Monday, August 20, 2012

စိတ်ကူးရသမျှ


ကိုယ့်အတွေးကိုယ့်အမြင်

ဒီရက်ပိုင်း စိတ်တွေသိပ်ပြီး မကြည်လင်ဘူးဖြစ်နေတယ် ၊ facebook ဖွင့်လိုက်ရင်လဲ ဒုက္ခရောက်နေတဲ့သူတွေက အများကြီး ဘယ်နားက ဘယ်သူ့ကို ဘယ်လိုကူညီရမှန်းကို မသိတော့အောင်ဖြစ်နေတယ် ၊ ဒီကြားထဲ အသင်းကိုလာပြီး ဆေးရုံတက်ခွဲစိပ်ရမှာတွေ မတတ်နိုင်လို့ အကူအညီတောင်းတာတွေ ပညာရေးအတွက် တစ်ကယ် အခက်အခဲဖြစ်နေလို့ အကူအညီတောင်းတွေက မနည်းဘူး ဟိုနေ့က စနေနေ့ကဆိုရင် ဆေးခန်းကိုလာပြတဲ့ထဲက အသက်ကြီး
ကြီး အဖွားတစ်ယောက် သွေးချိုတွေတက်နေတာ နံပတ်တောင်မပေါ်တော့ဘူး အဲဒါ စမ်းသပ်ပေးတဲ့ဆရာဝန်က ဆေးရုံတက်ဖို့လိုအပ်တယ် ဒီဆေးတွေက ဆေးရုံမှာဘဲ တခြားစစ်ဆေးစရာတွေ စစ်ဆေးပြီးမှ ထိုးလို့ကုလို့ရမှာ အဲဒါကြောင့် အခုဆေးရုံသွားဖို့လိုအပ်တယ်လို့ လာပြောလို့ လူနာရှင်ဘယ်သူလဲလို့ မေးလိုက်တော့ လူနာရှင်က လူနာကိုထားပြီးအိမ်ပြန်သွားတာတဲ့ဗျာ

အဲဒါနဲ့ လူနာကို ဆေးရုံတက်ရမှာ ဘယ်လိုလုပ်ပေးရမလဲလို့ မေးတော့ လူနာက… အဖွားကမျက်စိကမမြင်ဘူး .. ခေါင်းတွေလဲမူးနေတာ အိမ်ကဘယ်နားမှာပါ သွားအကြောင်းကြားပေးလို့ပြောပြီး ခေါင်းမူပြေအောင် ဆေးတစ်လုံးလောက် ထိုးပေးဖို့ချည်း ပြောနေတာနဲ့ ဆရာဝန်က ဆေးထိုးပေးလို့တော့မရဘူး။ လောလောဆယ်အမူးပြေ ဒီဆေးလေးသောက်လိုက်ဆိုပြီး ရေတစ်ခွက်နဲ့ ဆေးနဲ့ ယူပေးပါတယ် ၊ အဲဒီတော့မှ လူနာကို မျက်စိမမြင်မှန်းသိတာ ….

ဒီလို မျက်စိမမြင်ရတဲ့ အသက် (၇၀) ကျော် (၈၀) အရွယ် အဖွားတစ်ယောက်ကို သား သမီးတွေက ဆေးခန်းမှာ တစ်ယောက်ထဲထားပစ်ခဲ့တာ ဘယ်လောက်ရင်နာဖို့ကောင်းလဲဗျာ… ပြီးတော့ ဆေးရုံကို အသင်းကားနဲ့ လိုက်ပို့ပေးမယ်ဆိုတာကို သူတို့ဟာ သူတို့ ဆိုင်ကယ်နဲ့သွားတော့မယ် ပစ္စည်းတွေလဲပြန်ယူရအုံးမှာမို့လို့တဲ့ ။ တစ်ကယ်ပို့လား မပို့လားတော့ သူတို့က သား သမီးအရင်းတွေပဲလေ………

