Thursday, August 2, 2012

စပိဘာ့ခ်၏ ကိုလိုနီနင်းပြားတွေ အကြောင်း - မြင့်သန်း


by Ye Myint Thu on Thursday, August 2, 2012 at 7:15pm ·

၂၀၀၃ ကုန်မယ်ဆိုတော့ ကျောင်းသားဟောင်းတစ်သိုက် ဧည့်ခံပွဲတစ်ခုမှာ ပြန်ဆုံကြတယ်။ ကြီးကြီးကျယ်ကျယ် ဖြစ်ကုန်တဲ့ကောင်တွေလည်း ပါတယ်။ ဧည့်ခံပွဲပြီးပေမယ့် စကားက ကောင်းနေကြတော့ ပုလင်းကိုယ်စီကိုင်ပြီး ရေကန်စောင်းနားမှာ ဆက်ပြီးစကားပြောကြတယ်။ အဲဒီမှာပဲ အနောက်တိုင်းသား တစ်ယောက်က စပြောတယ်။ “မင်းတို့တော့ မသိဘူး။ ငါ့အမြင်မှာတော့ စပိဘာ့ခ်မေးခဲ့တဲ့မေးခွန်းတွေ မှန်မှန်လာတယ်” လို့ ပြောတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ စပိဘာ့ခ်အကြောင်း ပြောဖြစ်ကြတယ်။

ကျွန်တော်တို့နဲ့ မိတ်ဆွေတချို့ကတော့ ကုလားမကြီးလို့ ညွှန်းခေါ်တတ်ကြတယ်။ ညွှန်းဆို သူက ကာလကတ္တားမှာမွေးတဲ့ ကုလားမကြီးကိုး။ ၁၉၇၄ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ Myself Must I Remake: The Life and Poetry of W.B. Yeats ဆိုတာ သူ ပီအိပ်ခ်ျဒီဘွဲ့ယူတုန်းက ရေးတဲ့စာတမ်း။ ဂယတြီချကရာဗော်တီ စပိဘာ့ခ် (Gayatri Chakravorty Spivak) ဆိုတာ ဒီကနေ့ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေထဲမှာ သိမထားလို့ မဖြစ်တဲ့သူ။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းတစ်ခု ကျွန်တော်တက်တုန်းက ပါမောက္ခတစ်ယောက်ကပြောတာ ကျွန်တော် မမေ့ဘူး။ ပထမဆုံးနေ့မှာ အဲဒီပါမောက္ခက ကျွန်တော်တို့လေးငါးယောက်ကိုပြောတယ်။ “ကျုပ်သင်တန်းမှာ ခင်ဗျားတို့ အဖေ၊ အမေနာမည်ကို ခင်ဗျားတို့ မသိလို့ အရေးမကြီးဘူး။ စပိဘာ့ခ်ဆိုတာတော့ သိမှ” လို့ ပြောဖူးတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ဒီကနေ့ကာလမှာ ယဉ်ကျေးမှု၊ ပို့စ်ကိုလိုနီရယ်လေ့လာမှု၊ ပို့မော်ဒန်လေ့လာမှုတို့ လုပ်တဲ့အခါ စပိဘာ့ခ်ကို သိမှ။ သူတင်မကဘူး မကြာခင်က ကွယ်လွန်သွားတဲ့ ဆာယိ (Edward W. Said) ၊ ဘာဘာ (Homi K. Bhabha) ၊ ဂူဟာ (Ranajit Guha) စတဲ့ ပညာရှင်တွေကို သိဖို့လိုတယ်။


