Saturday, August 18, 2012

လယ်သမား ၊ အလုပ်လက်မဲ့ ၊ အသေးစားစီးပွားရေး နှင့် ခရိုနီများ


by Ye Thurein Min on Saturday, August 18, 2012 at 9:53pm 


မြေယာပိုင်ဆိုင်မှု ၊ တရားမ ဥပဒေတွေဟာ အလွန် ရှုပ်ထွေးအောင်လုပ်ထားတာရယ် ၊ မြန်မာနိုင်ငံရဲ့ တောင်သူတွေရဲ့ မြေယာပိုင်ဆိုင်တဲ့ ပုံစံတွေဟာ ရှုပ်ထွေးနေလို့ လယ်ယာမြေကိစ္စ ဆောင်းပါးတွေ သေချာ မဖတ်ကြည့်ဖြစ်ပါဘူး ။
မြေယာပိုင်ဆိုင်သူဟာ မိဘဘိုးဘွားလက်ငုတ်လက်ရင်း ဆိုပေမဲ့ ထို မိဘဘိုးဘွားများက သစ်တောကြိုးဝိုင်းမြေကို ၀င်ရောက်လုပ်ကိုင်ရင်း မြေစာရင်း ဦးစီးဌာနက အမည်ပေါက်အောင်လုပ်ပေးထားတာလား ၊ မြေလွတ်မြေရိုင်း သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ကိုင်ရင်း အဆင်ပြေလို့ မြေစာရင်းကို ငွေပေး အမည်ဖော်ထားတာလား ဆိုတာတွေက အတော် ရှင်းရခက်တဲ့ အရာတွေပါ ။ သေချာတာတခုကတော့ မြန်မာနိုင်ငံက လယ်လုပ်သူဟာ လယ်ယာပိုင်ဆိုင်ခွင့် မရှိဘူးဆိုတာပါပဲ ။ အစိုးရမြေကို ဌားယူလုပ်ကိုင်တယ် ၊ ဒီအတွက် အစိုးရကို အခွန်အခပေးရတယ် ။ ဒါဟာ အင်္ဂလိပ်ခေတ်က လုပ်ခဲ့တဲ့ လုပ်ကိုင်ခွင့်ပုံစံ ကို အမွေဆက်ခံထားတာပါ ။ ဒီလိုအကြောင်းတရားတွေကြောင့် အစိုးရက လယ်မြေ ၊ ခြံမြေ ၊အိမ်ယာမြေတွေ သိမ်းရင် ဘာမှ မပြောနိုင်ဘဲ ငြိမ်ခံနေခဲ့ကြရပါတယ် ။ တကယ် တရား ရင်ဆိုင်တဲ့ အခါမှာလည်း သူတို့ဘက်က အားသာတဲ့ ဥပဒေတွေနဲ့ အမိန့်ချလေ့ရှိတော့ တောင်သူဘက်က ရှုံးတာပဲ များပါတယ် ။ နစ်နာကြေးတောင်မရဘဲ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ် ။

ဒီလို မြေယာတွေ တရားမ၀င် ပိုင်ဆိုင်နိုင်အောင် လုပ်တာလည်း မြေစာရင်းက ၀န်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေက စတင်ခဲ့တာပါ ။ အခု သိမ်းတော့လည်း ဒီအကြောင်းပြချက်တွေနဲ့ပဲ ပြန်သိမ်းမယ် ထင်ပါတယ် ။ မြေတွေကို သိမ်းတာက တကယ်တော့ အစိုးရက သိမ်းတယ်ဆိုတာထက် ၊ ခရိုနီတွေက အစိုးရနဲ့ ပူးပေါင်းပြီး သိမ်းတာများပါတယ် ။ မြို.သစ်ဆောက်တာတို့ ၊ ကျေးရွာ တိုးချဲ.တာတို့ အတွက်  ယခင်က လယ်မြေ ၊ ယာမြေတွေကို သိမ်းတာ ရှိခဲ့ဘူးပါတယ် ။ ဒါပေမဲ့ လယ်ယာ အသိမ်းခံရတဲ့သူတွေက အိမ်ဝိုင်းကွက်တွေ ပြန်ရတဲ့ အပြင် နစ်နာကြေးလည်း များများ စားစား ရလေ့ရှိပါတယ် ။ အခုအသိမ်းခံနေရတဲ့ပုံစံတွေကတော့ နစ်နာကြေးလည်းကောင်းကောင်းမရ အစားထိုးလည်း ပြန်မရကြတော့ တောင်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပုံပါ ။ 

