“အောက်ပြည်ဆို လှေတော်ထိုး ပိုးမှာလိုက်တယ်လေလေ့”
by Soe Min on Saturday, August 11, 2012 at 3:49am
ဟိုးရှေးရှေးတုန်းကတော့ အောက်ပြည်အောက်ရွာ မြစ်ဝကျွန်းပေါ်ဒေသဆိုတာ မွန်တို့ဌာနီ ရာမညထဲမှာ ပါသတဲ့။ လေးမွန်တိမွန်စ ဆိုတဲ့ အရပ်တွေက ပဲခူး၊ ဒလ၊ မုတ္တမ နဲ့ တွံတေး လို့ ခေါ်တယ်တဲ့။ အထက်အညာတလွှားက ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးတို့လိုပဲ ထီးပြိုင်နန်းပြိုင် စံမြန်းလာခဲ့ကြတဲ့ ပဒေသရာဇ်နိုင်ငံငယ်တစ်ခုထဲမှာ ပါဝင်တယ် လို့ ပြောရင်လည်း မမှားဘူး။ ပုဂံခေတ်မှာ ရာဇသင်္ကြန်ကြီး ပန်းကလပ်အပဲ့နဲ့ ခစားလို့ ရှင်ဘုရင်ကို ဖဲ့ကာရွဲ့ကာလုပ်မိတဲ့အတွက် ဘုရားပြီးရင် ငြမ်းဖျက်ရသပ ဆိုပြီး ထရန်စဖာထုတ်လိုက်တာ ဒလကိုပါတဲ့။ ရာဇာဓိရာဇ် အရေးတော်ပုံမှာ မင်းသားဗညားနွဲ့ ပုန်စားတဲ့အခါ သူ့အတွက် အကြီးဆုံး ဆူးညှောင့်ခလုတ်က မြောင်းမြစား လောက်ဖျား တဲ့။ ဒီဗရစ်တို ငဇင်ကာတို့ မြို့ရိုးအခိုင်အမာနဲ့ အင်းဝကို ပုန်စားတာကတော့ သန်လျှင်မှာပေါ့။ ဘုရင်မကြီး ရှင်စောပုနန်းတည်တဲ့ ကျခတ်ဝါးရံမြို့ဆိုတာကတော့ တချို့က တွံတေးနားမှာ လို့ ပြောကြတယ်။
ရွှေတိဂုံစေတီတော်ကြီးရဲ့ မူလဒါယိကာ ဥက္ကလာပမင်းကြီးဆိုတာကတော့ ဘယ်မင်းဆက်ထဲမှာမှ ရှာမရသော်ငြား သိင်္ဂုတ္တရကုန်းတော်ပေါ်က စေတီတော်မြတ်ကြီးနဲ့အတူ ဆူးလေ၊ ဗိုလ်တစ်ထောင်၊ ကျိုက္ကဆံ စေတီများက ဒဂုံနေပြည်တော်ကြီးရှိခဲ့တာကို ခိုင်ခိုင်မာမာ ပြနေလေရဲ့။ ဟံသာဝတီနေပြည်တော်ကြီး နဲ့ ဘုရင့်နောင်မင်းတရားကြီး စိုးစံရာ ကမ္ဗောဇသာဒီနန်းတော်ကြီးကတော့ မြန်မာရာဇ၀င်မှာ အကြီးကျယ် အခမ်းနားဆုံးလို့ ပြောတဲ့သူတွေက ပြောနေတုန်းပါပဲ။ ဘာပဲပြောပြော အောက်ပြည်အောက်ရွာ မြစ်ဝကျွန်းပေါ်အရပ်ဆိုတာ အဲသည်အချိန်တုန်းက လှည်းလမ်း၊ လှေလမ်း၊ သူ့နောက်ပေါ်လာတဲ့ ကားလမ်း ရထားလမ်းတွေထက်စာရင် မြစ်ချောင်းအင်းအိုင် ကွေ့ကွေ့ကောက်ကောက်ထဲမှာ လောင်းကလေး လှေကလေးနဲ့ အလွယ်တကူ သွားနိုင်လို့ လမ်းပန်းဆက်သွယ်ရေးလည်းလွယ်ကူ၊ ဆန်ရေစပါးအထွက်လည်း ကောင်းတာမို့ သာယာဝပြောတဲ့အရပ်လို့ ဆိုနိုင်တယ်။ ရှေးပညာရှိစကားများ မှတ်သားဖူးတာကတော့ ထီးရိပ်လည်း မခိုနဲ့၊ ထီးနဲ့လည်း လွတ်အောင်မနေနဲ့တဲ့။ သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ ရှင်ဘုရင်များအောက် ပျားပျားဝပ်ခစားနေသော်လည်း သိပ်အနီးကပ်မိရင် မင်းခယောင်္ကျား ကမ်းနားသစ်ပင်ဘ၀ ရောက်တတ်လို့ပါတဲ့။ ထီးဝေးရန်ကွာ ပစ္ဆန္တရာဇ်အရပ်နေပြန်တော့လည်း မင်းအစိုးရ အာဏာစက် လက်လှမ်းမမှီတာမို့ ခိုးသားဓါးပြရန်က စိတ်မချရပါဘူးတဲ့။ မြစ်ဝကျွန်းပေါ်အရပ်ကတော့ အဲသည်လို ရပ်ပြစ်ရှစ်ပါးကလည်း ကင်းဝေးပေသကိုး။ မြန်မာဘုရင်တွေ လက်ထက်တလျှောက်လုံး ပင်လယ်ရပ်ခြားကလာတဲ့ ပြည်ပသွင်းကုန်တွေအားလုံးဟာ အဲသည်မြစ်ဝကျွန်းပေါ်အရပ်ကသာ ၀င်လာကြသတဲ့။ ပုသိမ်အေးပုဝါကလေးတွေ၊ ရွှေကျင်ခတ်ခေါင်းပေါင်းပုဝါကလေးတွေဆိုတာ အခုခေတ် MK fasion shop က ပစ္စည်းတွေ လိုနေမှာပေါ့။
