ရွှေဝါရောင် ဥပုသ်နေ့
by မင်းလူ၏ ၀တ္တုတိုများ on Wednesday, August 1, 2012 at 5:15pm ·
၁
ဆီဈေးကျခြင်းသည် ကျွန်တော့်အတွက် သိပ်မကောင်းလှချေ။ ရှင်းပါမည်။ ကျွန်တော်၏အိပ်ခန်းသည် မီးဖိုချောင်နှင့်ကပ်လျက်ရှိ၍မနေသော်လည်း မည်သို့မည်ပုံ ဆက်သွယ်နေမှန်းမသိ။ မီးဖိုချောင်မှ တစ်စုံတစ်ခု ကြော်လှော်လိုက်သည်နှင့် ညှော်နံ့သည် ကျွန်တော့်အခန်းထဲသို့ တန်းခနဲရောက်ရှိလာ လေတော့သည်။
အရင်ကဆိုလျှင် ဆီဈေးကြီးသောကြောင့် ကျွန်တော်တို့အိမ်တွင် ကြော်လှော်ခြင်းကို သိပ်မပြုနိုင်။ မေမေပြောလေ့ရှိသော 'လုံးချက်'ခေါ် ဆီနည်းနည်းဖြင့်ချက်သည့်ဟင်းများဖြင့်သာ ပြီးခဲ့ရသည်။ ယခုအခါတွင်မူ မေမေသည် 'ဆီဈေးတွေ ကျပတဲ့'ဟု ဆိုလျှင် နံနက်တိုင်း ၀မ်းမြောက်ဝမ်းသာ ကြော်၍သာနေတော့သည်။ ကျွန်တော့်မှာလည်း နံနက်တိုင်း ညှော်၍သာ နေတော့သည်။
ယနေ့နံနက်တွင်လည်း ညှော်နံ့သည် ကျွန်တော့်ကောင်မလေးက 'ကိုကို ထတော့လေ'ဟု လာပြောနေသကဲ့သို့ ကျွန်တော့်ကို လာနှိုးနေလေသည်။ နာရီကိုကြည့်လိုက်ရာ ခုနစ်နာရီပဲရှိပါသေးသည်။
၂
'မေမေရယ် အစောကြီးရှိသေးတယ်။ ညှော်က ကြော်နေပြီလား'
'ဒီနေ့ ဈေးမသွားဘူးလေ၊ မနေ့က ညနေကတည်းက တောသည်တွေဆီက အမဲသား ၀ယ်ထားတယ်။ မင်းပဲ အမဲသားကိုမျှင်ပြီး ငရုတ်သီးနဲ့ကြော်တာ စားချင်တယ်ဆို'
မေမေက ဒယ်အိုးထဲသို့ အချိုမှုန့်ကို ချိန်ဆ၍ထည့်ရင်း ပြန်ပြောသည်။ ကျွန်တော်ကလည်း အစကတည်းက မေမေ့ကို အပြစ်ဆိုရန် ရည်ရွယ်၍ပြောခဲ့ခြင်း မဟုတ်သောကြောင့် ဘာမျှပြန်မပြောတော့ဘဲ မျက်နှာသစ်ရန် ထွက်လာခဲ့သည်။
မျက်နှာသုတ်ပြီး၍ အိမ်ရှေ့ခန်းသို့ထွက်လိုက်သောအခါ စားပွဲပေါ်တွင် လက်ဖက်ရည်ပန်းကန်ကို အဆင်သင့်မြင်လိုက်ရမှ ကျေနပ်တတ်ကြောင်းကို မေမေသည် မပြောဘဲနှင့်သိ၍နေလေသည်။ ထို့ကြောင့်ပင် မေမေသည် 'အမေ'ဖြစ်နေခြင်း ဖြစ်ပါလိမ့်မည်။
'ဟဲ့ နည်းနည်းမြည်းကြည့်စမ်း၊ ဘယ်လိုနေသလဲလို့'
မေမေက အမဲသားကြော် နည်းနည်းထည့်ထားသော အကြမ်းပန်းကန်လုံးကလေးကို ရှေ့မှာလာချ၏။ အဖတ်တစ်ဖတ်ကိုယူ၍မြည်းနေတုန်း မေမေက ကျွန်တော့်ကို စိုက်ကြည့်နေလေသည်။
