ဟိုရှေ့က ဆူဆူညံ …
by Tint Kywe on Monday, August 20, 2012 at 6:25pm
ကျုပ်တို့ သာယာကုန်းရွာကြီးကို တောတွေ၊ တောင်တွေ၊ ချောင်းတွေ၊ မြစ်တွေကျော်ဖြတ်ပြီး လှည်းတတန်၊ လှေတတန်၊ ကားရထားတတန်နဲ့ ရွှေပြည်တော်က အမကြီးလာမယ်လို့ ကြားကတည်းက ကျမတို့ ရွာသူရွာသားတွေ ပျော်လိုက်ကြတာ မပြောနဲ့တော့၊ တချို့ ဆို မအိပ်နိုင်မစားနိုင်ဖြစ်ကြလို့ စိတ်အထူးကုတွေ ဘာတွေတောင် သွားပြရ၊ ဘုန်းကြီးကျောင်းသွား အိပ်ရ … အဲ တရားသွားမှတ်ရတယ်ဆိုပဲ။
တွေ့ချင်ကြတာလည်း မပြောနဲ့ အမကြီးက ခေသူမဟုတ် စကြဝဋ္ဌာတခုလုံးက သိနေကြသူ ဖြစ်တာကို။ အမကြီး ဘယ်သူအိမ်၊ ဘယ်ဇရပ်၊ ဘယ်နန်း၊ ဘယ်စခန်းမှာ တည်ခိုမလဲ။ ဘယ်သူနဲ့တွေ့ဖို့၊ ရွာထဲက ဘယ်သူဘယ်ဝါကို တာဝန်ပေးပြီး စီစဉ်စရာတွေ စီစဉ်ခိုင်းမလဲ။ ပြီးတော့ အမကြီးကို တွေ့ချင်၊ လည်တမော့မော့ စောင့်မျှော်နေကြတဲ့ ရွာသူရွာသားတွေနဲ့ တွေ့ဆုံပွားနိုင်ဖို့ ဘာတွေလုပ်ဖို့ ပြင်ဆင်ထားရှိဖို့လိုသလဲ စတဲ့ သို့လောသို့လော မရေမရာ အတွေးများနဲ့ စိတ်လှုပ်ရှားနေကြတဲ့ ရွာကြီးသားတွေ ဟိုနား တိုးတိုးတိတ်တိတ် သွားပြောလိုက်၊ ဒီနား ကျယ်ကျယ်လောင်လောင်ဆိုလိုက်နဲ့ ရွာအရပ်လေးမျက်နှာ၊ တွေ့ဆုံတိုင်းမှာ ပွားများနေကြတော့တယ်။
ဒီလိုနဲ့ ဗြုန်းကနဲ့ဆို ရွာထဲမှာ ရွာသူရွာသားတွေနဲ့ ခပ်တန်းတန်း၊ ရောရောနှောနှောမနေ။ အထူးသဖြင့် ရပ်ရေးရွာရေးကိစ္စ ဆူဆူညံ့ညံ့ လုပ်ကြသူတွေ။ အမကြီး ရွှေပြည်တော်မရောက်ခင်၊ သူမ ဇနပုဒ်နန်းကနေ ဘယ်မှထွက်သွားလာခွင့်မရခင် အမကြီး လွတ်လပ်စွာ သွားလာခွင့်ရရေး၊ ဘာခွင့်ညာခွင့်တွေ ရရှိရေးတွေအတွက် ရွှေပြည်တော်နန်းနေ အာဏာပိုင်စိုးမင်းရူးများကို နေပူမိုးရွာမရှောင် လယ်ပစ်ယာပစ်၊ ရွာထိပ်ရှိ အခွန်တော်ရုံးတဝိုက် သွားသွားပြီး ပူညံ့ပူညံ့ သွားလုပ်ချိန်တွေမှာ ဒီရွာသူရွာသား ကျောမွဲတွေ တယ်ဆူကြပါလားလို့ မျက်စောင်းထိုးမာန်မဲဆိုခဲ့သူ ရွာမျက်နှာဖုံး (မျက်နှာဖုံးရောင်းသူများမဟုတ်ပါ) ဆိုသူတွေကို အမကြီးနား နေသူနီးစပ်သူတွေက အမကြီး တမြေခြားရွာတွေ လည်ပတ်သွားလာရေးခရီးအတွက် ပြင်ဆင်စီစဉ်ဖို့ တာဝန်ပေးထားကြောင်း သိရတော့ စိတ်ကူးခြောက်သောင်းနဲ့ အိမ်မက်မက်နေကြတဲ့ ရွာသူရွာသားတွေ အိပ်ယာက