နောက်တစ်ယောက်က ရင်သားအကျိတ်ဖြစ်နေတာကို လာပြတာ ဆရာဝန်ပြောတာကတော့ မခွဲလို့မရဘူး အကျိတ်က အကြီးကြီးဖြစ်နေပြီ တဲ့ …. မခွဲချင်ဘူး အသေဘဲခံတော့မယ်လို့ပြောတယ်တဲ့ ….ဆရာဝန်က ဒီရောဂါက သေလောက်တဲ့ရောဂါမဟုတ်ဘူး ခွဲလိုက်ရင်ကောင်းသွားမှာ လို့ပြောတော့…. လူနာက ခွဲစရာ ပိုက်ဆံမတက်နိုင်ဘူး အဲဒါကြောင့်မခွဲတော့ဘူးဆိုပြီးပြောလို့ …
မန္တလေးမှာ နာမည်ကြီးတဲ့ ကုသိုလ်ဖြစ်ဆေးခန်းတစ်ခုကိုသွားပြဖို့ပြောတော့ …. ပြပြီးပြီး ပြတာတစ်လလောက်ရှိပြီ ဘာမှလုပ်မပေးဘူး ဆေးရုံလာတက်ပြီးခွဲဖို့ဘဲပြောတယ် အဲဒါကြောင့်မလုပ်ဖြစ်တာလို့ပြောတာနဲ့….. မဟုတ်သေးပါဘူး အဲဒီကုသိုလ်ဖြစ်ဆေးခန်းမှာ ခွဲစိပ်ခန်းတွေရှိပါတယ် ခွဲလဲခွဲပေးနေတယ်လို့ သိရပါတယ် ဘယ်လိုကြောင့်လဲမသိဘူး….. ဒီကနေလွှဲစာရေးပေးလိုက်မယ်ဆိုပြီး ဆရာဝန်က လွှဲစာရေးပေးလိုက်ပါတယ်……

ရည်ရွယ်ချက်ကတော့ ဒီကလွှဲပေးလိုက်ရင် ခွဲပေးဖြစ်သွားမယ်လို့ယူဆလို့ပါ ၊ ဒါပေမယ့် ကနေ့ စုံစမ်းကြည့်လိုက်တော့ အဲဒီကုသိုလ်ဖြစ်ဆေးခန်းက အသေးစားခွဲစိပ်မှုသာ လုပ်ပေးတဲ့အတွက် အခုလို အကျိတ်တွေကို သူတို့ဆေးခန်းမှာ လုံးဝခွဲမပေးဘူးဆိုတာသိလိုက်ရပါတယ် ၊ အဲဒီလူနာ နောက်တစ်ခေါက် ပြန်လာရင် ကောင်းမှာဘဲလို့ တွေးမိနေပါတော့တယ် …….

နောက်တစ်ခုကတော့ အဖွဲ့အစည်းတိုင်းလိုလိုမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲလေးတွေပါ… ဘာလဲဆိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုမှီပြီး အခမ်းအနားတွေလုပ် ပရောဂျက်တွေတင်ပြီး လက်ဝါးချင်းရိုက် လုပ်စားတဲ့ သူတွေကြောင့် ပြည်တွင်းကမှန်မှန်ကန်ကန် အများအကျိုးအတွက် ကိုယ်ကျိုးကိုပင် မငဲ့ကွက်ပဲ လုပ်ဆောင်နေကြသူတွေပါ ယုံထင်ကြောင်ထင်ခံရတာတွေပါဘဲ……

တစ်ချို့သောကိစ္စတွေဆိုရင် ဘာမှဆက်မလုပ်ချင်တော့လောက်အောင် စိတ်ဓာတ်တွေကျဆင်းပြီး စကားပြောရင်တောင် လူမမာသံလေးလိုဖြစ်ပြီး ညောင်နာနာနဲ့ ယဲ့ယဲ့လေးထွက်နိုင်တော့တာ……လူကလဲ ပျော့ခွေသွားတာ….