'ဆံပင်က ရှည်လှပြီကွယ်၊ သွားညှပ်လိုက်ပါလား'
အိပ်ရာမှ နိုးနိုးချင်း ခေါင်းမဖြီးမိသောကြောင့် ဖွာဆန်ကြဲနေသောဆံပင်များကိုကြည့်၍ မေမေက ပြောလိုက်ခြင်းဖြစ်သည်။ အမှန်အားဖြင့်လည်း လူကြီးတွေက ရှည်လှပြီဟု ထင်ပြီး လူငယ်တွေက မရှည်သေးပါဘူးဟုထင်၍ ကျွန်တော့်ကောင်မလေးက အနေတော်ပဲဟု ထင်မည့်အခြေအနေမှာရှိသည်။
'ပိုက်ဆံမရှိတော့ဘူး မေမေရဲ့၊ မနေ့ညက သူငယ်ချင်းတွေကို ရုပ်ရှင်ပြလိုက်ရလို့ ကုန်ပြီ'
'မေမေပေးပါ့မယ်'
အ၀တ်အစားလဲ၊ မေမေပေးသော ပိုက်ဆံနှစ်ကျပ်ကိုယူ၍ ထွက်လာခဲ့သည်။
၃
ကျွန်တော်ဆံပင်ညှပ်ရန် ထွက်လာခဲ့ခြင်းမဟုတ်ပါ။ လက်ရှိကျွန်တော့်ဆံပင်၏အခြေအနေလောက်ဖြင့် ကျွန်တော် မညှပ်လိုသေး။ အမှန်အတိုင်းဝန်ခံရလျှင် ဆံပင်ရှည်ရခြင်းကို ကျွန်တော်က ကြိုက်သည်။ ဆံပင်ရှည်ရခြင်း၏ အရသာကို နားလည်အောင်ပြောပြရန် ခက်လှသည်။ နောက်ဖက်ကဆံပင်သည် အင်္ကျီ ကော်လာတစ်ဝက်လောက်အထိ ဖုံးအုပ်၍မနေလျှင် ကိုယ့်ကိုယ်ကို ပုံမကျ ပန်းမကျဟု ထင်သည်။ ဘေးကဆံပင်သည် နားရွက်၏အဖျားများကို တစ်စွန်းတစ်စဖုံးအုပ်၍မနေလျှင် ကိုယ့်ကိုယ်ကို မလုံခြုံဟု ထင်သည်။ ကျောကုန်းတစ်ဝက်လောက်အထိ ဖုံးအုပ်လောက်အောင်ရှည်လျားသောဆံပင်ကိုမူ ကျွန်တော်လည်းမကြိုက်။ ထို့အတူ ကုပ်သားပြောင်၍ နားကွင်းကျယ်သောဆံပင်တိုနန့်နန့်ကိုလည်း မကြိုက်ကြောင်း ၀န်ခံပါ၏။
အမှန်အားဖြင့် ယခုထွက်လာခဲ့ခြင်းမှာ ကျွန်တော်၏ကိုယ်ရေးကိုယ်တာကိစ္စအတွက်ဖြစ်လေသည်။ အချစ်ကိစ္စ။ ကျွန်တော်၏ကောင်မလေးဖြစ်သောမိစံက ကျွန်တော့်ကို ချိန်းထားသည်။ ဈေးထဲမှာ။ ဤမျှလောက်လူရှုပ်သော ဈေးထဲမှာ ချိန်းကြသောကြောင့် ခပ်ကြောင်ကြောင်အတွဲပဲဟု မထင်ကြပါနှင့်။ ကျွန်တော်တို့မှာ ချိန်းစရာနေရာ သည်တစ်နေရာသာရှိသောကြောင့်ပါ။
၎
ကျောင်းမှာတုန်းကဆိုလျှင် နေ့တိုင်းတွေ့နိုင်သည်။ တက္ကသိုလ်စာမေးပွဲတွေစစ်ပြီး၍ ကျောင်းပိတ်လိုက်သောအခါ ကျွန်တော်တို့နှစ်ယောက် နီးလျက်နှင့် ဝေးကြရလေသည်။
