Friday, August 3, 2012

ဒုတိယ သမ္မတဘယ်သူဖြစ်မှာလဲ (ကိုမင်းကိုချင်း စကားဝိုင်း)


Posted by nyein aung on August 3, 2012 at 8:07pmSend Message   ဘလော့ ပိုစ်ကြည်မယ်

ကိုချင်း။ဒုတိယ သမ္မတ ရွေးပြီးသွားပြီ လားဗျ။အရင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ကျန်းမာရေးမကောင်းလို့  နုတ်ထွက် တယ်ဆို။
ကိုမင်း။ကြားတော့ ကြားနေရတာပဲ။သီဟသူရ ဦးတင်အောင်မြင့်ဦးက နုတ်ထွက်တာတော့ ဟုတ်ပါတယ်။အဲဒီ ဒုတိယသမ္မတနေရာက မူလက တပ်မတော်သား ကိုယ်စားလှယ်တွေ က တင်သွင်းထားတာဆိုတော့ အခုလည်း တပ်မတော်သား ကိုယ်စားလှယ်တွေကပဲ နာမည် တင်သွင်းရမှာလေ။


ကိုချင်း။အဲဒါ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်ထားတယ်ဆိုဗျာ။ အဲဒါ အတည်ပြုလိုက်ပြီလား သိချင်တာ။

ကိုမင်း။အေးဗျ။အဲဒီလို ပြောနေတာပဲ။ဒုတိယ သမ္မတ နေရာအတွက် စိစစ် ရွေးချယ်ရေး အဖွဲ့ ဝင် ဦးဌေးဦး ပြောတာကတော့ သူတို့ ဆီကို  ရောက်မလာသေးဘူးတဲ့ဗျ။

ကိုချင်း။အဲဒါက ဘယ်လိုရွေးတာလဲဗျ။ဘယ်လို စိစစ်ကြတာလဲ။

ကိုမင်း။၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ဒုတိယ သမ္မတသုံးဦးကို လွှတ်တော်တွေက ရွေးရပါတယ်ဗျ။ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဦးသိန်းစိန်ကို ရွေးတယ်။အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေက ဒေါက်တာ စိုင်းမောက်ခမ်းကိုေ၇ွးတယ်။တပ်မတော်သား ကိုယ်စားလှယ်တွေက ဦးတင်အောင်မြင့်ဦးကို ရွေးတယ်။အဲဒီ သုံးဦးထဲကမှ သမ္မတကိုရွေးချယ်တော့ ပြည်သူ့ လွှတ်တော်ရော အမျိုးသား လွှတ်တော်ရောပါတဲ့ ပြည်ထောင်စု လွှတ်တော်က လက်ရှိ သမ္မတ
ဦးသိန်းစိန်ကို ရွေးခဲ့တယ်။ဟုတ်ပြီလား။

ကိုချင်း။ဒါတော့ သိပြီ။  ဆက်ပါဦး။

ကိုမင်း။အဲဒီတော့ ဦးတင်အောင်မြင့်ဦး နဲ့  ဒေါက်တာ စိုင်းမောက်ခမ်းတို့ က ဒုတိယ သမ္မတ ဖြစ်လာကြတယ်။ အခုဦးတင်အောင်မြင့်ဦးက နုတ်ထွက်တော့ အဲဒီနေရာ လစ်လပ်သွားရော၊အဲဒါအတွက်ကို တပ်မတော်သား ကိုယ်စားလှယ်တွေက နောက်  တယောက်ထပ်ရွေးပေးရမယ်။ဦးတင်အောင်မြင့်ဦး အစားပေါ့။