မြန်မာစာပေလောကအနေနဲ့က ခေတ်အလွန်မီတယ်လို့ ကျွန်တော်ထင်တယ်။ အလကားပဲတင်း ၀ါဒဖြန့်သမားတွေဖြစ်တဲ့ ဖူကူးယာမတို့၊ တောဖလာတို့နဲ့တောင် ယဉ်ပါးပြီးသားဖြစ်နေလေတော့ ဒီပညာရှင်တွေနဲ့ လည်း နှံ့စပ်ပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ ဒီတော့ စပိဘာ့ခ်အကြောင်း အကျယ်ဝိတ္တာ မချဲ့တော့ဘူး။ အကြမ်းဖျင်းပြောရရင်တော့ စပိဘာ့ခ်ဟာ ကိုလံဘီယာတက္ကသိုလ်က ပါမောက္ခကြီးတစ်ဦးပဲ။ အရေးပါအရာရောက်တဲ့ကျမ်းတွေ အများကြီးရေးခဲ့ပါတယ်။ (ဒီနေရာမှာ တစ်ခု တင်ကူးပြီး ရှင်းထားပါရစေ။ “ကျမ်း” ဟာ ကျမ်းပဲ။ စာအုပ်တိုင်းဟာ “ကျမ်း” မဟုတ်ဘူး။ ပြည့်စုံလုံလောက်တဲ့ ဆင်ခြေနဲ့ ခိုင်လုံချက်မပါသရွေ့ စာအုပ်တစ်အုပ်ဟာ ကျမ်းဖြစ်မလာဘူး) သူ့ကျမ်းတွေဟာ “ကိုး” နိုင်တဲ့။ “ကိုး” ထိုက်တဲ့ ကျမ်းမျိုးတွေပဲ။ မျက်မှောက်ခေတ်ရဲ့ ယဉ်ကျေးမှုအကြောင်းပြောရင် ထည့်မပြောလို့ မဖြစ်တဲ့ ပညာရှင်မျိုး။ ယာ့ဒယ်ရီဒါရဲ့ အရေးအသားတော်တော်များများကို ပြင်သစ်ဘာသာက အင်္ဂလိပ်လိုပြန်ပေးခဲ့တာ။ ဒီတော့လည်း အလကား ကုလားမကြီးလို့ ပြောလို့မဖြစ်ဘူး။

ဒီလိုနဲ့ ညမှောင်မှောင်ထဲမှာ ကျွန်တော်တို့ တစ်ယောက်တစ်လှည့် စပိဘာ့ခ်အကြောင်း၊ သူရေးခဲ့တဲ့ စာတွေ အကြောင်း ပြောကြတယ်။ နှီးနှောကြတဲ့သဘောပဲ။ များသောအားဖြင့် သူ့အမြင်နဲ့ နီးစပ်တဲ့ လူတွေချည်းမို့ အကြောက်အကန် ငြင်းတယ်ခုန်တယ် မရှိကြပါဘူး။ အဲဒီမှာ ကျွန်တော် ဘ၀င်ကျခဲ့တဲ့ မေးခွန်းတစ်ခုအကြောင်း ကျွန်တော် ပြောပြမိတယ်။ အဲဒါက Can the Subaltern Speak? ဆိုတဲ့ အကြောင်းပဲ။ ဖတ်ချင်ကြရင်တော့ လန်ဒန်၊ မက်မီလန်တိုက်ကထုတ်တဲ့ Marxism and the Interpretation of Culture စာအုပ်မှာပါတယ်။ ရှာဖတ်ကြပါ) Subaltern ဆိုတဲ့စကားလုံးဟာ အီတာလျံမာ့ကစစ် အန်တိုညိုဂရမ်းချီ သုံးခဲ့တဲ့ စကားလုံး။ နိမ့်ကျတဲ့လူ၊ လူစု စတာတွေကို ညွှန်းတာ။ ဘာသာရေး၊ လူမှုရေး၊ လိင်စတဲ့အချက်တွေကိုကြည့်ပြီး နိမ့်ကျတယ်လို့ သတ်မှတ်ခံထားရသူတွေပဲ။ မြန်မာဘာသာစကားဘောင်ထဲက ပြောရ၊ ရေးရရင်တော့ အကောင်းဆုံး စကားလုံး၊ စာလုံးဟာ “နင်းပြား” ဆိုတာပဲ ဖြစ်လိမ့်မယ်။ ပိုပြီး ယေဘုယျကျတဲ့ အနက်နီးတယ်။ “လူထု” ဆိုတာက သပ်သပ်။ (ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကဗျာဆရာကြီးတစ်ယောက်က မျက်နှာလွှဲခဲပစ် “လူထု” လို့ သုံးတာနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ဖူးသေးတယ်)

