“နတ်ကန္နားပါတီ”
by Soe Min on Saturday, August 25, 2012 at 9:59pm
ဝါခေါင်လဆိုရင် မန္တလေးကလူတွေ ပျော်ပျော်ပါးပါး နွှဲလေ့ရှိကြတဲ့ပွဲကတော့ တောင်ပြုံးပွဲ နဲ့ ရတနာ့ဂူနတ်ပွဲတွေပါပဲ။ ကိုးကွယ်ယုံကြည်မှုတစ်ခုအနေနဲ့ သွားတဲ့သူတွေရှိသလို၊ ရိုးရာအရ ရှေးထုံးစံတစ်ခုကို မပျက်မကွက် လိုက်နာဆောင်ရွက်တဲ့အနေနဲ့လည်း သွားကြတယ်။ ဘာရယ်မဟုတ် အပျော်သဘောနဲ့ လည်ကာပတ်ကာ သွားတဲ့သူတွေလည်း ရှိပါမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အင်မတန်စည်ကားတဲ့ ပွဲတစ်ပွဲဆိုတာတော့ ငြင်းမရဘူးပေါ့။ ရှေးကတော့ လူငယ်လူရွယ်တွေ သင်္ကြန်ပွဲမှာ ကဲသလို ကျီစယ်နောက်ပြောင်လေ့ရှိကြပြီး ပွဲတော်အတွင်းမှာတော့ တစ်မိသားနဲ့တစ်မိသား သားပြောမယားပြော ပြောလို့ဆိုလို့တောင် စိတ်မဆိုးကြဘူးလို့ဆိုတယ်။ သို့သော်လည်း ခုကာလ သင်္ကြန်မောင်မယ်တွေလို ပေါ်ကာလှစ်ကာ မူးစွာရူးစွာ စိတ်ရှိတိုင်းလွှတ်ပေးတဲ့ ပွဲမျိုးတော့ မဟုတ်ပါဘူး။ ပြောမှားဆိုမှား ဗွေမယူပဲ သည်းခံခွင့်လွှတ်ပေးကြရုံပဲ ရှိတာပေါ့။
ရွှေမန်းမြို့ ကျက်သရေဆောင် မြို့မအဖွဲ့ကြီးတောင် တောင်ပြုံးပွဲ နွှဲလေ့ရှိတယ်ထင်ပဗျာ။ “အို တောင်ပြုံးခေါ် ပွဲတော်ကြီး နီးလာပြီ။ လာ ကိုမြို့မ ကျွန်မနဲ့တွဲ သွားပါရစီ။ ဟိုးနောက်ကနေ ယောက်ဖရေ ခေါ်နေပြီ။ ပျို သည်းညည်းခံ သည်းညည်းခံ ထုံးစံပါအတည်။ အိမ်ကိုမြန်မြန် ပြန်ပါ ကလေးတွေငိုကုန်ပြီ။” တဲ့။ မန္တလေး မတ္တရာ ရထားလမ်းပေါ်က တောင်ပြုံးဘူတာဆိုတဲ့ရွာကလေးမှာ တောင်ပြုံးမင်းအရှင်နှစ်ပါးရဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး မိသားစုအသိုင်းအ၀ိုင်းတွေက မင်းညီနောင်ရဲ့ ဓလေ့နဲ့အညီ ပျော်ပွဲသဘင်ကြီး ဆင်ယင်ကျင်းပတဲ့ပွဲလို့ ဆိုရမှာပေါ့လေ။ ထိန်ခုတ်ပွဲ၊ ယုန်လိုက်ပွဲ၊ ချိုးရေတော်သုံးပွဲ၊ စစ်ထွက်ပွဲ ၊ စစ်ပြန်ပွဲတဲ့။ ပုဂံခေတ်ကတည်းက စခဲ့တာ သည်ကနေ့အထိတိုင်အောင် ရိုးရာမပျက် ဆင်နွှဲလျက်ရှိနေတုန်းပဲ။ သူတို့က ဘိုးတော်လို့ခေါ်တဲ့ အနော်ရထာမင်းကြီးက ပုဂံက၊ မယ်တော်ဖြစ်တဲ့ မယ်ဝဏ္ဏကတော့ ပုပ္ပားက၊ ခမည်းတော်နဲ့ ဘကြီးတော်ကတော့ သုဝဏ္ဏဘူမိ သထုံပြည်ဘက်ကလာတာဖြစ်ပြီး အဲသည် ကိုယ်တော်ကလေးနှစ်ပါး အပိုင်စားရတဲ့နယ်ပယ်ကတော့ မန္တလေးအထက် တောင်ပြုံးရွာမှာပေါ့။ ကိုယ်တော်ကလေး စုံမက်တယ်ဆိုတဲ့ သခင်မ မမဥကတော့ သခင်မတောင်တော်ပေါ်မှာ စံမြန်းတယ် လို့ဆိုလိုက်ရင် သူတို့ရဲ့ နတ်နန်းပထ၀ီကို အကြမ်းဖျင်း မြင်ယောင်ကြည့်လို့ ရပါလိမ့်မယ်။