မိစံ၏မိဘများက ကျွန်တော့်အပေါ် သိပ်ကြည်ဖြူပုံမရဟု ဆိုလေသည်။ ဘာကြောင့်မှန်းတော့မသိ။ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စစ်ကြည့်သောအခါ အပြစ်တစ်စုံတစ်ရာမရှိဟု ထင်မိသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့နှစ်ယောက်သည် ချိန်းတွေ့ရန် အခွင့်အလမ်းမသာကြ။ သူ့ကို အလွန်အမင်းလွမ်းဆွတ်လာသောအခါ သူ မနက်ဈေးအလာကို သွားစောင့်ရသည်။ ထိုအခါ တွေ့ကြလေသတည်းဟု ထင်လျှင် မှားပေလိမ့်မည်။
သူဈေးလာလျှင် သူ့အစ်မတစ်ယောက်ကတော့ ပါမြဲဖြစ်ပါသည်။ ကျွန်တော်က ဆိုက်ကားဂိတ်အနီးရှိ အနှေးယာဉ်လုပ်သားများ၏ကောင်းမှုဖြစ်သော တဲကလေးထဲမှာ ထိုင်စောင့်သည်။ သူတို့ ညီအစ်မနှစ်ယောက် တဲရှေ့က ဖြတ်သွားသောအခါ သူ့အစ်မ မမြင်အောင်ပြုံးပြသည်။ ကျွန်တော်ကလည်း အတန်ငယ် ပြန်ပြုံးပြပါသည်။
သူတို့ ဈေးဝယ်ပြီး၍ ပြန်ထွက်လာသောအခါတွင်လည်း အပြန်အလှန် ပြုံးတုံ့လှယ်ကြပြီးလျှင် တစ်နေ့တာအတွက်ဇာတ်ထုပ် ပြတ်လေသတည်း။ သူ့အစ်မသည် ကျွန်တော့်ကို သေသေချာချာ မမြင်ဖူးသောကြောင့် မမှတ်မိခြင်းအတွက်ပင် ကျေးဇူးတင်ရဦးမည်။
သည်နေ့တွင် တော်တော်ထူးခြား၏။ သူသည် မနေ့က ကျွန်တော့်သူငယ်ချင်းမြင့်သောင်း၏အဒေါ်အိမ်မှာ ဂေါ်ရခါးသီးဝယ်ရင်း စာတိုကလေးတစ်စောင် ပေးခဲ့သည်။ မြင့်သောင်းက ကျွန်တော့်ဆီ ယူလာသောကြောင့် ဖတ်ကြည့်လိုက်ရာ သည်နေ့ သူ ဈေးအလာတွင် လာတွေ့ရန်ပြောစရာရှိသည်။ တစ်ယောက်တည်းလာခဲ့မည်ဟူ၍။
၅
အမှတ်တစ်ဆယ့်သုံးဘတ်စ်ကားမှတ်တိုင်သည် ဈေးရှေ့မှာမရှိ။ ဈေးလွန်ပြီးမှ ကားရပ်သည်။ ဈေးရှေ့တွင် လူရှုပ်သောကြောင့် ကားအရှိန်နှေးသွားသောအခါ ကျွန်တော်နောက်ပေါက်မှ ခုန်ချလိုက်လေ၏။
'လုပ်လိုက်လေ၊ အကြော်နဲ့ နှစ်ပွဲ'
ကတ္တရာလမ်းနှင့်ခြေထောက်အထိတွင် အသံတစ်သံကိုကြား၍ လှမ်းကြည့်လိုက်ရာ ချစ်ဝင်းဖြစ်နေလေသည်။
'ဟေ့ကောင်၊ မင်းသေသွားလို့ ငါတို့ မုန့်ဟင်းခါး အကြော်နဲ့နှစ်ပွဲ စားနေရဦးမယ်'
'ချစ်ဝင်း သူ လာသွားပြီလား'
'ဘယ်သူလဲ၊ မောင်လွင်လား။ အိမ်သာတက်နေတယ်'
'မင်းကလဲကွာ သိရက်သားနဲ့'