လန့်နိုးကုန်ကြတယ်။ ဒါပေမဲ့ အမကြီး အဆင်ပြေပြေ လာနိုင်ဖို့က အဓိက၊ သူတို့ အမကြီး အရိပ်ကလေး မြင်ရရင်တောင် ကျေနပ်မယ့် ရွာသူရွာသားတွေက အမကြီးနဲ့ ဟိုချိတ်ဒီချိတ် အဆက်အနွယ် ရွာမျက်နှာဖုံးဆိုသူတွေက စီစဉ်မယ်ဆိုတော့လည်း ကိစ္စမရှိ သူတို့က (အမြဲတမ်း) အောက်ခြေလူတန်းစား မြက်အမြစ်များ (grassroots) တွေဆိုတော့ ကျရာတာဝန်ထမ်းရွက်မယ်ပေါ့။
ဒီလိုနဲ့ ရွာမျက်နှာဖုံး လူကြီးမင်းတွေက ရက်ပိုင်းအတွင်း မောင်းထုပြီး ရွာအရှေ့ ဖက် ဇရပ်မှာတွေ့ဖို့ ဆင့်ခေါ်တော့တယ်။ ရပ်ရွာထဲက ရွာသူရွာသားတွေလည်း ဗောင်းနားဋောင်း ဝတ်ကောင်းစားလှ ရွှန်းရွှန်းပပ ဆင်ယင်ကာ အမကြီးကို ကြိုဆိုတွေ့မြင်ရမယ့်ပွဲ ပြင်ဆင်ရေးအတွက် ဆင့်ခေါ်ရာကို ပျော်ပျော်ကြီး သွားကြတော့တယ်။ ရွာသူရွာသားတွေနဲ့ စကားစမြည်းပြောဆို၊ ရောနှောနေထိုင်လေ့မရှိတဲ့ မျက်နှာဖုံးပိုင်ရှင် လူကြီးတွေက မင်းတို့တတွေ တို့စီစဉ်ထားတဲ့အတိုင်း၊ ပြောဆိုတာတွေကို လိုက်လုပ်ကူညီကြလို့ ကုန်းကုန်းကွကွ ထိုင်းမလို ထမလို လုပ်နေကြတဲ့ အပြန်အလှန် ဆွေးနွေးနိုင်မယ့် ဒီမိုအစည်းအဝေးပွဲလို့ထင်ပြီး လာကြတဲ့ ရွာသူရွာသားတွေကို မဆိုင်းမတွ အမိန့်ချမှတ် ပြောဆိုလိုက်တော့တယ်။
ဘုတ်အုပ်ထုတ်ပြီး ရေးမှတ်ဖို့ပြင်နေတဲ့ ဒေါ်ဝန် က ဒီလိုအကဲစမ်းလုပ်လို့ ဘယ်ရမလဲဆိုပြီး လူတွေကို မကြည့်ဘဲ စီရင်ချက်ချနေတဲ့ သူကြီးမင်းဂိတ်နဲ့ လူကြီးဆိုသူများကို ခေါင်းစားတော့တယ်။ ရွာသူရွာသားတွေ အကုန်လာနိုင်ဖို့ ဘယ်လယ်ကွင်း၊ ဘယ်ခန်းမမှာ လုပ်ကြမလဲ။ ဒါအပြင် ကျမတို့နဲ့ ရွှေပြည်တော်ပိုင် အခွန်ရုံးတော်တဝိုက်မှာ အမကြီး ဇနပုဒ်နန်းကနေထွက်ခွင့်၊ ရြွှေမို့ တော်နန်းရောက်ရေးကို အကြိမ်ပေါင်းများစွာ လာအော်ကြတဲ့ အရှေ့ အနောက်တောင်မြောက် ရွာနီးချင်းတွေက ဘော်ဘော်တွေလည်း အမကြီးကို တွေ့ကြဖို့ မိုးလင်းမိုးချုပ် လှည်းမောင်းပြီး လာကြပါလိမ့်မယ်။ ဒါကြောင့် ကျမတို့ လယ်ကွင်း၊ ဘောလုံးကွင်း၊ ရွာဦးဘုန်းကြီးကျောင်း တရားဟောခန်းမကြီးမျိုးလို ကျယ်ကျယ်ဝန်းဝန်း၊ ခမ်းခမ်းနားနား ရမှဖြစ်မယ်လို့ ရင်ဖွင့်တော့တယ်။ စကားများများမပြောချင်၊ နားမထောင်ချင်တဲ့ လူကြီးမင်းတွေက ရွာသူရွာသားတွေရဲ့  ပူညံ့ပူညံ့ မေးခွန်းတွေကို မှတ်ထားလိုက်မယ်လို့ ပြောဆို၊ ရေးခြစ်ကာ နောက်တခါဆုံရင် အသေးစိတ် ပြောကြတာပေါ့ဆိုပြီး ကော့ကော့ ကော့ကော့နဲ့ ထွက်ခွါသွားတော့ မကြာခဏ ဒီလိုခံရတတ်တဲ့ ရွာသူရွာသားတွေလည်း ဒီတခါတော့ ဒီလိုလုပ်လို့ မရဘူးဆိုပြီး ပွက်လောရိုက် ကျန်ရစ်ခဲ့ကြတော့တယ်။