နတ်ကိုးကွယ်မှုတွေကို မင်းအာဏာစက်နဲ့ တားမြစ်ခဲ့တဲ့ အနော်ရထာမင်းကြီး နဲ့ ရှင်အရဟံတို့ရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာ မျိုးစေ့အောက်မှာတောင်မှပဲ အိမ်တွင်းမင်းမဟာဂီရိ နတ်မိသားစုတွေ၊ ရွှေပြုံးအရှင်နှစ်ပါးမိသားစုတွေ၊ ပခုက္ကူ ရွှေကူနီက ပုခန်းမင်းကြီး ကိုကြီးကျော်၊ ဥဿာပဲခူးက နံကရိုင်းမယ်တော်၊ ရေငံကိုပိုင်စိုးတဲ့ ဦးရှင်ကြီး၊ အစရှိတဲ့ မြန်မာ ၃၇ မင်းနတ်တွေဟာ သည်ဘက်ခေတ် အင်တာနက်ပေါ် ရောက်လာတဲ့အထိတိုင်အောင်တောင် မတိမ်ကောနိုင်ပဲ စိတ်ဝင်စားစရာကောင်းနေသေးတာ ထူးခြားတာတော့ အမှန်ပါပဲ။ သို့သော်လည်း အခုနောက်ပိုင်းမှာ ကိုးကွယ်ယုံကြည်မှုတစ်ခု လို့ ခိုင်ခိုင်မာမာ အနေအထားကနေ ရိုးရာဓလေ့ထုံးတမ်းတစ်ခု ယဉ်ကျေးမှုတစ်ခုအဖြစ်ကို ပြောင်းလဲလာတာ ကောင်းတဲ့ဘက်ကတွေးလို့ ၀မ်းသာရပါတယ်။ ကိုယ်တွေအထက် မျိုးဆက်နှစ်ဆက်လောက်မှာတုန်းကတော့ တော်တော်လေးကို စွဲစွဲမြဲမြဲ ယုံကြည်ကိုးကွယ်လေ့ရှိတာ မှတ်မိပါတယ်။ မြန်မာလူမျိုးတွေဆိုတာ ကိုယ့်အဖေအမေဘက်က နံမယ်တွေကိုသာ ဆက်ခံစရာမလိုတာ ကိုယ့်မိဘတွေဘက်က ပါလာတဲ့ ရိုးရာနတ်တွေကိုတော့ အလိုလို ဆက်ခံပြီးသားဖြစ်သတဲ့။ လူတိုင်းမှာ မိဆိုင်ဘဆိုင် ရိုးရာနတ်တွေ ရှိသတဲ့လေ။ ချောင်းရိုးမြောင်းရိုးသာ တိမ်ကောမယ် မျိုးရိုး မတိမ်ကောဘူး လို့ပြောတာဟာ အဲသည် မိဘဘက်က ရိုးရာနတ်ကိုးကွယ်မှုတွေကို ရည်ညွှန်းပါသတဲ့။ အဲသည်ရိုးရာနတ်ကိုးကွယ်မှုတွေကို သားကြီးသမီးကြီးများက မပျက်မကွက် ဆက်ခံရပါသတဲ့။ အဖွားတို့ခေတ်တုန်းကတော့ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ကလေးအငိုမတိတ်ရင်တောင် လေဆန်တာ လေထိုးတာ အသာထား “နင်တို့ ရိုးရာ ကိုးပြီးကြပလား။” ဆို လက်ဘက်တစ်ရိုး၊ ကွမ်းတစ်ရိုးလောက်မှ မကိုးလိုက်ရရင် ကိစ္စပြီးကို မပြီးဘူး။ ကိုယ့်နတ်နဲ့ကိုယ်တောင် အပတ်မလည်ရတဲ့အထဲ ခရီးသွားလမ်းသွားရှိရင် နယ်ရှင်ပယ်ရှင် မြို့တော်ရင် ရွာတော်ရင်တွေကလည်း ပါပြန်သေးတာ။ “ပုလဲရွှေမြို့ သဲရေငယ်စို့ပါတဲ့ ဖဲရွှေမြို့အပိုင်၊ အောက်ခရိုင် ကျောက်တိုင်တ၀ိုက်…။” ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဦးရှင်ကြီးတင်ကြတာ ကြားဖူးမှာပေါ့။ အိမ်တိုင်းအိမ်တိုင်းက ၀ါဝင်ဝါထွက်ဆို ကိုယ့်ရိုးရာနတ်တွေကို သတိတရ ပသလေ့ရှိကြတယ်။