'မိစံ မလာသေးဘူးကွ။ ၀ဋ်ရှိသရွေ့တော့ စောင့်လိုက်ဦးပေါ့။ ငါလစ်တော့မယ်၊ အဘိုးကြီးခိုင်းထားလို့။ သြော် ချစ်ဒုက္ခ၊ ချစ်ဒုက္ခ'
ချစ်ဝင်းသည် ကျွန်တော့်ကိုလှောင်ပြီး ထွက်သွားသည်။ ကျွန်တော်လည်း ဆိုက်ကားတဲထဲ ၀င်ထိုင်နေလိုက်သည်။
မိစံသည် ကျွန်တော့်ကို အဘယ်ကြောင့် ချိန်းသနည်း။ ပြောစရာဆိုသည်မှာ အဘယ်နည်း။ သူ့မိဘက အခြားလူတစ်ယောက်နှင့်လက်ထပ်ရန် အတင်းအကျပ်စီစဉ်သောကြောင့်ပင်။ ခုပင် ကျွန်တော်နှင့်ခိုးရာလိုက်တော့မည်ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။ ခိုးပြီဆိုလျှင် ဘယ်သူ့အိမ်ခေါ်သွားရမည်နည်း။ အစ်ကိုကြီးငြိမ်းကျော်၊ မြင့်သောင်း၊ ခင်မော်၊ သန်းသန်းဦး၊ အေးမြင့်တို့ဘကြီးရှိရာသိမ်ကျောင်းရွာ။
'ဆံတော်ရှင် ကျိုက္ကဆံစေတီတော်မြတ် မုခ်ဦးဆောက်လုပ်ရန်အတွက် အလှူခံနေပါတယ်ခင်ဗျား'
ဈေးအလယ်ပေါက်အနီးတွင် မဏ္ဍပ်ထိုး၍ အလှူခံနေသောနေရာမှ အသံချဲ့စက်သံ ထွက်လာသည်။ မဏ္ဍပ်ရှေ့တွင်လည်း ဆောက်လုပ်မည့်မုခ်ဦးပုံစံကို ဆိုင်းဘုတ်အကြီးကြီးဖြင့် ဆွဲပြထား၏။
သြော် ဒီနေ့ ဥပုသ်နေ့ပေကိုး။
အသံချဲ့စက်မှသီချင်းသံ ထွက်ပေါ်လာပြန်သည်။
'အလှူ့ဒကာ အလှူ့ဒကာ သီရိဓမ္မာ အာသောကရာဇာ'
မဏ္ဍပ်ဆီသို့ ငေးကြည့်နေမိသောကြောင့် မိစံကိုစောင့်ကြည့်ရန် ခေတ္တမျှမေ့သွား၏။ အပြင်ဈေးတန်းဆီသို့ မျက်လုံးကို ကစားလိုက်ရပြန်သည်။ ဈေးသွားဈေးပြန်တို့ ရှုပ်ထွေးနေသောနေရာမို့ မျက်စိညောင်းလှသည်။ သို့ရာတွင် လူအုပ်ကြားထဲတွင် ပလတ်စတစ်ခြင်းတောင်းအနီကလေးကို ဆွဲထားသော လက်မောင်းဖြူဖြူတုတ်တုတ်ကလေးကို တွေ့လိုက်ရသဖြင့် ဆတ်ခနဲ ထလိုက်သည်။ လက်မောင်းကလေးကိုပင် မြင်ရသည်ဖြစ်စေ သူဖြစ်မှန်း ကျွန်တော်သိနိုင်သည်။
၆
ချက်ချင်းလိုက်သွားလျှင် ကောင်းမလား။ ပြန်ထွက်လာအောင် စောင့်ရမလား။ သူ့အစ်ကိုတွေ၊ မောင်တွေကများ တစ်နေရာရာက စောင့်ကြည့်မလား။ စိတ်ထဲတွင် ဒွိဟဖြစ်နေ၏။ ခုပဲ လိုက်သွားပါတော့မည်ဟု လမ်းကို ဖြတ်ကူးလိုက်သည်။