ကိုလိုနီကာလရဲ့နောက်ပိုင်းမှာ ကိုလိုနီစနစ်ရဲ့ အကြောင်း ပြန်လေ့လာတော့ ပြောစရာတွေရှိတယ်။ ဒီအထဲမှာ သမိုင်းနဲ့ပတ်သက်တဲ့ တင်ပြချက်တွေလည်း ပါတယ်။ တကယ်တော့ အနောက်တိုင်းအကြောင်း မဟုတ်တဲ့ အရှေ့တိုင်း၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတိုက်တွေ အကြောင်းတွေကို အနောက်တိုင်းက ရေးသားခဲ့တာ တွေဟာ လူဖြူရဲ့ဒဏ္ဍာရီ White Mythologies တွေပဲလို့ မြင်လာကြတယ်။ ဒီလိုမြင်လာကြတာဟာ သမိုင်းအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အရှေ့တိုင်းသားတွေဟာ ပြန်လည်စောကြောမှု မရှိခဲ့ကြဘူး။ သမိုင်းဟာ သမိုင်းပဲ။ အနောက်က ရေးခဲ့သမျှ ဟုတ်မှာပဲ၊ ဟုတ်တာပဲဆိုတဲ့ အမြင်တွေနဲ့ လက်ခံခဲ့ကြတယ်။ အဲဒီလိုနေရင်းက ပြင်သစ်က မိုက်ကယ်ဖူကိုး (Michael Foucault) က အသိပညာဖြစ်ပေါ်လာပုံကို တင်ပြလာတယ်။ သူ့အမြင်ဟာ အစဉ်အလာအမြင်မျိုး မဟုတ်ဘူး။ အသိပညာဆိုတာ ဘယ်သူကပြောတယ်၊ ဘယ်လိုပြောတယ်ဆိုတာတွေကို ကြည့်ဖို့လိုတယ်လို့ ဆိုလာတယ်။ ဖူကိုးအမြင်ကို အခြေခံပြီး ဆာယိ (Edward W. Said) က အနောက်က ဘယ်လိုဘယ်ပုံ အရှေ့ကိုဖော်ထုတ်တယ်ဆိုတာတွေ ရေးသားတင်ပြခဲ့တယ်။ ဥပမာ ကိုလိုနီစနစ်အောက်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးအသားတွေထဲမှာ သူတို့က သိစေ၊ မြင်စေချင်တာတွေပါတယ်။ ရည်ရွယ်ရင်း အကြောင်းရှိတယ် ဆိုတာတွေ ကြည့်ဖို့လိုတယ်။ အဲဒီလို ကိုလိုနီကာလနောက်ပိုင်းမှာ ကိုလိုနီစနစ်ကို ပြန်လည် လေ့လာသုံးသပ်ကြည့်ကြရင်း အနောက်ကဖော်ထုတ်ခဲ့တဲ့ အရှေ့တိုင်းသမိုင်း (သမိုင်းတင်မဟုတ်ဘူး၊ ယဉ်ကျေးမှု၊ လူမှုဆက်ဆံရေး စတာတွေဟာ) တကယ်တော့ အနောက်တိုင်းကဖော်ထုတ်ခဲ့တဲ့ ဒဏ္ဍာရီပဲရယ်လို့ မြင်လာကြတော့တယ်။