ကိုယ့်နတ်ကိုယ့်စည်းကမ်းနဲ့ အမှားအယွင်းကင်းအောင်လည်း နေကြရသေးသတဲ့။ အရှင်နှစ်ပါးရဲ့ မောင်းမသားချင်း တပည့်တပန်းများဆိုရင် ၀က်သားလို့တောင် ပါးစပ်ကထုတ်မခေါ်ရဲကြဘူး။ တရုတ်အမဲ လို့ ခေါ်ကြရတယ်။ စားဖို့နေနေသာသာ အိမ်ပေါ်တောင် အတင်မခံဘူး။ တော်ပါသေးရဲ့။ ကိုယ့်အမေတွေအဖွားတွေတင်ရတဲ့ မိဆိုင်ဖဆိုင်ရိုးရာနတ်က အနောက်မယ်တော်တဲ့။ ၀ါဝင်ဝါထွက် မုန့်ဖြူမုန့်နီ၊ ဆန်တစ်စလည် နဲ့ ၀က်သားတစ်အိုးချက် တင်ရတာမို့လို့။ ပဲခူးမယ်တော်ရိုးရာနဲ့ သူငယ်ချင်းအိမ်မှာတော့ အမြီးစုံခေါင်းစုံ ငါးရံ့နှစ်ကောင်တင်ရသတဲ့။ ကလေးဆိုတော့ ဘာနတ်တင်တင် သူတို့က အငွေ့ပဲစားတာ ကိုယ်တွေက အတွေ့ဝါးရတာဆိုတော့ ဦးရှင်ကြီးတင်တဲ့ မုန့်ဆမ်း၊ ငှက်ပျောသီးကအစ ပျော်စရာကောင်းသလား မမေးပါနဲ့။ ဒါတောင် ကိုယ့်အိမ်က နတ်ကို ရိုးရာပဲကိုးတာ။ ကန္နားမပေးဘူး။ သူများနတ်ပွဲတွေမှာ ကြက်ကြော်တွေ၊ ငါးကြော်တွေ အကောင်လိုက်ဖဲ့ဖဲ့စားနေတာတွေ့ရင် အလကားနေရင်း သွားရည်တမြားမြား နဲ့ ငေးရတာမောလို့။ ပိုက်ဆံတွေလည်း ကြဲသေးတာကိုး။ နတ်ကတော်တွေက ဇာတ်လမ်းတွေလည်း ခင်းခင်းပြသေးတာ၊ အ၀တ်တွေအမျိုးမျိုးလဲလိုက်။ ကလိုက်ခုန်လိုက် ငိုလိုက်ယိုလိုက်နဲ့ဆိုတော့ ပျင်းတော့ မပျင်းရဘူးပေါ့။ ဆိုင်းတွေဝိုင်းတွေကလည်း မြိုင်ကမြိုင်ပါဘိသနဲ့။ ဒါပေသိ သူတို့လုပ်ပြတဲ့ အပူးတွေအကပ်တွေကိုတော့ ငယ်ငယ်ကတည်းက မယုံပါဘူး။ ဟောတာပြောတာတွေဆို ပိုဆိုးတော့တာပေါ့။ ဆေးရုံမှာ လုပ်လာတာ ကြာတော့ တချို့တလေလူနာတွေက ဟိုဟာပူးသလိုလို သည်ဟာပူးသလိုလို လာလုပ်ရင် ခပ်တည်တည်နဲ့ ပိတ်ဟောက်ပလိုက်တာ။ “နင်ဘယ်သူလဲ။ ဘယ်ကလဲ။ ပြောစမ်း၊ ငါ့သိလား။ အေး မသိရင် ငါ့အဆောင်ထဲလာမပူးနဲ့။ လိပ်ပြာလွင့်သွားမယ်။ ဘာမှတ်သလဲ။” လို့ ကြိမ်းလိုက်ပြီး ဒိုင်ယာဇီပမ်တစ်လုံးလောက်တော့ ကောက်ထိုးပလိုက်တာပေါ့။ သူ့ဟာသူအိပ်သွားမှတော့ ပူးချင်တဲ့အကောင်ပူး။ အသံထွက်စရာ မရှိတော့ဘူး။ ကိုယ့်ဆေးရုံကိုယ် ဘာကြောက်စရာရှိတာလိုက်လို့။ သည်မှာသေတဲ့တစ္ဆေအားလုံး ငါ့လက်ချက်မကင်းဘူးလို့ မှတ်ထားလိုက်။ နှစ်ခါပြန်သေသွားချင်လို့လားပေါ့။
ကျေးဇူးတင်ဖို့ကောင်းတာကတော့ ကိုယ်မမီလိုက်တဲ့ ဖိုးအေကြီးပါပဲ။ ကျုံမငေးအိမ်မှာ အိမ်တွင်းအုန်းက ကြွက်မြီးကျိုးရတာ၊ ခြောက်လျက်ညှိုးရတာဆို ကိုယ်တို့ဘွားအေကြီးမှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်ရတာ အမြဲပဲတဲ့။ “သည်လောက်တောင် ဖြစ်လှတာ မင်းလည်းတို့အိမ်မနေနဲ့တော့လကွာ။” ဆို မြစ်ထဲမျှောပြီး ရိုးရာဖြတ်ပလိုက်တာ ကိုယ့်အလှည့်ရောက်တော့ ဘာထုံးစံ ရိုးရာမှ မရှိတော့ဘူး။ အိမ်မှာလည်း အုန်းမရှိတော့ဘူး။ အဖွားနဲ့အမေသာ သူတို့ဟာသူတို့ မနေနိုင်လို့ လုပ်နေကြတာ။ ဗုဒ္ဓဘာသာပီပီ အနန္တောအနန္တငါးပါးသာ ကိုးကွယ်ရာတဲ့။ ကောင်းရော။ တို့မြေးအဖိုး သားအဖတွေကမှ တိုင်ပင်စရာမလို တသဘောတည်း ထပ်တူကျပါပေတယ်။ နည်းနည်းသိတတ်လာတော့ ကလေးတုန်းကလို နတ်ကန္နားပွဲတွေလည်း သွားသွား မမော့တော့ဘူး။ ဘာနတ်မှလည်း အယုံအကြည်မရှိတော့ဘူး။ ဒါပေမယ့် ရှင်ပြုတဲ့အခါ ဆန်တစ်ပြည်ငွေတစ်မတ်နဲ့ နတ်ကတော်ကြီးအိမ်မှာ ကန်တော့ပွဲတွေပေးပြီး နတ်ပြတာမျိုးတော့ ရိုးရာမပျက် လုပ်ကြတယ်။ ကိုယ်မယုံပေမယ့် ယုံတဲ့သူတွေ စိတ်အနှောက်အယှက် မဖြစ်စေချင်တဲ့သဘောပေါ့။ လူကြီးတွေဆိုတာကတော့ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ လို့ လက်ကိုင်ထားကြတာ မဟုတ်လား။ အခုသည်အသက် သည်အရွယ်ရောက်ကာမှ ရိုးရာတွေမေ့ထားလို့ နတ်ကိုင်သလားမသိဘူးလို့ အပြောခံနေရတယ်။ မယုံရင် ပင့်ချင်တဲ့နတ် ပင့်ပြီးမေးကြည့်။ “မောင်ရင် ရိုးရာနဲ့အညီ မဆောင်ရွက်လို့၊ ထုံးစံတွေကို မေ့ထားလို့ ရာထူးလည်းတက်မှာ မဟုတ်ဘူး။ အပြောင်းအရွှေ့လည်း ရှိမှာမဟုတ်ဘူး။ အဲသည် ဇနပုဒ်အရပ်မှာပဲ အရိုးထုတ်ရကိန်းမြင်တယ်။” လို့ ဟောကြမှာဗျ။ မြေကြီးလက်နဲ့ပုတ်တာကမှ လွဲဦးမယ်နော့။ (နတ်ကိုတောင် ဘာတွေဟောလိမ့်မလဲ ကြိုဟောပေးလိုက်ဦးမယ် သဘောပေါက်)။
ဘုရားဟောကျမ်းဂန်ထဲက စတုမဟာရာဇ်၊ တာဝတိန်သာ၊ ယာမာ၊ တုဿိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတ၀ဿဝတီဆိုတဲ့ နတ်ပြည်ခြောက်ထပ်ကိုတောင် နံမည်စုံအောင် မခေါ်တတ်ပဲနဲ့ အတွင်း ၃၇မင်း၊ အပြင် ၃၇မင်း၊ ၀န်း၃၇မင်း၊ ၁၁၁ပါးသောနတ်မင်းအပေါင်းကျတော့မှ ဖြစ်ကြောင်းရယ်တဲ့ကုန်စင် နတ်သံနှောလို့ ပြောပြချင်ဖြစ်ကြရတာကတော့ သူတို့အားလုံးမှာ စိတ်ဝင်စားစရာ ပုံပြင်ဇာတ်ကြောင်းကလေးတွေ၊ နားထောင်လို့ မငြီးစရာ နတ်ချင်းကလေးတွေ ကိုယ်စီရှိကြတာကိုး။ ဇာတ်သမား သဘင်သည်တို့ကလည်း နတ်သမိုင်းတွေ ကလို့ခုန်လို့။ ရုပ်ရှင်သမားတွေကလည်း ဂန္တ၀င်မြောက်အောင် ရိုက်ခဲ့ပြခဲ့တာတွေ ရှိတာပဲ။ ပြည်လှဖေ နဲ့ မေရှင် ရဲ့ စောင်းတော်ရှင်ဆိုရင် သိမီကြည့်ရှုဖူးတဲ့သူတိုင်း တဖွဖွ ပြောမဆုံးဘူး။ “သည်ပုဆိုးလေးကိုဆင် ဟောသည်ပုဆိုးလေးကိုဆင်၊ ကိုကိုရှင်ရယ်လေ။ ကပိုကယိုဆင်လို့ လာခဲ့ပါတော့တော်။” လို့ ဒေါ်မေရှင်ဆိုတဲ့ ယက္ကန်းသီချင်း၊ “လောကီအတွင်းဝယ် မကင်းကြတဲ့ ကာမဂုဏ်နယ်၊ မောင်ရယ် အာရုံငါးသွယ် ၀င်စားလို့ဖြင့် ချစ်သင့်ပါတယ်…။” လို့ မိန်းမနောက်ပိုးလုပ်တဲ့ သီချင်းကလေးတွေဟာ အနုပညာမှတ်တိုင်အဖြစ် ကျန်ရစ်နေဆဲပါပဲ။ ဂီတသမားတွေဘက်မှာလည်း သီချင်းကလေးတွေ အများကြီးရှိခဲ့တာပေါ့။ “ကျေးဇူးရှင် နေညိုနု၊ ရွှေလိုရှု၊ မေပျိုဥရဲ့တောင်တော်အ၀င်။” ဆိုတဲ့ မမြရင်ရဲ့ တောင်တော်သခင်မသီချင်းဆိုရင် မန္တလေးသားမှန်ရင် သိကိုသိရမယ့်သီချင်းလို့ ပြောလေ့ရှိကြပါတယ်။ ရက်ပ်တွေ ဟစ်ပ်ဟော့ပ်တွေဆိုတဲ့ခေတ်မှာတောင် သားစိုးတို့ ဗီဗာဟိန်းတို့က “ကိုကြီးကျော် .. တို့ ကိုကြီးကျော်..” လုပ်လို့ကောင်းနေတုန်း မဟုတ်လား။
ကိုယ့်မြန်မာနတ်တွေလိုပဲ နိုင်ငံတကာမှာလည်း အင်မတန်ရှေးကျပြီး စိတ်ဝင်စားစရာကောင်းတဲ့ နတ်ကိုးကွယ်မှု နဲ့ နတ်သမိုင်းပုံပြင်ကလေးတွေ ရှိကြပါတယ်။ တစ်ကမ္ဘာလုံးသိကြတာကတော့ ဂရိဒဏ္ဍာရီနတ်သမိုင်းတွေပါပဲ။ ဆိုရိုးစကားတွေထဲမှာ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေထဲမှာ၊ စာပေ၊ ရုပ်ရှင် နဲ့ ဂီတ အနုပညာနယ်ပယ်တွေမှာ ဘယ်တော့မှ ရိုးမသွားပဲ အစဉ်အဆက် လက်ဆင့်ကမ်း ကိုးကားပြောဆိုလာကြလေရဲ့ဗျာ။ ကိုယ်တောင်မှ ပန်ဒိုရာရဲ့ထန်းခေါက်ဖာဆိုပြီး ရေးခဲ့မိသေး။ မြန်မာစာပေနယ်ထဲမှာတောင် ဟာကြူလီငပျော့ဆိုတဲ့ နံမည်ရှိတယ်။ နှစ်ပေါင်းထောင်နဲ့ချီကြာရှည်နေပြီဖြစ်တဲ့ အဲသည်နတ်ပုံပြင်ကလေးတွေ မရိုးနိုင်ရတဲ့အကြောင်းကတော့ အင်မတန်မှပဲ လူသားဆန်စွာနဲ့ လူတွေရဲ့စိတ်ရင်းသဘောကို ထင်ဟပ်ပေးလို့ ဖြစ်မယ်ထင်ပါတယ်။ ဥပမာပေးရရင် နေကြာပန်းမယ် ကလစ်တီနဲ့ နာဆစ်ဆပ်ပန်းကလေးတွေရဲ့ ပုံပြင်ကလေးတွေကို မှတ်မိကြဦးမလား မသိဘူး။ နေနတ်သားကို တဘက်သတ်ချစ်စိတ်နဲ့ သူ့ကိုများ လှမ်းကြည့်လာလေမလားလို့ ရွှေရောင်ဆံနွယ်ကလေးတွေကို နေထွက်နေ၀င် ဖြီးသင်ရင်း နေလုံးကြီးဆီ တမော့မော့လုပ်နေရှာသူ နတ်မိမယ်ကလေးခမျာ မလှုပ်မယှက်ခြေထောက်က အမြစ်တွေတွယ်လာပြီး နေကြာပန်းပွင့်ကလေးဖြစ်သွားသတဲ့။ လူချောလူခန့် ထောင်ထောင်မောင်းမောင်း ချစ်စရာကောင်းကောင်း လုလင်ပျိုနာဆစ်ဆပ်ကို နောက်ကတကောက်ကောက် လိုက်ပြီး မိန်းမနောက်ပိုးလုပ်ရှာသူ နတ်မိမယ်လေးအက်ခိုးကတော့ နောက်ဆုံးမှာ သူများကခေါ်လိုက်ရင် သံယောင်လိုက်ပြီးထူးရတဲ့ အသံကလေးသဲ့သဲ့သာကျန်တော့တဲ့အခါ သူ့သခင်မ အချစ်နတ်ဖုရားမ အဖရိုဒိုက်က သားတော်မောင် ကျူးပစ်ကို ‘အဲသည်လူပျိုကြီးကို ချစ်တတ်အောင် သင်ပေးလိုက်စမ်း” ဆိုလွှတ်လိုက်တယ်တဲ့။ ကိုလူဆိုးကလေးက မဆင်မခြင် “သည်ကနေ့ ဘယ်သူနဲ့တွေ့တွေ့ တွေ့တဲ့လူကို ချစ်စေရော့လဟယ်” ဆို မြားသရမ်းလွှတ်လိုက်သတဲ့။ ကိုလူပျို လူညိုထွားက အမဲလိုက်တမ်း ကစားလို့အပြန် မောမောနဲ့ စမ်းရေကြည်ကလေးသောက်မလို့ ငုံ့လိုက်တဲ့အချိန်မှာ တည်ငြိမ်တဲ့ ရေပြင်ပေါ်က သူ့ရုပ်ကလေး သူပြန်မြင်ပြီး “ချောလိုက်တဲ့ သတ္တ၀ါလေးကွယ်” ဆိုပြီး မျက်စိတောင် မလွှဲနိုင်အောင် ချစ်စိတ်ဝင်သွားလို့ တချိန်လုံး ရေပြင်ပေါ်ကို ငိုက်ကျနေတဲ့ ခရမ်းရောင် ပန်းပွင့်လှလှလေးဖြစ်သွားသတဲ့။ တချိန်လုံး မှန်ရှေ့ကမခွာဖြစ်နေတဲ့ ကိုလူချောတွေကို နာဆစ်ဆပ်ရောဂါလို့ ကင်ပွန်းတပ်ကြတယ်လေ။ ယုံတာမယုံတာ အပထား သူ့အကျိုးအကြောင်းလေးနဲ့ သူ့ယုတ္တိယုတ္တာကလေးနဲ့ဆိုတော့ တစ်ခါကြားဖူးရင်လည်း မမေ့နိုင်တော့ဘူး။ အကြိမ်ကြိမ်ပြောလို့လည်း မရိုးနိုင်တော့ဘူး မဟုတ်လား။
မြန်မာနတ်တွေမှာလည်း ဂရိဒဏ္ဍာရီထဲကလို စူပါပါဝါတွေနဲ့ အံမခန်းစွမ်းအင်တွေ မရှိသော်ငြား ထူးခြားတဲ့ စရိုက်သဘာဝကလေးတွေတော့ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ အများစုက မင်းပြစ်မင်းဒဏ်သင့်ခဲ့ကြသူတွေဖြစ်တာမို့ ရှင်ဘုရင်ခေတ်က မတရားသဖြင့် အသတ်ခံရလို့ အကုသိုလ်စိတ်တစ္ဆေခြောက်တဲ့အခါ ပြေရာပြေကြောင်း တောင်းပန်ချော့မော့ရာကနေ နယ်ပယ်အပိုင်စား၊ နောက်လိုက်ကိုးကွယ်သူများ လက်ဆင့်ကမ်းလာကြသလား စဉ်းစားစရာဖြစ်ပါတယ်။ နောက်တက်တဲ့ မြန်မာရှင်ဘုရင်တွေလက်ထက်မှာလည်း အဲသည်နတ်တွေနဲ့ ဆုပေးဆုယူ အဓိဋ္ဌာန်ကတိတွေ လုပ်ခဲ့ကြတယ်။ နိမိတ်တဘောင်တွေနဲ့ စောင့်ရှောက်ခဲ့ကြတယ်။ အိပ်မက်ယာမက်များပေးလို့ လမ်းညွှန်ခဲ့ကြတယ်လို့ ရာဇ၀င်တွေမှာ အခိုင်အမာဆိုထားတာတွေလည်း ရှိပါတယ်။ ဥဇ္ဖနာမင်းကြီးရဲ့ မင်းမဟာဂီရိ ဗာလိနတ်စာကျွေးပွဲတွေ၊ အလောင်းမင်းတရားကြီးရဲ့ ပုခန်းရွှေကူနီက ဖေကြီးကျော်အိပ်မက်ပေးတာတွေ၊ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားနှစ်ပါးတို့ တောင်ပြုံးက မင်းညီနောင်ဆီမှာ အောင်မြေနင်းဆုပန်ကတိထားခဲ့ရာက အကြံအစည်ပြီးမြောက်လို့ နတ်ပွဲကြီးတွေ ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့တာတွေကို ဖတ်မိတဲ့အခါ ကိုယ်တွေကသာ ဘာမဟုတ် ညာမဟုတ်နဲ့ မယုံမကြည်ဖြစ်နေတာ။ ရှေးရှေးကဖြင့် ရှင်ဘုရင်တွေကိုယ်တိုင်တောင် ယုံယုံကြည်ကြည် ကိုးကွယ်ခဲ့ကြသား လို့ အောင့်မေ့မိတာပေါ့။ (ဒါမှမဟုတ်လည်း အဲဒီနတ်တွေက ရှင်ဘုရင်မှပဲ အဖက်လုပ် စကားပြောကြလေသလားတော့ မပြောတတ်ပေါင်)