သူတို့ဘက်က အကြောင်းပြချက်က စံနစ်တကျ စက်မှုလယ်ယာတည်ထောင်ပြီး ၊ စံနှုံးကောင်း ဆန်စပါးကို နိုင်ငံတကာကို တင်ပို့ဖို့ဆိုတဲ့ အကြောင်းပြချက်လည်းပါလိမ့်မယ် ။ ဒီလို ဖြစ်နေတာကို ရပ်အောင် လုပ်တဲ့နည်းကတော့ မြန်မာနိုင်ငံ စီးပွားရေးကောင်းရင် ခရိုနီတွေ နဲ့ အစိုးရဟာ ဒီလယ်မြေပေါ်မှာ မျက်စိကျတော့မှာ မဟုတ်ပါဘူး ။ ဒါမှမဟုတ်ရင် ဒီခရိုနီကို တိုက်ထုတ်တဲ့နည်းကို သုံးရပါမယ် ။ နိုင်ငံမှာ ခရိုနီနဲ့ စစ်အာဏာရှင် ရောင်းစားလို့ သစ်တောထွက် ပစ္စည်းကလည်း မရှိသလောက်ကုန်ပြီ ၊ မြေအောက် ကျောက်မြက်ကလည်း တူးရောင်းစားတာ ကုန်ပြီဆိုတော့ ခရိုနီတွေဟာ လယ်ယာ ဖက်ကို မျက်စ ပျစ်လာတာပါ ။ ရေနံနဲ့ ဓာတ်ငွေ.ကျပြန်တော့လည်း အရင်းအနှီးကြီးပြီး နည်းပညာက ခက်ခဲတော့ သူတို့ မလုပ်ရဲကြဘူး ။ ခရိုနီတွေရဲ့ အကြံကုန် ဆားချက်တဲ့ ကိစ္စ သက်သက်သာဖြစ်ပါတယ် ။ လယ်မြေအနည်းငယ်သာ ပိုင်ဆိုင်ကြတဲ့သူတွေ ဖြစ်လို့ လယ်တွေ အသိမ်းခံရရင် ခြေလက်ကျိုးတဲ့သူလိုပဲ ၊ ဒါလေးပဲ လုပ်စားတတ် ၊ လုပ်စရာရှိတာ ဆိုတော့ ဒုက္ခရောက်ကုန်တော့တာပဲ ။ 

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေရဲ့ ပိုင်ဆိုင်မှုဟာ လယ်သမားတဦးလျှင် ပျမ်းမျှ ၅ဧက မှ ၁၀ အတွင်း ပိုင်ဆိုင်ကြပါတယ်။ မိုးမှန်လျှင် တနှစ် ၊ တဧကကို စပါးတင်း ၆၅ ၀န်းကျင် ထွက်ပါတယ် ။ စုစုပေါင်း စပါးတင်း ၃၀၀ မှ ၆၀၀ အတွင်း စုစောင်းမိပါတယ် ။အလုပ်သမားခက စပါး တင်း ၁၀၀ ခန့် ပေးရပါမယ် ။ သားသမီး ၃ ယောက်ရှိတဲ့ မိသားစုဟာ တက္ကသိုလ်နေ့ကျောင်း မပို့နိုင်ပါဘူး ။ သုံးယောက်ထက်ပိုတဲ့ မိသားစုဆိုရင် ပိုခက်ပါတယ် ။ ဒါဟာ လယ်ပိုင်တဲ့ လယ်သမားတယောက်ရဲ့ ဘ၀ပါ ။ သူရင်းငါး ၊ ပျိုးတုန်းပြစ် လုပ်စားရတဲ့ လယ်မပိုင်တဲ့ တောင်သူတွေလည်း ရှိပါသေးတယ် ။ သူတို့ဆိုရင် သားသမီးတွေဟာ ၁၀ တန်းပညာထိ သင်ယူဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့အရာပါ ။ ကျေးရွာတိုင်းမှာ အထက်တန်းကျောင်း မရှိ ၊ ရှိပြန်တော့လည်း ဆရာမလုံလောက်တော့ မြို.ကျောင်းတက်သွားတက်ရ ၊ မြို.ကျောင်းရောက်တော့လည်း ကျူရှင်သင်တဲ့ ဆရာနဲ့တွေ.၊ ကုန်ကျစရိတ်တွေဟာ အဘက်ဘက်က ဖြစ်နေတဲ့အတွက် အထက်တန်းပညာ သင်ယူဖို့တောင် တော်တော် မလွယ်ကူတဲ့ ကိစ္စလိုဖြစ်နေပါတယ်။