အနောက်ကပြောတဲ့ သမိုင်းဆိုတာက တကယ်တော့ သူတို့သမိုင်းပဲ။ တို့သမိုင်းမှ တို့သမိုင်းလို့မြင်တာ။ တခြား ကိုလိုနီပညာရှင်တွေကို မကြည့်နဲ့။ ဟေဂယ် (G.W.F. Hegel) တို့၊ မာ့စ် (K. Marx) တို့ကိုပဲကြည့်။ ဟေဂယ်က “အာဖရိကမှာ သမိုင်းမရှိဘူး” ၊ “သမိုင်းဆိုတာ လူသားတွေအချင်းချင်းရဲ့ မတူညီမှုကိုဖန်တီးရင်းနဲ့ စခဲ့တာ ဖြစ်လေတော့ ဒီမတူညီမှုတွေကိုကျော်လွှားရင်း ကန့်သတ်ရပ်တန့်ဖြစ်ရင်းနဲ့ သမိုင်းဟာ နိဂုံးချုပ်ရတယ်” စတာတွေ ပြောခဲ့တယ်။ တကယ်တော့ ဟေဂယ်အဖို့ လူဖြူမဟုတ်တဲ့ အက်ဖရကဲန်တွေမှာ သမိုင်းမရှိဘူး။ ရှိနေစရာလည်း မလိုဘူး။ သမိုင်းမရှိတဲ့လူတွေကို လူဖြူတွေက အုပ်ချုပ်ပြီး လူတစ်မျိုးတည်းဖြစ်လာရင် ဘာမှ သီးခြားသမိုင်းတစ်ခုလည်း မလိုတော့ဘူးလို့ ဆင်ခြင်တာပဲ။ (လူဖြူအတွက် ဆွမ်းဆန်စိမ်းထွက်ခံပေးတဲ့ ဖူကူးယာမက အဲဒီအချက်ကို လမ်းကြောင်းနေတာ။ ကမ္ဘာရွာ ဘာဘာညာညာဆိုတာက လူဖြူသူကြီးအုပ်ချုပ်တဲ့ ရွာကြီးမှာ အုပ်ချုပ်ခံကျန်လူတွေကို လက်ညှိုးထောင် ခေါင်းညိတ်လုပ်ဖို့ ရှေ့ပြေးစေ့ဆော်ချက်ပဲ) ဒီလို ရှေးက လူဖြူတွေ ရေးခဲ့ပြောခဲ့တာတွေကို ကိုလိုနီခေတ်နောက်ပိုင်း ပညာရှင်တွေ ပြန်ပြီးလေ့လာသုံးသပ်ကြည့်ကြတော့ လူဖြူကပေးနေတဲ့ အသိပညာအပိုင်းဟာ သံသယရှိစရာကောင်းလာတာကို တွေ့လာကြရတယ်။



အဲဒီလိုမြင်လာကြတဲ့ ပညာရှင်တွေထဲမှာ စပိဘာ့ခ်လည်း ပါခဲ့တယ်။ စပိဘာ့ခ်က ဒယ်ရီဒါရဲ့ ဒိကောန်စထရပ်ရှင်း (Deconstruction) ကို အားသန်တယ်။ (စပ်လျဉ်းလို့ ရေးပြပါရစေ။ ဒီကောန်စထရပ်ရှင်းဆိုသည်မှာ ဖြိုဖျက်ပစ်သောနည်း၊ နည်းပညာ စသည်များမဟုတ်ပါ) ဒီတော့ သူ့အမြင်ကို ဗဟို (Centre) အာရုံပြုရာက အပြင်ဘက် (Margin) ကို အာရုံပြုပြီး စဉ်းစားတယ်။ သမိုင်းကိုဦးဆောင်ခဲ့တယ်ဆိုတဲ့ လူစွမ်းကောင်းကြီးတွေက သမိုင်းထဲမှာ မရေရာခဲ့တဲ့ နင်းပြားတွေအကြောင်း တွေးကြည့်တယ်။ တစ်နည်းပြောရရင် ဒီလူတွေကကော သမိုင်းမှာ ဘာမှမလုပ်ခဲ့တဲ့ အတိုင်းအတာနဲ့ ကြည့်တော့ လူဖြူက သမိုင်းကို ရေးသားတဲ့လူ၊ တင်ပြတဲ့လူဖြစ်နေတဲ့ အခါ လူဖြူမဟုတ်တဲ့လူတွေဟာ နင်းပြားချည်းပဲ။ အကြောင်းက သူတို့လုပ်ချင်တာ လုပ်ခွင့်ရနေခဲ့တာကိုး။ ဒါကြောင့် လူဖြူမဟုတ်တဲ့လူတွေမှာ ဘာများ ပြောရေးဆိုခွင့်ရှိသတုန်းဆိုတဲ့ မေးခွန်းကို စပိဘာ့ခ်က မေးခဲ့တာပဲ။ (Subaltern စာလုံး/စကားလုံးအနက်ဟာ နောက်ပိုင်းမှာ ရွေ့လာတယ်။ ကျယ်ပြန့်လာတယ်။ ဒီတော့ ကျွန်တော် ရေးချင်တာကို ဒီနေရာက ဖြတ်ဆက်လိုက်ပါ့မယ်။ ကုလားမကြီးပြောတာအားလုံးကို တစ်ထိုင်တည်းရှင်းလို့ ရမှာမဟုတ်ဘူး)

