Tuesday, August 7, 2012

၈၈၈၈ နှစ်ပတ်လည်မှာ နှစ်စဉ်တင်မဲ့ မှတ်တမ်း


by Than Saw on Tuesday, August 7, 2012 at 7:01am 


၈၈၈၈မှာ ဒီလူအုပ်တွေထဲမှာ ပါခဲ့ပါတယ်။ ဒါပေမဲ့ ပြစရာ ဓါတ်ပုံမရှိပါ။ ဗီဒီယိုလည်း မရှိပါ။  လူအုပ် ဘေးကလည်း လျှောက်ခဲ့တယ်။ အနောက်ကလည်း လိုက်ခဲ့တယ်။ အသံပျောက်အောင် အော်ခဲ့တယ်။ သေနတ်ဖောက်လို့လည်း အသက်လုပြေးခဲ့တယ်။


၈ရက် ၈လ ၈၈ နေ့မှာတော့ ဘာမျှမဖြစ်ခဲ့ပါ။ အိမ်ပြန်ခဲ့ပြီး နောက်တနေ့မှာ ညသန်းခေါင်မှာ မြို့လယ်မှာ စုနေကြတဲ့ လူတွေ ပစ်သတ်ခံရတယ်ကြားတော့ နောက်တနေ့ ကျမတို့ ပြန်ထွက်လာကြတယ်။ ဟိုနား ဆန္ဒပြလိုက်၊ ဒီနားဆန္ဒပြလိုက်၊ စစ်သားတွေလာပစ်တဲ့အခါ ပြေးလိုက် နဲ့ပါ။ တရက်မှာ မော်လမြိုင်က တက်လာတဲ့ ဆရာမင်းတင်မွန်သမီး အပါအဝင် ဆရာမနှစ်ဦးရယ် နောက်ကျောင်းသူနှစ်ဦးရယ် ဗိုလ်တထောင်ဘက် လမ်းဘေး လက်ဖက်ရေဆိုင်တခုရှေ့မှာ စစ်ကားတစင်းပေါ်က စစ်သားတစုရဲ့ ကိုယ့်ရင်ပတ်လာချိန်ထားတဲ့  သေနတ်ပြောင်းဝတွေကိုလည်း ငေးကြည့်မိခဲ့တယ်။ ကျမတို့ ၅ ယောက်ဘဲ လမ်းပေါ်မှာ စစ်သားတွေရှေ့မှာ မပြေးမိဘဲ ကြောင်ပြီး မတ်တတ်ရပ်နေကြတယ်။ ယောက်ျားတွေအားလုံး ကျမတို့နောက်က  ဆိုင်ထဲပြေးထိုင်နေပုန်းနေကြတယ်။  ကျမတို့နဲ့ ဆိုင်အကြားမှာ အမိုးမပါကားတစင်းထဲကို လူတွေဝင်ပြီး ကားစက်နှိုးနေတာကိုလည်း ကြားရတယ်။ ဟောလီးဝုဒ်ရုပ်ရှင်တွေထဲကလို လူသတ်သမား နောက်ကလိုက်လို့ ကားထဲဝင် စက်နှိုးပြေးဖို့လုပ်တဲ့အခါ ကားစက်မနှိုးသလိုဘဲ ကားက တဂွီးဂွီးဖြစ်နေတယ်။ ကားနောက် ဆိုင်ထဲက ကားစက်မနှိုးနဲ့ ကားမောင်းမပြောနဲ့ အားလုံးကို ပစ်သတ်လိမ့်မယ်လို့ သွေးရူးသွေးသန်းအော်သံတွေကို ကြားနေရတယ်။ အိမ်မက်မက်နေသလို ရုပ်ရှင်ခန်းထဲရောက်နေသလိုဘဲ။ ဘေးက ကျောင်းသူးလေးလား ဆရာမတွေလားမသိ တယောက်ရဲ့ ငိုသံလည်း ကြားရတယ်။ ကျမက သေနတ်ပြောင်းဝကနေပြီး စစ်သားတွေ မျက်လုံးတွေကို ကြောင်ပြီး ဆက် စိုက်ကြည့်မိတယ်။ ပါးစပ်ကဘာသံမျှမထွက်။ ကြောက်လည်း မကြောက်။ အိုဒါဟာငါ့ဘဝ ဇတ်သိမ်းပါလားဆိုတာ ရုတ်တရက်ခေါင်းထဲဝင်လာပြီး အေးချမ်းတည်ငြိမ်မှုတစ်ခု ရုတ်တရက် ရလိုက်တာ ခံစားမိတယ်။ စစ်သား မျက်လုံးတွေကလည်း ကျမတို့ကိုစိုက်ကြည့်နေတယ်။ ဘာတွေ တွေးနေသလည်း။ တွေးကောတွေး သလားမသိပါ။ ကျမလည်း အဲဒီအခါက သူတို့ ဘာတွေတွေးနေသလည်းဆိုတာလည်း မတွေးမိပါ။ တွေးမိတာတစ်ခုက သူတို့ ပစ်ဆိုတဲ့အသံကို ကျမရောသူတို့ပါ စောင့်နေတယ်ဆိုတာပါဘဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ စစ်ကား ပြန်လှည့်ထွက်သွားတယ်။ ကျမစိတ်ထဲမှာ ခံစားလိုက်ရတာတခုက စိတ်သက်သာရမှု