ဒီနေ့ ပြောနေတဲ့ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ ပြောင်းလဲရာမှာ အားလုံး အသိပညာရှိကြပါတယ် ။ လက်တွန်းထွန်စက် ၊ စပါးစိုက်စက် ၊ စပါးခြွေလှေ.စက်တွေ ၀ယ်ယူဖို့ အပို ငွေမရှိလို့ မ၀ယ်နိုင်ကြဘူး။ ဘာလုပ်ရမယ်ဆိုတာ သိလျှက်နဲ့ ၀ယ်ယူဖို့ ငွေပိုမရှိကြဘူး ။ တကယ်လို့ စက်မှုပစ္စည်းတွေ ၀ယ်နိုင်လျှင်တောင်မှ အလုပ်သမားခ ထက်ဝက်သက်သာရုံပဲ ရှိပါတယ် ။ ထိုစက်ကိရိယာကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ဖို့ လိုအပ်မယ် ။ ပျက်ဆီးရင် ပြင်ဆင်တတ်ရမယ် ။ စက်ပစ္စည်း အသစ်ဝယ်ရမယ် စတဲ့ ဘေးထွက် ဒုက္ခတွေကလည်းရှိနေပြန်ပါတယ် ။ ထူးပြီး မတိုးတက်ပါဘူး ။ ကျွန်တော်ဆိုလိုချင်တာက လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ ပြောင်းလဲရုံနဲ့ တောင်သူလယ်သမားတွေ ဘ၀ဟာ ထူးခြားတိုးတက်ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ။

ခရိုနီတွေက လယ်မြေတွေကို သိမ်းယူပြီး ပိုမိုကောင်းမွန် တိုးတက်သော နည်းပညာများဖြင့် လယ်ယာ စိုက်ပျိုးပါစေ ၊ နိုင်ငံခြားကို ဆန်စပါးကောင်းတွေ ရောင်းချနိုင်ရုံနဲ့ ပြည်သူတွေ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘဲ ခရိုနီတွေသာ ဘီလျံနာတွေဖြစ် ကုန်မှာပါ ။ လယ်ယာထွက်ကုန်တွေ နိုင်ငံတကာယှဉ်နိုင်အောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ လယ်ယာတွေ သိမ်းနေတာတွေဟာ လက်တွေ.ကျတဲ့ ဖြေရှင်းနည်းတခုတော့ မဟုတ်ပါဘူး ။

အဓိကပြောင်းလဲရမှာက နိုင်ငံတော် ၀င်ငွေ တိုးတက်ကောင်းမွန်လာပြီး ၊ ပြည်တွင်း ငွေကြေးတန်ဘိုးမြင့်တက်ပြီး နိုင်ငံတကာငွေကြေးကို ယှဉ်နိုင်မှ တောင်သူလယ်သမားတွေရဲ့ ဘ၀ဟာ တိုးတက်နိုင်ပါမယ် ။ ပိုမိုကောင်းမွန်တဲ့ စပါးမျိုးတွေကို တောင်သူတွေကို ချပေးပြီး ၊ နိုင်ငံတကာ စံချိန်မှီ စပါးတွေထွက်ပြီး နိုင်ငံခြားတင်ပို့မှုတွေ မြင့်တက်လာလည်း တောင်သူတွေ ၀င်ငွေဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်မြေအနည်းငယ်ကနေ ဘ၀တခုပြောင်းလဲသွားဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး  ။ အစိုးရအနေနဲ့ ကျွဲနွား တိရီစ္ဆာန် ကာကွယ်ဆေးတောင် ပုံမှန် မထိုးပေးနိုင်တဲ့ အနေအထားမှာ တောင်သူလယ်သမားတွေဟာ ဘယ်လိုမှ လူတန်းစေ့နိုင်မှာ မဟုတ်ပါဘူး ။ ဒါဟာ ရာသီဥတို ပုံမှန် အနေအထားမှာ တွက်ထားတာပါ။ မိုးများလို့ ၊ မိုးခေါင်လို့ ၊ လယ်အသိမ်းခံရလို့ ဆိုတာတွေ မပါပါဘူး ။ ဒီလို သဘာဝဘေးဒဏ်တွေ ကျရောက်တဲ့နှစ်တွေမှာ တောင်သူတွေ ငွေတိုးနဲ့ ချေးယူစားသောက်ရင်း အကြွေးသံသရာထဲ ၀ဲလည်ရပါသေးတယ် ။ တနေရာထဲကွက်ပြီး တောင်သူလယ်သမားတွေ ဘ၀မြှင့်တင်ရေး ဆိုရုံလောက်နဲ့တော့ လူမွေးလူတောင် ပြောင်လာမဟုတ်ပါဘူး ။