ကခုန်၊ ဗုံတီးပြီး ကြိုဆိုချင်တဲ့ ရွာတောင်ပိုင်းက ကိုဂေါ်ကြီးတို့အဖွဲ့ကလည်း သူတို့က ဗုံမောင်းတီးပြီး ကြိုဆိုချင်ကြောင်း ပြောဖို့ဆိုဖို့ ပြောခွင့်မရ။ ဆိုက်ရောက်လာမယ့် ကားဂိတ်၊ လှေဆိပ်သွားပြီး ပန်းစီးပေးကြိုချင်တဲ့ အရှေ့ ပိုင်းနေ ရွှေပြည်တော်အခွန်ရုံးရှေ့  မကြာမကြာ သွားအော်တဲ့ မိစာလည်း ဘုမသိဘမသိ နောက်တခါတွေ့မှ မေးကြည့်တော့မယ်ဆိုပြီး ပွစိပွစိနဲ့ အိမ်ပြန်သွားတော့တယ်။ ဘာတွေပဲဖြစ်ဖြစ် အမကြီး ရောက်လာရင် အားလုံးနဲ့ တွေ့ဖို့က အဓိကဆိုတော့ ဒေါ်ဝန်တို့တသိုက်လည်း သူတို့ကို နားပူနားဆာ လုပ်ကြတဲ့ ရွာနီးချုပ်က လာကြမယ့် ဘော်ဘော်တွေကို ခဏစောင့်ဖို့ ပြောဆိုနှစ်သက်ထားလိုက်တော့တယ်။
နောက်တကြိမ် ရွာဆော်တွေ တွေ့ကြတော့ ဘာသာရေး ပရဝဏ်ထဲမှာ ဆိုပေမယ့် ပွဲက ဆူမြဲ။ ကျောင်းထိုင်ကိုယ်တော်လည်း ဘာမှမဟောမပြောနိုင်။ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်ဖို့ စီစဉ်ခွင့်ရရှိထားတဲ့ လူကြီးမင်းတွေက တပြားမှမလျှော့ ဘယ်သူဘယ်ဝါမှ ပါးစပ်မဟခင် ရွာလယ်က လူအများစု လာနိုင်တဲ့ ကျောင်းခန်းမမှာ အမကြီးကိုတွေ့ဖို့ စီစဉ်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ အထက်အထက် လူကြီးမင်းဆိုသူများကလည်း အိုကေဆိုပြေသလို၊ အဝေးကြီးကလာမယ့် အမကြီးကလည်း နှစ်သက်သဘောကျကြောင်း။ ဒါကြောင့် အားလုံးကို ဆုံးဖြတ်ပြီကြောင်း မောင်းထုကြေညာလိုက်တော့ ဟာကနဲ့ ဟင်ကနဲ့ဖြစ်ကြပြီး ဒီလို မရဘူး၊ ဒီလို မဖြစ်သင့်ဘူး။
တနေ့ကအပြောနဲ့အလုပ် မညီဘူးဆိုပြီး ဒေါ်ဝန်က ကန့်ကွက်တယ်။ ဒေါ်ဝန် ပြောသမျှ ဘာမှမကြား၊ နားမထောင်တဲ့ လူကြီးမင်းတွေက တို့လုပ်ပိုင်ခွင့် ရပိုင်ခွင့်အတိုင်း ဆုံးဖြတ်တာ တို့နောက်လိုက် လုပ်ချင်တဲ့လူ လာ၊ မလုပ်ချင်ရင်လည်း လုပ်ချင်ရာလုပ်၊ အထက်တိုင်တိုင် အောက်တိုင်တိုင်ရတယ်ဆိုပြီး အရင်နေ့ကအတိုင်း ခပ်မာမာပြောဆိုပြီး ရွာလူထုကို ကျောခိုင်းထွက်သွားတော့တယ်။ ကိုဂေါ်ကြီးတို့၊ မိစာ၊ ဒေါ်ဝန်တို့တတွေ ကျောင်းပရဝဏ် ညောင်ပင်အောက်မှာ ဇရက်တသိုက်လို ကျွက်ကျွက်ညံပြီး ခံလိုက်ရတာကို မကျေမချမ်းဖြစ် ဘာလုပ်ဖို့ညာလုပ်ဖို့ ပြောဆိုကြပြန်တယ်။
