ဆယ်တန်းတုန်းက ဦးပုည
by မီး နတ် on Saturday, August 18, 2012 at 12:41pm ·
ဦးပုညက ကျွန်တော်တစ်သက်လုံး လေးစားနှစ်သက် ချီးကျုးနေရမယ့်သူဖြစ်လိမ့်မယ်ဆိုတာ ဆယ်တန်းကတည်းကသိခဲ့တာပေါ့ .... ဘာကြောင့်လဲဆိုတာကျွန်တော်ရှင်းပြပါ့မယ် ဒီစာကိုရေးဖြစ်တဲ့အကြောင်းကတော့ ကျွန်တော့်သူငယ်ချင်းဟိန်းထက်နိုင်က ညီမလေးကိုစာသင်တဲ့အချိန်မှာ ကျွန်တော်ကြားမိလိုက်တော့ ကျွန်တော်ကြိုက်တဲ့ စာတစ်ပုဒ်ကိုပြန်လည်ခံစားမိသွားလို့ပါ ...
သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း စကားပြေကို ကုန်းဘောင်ခေတ်မှာ စလေမြို့ဇာတိဖွား စလေဦးပုညရေးသားခဲ့တဲ့ ဆဒ္ဒန်ဆင်မင်း ဝတ္ထုကကောက်နှုတ်ထားပါတယ်။ငယ်နာမည် မောင်ပုတ်စည် ဖြစ်ပြီး မြို့သူကြီးမျိုးရိုးဆိုတော့ မခေလှတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ငယ်ဆရာ စလေမြို့မခင်ကြီးစ ၊ တူမောင်းဆရာတော် ဦးဒီပ ၊ ဗန်းမော်ဆရာတော် တို့ရဲ့ တပည့်လက်ရင်း ဆိုတော့ သည်လောက်ထက်သွားတာ နှစ်သက်အားရစဖွယ်ပါ။ တို့များ နာမည်ကြီးပြီး နှမြောတသခဲ့ရတဲ့ ကနောင်မင်းသားကြီးထံမှာဆို မင်းလှသင်္ခယာ ဆိုတဲ့ ဘွဲ့နဲ့ ထမ်းရွက်ရသတဲ့
တိုင်းတပါးနာမည်ကျော် ရှိတ်စပီးယားကို အထင်ကြီးကြသလို တို့ဦးပုညဟာလဲ ထပ်တူအရည်အချင်းရှိခဲ့သူပါ
အခုကျွန်တော်ရေးချင်တာက ဆင်မင်းအကြောင်းမဟုတ်ပဲ ဦးပုညရဲ့ ကျွန်တော်တို့ဖတ်သာဖတ်မိပြီး သေသေချာချာမခံစားမိတဲ့ ထိထိမိမိ အရေးအသားတွေကို ကောက်နှုတ်ဖော်ပြချင်တာပါ .....
"အချင်းမုဆိုး ....... လူမျိုးတကာ ကြံငှာမရဲ ကြံဝံ့ခဲသော အကြံကိုကြံ၍ ငါ့ထံရောက်ဝင်ငါသို့ဆင်ကို အရှင်လတ်လတ် သင်သတ်သည့်အကြောင်းကား ......."
ဘယ်သူမှ မကြံရဲ မကြံဝံ့ တာကိုကြံပြီး ငါလိုဆင်မင်းမျိုးကိုမင်းသတ်ရတဲ့အကြောင်း .... ဆင်မင်းစိတ်ထဲကခံစားချက်ကိုတွေးကြည့် သူအံ့သြနေတယ်ဆိုတာသိလိုက်ရတယ် ဘယ်သူမှမကြံတာကိုကြံလို့ ပြီးတော့ ငါသို့ဆင် .. ဆိုတော့ ပြောသူဟာ အခြားသူတွေနဲ့ မတူသော ထူးခြားသောသူဖြစ်တယ်ဆိုတဲ့ဂုဏ်ကို ပေါ်လွင်စေတယ်
