Sunday, August 19, 2012

“အိပ်မက် (၃)”


by Soe Min on Saturday, August 18, 2012 at 11:56pm 

          မက်ပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်လေ။ အလကားနေ စာရေးစရာ အကြောင်းရှာမရတိုင်း တောင်စဉ်ရေမရ အိပ်မက်ပေါက်တတ်ကရတွေကို တူးကာဆွကာ အတိတ်ကောက်ကာ ရေးနေလေတော့ ချဲထိုးတဲ့သူကမှ ပိုက်ဆံရင်းနေရလိမ့်ဦးမယ်ဗျ။ မက်သမျှ အိပ်မက်တွေကလည်း ရန်ကုန်မှာချည့်ပဲဆိုတော့ တန်တော့ ကိုယ်တို့ဆရာကြီးတွေက တောကြိုအုံကြားမှာ အဲသလောက်ကြာနေတဲ့ မောင်စံဖားကလေးကို အသနားကြီး သနားသွားပြီး မိသားစုနဲ့ အတူပြန်နေခွင့်ပေးတော့မယ့်နိမိတ်ပဲ ထင်ပါရဲ့။ တို့ဆရာကြီး တွေသက်တော်ရာကျော်ရှည်ပါစေဗျာ။ သူပေးတဲ့ဆုမပြည့်လည်းပဲ ကိုယ်တောင်းတဲ့ဆုတော့ ပြည့်ပါရစေဗျာ။ တော်တော်ကြာ တ၀က်စီ ပြည့်ကုန်ကြစေသတည်းဆိုရင် ကိုယ်ကအကြောင်းမဟုတ်ဘူး သူတို့ခမျာ အသက် ၅၀ကျော် ရှည်စေသတည်းဖြစ်သွားမှ ဒုက္ခ။ အဲသလိုတော့ မနောက်နဲ့နော်။ ကောင်လေးတော့ နာချင်ပြန်ပြီ။
ကိုယ့်အိပ်မက်ကိုယ်ဆက်မှ။ ရန်ကုန်ဆေးရုံကြီးမှာ FA (ပထမလက်ထောက်ဆရာဝန်) လုပ်နေတုန်း  AS (လက်ထောက်ဆရာဝန်) ကလေးမလေးက တော်ကီလာပစ်ပါတယ်။
“ဆရာ။ ဟိုမင်းသမီး (……) သိလား။”
“မသိစရာလား။ ဂလောက် အသံတွေ အရုပ်တွေထွက်နေတဲ့ဥစ္စာ။ ခု ဘာဖြစ်ပြန်ပြီလဲ။”
“ဘာမှ ဖြစ်ပါဘူး။ သူက မနက်ဖြန် ပန်းလှိုင်ဂေါက်ကွင်းမှာ ရှုတင်ရှိတယ်တဲ့ဆရာရဲ့။”
“ဟတ်လား။ ငါလည်းမအားဘူး။ OT ရှိတယ် လို့ ပြောလိုက်။”
“ဆရာကလည်း ဇွတ်ချည့်ပဲ။ သူက အရင်တုန်းက ငှက်ဖျားတစ်ခါဖြစ်ဖူးတယ်တဲ့ဆရာရဲ့။ ပန်းလှိုင်ဘက်မှာ ငှက်ဖျားရှိရင် ပြန်ဖြစ်မှာကြောက်လို့ ဆိုပဲ။”
“အလို.. အိုဗာတင်းကလည်း သောက် သောက်နိုင်လွန်း။ ငှက်ဖျားဆိုတာ ခြင်ကလေးတစ်ကောင် စူးကနဲကိုက်လိုက်ရင် ကျားကိုက်သလို မြွေကိုက်သလို ချက်ချင်းဗိုင်းကနဲလဲသေသွားတာမှ မဟုတ်တာ။ ခြင်မကိုက်တဲ့လိမ်းဆေးတွေ ပုံလို့။ ဟိုမင်းသမီးလေး မင်းသားကြီးဟော်တယ်မှာ လိုးရှင်းလူးသလိုလူးလိုက်ပေါ့။ ဒါလေးများ။”
“အိုဗာတင်းက သူသောက်တာ မဟုတ်ဘူးဆရာရဲ့။ သူ့မာမီကြီးက သောက်နေတာ။ သမီးလေးကို မျက်စိအောက်က အပျောက်မခံဝံ့ဘူးဖြစ်နေတယ်။ ဆရာ မသိဘူးလား။ မင်္ဂလာဆောင်ဖိတ်စာတွေက ဝေတောင်ပြီးသွားပြီ။”
“ဟင်။ နင့်ဟာက မတော်သေးဘူးလား။ ငါသိတာတောင် နှစ်ခါရှိပလားလို့။”