လူဖြူတွေက လူဖြူမဟုတ်တဲ့လူတွေအပေါ် ကိုလိုနီပြုကျင့်တယ် ဆိုရာမှာ နယ်မြေသိမ်း၊ စီးပွားရေးအမြတ်ထုတ် ဆိုတာလောက်မဟုတ်ဘူး။ လုပ်ချင်ရာလုပ်ခွင့် ရှိသွားတယ်။ သူတို့ ပုံဖော်ချင်သလို ပုံဖော်တယ်။ သူတို့က လူမျိုးတစ်မျိုး၊ လူ့အဖွဲ့အစည်း တစ်ခုကို ပုံဖော်ချင်သလိုဖော်တယ်။ လွယ်လွယ်ဥပမာ တစ်ခု ပြပါရစေ။ “တတိယကမ္ဘာ” လို့ ခေါ်တာကို သာကြည့်။ ပြင်သစ်တော်လှန်ရေးတုန်းက “Third Estate” ဆိုတာကို နမူနာယူပြီး လွတ်လပ်ပြီးစ၊ ဖွံ့ဖြိုးစနိုင်ငံတွေကို ၁၉၅၅ ခုနှစ် ဘွန်ဒေါင်းကွန်ဖရင့်မှာ ကင်ပွန်းတပ်လိုက်တာပဲ။ တည့်တည့်ညွှန်းရရင်တော့ (နောက်ကွယ်အနက်ဟာ) လူဖြူနိုင်ငံတွေလို၊ မချမ်းသာတဲ့၊ မယဉ်ကျေးတဲ့ နိုင်ငံတွေလို့ ညွှန်းချင်တာပဲ။ ပါမောက္ခဆာယိစကားနဲ့ ပြောရရင်တော့ ဥရောပ (လူဖြူ) မဟုတ်တဲ့ တိုင်းပြည်တွေ အပေါ် အနောက်တိုင်း (လူဖြူ)က ဆက်ပြီးအင်အားသုံး လွှမ်းမိုးတာပဲ။ ဒီတော့ ကိုလိုနီစနစ်ဟာ ဘယ်တုန်းကမှ မပြီးဆုံးခဲ့ဘူးလို့ဆိုရမယ်။ ဒီကနေ့ကာမှာ ပိုဆိုးလာတာက လူဖြူအချင်းချင်း ပေါင်းစားကြမယ်လို့ ညီညွတ်မှုရထားတာပဲ။ လူဖြူက အင်အားပိုကောင်းလာတယ်လို့ ဆိုရမယ်။ သူတို့အမြင်အရ မဟုတ်သမျှကို အပြစ်လို့ယူပြီး ဘယ်သူ့ကိုမဆို စော်ကားနိုင်တယ်။ အရပ်စကားနဲ့ပြောရရင်တော့ “မသာအိမ်တက်ပြီး ဖဲရိုက်တာပဲ“ ။ သူများတကာ မျက်ရည်ကျတုန်း သူ့အဖို့ အရှုံးအမြတ်ပေါ်ဖို့ပဲ။

