ဦးစပ်စု နဲ့ ထွေရာလေးပါး
by Nyein Chan Aye on Thursday, August 9, 2012 at 11:10pm
ဦးစပ်စု။ ။ ကျွန်တော့ရဲ့ မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို့(စ်) ကော ဘယ်လိုနေပါသလဲ။
ဒေါက်တာဘမော်။ ။ ဆူဘတ်ချန်ဒရာဘို့(စ်) ဟာ တရုပ်ပြည် ဖော်မိုဆာ က ဂျပန်ပြည်ကို လေယာဉ်ပျံ နဲ့ အသွားလမ်းမှာ လေယာဉ်မီးလောင်ပြီး ပျက်ကျပါတယ်။ မီးလောင်တဲ့ ဒဏ်ရာနဲ့ တိုင်ဟိုကူး ဆေးရုံမှာ တက်ရောက်ကုသနေရင်း (၂) ရက်အကြာမှာပဲ ကွယ်လွန် အနိစ္စ ရောက်သွားတယ်လို့ ကျွန်တော် အသေအချာ သိခဲ့ပါတယ်။
ဒေါက်တာဘဟန်။ ။ ကျွန်တော့် အိမ်ကို ဗုံးကျတုန်းက ပထမဆုံးရောက်လာတာ ခင်ဗျား နဲ့ ဆူဘတ်ချန်ဒရာဘို့(စ်) မဟုတ်လား..။ …. အခုလို ကိုယ့်မိတ်ဆွေကြီးတယောက် ဆုံးရှုံးပျက်စီးရတာ ဝမ်းနည်းစရာပဲဗျ… ဟူ၍ ကျွန်ုပ်ကိုကြည့်ကာ ဝမ်းနည်ကြေကွဲသောအသံဖြင့် ပြောလေသည်။
သည်အကြောင်းကိုပင် ကျွန်ုပ်သည် မိတ်ဆွေကြီး တဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းအား သွား၍ ပြောပြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ကျွန်ုပ်ကဲ့သို့ပင် ဝမ်းနည်းတသဖြစ်ကြောင်းကို သူ၏ ညှိုးနေသော မျက်နှာထားက သက်သေခံလျက် ရှိလေသည်။
လောက၌ရှိသော လူသားများသည် မျိုးမတူ ဇာတ်မတူအချင်းအချင်း ပေါင်းသင်းဆက်ဆံကြ၏။ ကြာ၍လာလေသော် တဦးအပေါ်တဦး သံယောဇဉ်ကြိုး သွယ်ယှက်လာလေသည်။ တယောက်သောသူမှာ မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးသွား၏။ ကျန်ရှိသောသူများက ဝမ်းနည်းကြေကွဲလေသည်။ ဤသည်တို့ကား တယောက်အပေါ် တယောက် ထားရှိသော ချစ်ကြည်မှုပင် မဟုတ်တုံလော။
“ဦးစပ်စု ၏ ၇၅ နှစ် အကြား ၊ ၄၉ နှစ် အမြင် - ဗမာပြည်” ၊ ၁၉၆၃ စာအုပ် မှ
-----
အရင်လက ငယ်ဘဝ ဖတ်ဖူးခဲ့တဲ့.. ခုခေတ် လူငယ်တွေလည်း ဖတ်သင့်တယ်လို့ ယူဆတဲ့ ရှေးလူကြီးတွေရဲ့ ဘဝအတွေ့အကြုံစာအုပ် တချို့ ပြည်လည် ညွှန်းတုန်းကတော့ ဗမာပြည်ရဲ့ ထိပ်တန်း စာပေ ပဂေးကြီးတွေရဲ့ စာအုပ်တချို့ နာမည်တွေ ရေးမိခဲ့တယ်..။ ခု ဒီစာအုပ် ရေးသူကတော့ အဲ့လို ထိပ်ထိပ်ကြဲ စာပေပညာရှင်မဟုတ်ပေမယ့် အဲ့ခေတ် အဲ့အခါက ခေတ်ကို နှံ့စပ် ပြီး ထဲထဲဝင်ဝင် ဖြတ်သန်းခဲ့တဲ့ လမ်းမတော်က ထောင်ကဲကြီး လန်ထောင် ဦးစပ်စု (စော်ဘွားစပ်စု) ပါ..။ ဗဟုသုတ ရဖွယ် အကြောင်းအရာ လေးတွေကို သိနိုင်လို့ လူငယ်တွေ ရှာဖတ်သင့်တယ်..ထင်တယ်။