ဈေးအပေါက်ဝတွင် နှင်းဆီပန်းတွေ ရောင်းနေသည်ကို တွေ့ရသောကြောင့် အဖြူတစ်ပွင့်ဝယ်လိုက်သည်။ ပြားသုံးဆယ်။ ဈေးထဲရောက်သောအခါ သူ့ကို ဘယ်မှာသွားရှာရမှန်းမသိ ဖြစ်နေပြန်သည်။ ဈေးထဲမှာ ပန်းအဖြူပွင့်တစ်ပွင့်ကိုင်၍ ယောင်တိယောင်တဖြစ်နေသော ကျွန်တော်သည် လူရယ်စရာ ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သူသည် မုန့်ဟင်းခါးကြိုက်၏။ ထို့ကြောင့် မုန့်ဟင်းခါးဆိုင်ဘက် သွားကြည့်မည်ဟု ထွက်လာခဲ့သည်။ မုန့်ဟင်းခါးဆိုင်တွင် လူတွေ အုံနေကြသည်။ ထိုင်နေသူများထဲမှာများ ရှိနေမလားဆိုပြီး ဆိုင်နားသို့ မယောင်မလည်ကပ်သွားမိသည်။
'ဟဲ့ မုန့်ဟင်းခါးစားမလို့လား။ လူရှုပ်နေရင် ငါ့ဆိုင်ပေါ်မှာ ထိုင်စားပါလား'
မြင့်သောင်းတို့အဒေါ်၏ဆိုင်သည် မုန့်ဟင်းခါးဆိုင်နှင့်ကပ်လျက်ရှိမှန်း ကျွန်တော် သတိမရမိခဲ့။ အဒေါ်သည် ကျွန်တော့်လက်ထဲမှ ပန်းပွင့်ကိုမြင်သွားပြီးလျှင်
'အမယ်၊ ပန်းတွေ ဘာတွေနဲ့ပါလား ငါ့တူက'
'ဟိုဥစ္စာ၊ မေမေ့ဖို့ပါ ဒေါ်ဒေါ်ရဲ့'
'အလိုတော်၊ မင့်အမေကြီးက ဒီအရွယ်ကြီးကျမှ ပန်းပန်သတဲ့လား၊ ယုတ္တိရှိအောင်လဲ လှိမ့်စမ်းပါဦးကွယ်'
ကျွန်တော် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး 'သွားမယ် ဒေါ်ဒေါ်'ဟု အမြန်နှုတ်ဆက်ထွက်လာခဲ့၏။
ငါးတန်းထဲသို့ ၀င်လိုက်သောအခါတွင်မှ သူ့ကို တွေ့ရလေသည်။ မိစံသည် ငါးသလောက်ရောင်းသောအဒေါ်ကြီးနှင့် တစ်စုံတစ်ခုပြောနေသည်။ ကျွန်တော် အနားရောက်သွားသောအခါ ငါးသည်၏အသံကို ကြားရသည်။
'လတ်ပါတယ်၊ က၀က်ကင်းဟဲ့ ကလေးမရဲ့၊ ရေခဲရိုက်မဟုတ်ဘူး'
အခြားဝယ်သူတစ်ယောက်ရောက်သောကြောင့် စကားစပြတ်သွားသည်။ မိစံသည် ကျွန်တော့်ကိုမြင်သောအခါ ပြုံးပြလေသည်။
'ရှာလိုက်ရတာဟာ'
'တို့လည်း လျှောက်ကြည့်နေတာပဲ။ ဈေးထဲမှာက ဒီလိုပဲ လာနေကျမဟုတ်ရင် ရှာရတာမလွယ်ဘူး'
သူ့လက်ထဲသို့ နှင်းဆီပန်းကိုထည့်ပေးရင်းက မေးလိုက်သည်။ သူသည် ပန်းပွင့်ကလေးကို ချဉ်ပေါင်ရွက်အစည်းများကြားသို့ ထိုးထည့်လိုက်ပြီးမှ ဘာ စိတ်ကူးပေါက်သွားသည်မသိ။ ခေါင်းမှာပင် ပန်လိုက်သည်။
'ဒီနေ့ မနက်စာထမင်း အိမ်မှာလာစားဖို့ပြောမလို့'