ကိုချင်း။ဟုတ်ပြီ။

ကိုမင်း။အဲဒီ နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ဆီကို တင်ပါတယ်ဗျ။အဲဒီမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌရယ်၊ အမျိုးသား  လွှတ်တော် ဥက္ကဌ နဲ့ ဒုဥက္ကဌ ရယ်၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ် တယောက်ရယ်၊အဲဒါကတော့ ဦးဌေးဦးပေါ့၊ပြီးတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် များရဲ့ ကိုယ်စားပြု တစ်ယောက်ရယ်၊တပ်မတော်သား ကိုယ်စားလှယ်များရဲ့  ကိုယ်စားပြု တစ်ယောက်ရယ် ပါဝင်တဲ့ အဖွဲ့ တစ်ဖွဲ့ 
ဖွဲ့ စည်းတယ်ဗျ။အဲဒီအဖွဲ့ က သမ္မတ နဲ့ ဒုတိယ သမ္မတ အရည်အချင်း ပြည့်စုံမှု  ရှိမရှိ စိစစ်ရေး အဖွ့ဲပေါ့ဗျာ။

ကိုချင်း။သြော်..သြော်..စိစစ်ရေးကလည်း နေရာတကာ မှာ ရှိတာပါပဲလား၊ဆိုပါဦး၊အဲဒီတော့ အဲဒီအဖွဲ့ ကဦးမြင့်ဆွေကိုလက်မခံတာလား။

ကိုမင်း။မဟုတ်ပါဘူးဗျ။အဲဒီ အဖွဲ့ က အဖွဲ့ ဝင် ဦးဌေးဦး ပြောတာက ခုချိန်ထိ ဘယ်သူ့ ကို ဒုတိယ သမ္မတ အရည်အချင်းပြည့်စုံမှု ရှိမရှိ စိစစ်ရမယ်ဆိုတာ မသိသေးဘူးလို့ ဆိုတာပါ။သူတို့ စိစစ်ရေး အဖွဲ့ ကို ဘယ်သူ ဘယ်ဝါကို အမည်စာရင်းတင်သွင်းထားပါတယ်ဆိုတာ ရောက်မလာသေးဘူးလို့ ဆိုတာပါ။

ကိုချင်း။အဲဒီတော့ လောလောဆယ်မှာ မြန်မာနိုင်ငံမှာ ဒုတိယ သမ္မတ တစ်ယောက် မရှိဘူး ဖြစ်နေတာပေါ့။ကျွန်တော့်အမြင် ပြောရရင်တော့ ဒုတိယ သမ္မတ လုပ်မယ့်သူက ပြည်သူ လူထု အမြင်မှာ ဒီလူ ဆိုရင် ကောင်းတာပေါ့လို့ မြင်တဲ့သူ ဖြစ်ဖို့ လိုတယ်။ မဟုတ်ဘူးလား။

ကိုမင်း။သိတ်ဟုတ်တာပေါ့ဗျာ၊အဲဒီ အရည်အချင်းက အရေးကြီးဆုံးထဲက တစ်ခုပါပဲ။

ကိုချင်း။အလုပ်ကလည်း တကယ် လုပ်တဲ့လူ ဖြစ်ဖို့ လိုတယ်ဗျ။

ကိုမင်း။အမယ် ခင်ဗျားရဲ့ သတ်မှတ်ချက်တွေက တယ်ဟုတ်ပါလား။

ကိုချင်း။ဟုတ်တယ်ဗျ၊လုပ်ပိုင်ခွင့် ရာထူး အာဏာရှိပြီး အလုပ်တကယ် မလုပ်ပဲ လုပ်ချင်ယောင် ဆောင်နေတာမျိုးတော့မလိုချင်ဘူးဗျို့ ။ကျွန်တော်တို့ က ကြုံရပေါင်းများလို့ အံ့တိုနေပြီလေ။