“သြော် ဆရာကလဲ။ ကံအကြောင်းတရားလို့ပဲ မှတ်ပါ။ ခနခနဆောင်တော့ ခနခန လက်ဖွဲ့ရ။ အခွေတွေ ခနခနထွက်၊ ဂျာနယ်ထဲ ဓါတ်ပုံတွေပါ။ စပွန်ဆာတွေများလွန်းလို့ နောက်တခေါက်အတွက် ဘွတ်ကင်လုပ်ထားရမလိုတောင်ဖြစ်နေပြီ။”
“လုပ်ထားဦးပေါ့အေ။ ညီးတို့က ရိုဟင်ဂျာတွေပဲ။ တမိုးအောက်လည်း လေးယောက်လောက်တော့ ထိန်းထားနိုင်သပ။”
“နိုင်ငံရေး မပါကြေး ဆရာ။ သာမီးကြောက်ကြောက်။ မာမီပူမယ်ဆို ပူစရာလေ ဆရာရဲ့။ ဒီချိန်ရောက်မှ တစ်ယောက်ယောက်က ဖြတ်ခုတ်သွားရင် ခန်းမကြီးထဲ သတို့သမီးမပါပဲ ဂွမ်းသွားမှာပေါ့။ ခေတ်ကာလ သားသမီးတွေရဲ့ ရင်ခုန်သံကို ဆရာမသိဘူးနော်။”
“အောင်မယ်လေး။ ကျုပ်လည်းငယ်ရာက ခုထက်ထိမှ ကြီးမလာသေးတာ။ မသိပဲ ဘယ်ရှိပါ့မလဲ။ ဒါကတော့ သမီးတစ်ကောင် ရွှံ့တစ်ထောင် လုံအောင်အမြဲ ပိတ်နိုင်ခဲသတဲ့။ စိတ်မချ နောက်က တကောက်ကောက်လိုက်ရုံ ရှိတော့တာပဲ။”
“မှန်လိုက်တာ ဆရာရယ်။ ခါတိုင်းသူအမြဲလိုက်နေကျ။ နက်ဖြန်ခါကျ သံရုံးမှာ ဗီဇာဝင်မလို့ သာမီးကို သူ့အစား တကောက်ကောက် လိုက်စောင့်ရှောက်ခိုင်းနေတာ။ သာမီးနဲ့က ကာစင်တော်တယ် ဆရာရဲ့။ ဒီကိစ္စ အပျက်ခံလို့မဖြစ်ဘူး။ သာမီးလည်း အ၀တ်အစားတွေတောင် ချုပ်ပြီးနေပြီ။ နက်ဖြန်တစ်ရက် သာမီးကို ခွင့်ပေးနော်။ နော်။ တို့ဆရာက လိမ်မာပါတယ်။”
          တိန်။ ခံလိုက်ရပြန်ပေါ့တစ်ချီ။ အရပ်တကာလှည့် အတင်းတုပ်လာတာ သည်တခါကျမှပဲ ကိုယ့်ကို ချည်ပြီးတုပ်ပြီး ချုပ်သွားတာခံလိုက်ရတယ်။ လူချုပ်သွားတာက အကြောင်းမဟုတ်ဘူး။ ဖြည်လိုက်ရင် တစ်ချက်ရယ်။ ဘာမှ မကြာဘူး။ ပါးစပ်များတော့ အပ်နဲ့ချုပ်တောင် မရဘူးမှတ်။ သတင်းကရလိုက်ပြီ။ ခိုင်ခိုင်လုံလုံ။ ဖြန့်ရုံပဲ ကျန်တော့တာ။ တရုတ်အောက်စက်တွေကမှ “ခွေဖတ်သုန်း ခစ်သစောင့်ဘာ” နဲ့ စောင့်ခိုင်းထားဦးမယ်။ ဒီကတော့ မစောင့်နိုင်တော့ဘူး။ လာတဲ့လူ တန်းပြောပလိုက်မှာပဲ။ ပြောရင်းဆိုရင်း မြင်လိုက်တာကတော့ ကိုယ်တွေဟောက်ဆာဂျင်ဘ၀ကတည်းက ရန်ကုန်ဆေးရုံကြီးမှာ လုပ်သက်ရင့် လက်ထောက်ဆရာဝန် (Old Service) စစ်စစ်ကြီးတစ်ယောက်ပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲ အရပ်တကာလွင့်ပစေ။ သူကတော့ မင်းအဆက်ဆက် ဘယ်သူကမှ ထိလို့မရခဲ့တဲ့ လေဒီကုန်လုံးပိုင်လေ။ ဘယ်ထိလို့ရမလဲ။ သူ့အိမ်ကဟာကြီးက နည်းတာကြီးမှ မဟုတ်တာ။ မယုံရင် ပုံပြင်လည်းမမှတ်နဲ့။ အိပ်မက်လားတကယ်လားလည်း မှတ်မနေနဲ့။ တော်တော်ကြာ နင်က ငါ့ဟာငါနေတာ ကုလားထိုင်လှုပ်အောင် လာလုပ်သပေါ့လေ ဆို သေပြီဆရာ။ မရဘူး မရဘူး။ ဘယ်သူဖြစ်ဖြစ် ပြောမှာပဲ။ ပြောမှာပဲ။ ငါ့ကိုလာ မတားနဲ့။ စကားအဆုံးမှာ သူက ဇီးယိုဇီးပေါင်းထုပ်ကလေးကို ပန်းပွင့်ဖော်ထားတဲ့ လက်သည်းရှည်ကလေးနဲ့ဖောက်ပြီး နှုတ်ခမ်းအဆီ Lip Gloss မပျက်အောင် သွားကလေးနဲ့ ကိုက်စားရင်းက “အဟစ် .. အဟစ်” လို့ အသံလေးထွက်အောင် ရယ်ပါတယ်။