တကယ်ဆို ကိုယ့်ကိုလာပြီးလှူပေးတာ ဘာအခွင့်အရေး ဘာတောင်းဆိုမှုမှ မပြုဘဲ လှူနိုင်သလောက်အတိုင်းအတာနဲ့ စေတနာပါပါ စိတ်ပါလက်ပါလာပြီး လှူဒါန်းပေးတာကို မယုံသလိုလိုနဲ့ စစ်လားဆေးလား မေးလားမြန်းလား လုပ်တာ နည်းနည်းပါးပါး လိုအပ်သလောက်ဆိုတော်သေးတယ် သဒ္ဓါတရားပျက်လောက်အောင် အောက်ကျို့ပြီး ပေးလှူရတာတွေက ရှိသေးတယ် ၊

အဲဒါမျိုးနဲ့ ကြုံပြီဆိုရင်တော့ စိတ်မဆိုးဘဲ သည်းခံ နိုင်အောင် စိတ်ဆိုးတယ်ဆိုတာ ကျင်ကြီးပုံကို ကိုင်လိုက်သလိုပဲ ကိုယ်ကစိတ်ဆိုးပြီး တစ်ဖက်သားကို ကျင်ကြီးနဲ့ပေါက်မယ်ဆိုရင် တစ်ဖက်လူကို မှန်ချင်မှမှန်မယ် ကိုယ်ကတော့ သေချာပေါက် ကျင်ကြီးပေခံရမှာဘဲ လို့တွေးပြီး စိတ်ကိုဖြေရတာရယ်…..
ရွှေဟင်္သာဆရာတော်ကြီးရေးတဲ့ အများအကျိုး……….ရွက်သည်ပိုးက ၊ ခနိုးခနဲ့…….ဆိုကဲ့ရဲ့လည်း ၊ မဖဲ့မစောင်း……….ကိုယ့်လမ်းကြောင်းကို ၊ စိတ်ကောင်းနဲ့ယှဉ်……..ရှေ့ရှုနှင်လော .. ။ ဆိုတဲ့ လင်္ကာလေးရယ်

သာသနာပြုတဲ့ ပုဂ္ဂိုလ်ဆိုတာ
စိတ်ရှည် ဇွဲသန် သည်းညီးခံ ပြုရန်သာသနာဆိုတဲ့ ရှေးသူတော်ကောင်းကြီးတွေရဲ့ အဆုံးအမတွေရယ်ကို စိတ်ထဲမှာ ခဏခဏရွတ်ပြီး ကိုယ့်စိတ်ကလေးကိုယ်ဖြေနေ ရတာ….. အဲဒါမှ မရသေးရင် ကိုယ့်ကိုယ်ကို ဟဲ့ နင်ကုသိုလ်လာလုပ်တာ….အကုသိုလ်တွေ မပါစေနဲ့ ဆိုပြီး ဆုံးမပေးရသေးတာ ၊

တစ်ကယ်တော့ ဒါတွေအားလုံးဟာ တရားခံ ဘယ်သူလဲဆိုရင် ဂျာနယ်ကျော်ဦးချစ်မောင်ပြောတဲ့ လူတစ်ယောက်ဆင်းရဲနေရင် ကိုယ်မှာရှိတွေပေးလိုက်ပြီးအဆင်ပြေအောင် လုပ်ပေးလို့ရတယ် တတိုင်းပြည်လုံးလိုလို ဆင်းရဲနေရင်တော့ နိုင်ငံရေး စံနစ် အပြောင်းအလဲမှအပ အခြားမရှိဘူး….တဲ့

ဂျာနယ်ကျော်မမလေး ရေးတဲ့ သူလိုလူ စာအုပ်ထဲက ခေါင်းထဲမှတ်မိနေတာလေးပါ ၊
အဓိပ္ပါယ်တော့ မကွဲပြားလောက်ပါ စာအနေနဲ့တော့ ကွဲပြားနိုင်ပါတယ် ၊ ရေးမှတ်ထားတာမဟုတ်သောကြောင့် ။

စိတ်ကူးရသမျှ
ကိုယ့်အတွေးကိုယ့်အမြင် (ဘ၀အလင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...