အရင်လက ရေးခဲ့တဲ့ ပို့စ်မှာ “ကွန်ပျူတာ..၊ မိုဘိုင်းဖုန်း စခရင် တွေပေါ်မှာပဲ အချိန်ကုန်နေဟန်တူတဲ့ ဒီခေတ် လက်မ မျိုးဆက်တွေ ဘယ်လို စာအုပ်မျိုးတွေ ဖတ်နေကြသလဲ ဆိုတာ သိချင်မိတယ်” လို့ မေးခွန်းသဘော မေးမိခဲ့တယ်..။ ဒါကို ဖြေချင်တာပဲလား..၊ တိုက်ဆိုင်တာပဲလား..၊ သူ့ခံစားချက် နဲ့ သူ လားတော့ မသိ..၊ အဲ့ပို့စ် ရေးပြီး နောက်တနေ့ လူချင်းမသိတော့ အသက် မခန့်မှန်းနိုင်ပေမယ့် လူငယ်လို့ ယူဆရတဲ့ (လူငယ် ဆိုပေမယ့် ကျနော့် ထက်လည်း ကြီးကောင်း ကြီးနိုင်မှာပါ..) အွန်လိုင်းမိတ်ဆွေ တယောက်က စာပို့ပြီး သူလောလောဆယ် ဖတ်ဖြစ်တဲ့ အင်္ဂလိပ်စာအုပ် တချို့ အကြောင်း လှမ်းရေးတယ်..။ သူရေးလိုက်တဲ့ စာ ဖတ်ရလို့ ဝမ်းသာရပါတယ်..။
[ စကားချပ် - စိတ်မအား..၊ လူမအားတာ အကြောင်းပြပြီး တကယ်က အပျင်းကြီးနေတာနဲ့ပဲ သူ့စာအပါအဝင် စာတချို့ ခုအချိန်ထိ မပြန်ဖြစ်သေးတာ.. စိတ်မကောင်းဖြစ်ရတယ်..။ သက်ဆိုင်သူတွေကို ခုဒီမှာပဲ တောင်းပန်လိုက်ပါတယ်..။ ဆက်ဆက် ပြန်ဖြစ်အောင်လည်း ပြန်မှာပါ..။ ]
ကျနော်က ဒီခေတ်လူငယ်တချို့ (ကျနော် နဲ့ ရွယ်တူ..၊ ဒါမှ မဟုတ် အငယ်တွေ) ၊ အထူးသဖြင့် အထက်တန်းလွှာ..၊ လူလတ်တန်းလွှာက လူငယ်တွေ အင်္ဂလိပ်စာ ကို ပို လေ့လာလိုက်စားကြတာ၊ ကျွမ်းကျင်ကြတာ.. သိပါတယ်..။ သူတို့နဲ့ နိုင်ငံခြားမှာ ကြုံတွေ့ ခင်မင်ရတော့လည်း ဆက်ဆံရသူ အများစုက လူ့မလိုင် အလွှာက လာခဲ့တဲ့ သူတွေဆိုတော့ အင်္ဂလိပ်လို ဆို ထိပ်တန်းပဲ..။ တကယ့် လူငယ် (၁၉) / (၂၀) အရွယ် ပေမယ့် ဗြိတိသျှ အသံထွက်..၊ အမေရိကန် အသံထွက် အမှန်နဲ့ အင်္ဂလိပ်စကားကို ပြောဆိုနိုင်ကြတာ ကြားရတော့ ဝမ်းသာတယ်..။ အဲ့မျိုးဆက်အတွက်လည်း ဂုဏ်ယူမိတယ်..။
ဒါပေမယ့် သူတို့အားလုံး အများစု နီးပါး ဟာ မြန်မာ စာပေ နဲ့တော့ အကျွမ်းဝင်မှု နည်းကြတယ်..၊ ဗမာ နိုင်ငံ သမိုင်း အချက်အလက်တွေနဲ့တော့ ဝေးကြတယ် လို့ ထင်တယ်..။ သူတို့အတွက် (သူတို့ ရှေ့ပညာရေး..၊ ဘဝ မှာ) အသုံးဝင်မှု နည်းနေတယ်လို့ ယူဆနေကြလို့ ဖြစ်မယ် ထင်တယ်..။ ကျနော့် ရဲ့ ထင်မြင်ယူဆချက် သက်သက်ပဲ ဖြစ်ချင် ဖြစ်မှာပါ..။
