက်တာ။
“ရှင် ကြောက်နေပြီလား”
ဟင့်အင်း လက်ညှိုးတွေ စကားမပြောတတ်ပါဘူး။ ဆက်ပြေးစမ်း။
ပြေးရင်း ကျွန်တော့်ပေါင် နာကျင်လာတာ ခံစားမိတယ်။ ဗုဒ္ဓေါ သွေးကွက်ကြီးပါလား။ ရွာသားတွေ ပစ်ခဲ့တာလား။ ရန်သူ့ဘက်က ကျည်ဆံလား။
ဟိုးခပ်ဝေးဝေးက အလင်းရောင်က မီးတောက်မီးလျှံလား။ လမင်းလား။ ကျွန်တော် စေတန်အဖြစ် အသွင်ပြောင်းသွားတာ သိလိုက်တယ်။ ပြေးရဦးမယ် အမှောင်ထဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...