လူဖြူမဟုတ်သမျှ နင်းပြားချည်းပဲ။ ဘာမှပြန်ပြောလို့မရသလိုကို ဖြစ်နေတယ်။ မျိုးချစ်စိတ်ရှိတာ၊ ကိုယ့်လူမျိုးကိုယ်ချစ်တယ်ဆိုရင်ကို အကြမ်းဖက်သမားလို့ ယိုးစွပ်နေတော့တာပဲ။ လူဖြူပြောသမျှ ဟုတ်ပဆိုတဲ့အမြင် ကြီးမားသထက်ကြီးမားလာအောင် လုပ်နေကြတယ်။ တခြားသူတွေရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ တိုင်းပြည်၊ နိုင်ငံစတာတွေအပေါ်မှာ လူဖြူဟာ ဘာမှတန်ဖိုးထားတာ မရှိတော့ဘူး။ ကုလသမဂ္ဂဆိုတာ ဆွေမျိုးသားချင်းတွေအချင်းချင်း လှည့်ပြီးအလုပ်ပေး၊ လခကောင်းကောင်းပေးထားတဲ့ နေရာတစ်ခုထက် မပိုတော့ဘူး။ ကုလသမဂ္ဂအနေနဲ့က သူ့မြေပေါ်နေ၊ သူ့ရေသောက်ဆိုတော့ ရေရှင်၊ မြေရှင်မျက်နှာကြည့်ရတယ်။ လူဖြူမှာ WMD (Weapon of Mass Destruction) ရှိနိုင်တယ်၊ ရှိနိုင်ခွင့်ရှိတယ်။ လူဖြူမဟုတ်တဲ့လူတွေမှန်သမျှ မရှိနိုင်ဘူး။ ဒီတော့ UNSCOM ကို လူဖြူကပဲ ဦးဆောင်ရတယ်။ မဟုတ်တောင် လူဖြူကိုလိုလားတဲ့လူတွေ၊ လခကောင်းကောင်းပေးထားတဲ့ လူတွေပဲ ဦးဆောင်ရတယ်။ တုပ်ထိုးအိုးပေါက် ပြောကြရမယ်ဆိုရင်တော့ ဒီကနေ့ကာလဟာ လူဖြူတွေရဲ့ ကိုလိုနီဝါဒသစ်ရဲ့ အားအကြီးဆုံးအချိန်ပဲ။ အရမ်းကားဆုံးအချိန်ပဲ။ အရမ်းကားဆုံးလို့ ဆိုရတာက လူဖြူတွေအနေနဲ့ အကြမ်းဖက်ဝါဒကို တရားသော နည်းလမ်း End Justifies the Mean တစ်ခုအဖြစ် သုံးစွဲလာကြလို့ပဲ။ တကယ်တော့ အကြမ်းဖက်ဝါဒ (Terrorism) ဆိုတာ နှစ်မျိုးပဲရှိတယ်။ တစ်ဦးတစ်ယောက်ဦးဆောင်တဲ့ အကြမ်းဖက်ဝါဒ (Individual-led terrorism) နဲ့ နိုင်ငံတော်(များ)က ဦးဆောင်တဲ့ အကြမ်းဖက်ဝါဒ (State(s)-led terrorism) ပဲ။ လူဖြူတွေသုံးနေတာက နိုင်ငံတော်က ဦးဆောင်တဲ့ အကြမ်းဖက်ဝါဒပဲ။