“သြော်.. မ တို့ ဆရာFA ကြီး ခံလိုက်ရသပေါ့လေ။ မ တို့က ဒီဆေးရုံမှာ အိုသေတော့မှာဆိုတော့ အငယ်လေးတွေရဲ့ သိုင်းကွက်ဆန်းတွေ မြင်ဖူးပေါင်းများလှပေါ့ရှင်။ တကယ်တန်းကျတော့လေ လူတွေက သည်မိန်းမကြီး ပင်စင်ယူတဲ့အထိ ရန်ကုန်က တစ်ဖ၀ါးမခွာ သာရာစီးပြီး ဇိမ်တွေကျနေတယ်လို့ မှတ်ကြတာ။ မ တို့မလည်း မ တို့ ဒုက္ခနဲ့ မ တို့ပဲ။ အချိန်တန်တော့ ရှင်တို့အငယ်တွေက နယ်ကပြန်လာရင် မ တို့ထိပ်ပေါ်လာထိုင်ရော။ ထိုင်ရုံတင်ဆိုရင်တော့ မပြောပါဘူး။ ယိုတဲ့သူတွေက ယိုချလိုက်တဲ့အခါကျ မ တို့မှာ ပုဇွန်ဆိပ်ခေါင်းဖြစ်ရတယ်။ ………….။ ………. ။ ……… ။ …….. ”
          မှားပါတယ် ကိုသောင်းရယ်။ ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုသောင်းပုံပြင် နဲ့ လာတွေ့နေတယ်။ ကိုယ်က ပြောရတာ တစ်ခွန်းနှစ်ခွန်း။ သူ့ဆီက ပစ်ထုတ်လိုက်တာ ကိုရီးယားဇာတ်လမ်းတွဲ တစ်တွဲစာလောက်ရှိတယ်။ ဘယ်တုန်းကတည်းက ပြောချင်နေမှန်းမသိဘူး။ ဘယ်လောက်ပြောတယ် မပြောတယ်။ အိပ်မက်ဆုံးတာတောင် သူ့ဘာသူဆက်ပြောရင်းကျန်ရစ်ခဲ့တယ်။ မပြီးသေးဘူး။ ဘာတွေပြောသွားမှန်းတောင် မမှတ်မိတော့ဘူး။ ကိုယ့်ဟာကိုယ် ဆမ်မာရီပြန်ရေးယူရင်တော့ လူတွေက ရန်ကုန်မှာနေရတိုင်း ကောင်းတယ် ကောင်းတယ် ထင်နေကြတာ။ တကယ်တော့ သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့ ရှိတယ်ပေါ့။ ပြောတတ်လိုက်တဲ့ ကြီးတော်ရယ်။ အဲဒီဒုက္ခတွေက လူတိုင်းရှိစုမဲ့စု ပသဆုပန်နေရတဲ့ဟာကို။ ရန်ကုန်ဆိုတာ မတတ်သာတော့မှ ခပ်ခွာခွာကလေး တိုင်ပတ်ပြီး ပြန်ဝင်ရတဲ့နေရာဗျ။ ဆရာဝန်ဖြစ်ပြီး ရန်ကုန်မှာနေချင်ရင် ဘယ်ဈေးပေါက်တယ်ဆိုတာ ဆရာဝန်တွေမပြောနဲ့ ဆရာဝန်လောကနောက်ခံ ကာလသားကြိုက်ဝတ္ထုတွေရေးတဲ့ ဒေါက်တာချက်ကြီးဆိုက်ဒ်မှာတောင် ဖတ်လို့ရတယ်။ အလုပ်ဝင်ဝင်ချင်း သိန်း၃၀။ ဖောင်ကြီးမတက်ခင် ၁၅သိန်း၊ ဖောင်ကြီးကပြန်လာ ၁၅ သိန်းတဲ့။ ဘယ်မှာ ဘယ်သူ့ကိုပေးရတယ်ဆိုတာတောင် ပါသေးတယ်။ ကိုယ့်လောကအကြောင်း သွားပုပ်လေလွင့် မဟုတ်ကဟုတ်က အပြောခံအရေးခံရလို့ စိတ်ဆိုးတာ မဟုတ်ပါဘူး။ ၀ါသနာပါရင် တရားစွဲပလိုက်လို့ရတယ်။ ဟုတ်မှ မဟုတ်ပဲနဲ့ဆိုရင် ပြောတာပါ။ တကယ်လို့များ မတော်တဆ (မတော်တဆပါနော် မတော်တဆပါ) သူတို့ပြောဆိုနေတာတွေက တိုက်တိုက်ဆိုင်ဆိုင် မှန်သလိုလို ဖြစ်နေပြီဆိုလို့ရှိရင် ရှက်စရာကောင်းလိုက်တာများ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ သားသားကတော့ ကိုယ့်ဌာနနဲ့ ပတ်သက်နေတော့က ဒီကောလာဟလတွေဟာ လုံးဝ (လုံးဝ) မဟုတ်မမှန်ရပါကြောင်း ဖင်ပိတ်ပြီး ငြင်းရမှာပါပဲ။ (ဟုတ်တာမဟုတ်တာ အပထားပေါ့ကွယ်) ဒီသတင်းကို ကိုယ်နဲ့ မတိမ်းမယိမ်း ဆရာဝန်ဖြစ်ခဲ့တဲ့သူတွေသိရင်တော့ သတင်းမှားကြီး။ လုံးဝမမှန်တဲ့သတင်းကြီးလို့ ငြင်းမှာပဲ။ စပါယ်ရှယ်လစ်စ်တွေကို အဲလိုဈေးဖျက်စရာလား။ လူတွေများ ဟင်းရွက်ကန်စွန်းမှတ်လို့။
          သူ့ဟာသူ ထောင်ပေးလို့ဆုတ်ဆုတ်၊ ရာပေးလို့ချုပ်ချုပ်။ သူကျေနပ်လို့ သူပေးတာ။ ကိုယ့်အလုပ်မဟုတ်ပါဘူး။ အခုပြောချင်တာက တကယ်လို့များ အဲလိုအကုန်အကျခံပြီး ရန်ကုန်မှာ တစ်သက်လုံး ကုပ်ကပ်နေလို့ရတယ်ဆိုရင်တောင် ထင်သလောက်တော့ ပျော်စရာ ကောင်းမှာ မဟုတ်ဘူးဆိုတာ မမကြီးတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကနေ လှမ်းမြင်လိုက်ရတာကတော့ ဂလိုပါဗျ။ ဂလိုပါ။ “ကိုယ့်အပေါ်မှာ ကိုယ့်ထက်မပိုချင် နေပါစေ။ တူညီတဲ့ တုန့်ပြန်မှုတစ်ခုတော့ ရချင်မိတယ်….။” တဲ့။ “ယူ စဉ်းစားကြည့်လေ။ မ တို့ ရန်ကုန်မှာနေချင်တယ်ဆိုတာက နောက်မှာ မိသားစုက ဘယ်လိုမှ ထားခဲ့လို့မရတဲ့ အခြေအနေမို့လို့။ အလုပ်ထွက်လိုက်ရင် လခမရတာအပြင် ဘာအပိုကုန်စရာလဲ။ လူတောင် သက်သာသေးတယ်။ တချိန်ကျ ကလေးတွေ သူ့ဟာနဲ့သူဖြစ်လာရင် အိမ်ကလူကလည်း သူ့ဟာသူ နေရာတစ်ခုရောက်လာတဲ့အခါကျရင် ကိုယ်တစ်ယောက်တည်း ဘာမှ မဟုတ်တဲ့ အလကားလူကြီး ဖြစ်နေမှာစိုးလို့ ဂုဏ်သိက္ခာအတွက်သက်သက် လုပ်နေရတယ်။ ဟိုဘက်ကိုလည်း လွှတ်ထားလို့မရ။ သည်ဘက်ကိုလည်း လက်မလွှတ်ရက်နဲ့ မြွေလည်းမသေချင် တုတ်လည်းမကျိုးချင်လို့ ခေါင်းတစ်လုံးနဲ့ အိုးနှစ်လုံးရွက်နေရတာ။ …………။”
          လူဆိုတာ ထောင်ကိုမြင်မှ ရာကိုစွန့်တာပါ။ အဲဒီ သိန်း ၃၀ ဆိုတာလောက်ကတော့ ရန်ကုန်မှာ တစ်လတောင်ရှာစရာမလိုတဲ့ လက်ထောက်ဆရာဝန်တွေ အများကြီးရှိပါတယ်။ နေရာဌာနတွေမှာ ပေါက်ဈေးတွေ ကြမ်းခင်းဈေးတွေရှိလာတယ်ဆိုတာ အဲဒီနေရာက အောက်ထစ် ၀င်ငွေဘယ်လောက်ရှိတယ် ဆိုတာကို မသိပဲနဲ့ ဖြစ်မလာပါဘူး။ ပေးတဲ့သူတွေကလည်း အလကားနေရင်း