သိတတ်စကတည်းက မယုံပါဘူးဆိုပြီး မေ့ထားတဲ့ မြန်မာနတ်တွေကို အခုကျမှ ပြန်ပြီးတခုတ်တရ ရေးသားဖော်ထုတ်နေရတာကတော့ နတ်ကိုးကွယ်မှုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုလေးတွေ အကြောင်း ပြောချင်လို့ပါ။ မြန်မာ ၃၇ မင်းနတ်တွေကို ဗာလိနတ်စာ ပူဇော်ပသတဲ့အခါ သူ့ဆိုင်ရာဆိုင်ရာ နတ်တွေကို လိုက်လို့ တီးလုံးတီးကွက်၊ နတ်ချင်းလင်္ကာတွေ စည်းကမ်းတကျရှိပါတယ်။ အဲသည် သုခုမ အနုပညာတွေဟာလည်း အေသင် ရောမ ခေါမပြည်က ကျောက်သားပကတိ နတ်ကွန်းအဆောက်အဦများလိုပဲ မပျောက်မပျက်စေရအောင် ရှာဖွေဖော်ထုတ် သန့်စင် ထိန်းသိမ်းအပ်သော ယဉ်ကျေးမှု အမွေအနှစ်များ လို့ မြင်မိပါတယ်။ ခုခေတ် နတ်ကန္နားပွဲမှာ ဆိုင်းသမားတွေ ဗရုတ်သုတ်ခလုပ်သလို “အိုးလေးလှုပ်ပါဟေ့။” နဲ့ အမေဂျမ်း မချော့သင့်ပါဘူး။ မန္တလေးကနတ်ပွဲတွေမှာ “ခိုင်ဖုန်းဝူးလျူ ပေါင်ကျင်းချန်” ဆို အိုးမဲသုတ်ပြီးကလိုက် “လ၀န်းလေးနဲ့တူတယ် ကွမ်ရင့်ကိုလားကွယ်” ဆို မျက်နှာချေအဖွေးသားနဲ့ကလိုက်လုပ်ရင် အံပေါင်း ဟုန်ပေါင်းတွေ စည်တတ်တယ်ဆိုပေမယ့် ကိုယ့်ရိုးရာတွေပျောက်ကုန်မှာတော့ စိုးရပါတယ်။ ပိုဆိုးတာကတော့ သဘင်မှုအနုပညာနယ်ထဲက ဇာတ်သမားများတောင်မှ ပွဲဦးထွက် သမားစဉ် လမိုင်းနတ်တင်တဲ့ အပျိုတော်ဆယ့်နှစ်ခန်းကို တူတူတန်တန် နတ်သံကလေးမှ မပစ်တတ်မကတတ်လို့ ပျောက်ကွယ်ကုန်ရမယ်ဆိုရင် အရမ်းနှမြောစရာကောင်းပါလိမ့်မယ်။ နောင်လာနောက်သား မြန်မာလူငယ်ကလေးများအနေနဲ့လည်း မူရင်းမူမှန် မြန်မာသံကလေးတွေကို မကြားဖူးကြမှာစိုးလို့ ပြန်မိတ်ဆက်ပေးလိုက်ရပါတယ်။ နတ်ကိုယုံယုံ မယုံယုံ နတ်သံကလေးကိုတော့ ယုံယုံကြည်ကြည် နားထောင်ကြည့်လိုက်ကြပါဦးဗျာ။ ကောင်းမှကောင်း။
သီချင်းနားထောင်ရန် ။ ။ http://soundcloud.com/winmyat-nyein/apyotawpo
“မင်္ဂလာရယ်မှ မဏ္ဍိုင်လေး……..။ (ဟေ့ .. ဟေ့ .. ဟေ့ အောင်ပါလေ)
ရောင်ဆိုင်ငယ်မှလေးလီ၊ သာမောငယ်စည်၊ နတ်ပြည်ထိလု ပျော်ဖွယ်ငယ်ကောင်း နတ်အပေါင်းစု၏။
မေယုငယ်မှ ဗဟို မြင့်မိုရ်ထိပ်မှာ ဝေယန္တာက သူဇာ၊ နန္ဒ၊ စိတ္တရ နဲ့ စိတ္တ၊ ဓမ္မာ ကြင်ယာအများ မိဖုရားအပေါင်း ထောင်သောင်းမက ငါသိကြားမှန် ထက်ဖျားငယ်စံ ၀န်းရံခ၏။
နတ်များအမှူး လူတို့ပြည်ခွင် ငါအရှင်သည် ပျော်ရွှင်မြူးလာဘိတကား။ မင်္ဂလာစံကင်း ပွဲများအပေါင်း ဂုဏ်ရောင်လင်းပါတဲ့ မင်းအများတို့။ (ရွှေမန်းဇာတ်သဘင်အဖွဲ့သားတွေ ဟုတ်မှဟုတ်ကြရဲ့လားမောင်တို့။ ဟုတ်ပေ့ဗျို့)။
တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေး ….. ။ (ဟေ့ .. ဟေ့ .. ဟေ့ အောင်ပါလေ)။ သုံးကြိမ်ငယ်မှတင်တင် မြို့တော်အရှင် မယ်လျှင်ဖြင့် ကန်တော့ပါ၏။
စုံလင်ငယ်မှမယွင်း ပွဲပြင်ကျင်း၍ ထမင်းမနှော အုန်းငှက်ပျောနှင့် သဘောဖြူစင်၊ ကျွနုင်္ပ်ကယ်တင် စည်ပင်ထွန်းကာ မပါဘုရားဟု အသနားငယ့်ခံ နန်းစံသည့်သခင် မြို့တော်ကို ပိုင်အုပ်စိုးပါတဲ့ နတ်အမျိုးရှင့်။
နယ်တော်ကို ပိုင်အုပ်စိုးပါတဲ့ နတ်မျိုးညီလာခွင် နန်းတောင်ကြီးရှင် ဦးသုံးကြိမ်တင် မယ်လျှင်ရှင့်ကန်တော့ နတ်နန်းကွန်းတင်က ကျေးတော်ရှင် ကျွန်တော်မျိုးတို့ကို ဘုရား တိုးမပါ။
(အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်) ၂။ ပန်းမွေ့ယာ ရွှေကော်ဇော ရောနှောလို့ထိုင်။
(ပျိုတိုင်းကြိုက်ပါတဲ့ နှင်းဆီခိုင် နှင်းဆီခိုင်) ၂။ ခွင်လုံးပိုင်တဲ့ အဖွဲ့တော်သား ဝေးရာကရှား။
(သန်းခေါင်ကို နေ့မှတ်ပါလို့) ၃။ (အရပ်လေးကိုတဲ့ အားမနာ) ၂။ မသောက်ရရင် သီလစောင့်တယ် ကိုးကျောင်းတကာ။
(သောက်တော်ဗူးရယ်တဲ့ အိုမကွာ) ၂။ မင်းကျော်စွာလို့ မကျော်လား ဝေးရာကရှား။
(လောင်းစရာ ငွေမရှားပါဘု) ၂။ ကြက်ကြားကိုတဲ့ မြင်းပေါ်တင် ဗောင်းစိုင်းကြော့ရှင်။
(ချစ်လို့ရယ်တဲ့ ခင်မင် ယဉ်ရှာရော့သလား) ၂။ ကိုကြီးကျော်ရေ (ဗျို ဗျို ဗျို) မောင်ကြီးကျော်ရေ (ဗျာ ဗျာ ဗျာ)။ ဤဇမ္ဗူမှာ ပြိုင်ဘက်ရှား မိုးကျနတ်သား။
(မြောင်းတူကို လျှောက်ပါလို့) ၂။ အနောက်လေးရယ်တဲ့ ရွှေကူနီ ဝေးကွာခဲ့ပြီ။
(ညနေညနေဆီမှာလေ ကူနီကြော့စံကွန်း) ၂။ ကိုကြီးကျော်ပလီလွန်းတယ် (ကျက်သရေ တက်နေတိုးတယ်)ဆေးစိုက်တဲ့ကျွန်း။
ရွှေပြုံးကို သွားမယ်လို့ နပ်ခါးရယ်တဲ့သုံးတောင် ပြောင်လောက်အောင်သွေး။
(ကျောက်ပျဉ်ကြီးရယ်နဲ့ မှန်ဘီးကို ယူခဲ့ပါ့ ညိုနွဲ့ရယ့်လေး)။
ရွှေပြုံးက ပန်းခွာညို မွှေးလှတယ်ဆို (မာစေလို လောင်းညိုလှေကလေးနဲ့ ချိုးတင်ခဲ့လေး)။
ဟိုရှေ့ဆီမှာလေ နေရီပါလို့ ရော်ရမ်း (ကိုကြီးကျော်လာမယ့်လမ်း ဆီးကြိုလှည့်စမ်း)။
ဟိုနောက်ဆီမှာလေ တိမ်နီတွေက သွယ်တန်း (ကိုကြီးကျော်လာမယ့်လမ်း ဆီးကြိုလှည့်စမ်း)။
စိုးပါနဲ့မေရယ်လေ မိုးကြယ်မို့လား။ (သည်တောင်ကို မောင်ဖြိုပါ့မယ် မြင့်မိုရ်မို့လား)။
မရှက်ဘူးလား မကြောက်ဘူးလား သောက်ခေါင်ကြူးတဲ့ မင်းညီနောင် ရွှေပြုံးသူမျာ့မောင်။
(ရှက်တတ်ရင်သောက်ပါရိုးလား ကြောက်တတ်ရင် သောက်ပါရိုးလား ပုဆိုးစွန်တောင် သက်တန့်သွေးနဲ့ ဘိုးတော်ကြီးမြေး)။
0 comments:
Post a Comment