နိုင်ငံတော်အနေနဲ့ ဘဏ်စံနစ်ကို ဖွံ.ဖြိုးတိုးတက်အောင်လုပ်ပြီး ၊ ချေးငွေစံနစ် (loan) နှင့် အပေါင်ထားချေးငွေ (mortgage) စံနစ်တွေကို သေချာ အကောင်အထည်ဖော်မယ်ဆိုရင် အသေးစား စီးပွားရေးလုပ်ငန်းများ ၊ အိမ်တွင်းမှု လုပ်ငန်းတွေဟာ တဟုန်ထိုး တိုးတက်လာမှာ မလွဲပါဘူး ။ လယ်ယာမြေတွေကို လိုက်လံ သိမ်းစည်းနေမဲ့ အစား ထုတ်ကုန်ပိုင်း ဖွံ.ဖြိုးအောင် အသေးစား အလတ်စား ထုတ်ကုန်လုပ်ငန်းတွေကို အားပေးကူညီနိုင်ရပါမယ် ။  နိုင်ငံထုတ်ကုန်တွေ နိုင်ငံတကာဈေးကွက် ၀င်ရောက်နိုင်အောင် နည်းပညာကအစ ကူညီရပါမယ် ။ မရှိဆင်းရဲသား တောင်သူတွေ ပိုင်ဆိုင်သမျှ လိုက်လံသိမ်းဆည်းပြီး နိုင်ငံတော် ဖွံ.ဖြိုးရေး စီမံကိန်းဆိုတာ မဖြစ်နိုင်တဲ့ အရာတခုပါ ။

မြန်မာနိုင်ငံမှာ လူတန်းစား နှစ်မျီုးထဲ ရှိတယ်လို့တောင် ပြောလို့ရမဲ့ အနေအထားဖြစ်နေတယ် ။ လူလတ်တန်းစားဆိုတာ မရှိသလောက် ရှားလာတယ် ။ 
 လူလတ်တန်းစား ဆိုသူတွေဟာ မန္တလေးနဲ့ နယ်မြို. အချို.မျာတော့ တော သူဌေးတွေ အဖြစ် ထင်ထင်ရှားရှား ရှိပေမဲ့ လူဦးရေ ၆ 
သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို.မှာတော့ လက်လုပ်လက်စား ၊ ဈေးသည် နဲ့ ၀န်ထမ်းအများစု ဖြစ်နေတယ် ။လူငယ်တွေ တက္ကသိုလ်က ဘွဲ.ရပြီဆိုရင် သူတို့ဘ၀က တနည်းနည်းနဲ့ ကိုယ်တိုင် ထိမ်းကျောင်းဖို့ လိုလာပြီမဟုတ်လား ။ အများစုကတော့ 
ကုမ္မဏီတွေမှာ အလုပ်လုပ်ဖို့ ကျိုးစားကြပေမဲ့ လုံ လောက်တဲ့ အလုပ်မရှိတော့ အလုပ်လက်မဲ့ဘ၀နဲ့ အချိန်ကုန် ၊ ကိုယ်ပိုင်လုပ်ငန်းငယ်ကလေးတွေ လုပ်ဖို့ ဆိုတာကလည်း မိဘက ရင်းနှီးမတည်မှု မလုပ်ပေးနိုင် ၊ နိုင်ငံခြားထွက်ဖို့ဆိုတာကလည်း ကိုယ့်မှာက ကျွမ်းကျွမ်းကျင်ကျင်  တတ်မြောက်ထားတာ ဘာမှ မရှိ ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးနေကြတယ် ။ 