သဒ္ဒါကြည်လင် ပါရမီရှင်တွေလုပ်ပြီး မပေးပါဘူး။ မလေးရှားမှာ သံချီသံကွေးလုပ်မယ့်သူတောင် သူရမယ့်လခကိုလိုက်ပြီး အေးဂျင့်ဖိုးပေးရတာ ထုံးစံပါ။ ရောင်းသူဝယ်သူ အသံတူလို့ အလုပ်ဖြစ်သွားပြီဆိုရင် သေချာတာကတော့ အဲသည်ပိုက်ဆံကို အဲဒီနေရာက ရအောင် ပြန်ရှာရတော့မှာပါ။ အဲသည်ထက်အများကြီးပိုမှသာ ကိုယ့်အတွက် ကိုက်မှာပေါ့။ မြို့လည်ခေါင်မှာ ကားရပ်ခကောက်တဲ့ စည်ပင်ဦးထုပ်နဲ့ ကလေးတွေတောင် ကားတစ်စီးသည်နားမှာရပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ သိကြပါတယ်။ အဲလိုပဲ သည်ဆရာဝန် သည်နေရာမှာ ခုလောက်ရှိ ဘယ်လောက်စည်သွားပြီလဲဆိုတာလည်း သိတဲ့သူကသိတာပဲ။ အဲဒီအပေးအယူသံသရာထဲ ၀င်သွားရင်တော့ တစ်ခါတည်းနဲ့ ပြီးသွားမယ့်အရာမျိုးလို့ မမှတ်လိုက်ပါနဲ့။ ဒါကြောင့်မို့လို့ အိမ်မှာပဲနေချင်တယ် မေမေဆိုတဲ့ရောဂါဟာ ကိုယ့်ပိုက်ဆံရှာနိုင်တဲ့စွမ်းရည်နဲ့ မညှိပဲ မစဉ်းမစားလုပ်မိလို့များကတော့ ငါးပါးမှောက်တတ်ပါတယ်။
          တကယ်တမ်းကျ အဲသည်သိန်း၃၀ဆိုတာ ကိုယ်တို့လို အာပလာတွေ အတွက်သာ တနင့်တပိုးဖြစ်နေတာပါ။ သူများတွေဖြင့် ညဘက်ဆိုင်ထိုင်ရင်း ခပ်ထွေထွေဖြစ်လာသခိုက် ဟိုဘက်ဝိုင်းက အကောင် သောက်ညင်ကပ်လာလို့ “အဲဒီသူငယ်မ ဆိုင်ရှိသမျှ ပန်းခွေတွေ အကုန်ချပလိုက်စမ်းကွာ။” လို့ မခံချင်စိတ်နဲ့ ပွဲသိမ်းပလိုက်ရင် အဲဒါ ပါးပါးလေးပဲ ရှိသေးသတဲ့။ ဒီလောက်ပိုက်ဆံလေးနဲ့ ကိုယ့်အိမ်ကကလေး တောကြိုအုံကြားသွား ဒုက္ခခံစရာမလိုဘူးဆိုရင် ကြာသလားလို့ လက်ချည့်ပဲလွှတ်လိုက်မယ်ဆိုတဲ့သူတွေ အများကြီးဗျ။ ကိုယ့်အိမ်ကလူအကြောင်းက ကိုယ်ပဲသိတာလေ။ သူတာဝန်ကျတဲ့နယ်မှာ ရန်ကုန်မှာနေတဲ့ လူနေမှုအဆင့်အတန်းထက် မျက်နှာမငယ်ရအောင် ထားပေးရမယ်ဆိုရင်ကော သိန်း၃၀၀ လောက်ကုန်ရင် ဘယ့်နှယ်လုပ်မလဲ။ ဘဘမျိုးမြင့်လေးဆိုတဲ့သီချင်းထဲကလို “ဟေး ချစ်ချစ်။ ချစ်ချစ်က ပစ်ခွာသွားတော့ မောင် ဘယ်သူနဲ့ နေရမှာလဲလို့….။” ဆိုတဲ့ အကိုကြီးတွေအတွက်လည်း တန်တာပဲ။ ကီပင်ထားရင် တစ်လဘယ်လောက်ကုန်မှန်း သူတို့အသိဆုံး။ မိသားစုအဆင်ပြေဖို့အတွက် သည်လောက်ပိုက်ဆံဆိုတာ တခြားဘက်မှာ တင်ရိုက်လိုက်ရင် ကိုယ်စိုက်စရာမှ မလိုပဲ။ “ကိုကို မသွားရဘူး။ ကိုကို မသွားရဘူး။ မီးမှမလိုက်နိုင်တာ ကုန်ချင်သလောက်ကုန်။ မီးမနှမျောဘူး။” ဆိုတဲ့ သံယောဇဉ်လေးတွေ ရှိနေရင်လည်း အဆင်ပြေမှာပေါ့လေ။ (ခုမှပဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ညံ့လို့ အမ်းကိုရောက်ရလေတယ် လို့ တွေးမိတယ်။ အသည်းနာလိုက်ထာများ)။ တော်ဦးမှ တော်ဦးမှ။ ငါလျှောက်ဖော်ကောင်လုပ်တာနဲ့ ဈေးတွေတက်ကုန်ပါဦးမယ်။