အင်္ဂလိပ်လို စာအုပ်အထူကြီးတွေ ဖတ်ချင်တာ..၊ ဖတ်နိုင်တာ ကောင်းပါတယ်..။ ဖတ်ဖို့လည်း လိုပါတယ်..။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ ဖြစ်ပျက်ခဲ့တဲ့ သမိုင်း အချက်အလက် နဲ့ ခေတ်နောက်ခံ ကို သမိုင်းသဘော သက်သက် မဟုတ်ဘဲ လူမှုစီးပွား သဘော အနေနဲ့ သိနိုင်ဖို့က အရင်လပို့စ် မှာ ညွှန်းခဲ့တဲ့ ရှေးလူကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ တွေ..၊ ခု အထက်မှာ ဆိုခဲ့တဲ့ ဦးစပ်စု အတွေ့အကြုံလို စာအုပ်တွေကို ရှာဖတ်မှကို သိနိုင်မှာပါ..။ အဲ့အထဲက အကြောင်းအရာအများစုက အင်္ဂလိပ်လိုရေး သမိုင်း စာအုပ် အထူကြီးတွေမှာ ပါနိုင်ပေမယ့် အတွင်းဇာတ်လမ်း ပုဂ္ဂိုလ်ရေးဆန်တဲ့ သဘောတွေ..၊ သူတို့ရဲ့ အတွေ့အကြုံတွေ..၊ အမြင် ခံယူချက် စိတ်နေစိတ်ထား.. စတာတွေကိုတော့ ဒီလို သူတို့ ကိုယ်တိုင်ရေး (သို့) သူတို့ခေတ်ကို သိမီလိုက်တဲ့ လူကြီးတွေ ရေးတဲ့ မြန်မာ စာအုပ်တွေ မှတ်တမ်းတွေ ဖတ်မှကို သိနိုင်မှာမို့ ပါ..။
ဦးစပ်စု စာအုပ်တွေ အကြောင်း အခုဒီမှာ အထူးပြု ဆိုရရင် အထက်မှာ ညွှန်းခဲ့တဲ့ စာအုပ် အပြင် “ထူးတဲ့ စပ်စု” စာအုပ်တွေကို ကျနော် ငယ်ငယ်က ဖတ်ခွင့်ရတော့ အဲ့ခေတ် အခြေအနေ၊ နောက်ခံ အနေအထားကို ဗဟုသုတ အဖြစ် သိခွင့်ရခဲ့တဲ့ အပြင် နောက်အကျိုးကျေးဇူးတခုက လူမျိုးရေးသူငယ်နာ တော်တော်ကင်းသွားစေတာပဲ..။
နောက်တခုက အဲ့ခေတ်က လူကြီးတွေရဲ့ သဘော နဲ့ ပြုမူပုံတွေကို သိရတော့ အံ့သြ လေးစားခဲ့ရတယ်..။
ခု ဒီစာမှာ ပထမဆုံးအနေနဲ့ ဦးစပ်စု စာအုပ်က ကူးပြီးရေးခဲ့တဲ့ အကြောင်းအရာ နဲ့ ဆက်စပ်တဲ့ ကိစ္စ ဆိုရင် ဆူဘတ်ချန်ဒရာဘို့(စ်) တယောက် ဂျပန်မှာ ဆုံးပြီးနောက် စစ်ပြီး အိန္ဒိယ လွတ်လပ်ရေး ရပြီးတဲ့ အချိန်မှာ နေရူးက (နိုင်ငံရေး အယူအဆ ဝါဒ မတူကွဲပြားပေမယ့်) ဆူဘတ်ချန်ဒရာဘို့(စ်) ကို အိန္ဒိယ လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင်ကြီးတယောက်အနေနဲ့ အလေးအနက်ထား အသိအမှတ်ပြုတဲ့ အနေနဲ့ ကိုယ်တိုင် ဂျပန်ကိုသွား ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာကို ရွှေအစစ်နဲ့ လုပ်ထားတဲံ အရိုးအိုးမှာထည့် အခမ်းအနား နဲ့ ဂုဏ်ပြုခဲ့တယ်..။ နောင် သူ့ အရိုးအို အိန္ဒိယ မှာ ပြန် ခေါင်းချ နိုင်ဖို့ အတွက်လည်း ဂျပန် အာဏာပိုင်တွေနဲ့ စီစဉ်ခဲ့တယ်..။