ဒီလို လူငယ်တွေ ဘ၀တွေ လမ်းပေါ်မှာ ကုန်ဆုံးနေရခြင်း အကြောင်းတရားတွေထဲက တခုကတော့ လူတန်းစား ကွာဟမှုကြောင့်ပါပဲ ။ 
 လူတန်းစားကွာဟတယ်ဆိုတာ လူလတ်တန်းစား ဖြစ်တဲ့ ကိုယ်ပိုင် တပိုင်တနိုင် လုပ်ငန်းရှင်များ မရှိသလောက် ရှားပါးနေရခြင်းကို ဆိုလိုပါတယ် ။ ကုမ္မဏီကြီးတွေဟာ ကျွမ်းကျင် ၀န်ထမ်းတွေကို ပိုမိုအလိုရှိတတ်ကြပေမဲ့ လုပ်ငန်းငယ်လေးတွေကတော့ အလုပ်သင်တွေကို ပိုမိုခန့်ထားနိုင်ပါတယ် ။ အလယ်လတ်တန်းစားလုပ်ငန်းများ အသေးစားလုပ်ငန်းဖြစ်တဲ့ အိမ်တွင်းမှုလုပ်ငန်းများကို ဖန်တီးနိုင်မှသာ လူတန်းစားကွာဟမှုကို ဖြည့်ဆီးနိုင်မှာ ဖြစ်ပါတယ် ။ဒီလို လုပ်ငန်းငယ်လေးတွေ ထွန်းကားလာရင် အရင်းရှင် လက်ဝါးကြီးအုပ်မှုကိုလည်း တွန်းလှန်နိုင်လာပါလိမ့်မယ် ။ မိသားစုတွေရဲ့ ဖွံ.ဖြိုးမှုကွာဟချက်ကလည်း သိပ်မကွာတော့ဘူး ။ လုပ်ငန်းတွေများလာတော့ အလုပ်လက်မဲ့တွေလည်း လျော့ကျလာမယ် ။ တနိုင်ငံလုံး ဘက်စုံ ဖွံ.ဖြိုးမှသာ အားလုံးဟာ လူတန်းစေ့နိုင်မှာပါ။

ဝန်ထမ်းတွေကို လစာတိုးပေးရင် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် လက်လုပ်လက်စားနဲ့ တောင်သူတွေ ဒုက္ခ ရောက်ရသလို ၊ လယ်ယာကဏ္ဍဖွင့်ဖြိုးလာလို့ ဆန်စပါးဈေးကောင်းပြန်ရင်လည်း မြင့်တက်လာမဲ့ ဆန်စပါးဈေးနှုန်းကြောင့် လက်လက်လက်စားနဲ့ ကုမ္မဏီ ၀န်ထမ်းတွေဟာ ဒုက္ခရောက်ရပြန်တာပါပဲ ။  နိုင်ငံတခုရဲ့ ဖွဲ.စည်းပုံဟာ တခုနဲ့ တခု မှီတည်နေတာဖြစ်လို့ စိတ်ကောင်း စေတနာမှန်တဲ့ အစိုးရတရပ်သာ အရေးအကြီးဆုံးပါ ။ ဒီမိုကရေစီ စံနစ်ရဲ့ စံနှုန်းစံထားတွေ အပေါ်မှာ ရပ်တည်နိုင်ရင် သဘာဝရင်းမြစ် ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေကို မကြာမှီ ရင်ဘောင်တန်းနိုင်မှာ မလွဲပါဘူး ။ ပြည်သူတွေကို စကားလုံးတွေနဲ့ မှိုင်းတိုက်နေကြမဲ့အစား လက်တွေ.ကျတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ လိုအပ်နေပါပြီ ။ စစ်မှန်တဲ့ စေတနာသာရှိကြရင်ဖြင့် ရေမြင့်တော့ ကြာတင့်ဆိုသလိုပဲ အများလက်ခံနိုင်မဲ့ ဥပဒေ၊မူ၊စံနစ်တွေနဲ့ ပြည်သူတွေဘ၀ ဟာလည်း အလိုလို မြင့်တက်လာမှာ မလွဲပါဘူး ။

ရဲသူရိန်မင်း
GMT 05:53
19.08.2012


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...