ကိုမင်း။အင်း..အင်း.။

ကိုချင်း။အဲဒီတော့ ကိုယ်တာဝန်ယူရတဲ့ အလုပ်ကို ကျကျနန ကြိုးစားပမ်းစား လုပ်တဲ့ လူမျိုး ဖြစ်ဖို့ လိုတယ်ဗျ။ ပြီးတော့ အရည်အချင်းလည်း ရှိဦးမှ မဟုတ်ဘူးလား။တိုင်းပြည် နဲ့ လူမျိုးအတွက်လည်း သဘောထား ကောင်းဖို့ လိုတာပေါ့။ပြည်သူ့ အကျိုးဆောင် ရွက်မယ်လို့ စိတ်ချရတဲ့ ပြည်သူ့ ကိုယ်စားလှယ် ဖြစ်စေချင်တာပဲ။ပြည်သူလူထုကို မလေးမစား သဘောထား တတ်တဲ့ သူတွေတော့  မဖြစ်ဘူးလေ။အဲဒီတော့ အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ မှတ်ချက်တွေကိုလည်း ကြည့်ဖို့ လို မှာပေါ့။

ကိုမင်း။ခင်ဗျား မှာက မှတ်တမ်းမှတ်ရာ ရှိလို့ လား။

ကိုချင်း။ကျွန်တော်တို့ ရင်ထဲမှာ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်ဗျာ။ကျွန်တော်တို့ ပြည်သူတွေကိုသာ သမ္မတ တို့ ၊ဒုတိယ သမ္မတတို့ ကို  တိုက်ရိုက် ရွေးခိုင်းကြည့်ပါလား၊အမေရိကန် တို့ ဘာတို့ လိုလေ။

ကိုမင်း။နေဦးဗျ။ဒါက မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေက သတ်မှတ်ထားတဲ့ မူ တို့ ဘောင်တို့ ရှိတယ်လေ။ သမ္မတ၊ဒုတိယ သမ္မတ တို့ ကို ဘယ်လိုရွေးချယ်လဲ ဆိုတာ သူ့ ပုံစံက သတ်သတ်လေ။

ကိုချင်း။သိပါတယ်ဗျ။ကျွန်တော်က စကား အဖြစ် ပြောတာပါ။ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကလည်း ပြင်ဆင်စရာတွေရှိတယ်လို့ ဆွေးနွေးပြောဆိုနေကြတာ မဟုတ်လား။

ကိုမင်း။ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ရွေးကောက်ပွဲ ၀င်စဉ်ကတည်းက ဒါကို ပြောလာတာပဲလေ။သမ္မတ ကြီးကလည်း ဒါကို မူအရ လက်ခံထားတာပဲဆိုတော့ အခြေခံဥပဒေကို ပြင်ဆင်ရမှာတွေကတော့ရှိလာမှာပေါ့။

ကိုချင်း။အဲဒါဆိုရင်တော့ သမ္မတို့ ၊ဒုတိယ သမ္မတ အရည်အချင်းတို့ နဲ့ ပက်သတ်တဲ့ အခန်းကဏ္ဍတွေမှာ ပြည်သူလူထုရဲ့ သဘောထားနဲ့  အမြင်ကို ခံယူကြားနာ သင့်တယ်လို့ ထင်တယ်ဗျ။ကျွန်တော်တို့ ကို တကယ်ခေါင်းဆောင်ပြီး အလုပ်လုပ်မယ့် ရာထူး အာဏာကြီးဆိုတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ စံချိန်စံညွှန်းကိုလည်း ထည့်သွင်းစဉ်းစား သင့်တာပေါ့ မဟုတ်လား။

ကိုမင်း။အင်း.။ခင်ဗျားချည်း ပြောသွားတော့ ကျုပ်က အင်းလိုက်ရုံအပြင် ဘာမှ မတတ်နိုင်ပါဘူးဗျာ။ခင်ဗျား ပြောတာတွေက ပြည်သူ့ အမြင် ပြည်သူ့ သဘောထားတွေ ဆိုတော့ သဘောကျတယ်ဗျာ။

(သက်ညို..ပြည်သူ့ ခေတ်ဂျာနယ်မှ ထုတ်နှုတ်တင်ပြပါသည်)

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1675304&xgs=1&xg_source=msg_share_post

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...