မုဆိုးကပြန်ပြောတဲ့အခန်းမှာ "ကာသိမင်း၏ သက်နှင်းတောင်ညာ သုဘဒ္ဒါဟု အဆာကျယ်လှ ရှင်ဘုရင်မကြီးက မြမရှား စိန်မရှား အလွန်ပင်များသည်ကို နားလေးလေဟန် ဆင်စွယ်မှပန်လိုသည်"
မုဆိုးရဲ့စိတ်ဓာတ် ဒက်ကနဲပေါ်သွားတယ် အဆာကျယ်လှရှင်ဘုရင်မကြီးက ဆိုတဲ့စကားနဲ့ နှိပ်လိုက်တာ ရှေ့မှာဆိုမပြောရဲဘူးနော် ကြောက်ကြတာ .... နောက်မှာကျတော့ပြောထည့်လိုက်တာ အဆာကျယ်လှတဲ့
"ရွှေနန်းကြော့ရှင် သူ့ချစ်လင်၏ ရင်ခွင်ကြားမှာ ခေါင်းထား၍ အသော့ငိုပါရော့သည် ဘုရား ပင်ပန်းလှိုက်ဖို သူ့မယားငိုတည့်လျင် ဟိုလူကြီးက ပျာယီးပျာယာ ပဇာအရေး မတွေးမမျှော် ကျွန်တော်ကိုခေါ်ပြီးလျင် ဟဲ့နော်လုဒ္ဒက ဆင်စွယ်ကိုမရလျှင် ဇီဝနတ္တိ နင်သေမည်သိစံ့ဟု မင်းသမီးမာန်ဇွဲနှင့် အံခဲ၍မိန့်ရာတွင် "
ဒီအရေးအသားကိုဖတ်လိုက်ရင် ဆင်မင်းမြားထိလို့ ဒေါသထွက်နေတဲ့ စာဖတ်သူ၊ သုဘဒ္ဒါကိုဒေါသထွက်နေတဲ့သူအဖို့တော့ မြိန်စရာပါပဲ
ငိုယိုနေတဲ့ မိဖုရားနဲ့ ပျာယျာခတ်ပြီး အဆင်ခြင်မရှိတဲ့ မင်းကြီးကို မြင်ယောင်ရင်း မျက်စိစပါးမွှေး စူးလောက်မယ့် အရေးအသားမို့ တကယ်ထိမိပါတယ် နောက်ပြီး
"အစွယ်ကိုလိုသူမိဖုရား ... အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော် ကြံဖော်ကြံဖက်သုံးယောက်သားအနက် တွင်မှ ကံကွက်ကျား၍ ငမိုက်သားမုဆိုးလေ နင့်ချည်းပင်သေလေတော့ဟု"
ဒါကတော့ အဲဒီမှာ လူကြိုက်အများဆုံးအပိုင်း ..... မုဆိုးရဲ့ ဒီလိုစိတ် ဒီလိုစကားက ယနေ့ခေတ်လူတော်တော်များများရှိတယ် ပြောဖို့လည်းဝန်မလေးကြဘူး ....ဒါကို ဦးပုညက လူ့သဘောကိုနောကြေနေတော့ ရေးလိုက်တာ ခုချိန်ထိမှန်တုန်း... စကာားပရိယာယ်ကလည်းထက်ပါဘိ
"ရှေ့သို့ သံသရာဖြစ်တိုင်းမှာပင် လောင်စာရန်ငြိုး မီးဆက်၍ပျိုးမည်ကြောင့် မိန်းမဆိုးအမုန်း သည်ဘဝတွင် သည်မျှနှင့်တုံးစေတော့"
ဆင်မင်းရင်ထဲ ဘယ်လိုခံစားနေရပါလိမ့် .... ရင်နာနေတယ် သူ့မိဖုရားဟောင်းကြီးကို ဒါကြောင့်သူ မိန်းမဆိုးအမုန်းလို့ပြောတယ်
တစ်ဖက်ကလည်း သူ့မိဖုရားရန်ငြိုးကို ဒီဘဝနဲ့တင် ပြေစေချင်သေးတယ် ဆင်မင်းရဲ့စိတ်ဓာတ် အချစ်ကြီးပုံ ....
ကျုပ်တို့များဆိုရင်တော့ အိမ်ထိလိုက်သွားပြီး နင်က ဘာမို့လို့လဲရာရာစစ ဆိုပြီး ရိုက်နှက်မိမလားပဲ .....