'ဟာ ဖြစ်ပါ့မလား၊ မိစံတို့အိမ်က'
'ဖြစ်လို့ပြောနေတာပေါ့၊ ပြီးတော့ အဖေနဲ့အမေကလည်း သူ့ကို တွေ့ချင်လို့တဲ့'
'ဘာ အဖေနဲ့အမေက'
'ဟုတ်တယ်လေ၊ သူနဲ့စကားပြောကြည့်ချင်လို့တဲ့၊ နည်းနည်းပါးပါးမေးမှာပေါ့၊ အဆင်ပြေမှာပါလေ'
'ဒါဆို ကောင်းတာပေါ့'
'အင်း ဒါပေမယ့် လာမယ်ဆိုရင် ဆံပင်တော့ညှပ်ခဲ့နော်။ အဖေက ဆံပင်ရှည်တာမကြိုက်ဘူး။ တို့ကတော့ကြိုက်ပါတယ်။ အဖေတို့နဲ့က ပထမဆုံးအကြိမ်တွေ့မှာဆိုတော့'
'အင်းပါ ခု ဒီကအပြန် ၀င်ညှပ်လိုက်မယ်လေ'
'ဟဲ့ ကလေးမ၊ အကောင်လိုက်ချိန်ရမှာလား၊ ခုတ်သားချိန်မှာလား'
ငါးသည်ကြီးက စကားကိုဖြတ်၍မေး၏။ ဟုတ်သားပဲ။ ကျွန်တော်တို့က သူ့ဆိုင်ရှေ့မှာ ရပ်နေကြပေသကိုး။
'ဟင့်အင်း မချိန်နဲ့တော့အဒေါ် မယူတော့ဘူး'
မိစံသည် ခြင်းတောင်းကို ကောက်ကိုင်၏။ သူ့ခြင်းတောင်းကိုယူ၍ဆွဲခဲ့လျှင် ကောင်းမလားဟု တွေးမိသည်။ သို့ရာတွင် မယူဖြစ်။
'ဘယ်လိုဖြစ်တာလဲ မိစံရဲ့၊ သေသေချာချာမေးပြီးမှ ဘာလို့မ၀ယ်ရတာလဲ'
'ဒီနေ့မနက် သူ ထမင်းလာစားမယ်မဟုတ်လား။ သူက ငါးသလောက်ကို ညှီလို့မကြိုက်ဘူး။ ဒါကြောင့် မ၀ယ်တာ။ ငါးခူပဲ ၀ယ်တော့မယ်'
'အို အလိုက်သိတတ်လှချည်လား။ ဒါကြောင့် ကိုယ်က မိစံကို'
'တကတဲတော် ဈေးထဲမှာများ ရုပ်ရှင်ရိုက်နေတာကျနေတာပဲ။ အလွမ်းသယ်နေလိုက်တာ ခေတ်ကာလသားသမီးတွေများ'
သူ့ငါးသလောက်ကိုမ၀ယ်သောကြောင့် မကျေမနပ်ဖြစ်ကျန်ခဲ့သော ငါးသည်အဒေါ်ကြီး၏အသံကျယ်လောင်လောင်ကို ကြားလိုက်ရသဖြင့် စကားကိုရှေ့မဆက်ဝံ့တော့ချေ။
၇
မိစံကို ဘတ်စ်ကားပေါ်သို့တင်ပေးလိုက်ပြီးနောက် ဆံပင်ညှပ်ဆိုင်ဘက်သို့ လျှောက်လာခဲ့သည်။ ကျွန်တော်သည် အူမြူး၍နေလေသည်။ အိမ်မှာသာဆိုလျှင် သီချင်းအော်ဆိုမိလိမ့်မည်။ လမ်းလျှောက်ရင်း အသိတစ်ယောက်ယောက်များတွေ့မလားဟု ဟိုဒီကြည့်မိသည်။ တွေ့လျှင် ပြုံးပြချင်သောကြောင့်ဖြစ်သည်။ ရပ်နေသောကုလားမကြီးတစ်ယောက် ဘေးမှဖြတ်သွားစဉ် သူက ကွမ်းတံတွေး လှမ်းထွေးလိုက်သည်။ ကျွန်တော့်ခြေထောက်တွင် ကွမ်းတံတွေး အနည်းငယ်ပေကျံသွား၏။ သို့ရာတွင် ကိစ္စမရှိပါဘူး ဟူသောသဘောဖြင့် ကျွန်တော် ပြုံးပြလိုက်သည်။ ကုလားမကြီးကား ဘာမျှမသိလိုက်ဘဲ သူ့ကုလားကြီးကိုသာ စကားတွေပြောနေသည်။