          ဘယ်လိုပဲဖြစ်ဖြစ် အဲလောက်ပေးလိုက်ကမ်းလိုက်ပြီး ရန်ကုန်မှာနေနေရတယ်ဆိုတာ အလုပ်မလုပ်ပဲနေရတာတော့ မဟုတ်ဘူးဗျ။ ဇိမ်ကျလိမ့်မယ် မထင်နဲ့။ တစတစနဲ့ဆေးရုံမှာ အသက်သာဆုံး၊ လူမသိသူမသိနေရာမျိုးကို ရောက်မှန်းမသိ ရောက်သွားပေမယ့်လည်း ရေရေရာရာ ခေါင်းစဉ်တပ်လို့မရသော အရေးမပါသည့်အလုပ်များနဲ့ မိုးလင်းမိုးချုပ် ဂျင်ခြေလည်ရပါလိမ့်မယ်။ အများနည်းတူလုပ်နေတဲ့အလုပ်တွေနဲ့ ကင်းကွာပြီး သူများမလုပ်ချင်သောအလုပ်တွေကို ပျင်းစရာကောင်းလောက်အောင် မနိုင်မနင်း လုပ်နေရတတ်ပါတယ်။ “နင်က ဗေဒင်ဆရာမို့လား ပြော။” လို့တော့ မပြောနဲ့။ မျက်မြင်တွေ အများကြီး တွေ့ခဲ့ပြီဗျ။ Blood Bank တို့၊ Store တို့၊ AMS တို့ ဖြစ်သွားပြီး အားသလားဆိုရင် ဘယ်တော့မှ မအား၊ ဘာလုပ်နေသလဲဆိုရင် ဘာရယ်မဟုတ် ဆိုတဲ့ ဘ၀ကို ရောက်သွားရော။ သူများမတက်ချင်တဲ့ အစည်းအဝေးတွေလည်း ကိုယ်စားလှယ်အဖြစ် တက်ရမယ်။ ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတွေ တောင်စဉ်ရေမရ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြတာကို နေကုန်နေခမ်း သည်းခံနားထောင်ချင်ယောင် ဆောင်ရတဲ့ဒုက္ခက သေးမှတ်လို့။ ဘာနဲ့တူသလဲဆိုရင် ပလပ်စတစ်ပန်းပင်ကြီးတစ်ပင်ကို နေ့တိုင်းရေမှန်မှန် လောင်းပြနေရတဲ့သူလိုပဲ ဖြစ်သွားမယ်။ ဘယ်တော့မှလည်း သီးပွင့်လာမှာ မဟုတ်ဘူး။ ရန်ကုန်မှာ အိုးမကွာအိမ်မကွာ နေရတာကလွဲလို့ ကိုယ့်ဘ၀တက်လမ်း ဘာမှမရှိဘူး။
          တကယ်တော့ ဘ၀ဆိုတာ ရုန်းကန် လှုပ်ရှားနေမှသာ ရှင်သန်တဲ့ ဘ၀အရသာကို ခံစားနိုင်မှာပါ။ အမြဲတမ်းဒုက္ခရောက်နေတာ မကောင်းသလို အမြဲတမ်း သုခချမ်းသာတွေ စံစားနေတာလည်း မကောင်းဘူး။ ဆရာဝန်လေးတွေဟာ တစ်နှစ်တစ်နှစ် ဆေးကျောင်းပြီးတဲ့အခါ သည်လိုပဲ အသုတ်လိုက် အသုတ်လိုက် အလုပ်ထဲဝင်လာကြတယ်။ ပထမတော့ သင်ကြားရေးဆေးရုံတွေမှာ အတွေ့အကြုံယူစေပြီး နောက်တော့ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေမှာ လက်တွေ့ကျကျ အလုပ်လုပ်ကြရတယ်။ နောက်တော့ ဘွဲ့လွန်စာမေးပွဲတွေဖြေ၊ အဆင့်မြင့်တဲ့ သင်ကြားမှုတွေ ထပ်ယူချင်ယူ၊ မယူချင် ကိုယ့်ဘာသာ စီမံခန့်ခွဲလို့ရတဲ့ဆေးရုံတွေမှာ ဆက်အလုပ်လုပ်ကြမယ်။ တိုက်နယ်ကနေ မြို့နယ်၊ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ ပြည်နယ်တိုင်း၊ လုပ်သက်အတွေ့အကြုံအရ မြစ်ချောင်းများလို စီးဆင်းသွားရပါတယ်။ အဲလို မစီးဆင်းပဲ ကိုယ်က တနေရာရာမှာ ကုပ်ကပ်တွယ်ငြိနေခဲ့ရင် ရေစီးရေလာ မကောင်းတာတင်မဟုတ်ဘူး။ အမှိုက်သရိုက် ဒိုက်သရောတွေကလည်း ကိုယ့်အပေါ်လာပုံတတ်ပါတယ်။ လှုပ်ရှားမှု မရှိတဲ့အတွက် အသက်မဲ့သယောင်လည်း ခံစားရမှာပဲ။ တချိန်ကျ ကိုယ့်ထက်အငယ်ကလေးတွေက နယ်ကပြန်လာပြီး ကိုယ့်ခေါင်းပေါ်တက်လာတဲ့အခါ အင်မတန်လည်း ခံရခက်ပါတယ်။
            ကုသိုလ်ထူးတဲ့သူတွေကျတော့လည်း လက်ထောက်ဆရာဝန်ကတည်းက ရန်ကုန်၊ ဘွဲ့လွန်အောင်ပြီးတော့လည်း ရန်ကုန်ပြီးရင်း ရန်ကုန်၊ နောက်ဆုံး တိုင်ပတ်လိုက်ပါဦးလို့ အရွှေ့ဇယားကလေးပြခိုင်းရင်တောင် နှုတ်ထွက်စာတင်ပြီး အပြင်ဆေးခန်းမှာပဲ လုပ်တော့မယ် ဆိုတဲ့သူတွေလည်း ရှိတော့ ရှိတာပေါ့။ အဲလိုလူတွေအတွက်တော့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ တခါက အင်မတန်ချမ်းသာတဲ့ သူကြွယ်မကြီးတစ်ယောက်ဟာ အင်မတန်ကြီးကျယ်ခန်းနားတဲ့ ဘုရားရှိခိုးကျောင်းကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းပြီးတဲ့နောက် အင်မတန်လောဘကြီးတဲ့ ဆုတောင်းတစ်ခုကို တောင်းလိုက်ပါသတဲ့။ “ဒီကျောင်းတော်ကြီး မပြိုမလဲရှိနေသမျှ ငါ့အသက်လည်း မသေမပျောက်ရှိနေမယ်ဆိုရင် ကောင်းမှာပဲ။” လို့ ဆုတောင်းမိပါသတဲ့။ ကံဆိုးချင်တော့ သူ့ဆုတောင်းကို ဘုရားသခင်ကြားတော်မူသွားပါတယ်။ သည်လိုနဲ့ နှစ်တွေ ကြာပြီးရင်း ကြာသွားလိုက်တာ။ လူတွေလည်း တစ်သုတ်ပြီးတစ်သုတ် မွေးလာလိုက်ကြ သေသွားလိုက်ကြနဲ့။ ကျောင်းအမကြီးကိုတောင် ဘယ်သူကမှ မမှတ်မိတော့ဘူးတဲ့။ သူ့ဆွေမျိုးသားမြေးတွေလည်း သူတို့အရွယ်နဲ့သူတို့ သေကုန်ကြတာ ကြာမှပဲကိုး။ ကျောင်းအမကြီးကတော့ သူ့ဆုတောင်းနဲ့သူ မသေမပျောက်ပဲရှိနေပါရဲ့။ ဒါပေမယ့် သူချစ်တဲ့ခင်တဲ့သူတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေက ရှိမှ မရှိကြတော့ပဲကိုး။ နောက်လူတွေကလည်း သူတို့တသက်လုံး သေမသေနိုင်ပဲ ကျန်နေရစ်ခဲ့တဲ့အမေအိုကြီးကို သတိတရ လုပ်ကျွေးမနေနိုင်ပဲ သေမင်းနောက် ကောက်ကောက်ပါကုန်ကြသတဲ့။ အဖွားကြီးကတော့ သူ့ဆုတောင်းအမှားကြီးအတွက် နောင်တရလို့ မဆုံးဘူးတဲ့။  နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ပွဲတော်ရောက်လို့ ကျောင်းတော်ကြီးက