ဘယ်လိုပဲဖြစ်ဖြစ် လူဖြူမဟုတ်တဲ့ လူမျိုးစုတွေ၊ နိုင်ငံငယ်တွေဟာ သတိရှိဖို့ကောင်းတဲ့ အချိန်ပဲ။ သတိရှိဖို့ဆိုတာ လူဖြူမှာ ရမ်းကားတယ်ဆိုတာက အဆိုးမဟုတ်ဘူး။ ဒီ့ပြင် လူဖြူရဲ့အခြားလက်နက်တစ်ခုက ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ခိုင်းတတ်တဲ့ ပညာပဲ။ ဓနအင်အားကောင်းတော့ ဖျားယောင်းရတာ လွယ်တယ်။ နိုင်ငံငယ်တွေကို ဓနအင်အားသုံး ဖျားယောင်းမယ်။ နိုင်ငံငယ်ကလူတွေကို သူတို့အမြင်တွေ စိမ့်ဝင်ပျံ့နှံ့အောင် အသာထည့်ပေးမယ်။ ဥပမာ နိုင်ငံငယ်တွေက လူငယ်တွေ၊ အနုပညာရှင်တွေကို သူတို့ဆီခေါ် ကျွေးမွေးလွှတ်လိုက်တာနဲ့ ဒီလူငယ်တွေက သူတို့ကိုအားကျပြီး တောပြောတောင်ပြောတွေ ပြောလာတာနဲ့ သူတို့ရဲ့ဝါဒဖြန့်ချိရေးဟာ အထိုက်အလျောက်အောင်မြင်လာတာပဲ။ စာနယ်ဇင်းတွေမှာ ကိုယ့်ထမင်းကိုယ်စားပြီး သူတို့ပြည်ရွာ သာလှတဲ့အရေး သတင်းပေးရေးနေတဲ့ အရေးအသားတွေ ခုဆို ဘယ်လောက်ပေါလာတယ်ဆိုတာ သာကြည့်။ တချို့တွေကျတော့ သံရုံးတွေက လက်သိပ်ထိုး လက်ဆောင်ပေးထားတဲ့ စာအုပ်၊ သံရုံးပြန်ကြားရေး ၀န်ကြီးဌာန၊ စာကြည့်တိုက်ဆိုတာတွေက ပေးတဲ့၊ ရတဲ့စာအုပ်ကိုဖတ်ရင်း နားလည်ချင်သလို နားလည်လိုက်ပြီး တောအော်တောင်အော်တွေ ဖြစ်လာတာပဲ။

“သမိုင်းကြီးပြီးဆုံးမယ်” ဆိုတာကို နားလည်ချင်သလိုနားလည်ပြီး စိတ်ကူးယဉ်ပစ်ကြတာပဲ။ လူဖြူရဲ့စံတွေကို စိတ်ကူးယဉ်ကြတော့တာပဲ။ ကိုယ့်လူမျိုးရဲ့ သိမှုပရ၀ဏ်ကခွဲထွက်ပြီး ပုံတူကူးဖို့ စဉ်းစားလာကြတာပဲ။ လူဖြူ မဟုတ်တဲ့လူတွေက လူဖြူကိုအားကျပြီး စိတ်ကူးယဉ်လာလေ လူဖြူရဲ့လက်အောက်ရောက်ဖို့ လွယ်လာလေပဲ။ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေကိုး။

တကယ်တော့ လူဖြူမဟုတ်တဲ့ လူမျိုးစုတွေမှာ လူဖြူကို ဘာများပြန်ပြောနိုင်လို့လဲ။ လူဖြူမဟုတ်တဲ့လူမှန်သမျှကို လူဖြူက သူ့ရဲ့နင်းပြားလို့ပဲ မြင်နေသေးတော့ လူဖြူမဟုတ်တဲ့ လူတွေမှာ လူဖြူကိုပြန်ပြောဖို့၊ ရှင်းပြဖို့ ဘယ်လို အခွင့်အရေးရှိလို့လဲ။ တကယ်တော့ လူဖြူတို့ရဲ့ လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ တစ်ဖက်စောင်းနင်း လူဖြူအာဏာရှင်စနစ်ပဲ မဟုတ်ဘူးလား။

◄ မြင့်သန်း ►
via: themoonlitpath.net

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...