"လွှကြီးကိုကိုင်လျက် ဖြတ်မည်ဟုတက်သော်လည်း မတက်နိုင်ချေ။ ပန်းဟိုက်၍ နေသည်တွင် မြေနှင့်ပွတ်ကာ ဦးခေါင်းတောက်ညွှတ်ရှာ၍ ဖြတ်သာအောင်ပြုတော်မူပေသည်"
သနားစရာကောင်းလိုက်တဲ့အရေးအသား ကြည်ညိုစရာကောင်းလိုက်တဲ့စိတ်ဓာတ် ....သူပေးလှူမယ့် အစွယ်ကို ဖြတ်ဖို့ သူ့ကိုယ်ပေါ်တက်မရတာတောင် ခေါင်းညွှတ်ပေးတယ် .... စိတ်ဆုံးဖြတ်ထားရင် အဆုံးထိကိုလျောက်တာပါလား
"မောင်မင့်သခင် မုန်းပင်စိုက်ပျိုး ပြေချိန်တိုင်၍မှ မပြေနိုင် ငြိုးတတ်သည့် မဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို ငါမှာတိုင်းပြောပါလေ"
ဆင်မင်းတော်တော်ကိုအသည်းနာရှာပြီ .... ကိုယ်ကဝေဒနာက စိတ်ကဝေဒနာကို မမီဘူးထင်ပါရဲ့ မုဆိုးတစ်ပိုင်းမိန်းမရိုင်း ဆိုတဲ့စကားက သိသာနေပါကော......မုန်းပင်စိုက်ပျိုး ဆိုတဲ့ စကားလေးကလည်း အရမ်းလှပါတယ် ... အမုန်းကိုအပင်လိုစိုက်တာ .. တဖြည်းဖြည်းကြီးထွားလာတော့မပေါ့
ကျွန်တော်အကြိုက်ဆုံးစကားကတော့ဆင်မင်း မြားဆိပ်နဲ့ မူးဝေနေတဲ့နောက်ဆုံးအချိန်မှာမှာတဲ့စကား
"စိမ်းကားမျက်ငြိုး သစ်ယောင်းခက်ချိုးသကဲ့သို့ ချစ်ကြိုးဖျက်ဖြေ သင်းသတ်ရက်လေသောကြောင့် သင့်သက်ဝေငယ်လင် ငါဆဒ္ဒန်ဆင်သည် မြေတွင်တုံးတုံး မြားချက်ဖြင့်ဆုံးပါပြီ ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ ရယ်ကာမောကာ မျက်နှာငွေလ ရွှင်ပပ နှင့် ခင်မဝမ်းမြောက်တော်မူပါတော့"
ချစ်သူကို ရင်နာနေပေမယ့် နောက်ဆုံးအချိန်ထိ ပျော်အောင်နေဖို့ ဝမ်းမြောက်ဖို့ လိုချင်တဲ့အရာကို သူအသက်အသေခံပြီး ပေးလိုက်ပါပြီဆိုတဲ့ သက်သေ သူဘယ်လောက်ချစ်ပါကြောင်း သက်သေ ... အငြိုးဖုံးနေတဲ့ သူ့မိဖုရားတွေးမိအောင် ပြောခိုင်းတာ သြော် အချစ်ကြီးလှပါဘိ
ကဲ ကျွန်တော်အကြိုက်ဆုံး စာသားတွေရဲ့ ကောက်နှုတ်ချက်တော့ပြီးပြီ ဖတ်ပြီး တွေးချင်သလိုတွေးနိုင်ကြတယ်
ဒါပေမယ့် ကျွန်တော်အကြံပြုချင်တယ် မြန်မာစာအရေးအသားကိုလေ့လာမယ်ဆိုရင် ဒါမျိုးကိုတော့ ဖတ်သင့်တယ်လို့ ..... ဦးပုညလို .... ရှေးတုန်းက သည်လိုလူတွေ အခုဘာလို့မရှိရတော့လဲ ..... နှမြောလိုက်တာ .. အဲဒီထက်ပိုနှမြောမိတာက ဆယ်တန်းစာရဲ့ အဓိက အနှစ်သာရတွေကို အခုမှပိုထင်ရှားပြီး လေ့လာမိလို့ပဲ
အရင်ကတော့ ဆယ်တန်းအောင်ဖို့ ကျက်တယ် ဆင်မင်းသနားဖို့ကောင်းတယ် စိတ်ထားကောင်းတယ် ဒါမေးနိုင်တယ် ဒါကျက်မယ်... ဒီလောက်ပဲ
အခုတော့ စာအရေးအသား လူတွေရဲ့ သဘောသဘာဝတွေကိုပါ ချိန်ထိုး လေ့လာတတ်ပြီ .... ဆန်းပြားတဲ့ အရေးအသား ထိမိတဲ့အသုံးအနှုန်း စကားရိုင်းသုံးပြီး ယဉ်အောင်ဆင်တဲ့ပညာ
"ဥပမာ - သူ့ချစ်လင်၏ ရင်ခွင်ကြားမှာ ၊ ငါချစ်လင်ကို ၊ ဘုရားလောင်းသည် မယားဟောင်းလက်နက်နှင့် " ဆိုတာလေးတွေက ဒီခေတ်မှာစကားထဲ ထည့်ပြောရင် ရိုင်းသလို ယဉ်ကျေးမှုမရှိသလို စရိုက်ဆန်သလိုဖြစ်ပေမယ့် သူ့ခေတ်သူအခါနဲ့တုန်းကတော့ သုံးသွားတာ သိပ်လှပါတယ် ပိုပြီး ရုပ်လုံးကြွစေပါတယ်
ဒီတော့ အခုညီငယ် ညီမငယ်တို့ ဆယ်တန်းဆိုရင် နောင်တစ်ချိန်မနှမြောရလေအောင် စာတွေရဲ့ အနှစ်သာရကို စူးစူးစိုက်စိုက် ပဟေဠိ ဖွက်ပြီးရှာသလို လိုက်ရှာပြီး လေ့လာကျက်မှတ်ကြစို့ရဲ့
0 comments:
Post a Comment