လျှောက်လာရင်း ဈေးအလယ်ပေါက်ကို ဖြတ်မိသောအချိန်တွင် အသံချဲ့စက်သံကို ကြားရပြန်သည်။
'ဆံတော်ရှင် ကျိုက္ကဆံစေတီတော်မြတ်ကြီးမုခ်ဦးဆောက်လုပ်ရန် အလှူခံနေပါတယ်ခင်ဗျား'
ထိုအသံကို ကြားရသောအခါ ကျွန်တော့်တွင် လှူချင်တန်းချင်စိတ်များ ပေါက်လာလေသည်။ အိတ်ထဲတွင် ပိုက်ဆံတစ်ကျပ်ပြားခြောက်ဆယ်သာရှိသည်။ ဆံပင်ညှပ်ခ တစ်ကျပ်ခွဲ၊ ကားခ ဆယ်ပြား၊ အတိပဲ။ မလှူတော့ပါဘူးဟု စိတ်ကိုလျှော့၍ ဆက်လျှောက်ခဲ့သည်။ လေးငါးလှမ်းမှ လှမ်းလိုက်စဉ်တွင်
'ဆိုက်ကားဆရာ ကိုလင်းဦးက လုပ်အားခငွေ တစ်ကျပ်တိတိကို လှူဒါန်းပါသည်ခင်ဗျား။ ထိုသို့လှူရသောအကျိုးအားကြောင့်'
ကျွန်တော့်ခြေလှမ်းသည် တုံ့ခနဲ ရပ်သွား၏။ ချာခနဲလှည့်လိုက်သည်။ အလှူခံမဏ္ဍပ်နဖူးစည်းမှ ဗုဒ္ဓမြတ်စွာဘုရား၏ပုံတော်သည် ကျွန်တော့်ကို 'ဧဟိ ဧဟိ' ခေါ်နေသည်ဟု ထင်ပါသည်။ မဏ္ဍပ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ အလှူငွေလက်ခံရန် အလှည့်ကျနေသော ဦးလေးကြီးကို ငွေတစ်ကျပ်ပေးလိုက်သည်။ ပြန်လှည့်ထွက်မည်အပြုတွင်
'ဟေ့သူငယ်၊ နေပါဦးကွ။ မင်းနာမည် ပြောသွားပါဦး။ တော်ကြာ သိကြားမင်းက အလှူရှင်နာမည် မသိဘဲနေဦးမယ်'
ထိုဦးလေးကြီးကား ပျော်ပျော်နေတတ်သူဖြစ်ဟန်တူလေသည်။
'နေပါစေ ဦးလေးရယ်၊ နာမည်တွေ ဘာတွေထည့်မနေပါနဲ့တော့။ ကျွန်တော့်ဘာသာသိရင် ပြီးတာပါပဲ'
ကျွန်တော်လှည့်ထွက်လာခဲ့သည်။ ထိုအချိန်မှာပင် စောစောက ဦးလေးကြီး၏ ဆုတောင်းသံကို အသံချဲ့စက်မှ ကြားလိုက်ရလေသတည်း။
'ဆံပင်ရှည်ရှည်နဲ့ သူငယ်ကလေးက အလှူတော်ငွေတစ်ကျပ်တိတိ လှူဒါန်းပါသည်ခင်ဗျား။ ဤသို့လှူဒါန်းရသော အကျိုးကြောင့် ပေးမကုန် လှူမခန်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ လန်းဆန်းပါစေသော်'
ထိုနေ့နံနက်ခင်းသည် ကောင်းသောနံနက်ခင်းမဟုတ်ဟု မည်သူ ပြောဝံ့ပါသနည်း။
[ငွေတာရီ၊ ဇန်န၀ါရီ၊ ၁၉၇၉]
ကောင်းလိုက်တာ
ReplyDelete