ဗမာပြည် ဂျပန့် ခေတ်မှာ ဆူဘတ်ချန်ဒရာဘို့(စ်) ခင်မင်ခွင့်ရခဲ့တဲ့ ဦးစပ်စုကလည်း ဂျပန်ပြည်ကို ကိုယ့်စရိတ်နဲ့ ကိုယ်သွားပြီး လွမ်းသူပန်းခွေချ ဂုဏ်ပြုခဲ့တယ်..။ နောင် အိန္ဒိယအစိုးရ အစီအစဉ်နဲ့ အရိုးအို ပြန်သယ်တဲ့ အဖွဲ့မှာလည်း ဦးစပ်စု က ဆူဘတ်ချန်ဒရာဘို့(စ်) ရဲ့ ခင်မင်တဲ့ မိတ်ဆွေတယောက်အနေနဲ့ အဖွဲ့ဝင် အဖြစ် ကိုယ်တိုင် ပါဝင်ခွင့်ရအောင် အိန္ဒိယအစိုးရ တောင်းဆိုခဲ့တယ်..။ အိန္ဒိယအစိုးရ က လည်း ခွင့်ပြုလို့ အိန္ဒိယ အမျိုးသားဝင်စုံကို တရုပ်ထောင်ကဲ ဦးစပ်စု က ဝတ်ပြီး အရိုးအိုးသယ်တဲ့ အဖွဲ့မှာ ပါဝင်ခဲ့တယ်..။
ဦးစပ်စုက စစ်ကြိုခေတ် နဲ့ စစ်ပြီးခေတ် ဗမာပြည်မှာ တရုတ်-မြန်မာ ချစ်ကြည်ရေး..၊ လူမျိုးစုံ သွေးစည်းရေး..၊ ဗမာ့ လွတ်လပ်ရေး..၊ ဗမာတပ်မတော် ရံပုံငွေ စတဲ့ တိုင်းပြည် နဲ့ လူမျိုးစုံရဲ့ အကျိုး ကိစ္စအဝဝကို သူ့နာမည်အတိုင်း စပ်စပ်စုစု ထဲထဲဝင်ဝင် စွမ်းစွမ်းတမံ ဝင်ရောက် ဆောင်ရွက်ဖူးခဲ့တယ်..။
သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် သူ့ကို ဖဆပလ အစိုးရက ဗမာတိုင်းရင်းသား အနေနဲ့ အသိအမှတ်ပြု ချီးမြှင့်ပေးခဲ့တယ်..။ အဲ့လို နိုင်ငံခြားသားစစ်စစ်က ဗမာတိုင်းရင်းသားဖြစ်တော့ ဦးသန့် (အဲ့တုန်းက ပြန်ကြားရေး အတွင်းဝန် အနေနဲ့) က ဗမာ့အသံမှာ ဦးစပ်စု ဗမာတိုင်းရင်းသား ဖြစ်ပြီ ဖြစ်ကြောင်း ထုတ်လွှင့်စေဖို့ စီစဉ်ပေးပြီး ဂုဏ်ပြုပေးခဲ့ဖူးတယ်..။
ကျနော် သူငယ်ချင်းတွေရှိလို့ စဉ့်အိုးတန်း.. လမ်းမတော် တဝိုက် ကျက်စားတုန်းက ဦးစပ်စု အနွယ်တွေ ရှိသေးလား.. ဆိုတဲ့ အတွေးနဲ့ မေးစမ်းကြည့်ချင်တဲ့ သိချင်စိတ်ရှိခဲ့ဖူးတယ်..။ အဲ့နားဝန်းကျင်က ဆိုင်တွေထိုင်ရင် အမြဲတွေ့ရတတ်တဲ့ သမိုင်းစာအုပ်တွေ ရေးတဲ့ သုတေသီ မြင့်ထွန်း (မိန်မိန် (လသာ) အမည် နဲ့ ဟင်းချက်နည်းတွေလည်း ရေးတယ်လို့ ထင်တယ်..၊ ပိန်တာကလွဲလို့ ဦဂွမ်တီ ဒီဇိုင်း နဲ့ ပေါက်ဖော်ကြီး) ကို တွေ့တိုင်း သူ့မေးကြည့်ရင်တော့ ဦးစပ်စု နဲ့ ဆက်ဆပ်တဲ့ နောက်ပိုင်း အကြောင်းတွေ သိနိုင်မှာပဲလို့ တွေးမိတယ်..။ ဒါပေမယ့် တခါမှတော့ မေးမကြည့်ဖြစ်ခဲ့ဘူး..။