ရုတ်တရက် ရလိုက်ခြင်းမဟုတ်။ အင်မတန်စိတ်ပျက်သွားခြင်းတခုကို ခံစားလိုက်ရပါတယ်။ ငါ ဒီလိုအခြေအနေ ပြန်ကြုံရအုန်းမှာဘဲဆိုတဲ့ စိတ်ပျက်ခြင်းဘဲ။ စိတ်ပြောင်းသွားတဲ့ သေမင်းကို အကြီးအကျယ် စိတ်ပျက်ခဲ့တာမျိုးပါ။ ကျမတို့ကို ဘယ်သူကမှန်းမသိတဲ့ သူတွေက ဆိုက်ကား ၂ စင်းငှားပေးပြီး အိမ်ပြန်စေတယ်။ စောစောက ငိုခဲ့တဲ့ မိန်းခလေးက ဆိုက်ကားဘေး စစ်ကားတွေ ဖြတ်တိုင်း အော်ဆဲတယ်။ နောက်တယောက်က တားတယ်။ ဆိုက်ကားကိုလည်း ပစ်တယ်လေ။ မိန်းခလေးတွေမို့ မပစ်ခဲ့ဘူး။ နောက် ဆေးရုံကြီးနားရောက်တော့ လူစုခွဲခဲ့တယ်။ ကျမက အိမ်မပြန်ဘဲ ဟိုလူအုပ်နောက် ပြေးလိုက် ဒီလူအုပ်နောက် ပြေးလိုက် အော်လိုက် လုပ်ခဲ့တယ်။ အဲဒီမှာ ကျမရဲ့ ဘွဲ့ရပြီးတဲ့ တပည့်ဟောင်း ကုလားလူမျိုး တစ်ယောက်ကို တွေ့မိတယ်။ သူကလက်မောင်းလာဆွဲပြီး အတင်း လူအုပ်ထဲ ကန့်လန့်ကန့်လန့်နဲ့ ဘာလုပ်နေမှန်းမသိတဲ့ မှန်လုံ ဂျပန်လုပ် တက်စီကားတစင်းကိုအတင်းတားပြီး ကျမကို အထဲ အတင်း တွန်းပို့ပြီး ကားမောင်းသမားကို ဒါငါ့ရဲ့ တက္ကလိုလ်တုန်းက ဆရာမ။ စစ်တပ်လာပြီး သတ်ကြတော့မယ်။ ဆရာမကို အိမ်ပို့ပေးလိုက်လို့ အမိန့်ပေးနေတော့ သူကိုမော့ကြည့်မိတယ်အခါ သူခါးက ဝေါ့ကီတော့ကီ အသံထွက်လာတယ်။ အဲဒီအခါ သူမျက်ဖြူဆိုက်ပြီး ဆရာမ သူများတွေကို မပြောပါနဲ့  ကျွန်တော့ကို ဝိုင်းသတ်ကြမယ်ဆိုပြီး သွေးရူးသွေးတန်း ပြောတယ်။ ကျမကလည်း တက်စီအပြင်ထွက်ဖို့လုပ်တာ သူကကားတံခါး အပြင်ကပိတ်။ ကားသမားကလည်း ကျမတို့ ပြဿနာတက်နေတာတွေ့တော့ အတင်းမောင်းပြေးတယ်။ သူ့ကားပါ မီးရှို့ခံရမှာလေ။  ကျမလည်း သူ့ကို ကားပေါ်က လူတွေနဲ့ပေါင်းပါ လူတွေနဲ့ ပေါင်းပါလို့ အသံကုန်အော်ရင်း ကားခေါ်ရာပါသွားတယ်။ လူတွေကို ဒါစပိုင် ဟေ့ ဝိုင်းသတ်ကြလို့တော့ ကျမပါးစပ်က မထွက်နိုင်ခဲ့ပါ။  ဒီတပည့်ဟောင်းကို ဒါ နောက်ဆုံးမြင်ခဲ့တာပါဘဲ။ ဒီကျောင်းသားဟောင်းကို မှတ်မိတာက ကျမ ဆရာဖြစ်လို့နောက်တနှစ်မှာ  ဗိုလ်တထောင်ကောလိပ်က ကြည့်မြင်တိုင် ကောလိပ်ကို ပြောင်းရတယ်။ ကြည့်မြင်တိုင်ကောလိပ်မှာ ၁၉၇၉ ခုနှစ်မှာ ဒီကုလားကျောင်းသားလေးက ပထမနှစ်ကျမအတန်းထဲကပါ။ စာကျိုးစားတယ်။ စာလည်းတော်တယ်။ လိမ္မာသိမ်မွေ့ ယဉ်ကျေးသူတစ်ဦး ဖြစ်တယ်။ သူ့ကို တခြားကျောင်းသားတွေက ခွေးကုလား ဝက်ကုလားဆိုပြီး အမည်အမျိုးမျိုးတပ်ခေါ်လို့ ကျမ ဆူခဲ့ဘူးတယ်။ နောင်ကျမရှေ့မှာ တခြားကလေးတွေ ဒီကျောင်းသားကို မနောက်ရဲတော့ဘူး။ ဘွဲ့ရတော့ ရဲထဲလား ထောက်လှမ်းရေးထဲလား ဝင်ခဲ့တယ်ထင်ပါရဲ့။ ၁၉၈၈ ကြမှ ပြန်လည်တွေ့မိခဲ့ ကြတယ်။ အခု ဘယ်ဘက်မှာများ လုပ်နေသလည်း မသိပါ။ ကိစ္စမရှိပါ။ အနာဖေး မခွာကြပါနဲ့တော့။  