သူတို့ ခံပြင်းတယ်ဆိုရင်လည်း ခံပြင်းလောက်ပါတယ်။ ဆွေးနွေးတိုင်ပင်မယ်လို့ ခေါင်းစဉ်တပ်အခေါ်ခံရပြီး ရွှေပြည်တော်က ဘယ်သူမှ ဂရုမစိုက်တဲ့ အာဏာပိုင်များလုပ်သလို ငါပြောတာလုပ်၊ အတွန့်မတတ်နဲ့ ရတာကျေနပ်၊ ထားရာနေဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆံခံရတော့ တလျှောက်လုံး ဗိုလ်ကျချုပ်ချယ်နေတဲ့ ရွှေပြည်တော်အာဏာရှင်များကိုတောင် ဘုကျအာခံဆန့်ကျင်နေကြတဲ့တသိုက် ဘဝင်မကျတာကို ကြားရမြင်ရသူအပေါင်း ကိုယ်ချင်စာ နားလည်းနိုင်ပါလိမ့်မယ်။
အခုတော့ ဖြစ်နေတာက “မယ်တော်က တော်တော် ကြက်တူရွေးက ကဲကဲ” လို့ ပြောင်းပြောရမလို ဖြစ်နေပြီ။ အမကြီးအနေနဲ့တော့ သူနဲ့တွေ့ဖို့ ဘယ်သူတွေ မလာရ၊ ဘယ်သူနဲ့ မတွေ့ချင်ဘူးလို့ ပြောမယ်မထင်။ ဒါပေမဲ့ ဒီရွာရောက်လာမယ့် အမကြီးတယောက်ကို လူအကန့်အသတ်နဲ့ တွေ့ခွင့်ပြုထားသလို၊ နောက်တချက်က ရွှေပြည်ရွှေနန်း စကားတတ်သူတွေပဲ တွေ့ခွင့်ရဖို့ ကန့်သတ်ချက်တွေနဲ့ စီစဉ်ထားတဲ့အတွက် အမကြီးအကြောင်း ကြားသိကြ၊ တွေ့မြင်ချင်ကြတဲ့ ရွာကြီးနဲ့ ရွာနီးချုပ်က ရွှေစကားမတတ်သူတွေ လာခွင့်မရှိ၊ တွေ့ခွင့်မရတော့။ ဒီလိုဆို ကျုပ်တို့ ရွာသူနဲမညား အမျိုးခြားတွေကို လက်ဆက်ခဲ့ကြသူတွေလည်း သူတို့ ဇနီး၊ မယား၊ ကလေးများနဲ့လည်း လာခွင့်မရှိတော့ဘူးပေါ့။ ပြီးတော့ ဒီရွာမှာ မွေးတဲ့ခလေးတွေ ဒီရွာစကားပဲတတ်ပြီး ကျမတို့ အောက်ပြည်ရွှေပြည်စကား မသိတတ်သူတွေလည်း ဝင်ခွင့်မရတော့ဘူးပေါ့။ အကယ်၍ အမကြီးကိုယ်တိုင်က ဒီလို စီစဉ်ဖို့ ကြိုတင်ချမှတ်ပေးထားရင်တော့ အမကြီး ရွှေပြည်ချစ်စိတ် တယ်ကြီးသကိုလို့ ပြောဖို့ပဲ ရှိတော့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေရှိပါသေးတယ်လို့ တဦးတယောက်ပြောသံကို ထောက်ခံသလိုလို၊ ဟိုခရီးဝေးကြီးကလာမယ့် အမကြီးလည်း ဒီကအခြေအနေကို ဘာမှသိမှာ မဟုတ်ပါဘူး။ အခုဆိုရင် အရင်တခြားခရီးတွေမှာ ဝတ်ဆင်တာတွေနဲ့ မထပ်အောင် ချုပ်တုန်းပြင်ဆင် အလုပ်ရှုပ်နေမှာ။ ဒီမှာလည်း စီစဉ်နေသူ လူကြီးမင်းတွေက ပြင်ဆင်ချက်မရှိ တချက်ဆုံးဖြတ်ချက်နဲ့ လိုအပ်တာတွေကို ကိုယ်တိုင်ကိုယ်ကျ ဆက်လက်စီစဉ်နေကြတုန်း။ အမကြီးကို အလွန့်အလွန်တွေ့ချင်နေကြတဲ့ ရွာသူရွာသားတွေလည်း ထုပ်ပိုးသိမ်းထားတဲ့ ရွှေဝတ်စုံများရှာ၊ ဟိုပြေးဒီပြေး ဝတ်ကောင်း စားလှတွေကို ဝယ်ခြမ်းနေတုန်းမှာ ရွှေပြည်တော်စကား မတတ်ကျွမ်းတဲ့ ရွာခြား မိန်းမ၊ ယောက်ျားရှိသူများ၊ ဒီရွာမှာပေါက်တဲ့ ကလေးများအဖို့ အချိန်ရှိခိုက် လုံလစိုက်ဆိုသလို ရွာဘုန်းတော်ကြီးကျောင်းပြေး ရွှေစကား အမြန်သင်တန်းတက်ပြီး ရွှေစကားသိကြောင်း သက်သေပြနိုင်မှ အမကြီးရဲ့  ရြွှေပည်ထောင်စကားဝိုင်းကို တက်ရောက်ခွင့်ရနိုင်တယ်လို့ ရွှေစကားမသိ ရွာခြားများ - အဖြူ၊ အမဲ၊ အညို တစိမ်းများအတွက်ပါ စိတ်ပူပန်နေတဲ့ ဒေါ်ဝန်ကို တိုက်တွန်းလုပ်ဆောင်ဖို့ နှစ်ပြားတန် နှစ်သိပ်စကား မရဲတရဲပြောပြီး ဆရာတော်ကြီးကို သွားဝတ်ပြုလိုက်အုံးမယ်ဆိုကာ သူတို့အပါးက ရှောင်ထွက်ခွါခဲ့တော့တယ်။
ကျောင်းနောက်ဖက်ခြမ်းအသွားလမ်းမှာ ကျောင်းခြံစည်းရိုးပေါ်မှာ ရာသီ၊ အခြေအနေအလိုက် အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညို နှစ်ကောင် ခေါင်းတညိမ့်ညိမ့်နဲ့ တစုံတရာကို တွတ်တီးထိုး သဘောကျနေတာကို တွေ့လိုက်ရတယ်။
ဒီလိုရွာထဲမှာ ဆူညံ့ပွက်လောရိုက်နေပေမယ့် အဝေးကလာမယ့် အမကြီးကတော့ သိမှာကြားမှာမဟုတ်။ သိလည်း ဘာတတ်နိုင်မလဲ။ ဒီလိုဖြစ်နေတတ်တာ အခုမှမဟုတ် အမြဲတမ်းဆိုတော့ ရိုးနေလောက်ပြီပေါ့။ ဒါပေမဲ့ အမကြီးက ဒီကရွာသူရွာသားတွေနဲ့ တွေ့ရင်တော့ သွားလေရာတိုင်းမှာ ပြောလေ့ပြောထရှိတဲ့စကားကို ထပ်ပြောပါလိမ့်မယ် “အားလုံး ညီညီညွှတ်ညွှတ် နေထိုင်လုပ်ကိုင်သွားကြဖို့”။ မယုံမရှိနဲ့ အမကြီး ပြန်သွားတဲ့နောက်တနေ့ကစပြီး ရွာထဲမှာ စကားမပြော၊ မျက်နှာချင်းမဆိုင်ချင်ကြသူတွေ အများကြီးရှိလာလိမ့်မယ်။
ဒါလည်းမဆန်းတော့ပါ။ ပွဲရှိရင် ဆူတတ်ပူတတ် ကွဲကျခွဲလုပ်တတ်ကြတဲ့ ကျုပ်တို့ သာကီနွယ်တွေက ဒီလိုပဲ ဖြစ်နေကြတော့ ဆူဆူညံ အသံတွေ အမြဲကြားနေရမှာပေါ့။
အမကြီး လမ်းခရီး သာယာဖြောင့်ဖြူးပါစေ။ ဝေနေယျ သတ္တဝါအပေါင်း ချမ်းသာသလို နေကြပါစေ။
0 comments:
Post a Comment