ဦးစပ်စုကတော့ သူ့စာအုပ်တွေမှာ ဆိုခဲ့ဖူးတယ်.. “ဗမာပြည် ဂျပန့်ခေတ်က မြန်မာ၊ တရုပ်၊ အိန္ဒိယ အညီအညွတ်ဆုံး အချိန်ပဲ” တဲ့..။ သူ့ကောက်ချက်ကို ကျနော်တော့ သဘောကျတယ်..။ မှန်တယ်လို့လည်း ယူဆတယ်..။ ဘာလို့လဲဆိုတော့ ပြင်းထန်တဲ့ ဖက်ဆစ်စနစ်ဒဏ်ကို နင်းခံနေရတုန်း နဲ့ တော်လှန်ဖို့လမ်းစရှာ ကြိုးစားနေတုန်းမှာ နိုင်ငံမှာ မှီတင်းနေထိုင် ဒိုးတူဘောင်ဘက် လုပ်ကိုင်စားသောက် အကျိုးစီးပွားအတူ စီးပွားရှာနေတဲ့ တိုင်းရင်းသားအားလုံး နဲ့ လူမျိုးခြားတွေ ညီညွတ်မှု ရှိမှ အောင်မြင်မှာ မဟုတ်လား..။
ဒီသဘောက နောက်ပိုင်း အာဏာရှင်ခေတ် အဆက်ဆက်မှာလည်း အတူတူပါပဲ..။
ဒါကြောင့် အာဏာရှင် အစိုးရတိုင်းက တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသား..၊ လူမျိုးခြား အကြား. လူမျိုးရေး အမြင်ကျဉ်းမြောင်းအောင်..၊ သူငယ်နာ မစင်အောင် ကြိုးစားဖော်ဆောင် လမ်းကြောင်းပေးလေ့ ရှိတာပေါ့..။ ဒါမှ တိုင်းပြည်က ပြည်သူအများစု သူတို့ဘက် လှည့်မလာ မှာ မဟုတ်လား..။ ဒါမှ သူတို့ အာဏာမြဲမှာကိုး..။ အာဏာ ကို ထိခိုက်လာနိုင်တဲ့ အချိန်မျိုး ကြုံတိုင်းလည်း လူမျိုးရေးကိုပဲ ဇောင်းပေး ရန်တိုက်ပေးခဲ့တာပဲ မဟုတ်လား..။
နောက်ပိုင်း အာဏာရှင်ခေတ်တွေကို ဦးစပ်စုတယောက် သိမြင် ကြုံတွေ့ စပ်စု ခွင့်ရသေးလား.. တော့ ကျနော် လက်လှမ်းမမီတော့ဘူး..။ သူတကယ်လို့ မြင်တွေ့ ခံစားခွင့်ရခဲ့ရင် ဘယ်လို မှတ်ချက်ပြုမလဲ ဆိုတာလည်း သိချင်မိပါရဲ့..။
ခုခေတ်လူငယ်တွေ..၊ ကလေးတွေ နိုင်ငံတကာ စာပေတွေကို လေ့လာလိုက်စားပါ..၊ တပြိုင်တည်း.. ကိုယ့်တိုင်းပြည်ရဲ့ ဖြတ်သန်းခဲ့မှုတွေကိုလည် သူများ အငှားဘဝ အတွေ့အကြုံကနေ ခြုံငုံသိရှိ နားလည်နိုင်အောင်..၊ သူတို့ရဲ့ ခံယူချက် သဘောထား နဲ့ အမြင်တွေကို အတုယူ နိုင်အောင် အတွက်က ရှေးလူကြီးတွေ ရေးခဲ့တဲ့ သုတ/ရသ မြန်မာစာအုပ်တွေလည်း အချိန်ရသလောက် ရှာဖွေ ဖတ်ရှု ပါ လို့ အကြံပြုရင်း နဲ့ ခုရေးနေတဲ့ “ဦးစပ်စု နဲ့ ထွေရာလေးပါး” စာတိုလေးကို နိဂုံးချုပ်လိုက်ပါတယ်..။
ငြိမ်းချမ်းအေး
၁၀ ၊ သြဂုတ် ၊ ၂၀၁၂
0 comments:
Post a Comment