ဘယ် ၈၈၈၈ ခေါင်းဆောင်နဲ့မှလည်း မသိခဲ့ပါဘူး။ တောင်ဥက္ကလာပ မြောက်ဥကလ္လာပက ခလေးတွေ ဆင်းရဲတွင်းနက်လို့ထွက်လာကြတယ်။ အလုပ်ရုံတွေက အလုပ်သမားတွေ ထွက်လာတယ်ဆိုလို့ အများပြည်သူတွေလို အားပေးဖို့ လိုက်ထွက်လာခဲ့တာပါ။ ၁၉၇၄ တုန်းကလည်း အတူတူပါဘဲ။ စက်ရုံအလုပ်သမားတွေ စလို့ တက္ကသိုလ်ထဲ နေ့တိုင်းသွား လူအုပ်နောက်ကနေ တရားနားထောင်ခဲ့ဘူးပါတယ်။

ရွှေတိဂုံဘုရားမှာ ဒေါ်စုတရားဟောတာတွေလည်း နားထောင်ခွင့် မရတော့ပါ။ ဒေါ်စုဟောနေစဉ်မှာ ဘိတ်သွားတဲ့ လေယဉ်ပေါ်မှာ ရောက်နေပြီလေ။ ခရီးမထွက်ခင်တနေ့ကတော့ မြို့ပတ်ပြီး တရားဟောနေသူတွေကို နားထောင်မိပါတယ်။ စင်ပေါ်တက်လာပြီး ဆန္ဒပြတုန်းက တခါမျှ မမြင်ခဲ့သူ တချို့စကားပြောနေတာမှာ ပညာမပါ အင်မတန်းညစ်ညမ်းတဲ့ အသုံးအနှုံးတွေ ပါလို့ စိတ်ပျက်ခဲ့မိတယ်။ တခြား ဘယ်ခေါင်းဆောင် တစ်ယောက်ကိုမှလည်း မသိခဲ့ပါ။ ကိုယ်က လူအုပ်ဘေးက ဝေလေလေလောက်ဘဲ လုပ်ခဲ့သူဖြစ်ပါတယ်။

ဘိတ်မှာ ၃ ရက်လောက် တက်တက်ကြွကြွ ဆန္ဒဝင်ပြပြီး နောက်ရက်တွေမှာ အိမ်ဝရံတာကဘဲ ထိုင် ကြည့်ပါတော့တယ်။ မြို့ထဲက စီးပွားရေးသမားတွေ ရက်ကြာလာတော့ စီးပွားရေး ထိခိုက်လာပြီး ဆန္ဒပြသူတွေကို သိပ် မကြည်သာ နည်းနည်း ရိပ်မိလာခဲ့တယ်။ ရန်ကုန်က သတင်းတွေ အားလုံးရတယ်။ စုပြုံထွက်လာတဲ့ သတင်းစာ ဂျာနယ်အားလုံး လုဖတ်ပြီး ကျမတို့ အံသြကြတယ်။ ဘိတ်မှာ ဒီလောက်မဆိုးတာကို လူကြီးပိုင်းက သက်ပြင်းချနေကြတယ်။ စစ်အာဏာသိမ်းတဲ့နေ့မှာ ရန်ကုန်က ပြေးလာတဲ့ ကျောင်းသားတစုလာတွေ့တယ်။ နောက်တနေ့ မနက်စောစောမှာ စက်ပါတဲ့လှေနဲ့ ဆွဲထားတဲ့ စက်မပါတဲ့ လှေနဲ့ ကော့သောင်းကို ပြေးကြတယ်။  ကော့သောင်းမှာ ၂ ရက်လောက်ပုန်းပြီး ရနောင်းကို ဆက်ပြေးရတယ်လေ။ ဒီခရီးအကြောင်း အရင်က ပြောပြီးလို့ မပြောတော့ဘူး။ ရှာဖတ်ပေတော့။

  1 comment:

  1. ရှေ့ရေးကိုတွေပြီးကောင်းတာလေးတွေ
    လုပ်ကြပါ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...