ခေါင်းလောင်းတွေတီးလိုက်ရင် သေငယ်ဇောနဲ့ မျောသလိုလို ဖြစ်နေတဲ့ အမယ်အိုကြီးက “ဟင်။ ဒီဘုရားရှိခိုးကျောင်းကြီးကလည်း ခုထက်ထိကို မပြိုနိုင်သေးပါလား။ ဟင်း…။” လို့ သက်ပြင်းရှည်ကြီးဆွဲပြီး ပြန်အိပ်သွားပါလေရော။ ညတစ်ညမှာတော့ အမယ်အိုကြီးရဲ့ ဒုက္ခကို မကြည့်ရက်နိုင်တော့တဲ့ ကောင်းကင်တမာန်တစ်ပါးက လေပြင်းမုန်တိုင်းကြီးတိုက်ခတ်ပြီး ဘုရားရှိခိုးကျောင်းကြီးကို ပြိုလဲစေမှသာ အမယ်အိုကြီးလည်း ဘုရားသခင်ထံမှောက် ရောက်နိုင်ရှာတော့သတဲ့ကွယ်။
           သည်ပုံပြင်မှာ သင်ခန်းစာယူမိတာက လူတွေဟာ သေခြင်းတရားကို အင်မတန် ကြောက်လန့်မုန်းတီးကြပါတယ်။ အမတ လို့ခေါ်တဲ့ ဘယ်တော့မှ မသေနိုင်တဲ့ဘ၀ဆိုတာလည်း လူတိုင်းတောင့်တကြတာပဲ။ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ဆိုတာ သေဆုံးခြင်းမပါပဲနဲ့ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ မသေနိုင်ဘူးဆိုတဲ့သဘောဟာ ရှင်သန်မှုလည်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပါပဲ။ ဆရာဝန်ဘ၀မှာ ရုန်းကန်ရတဲ့အခက်အခဲ ဒုက္ခတွေဟာ အဲသည်ဆရာဝန်ကို ရှင်သန်မှုတွေ ပေးပါတယ်။ စိတ်လှုပ်ရှားတက်ကြွမှုကိုလည်း ပေးပါတယ်။ ခံစားမှု အသစ်အဆန်းတွေကိုလည်း ပေးတာပဲ။ အိပ်မက်ထဲက မမကြီးဟာ ကိုယ်တွေ ဟောက်ဆာဂျင်ဘ၀မှာကတည်းက ဂျူတီဆင်းရင် အချဉ်ထုပ် နေကြာစေ့ တစ်ဒါဇင်လောက်နဲ့ အလုပ်ချိန် မကုန်ကုန်အောင် စိတ်ရှည်လက်ရှည်ဆင်းယူရတယ်။ အိမ်ကကားလာကြိုမယ်။ သူ့သမီး ကျောင်းသွားကြိုမယ်။ စသည်ဖြင့် အိမ်ရှင်မတာဝန်တွေကိုတော့ မလစ်ဟင်းရအောင် စီမံရှာပါတယ်။ လူနာဆောင်တွေနဲ့ ကုသရေးပိုင်းနဲ့ တစထက်တစ ဝေးကွာလာပြီးတဲ့နောက်မှာ သူ့မှာ ဆရာဝန်ဖြစ်ကြောင်းသက်သေဆိုလို့ ၀န်ထမ်းကဒ်ကလေးရယ်၊ ပုခုံးက နားကြပ်ကလေးရယ်ပဲ ရှိပါတော့တယ်။ စတိုထဲက စာအုပ်ထူကြီးလိုလို၊ သွေးလှူဘဏ်မှာ စာရင်းမှတ်တဲ့ စာရေးမကြီးလိုလို နဲ့ သူ့ဘ၀ကို ပျင်းစရာကောင်းလှစွာ ဖြတ်သန်းနေရပါတယ်။ ဒါတောင် သူပြောသွားတာတွေက အများကြီးဗျ။ ကိုယ်မှတ်မိသလောက်ကလေး ပြန်ရေးပြတာ။ နောက်ပြီး သူ့ခမျာ အိပ်မက်ကလန့်နိုးသွားတာတောင် “ပြောပြစရာတွေကလည်း တပုံကြီးရှိသေးတယ်ရှင့်” ဆိုပြီး ဟတ်ကော့ကြီး ကျန်ခဲ့ရှာတယ်။ ကိုယ့်ဘာသာကိုယ်ပဲ အိပ်မက်ထဲအလည်ခေါ်ပြီး ဆက်နားထောင်ပေးလိုက်ကြပါနော်။ သားသား မောပြီ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...