သီပေါမင်းနန်းတက်တဲ့အခါ အရပ်ထဲမှာ တဘောင်ပေါ်တာက “တုံးအောက်ကတီတွန် လူလွန်မသား၊ မုန့်ဆီကျော် အလယ်အက် ပြည်ဖျက်မည့်သား။” လို့ ဆိုကြပါသတဲ့။ မင်းတုန်းမင်းသားတော်ထဲမှာ ဟိုးအောက်ဆုံးက မထင်မရှား မင်းသားဘ၀ကနေတက်လာပြီး မယ်တော် လောင်းရှည်မိဖုရားကို မလိုသူတွေက သူ့အဆောင်ထဲလူဝင်သလိုလို ကောလာဟလလွှင့်တာကြောင့် မယ်သီလရင်ဘ၀နဲ့ နေရလို့ပါတဲ့။ သူ့လက်ထက်ရောက်တော့ မြန်မာပြည်တ၀က်က မုန့်ဆီကြော်အလယ်ကပိုင်းထားသလို အင်္ဂလိပ် လက်ထဲပါသွားပြီလေ။ မတည်ငြိမ်တဲ့ နန်းတွင်းရေးအပြင် ကြီးလေးတဲ့ အခွန်အတုပ်တွေနှိပ်စက်မှုကြောင့် အထက်အညာက မြန်မာတော်တော်များများဟာ ကုန်းကြောင်းရေကြောင်း အသွယ်သွယ်နဲ့ မြစ်ဝကျွန်းပေါ်အရပ်က စိမ်းလန်းတဲ့ မြစ်ချောင်းအင်းအိုင် လယ်ယာကိုင်းကျွန်းတွေ ဖွံ့ဖြိုးစည်ပင်ရာ အရပ်တွေဆီကို ပြောင်းရွှေ့အခြေချကုန်ကြပါသတဲ့။ ကိုလိုနီလက်အောက်မှာ စောစောစီးစီး ကျွန်ဇာတာပါချင်လို့ မဟုတ်ပေမယ့် ဗုဒ္ဓဘာသာပီပီ ပဉ္စမမြောက်ရန်သူလက်က ဝေးဝေးနေချင်တဲ့သူတွေ၊ ဘယ်ရှင်ဘုရင်လက်ထက်မှာဖြစ်ဖြစ် ကိုယ့်ဘာသာ ဓါးမဦးချစိုက်ပျိုးထွန်ယက် စားသောက်မှ ၀မ်းဝမယ့်သူတွေ ပါမယ်လို့ ယူဆရပါတယ်။
အဲသည်လူတွေထဲမှာ ကိုယ်တို့အဘေးကြီးတွေလည်း ပါပါလိမ့်မယ်။ အဖွားက ပြောပြချက်အရတော့ ရွာမှာ ကြက်တိုက်အရက်သောက် ဘော်ကြော့နေနေရင်းက လှေကြုံရှိသခိုက် အောက်ပြည်အောက်ရွာ ပါသွားရင်းကနေ ဟိုမှာ အိမ်ထောင်ရက်သားကျ၊ သားသမီးတွေရပြီးတော့မှ ရွာကို တခေါက်တကျင်းပြန်လာဖော်ရတဲ့အခါ မိဘသားချင်းများက မသေလို့တွေ့ရ မေ့နိုင်ပါရိုးလား ဆို ငိုကာယိုကာ အလွမ်းသယ်ကြပါသတဲ့။ ဒါကြောင့် ကိုယ့်အဖွားမှာ အဖေညီအကို အရင်းမွေး ၀မ်းကွဲညီအမတွေဟာ မင်းဘူး၊ ကျောင်းတော်ရာ၊ ပေတော၊ ပန်းတုန်းက အထက်အညာဒေသမှာရော၊ ကျုံမငေး၊ မြောင်းမြ၊ ပုသိမ်၊ ၀ါးခယ်မမှာပါ ရှိကြတယ်။ အဲလို ဆွေမျိုးသားချင်းများရှိရာ အကျေအညာ စုန်ကာဆန်ကာနဲ့ ကူးကြသန်းကြရင်း ကျုံမငေးမှာ သင်္ကန်းပရိက္ခရာရောင်းတဲ့အဖိုးဟာ ပေတောမှာလယ်ပိုင်ရှင်သမီး အဖွားနဲ့ အကြောင်းပါပါသတဲ့။ ဒါကြောင့်သူတို့ခေတ်က စစ်ပြေးတဲ့အခါ ကျုံမငေးကနေ အညာကို လှေနဲ့ပြေးတယ် လို့ဆိုတယ်။ စစ်ပြီးတဲ့အခါမှာတော့ သင်္ကန်းတိုက်အတွက် တံဆိပ်ရိုက်ရအောင် ပုံနှိပ်စက်ကလေးထောင်ထားတဲ့အဖိုးဟာ စစ်တလင်း မီးလောင်ပြင် ပြာပုံတွေကြားက ရန်ကုန်မြို့ကြီးဆီကို အခြားထောင်သောင်းမကသော ရွှေ့ပြောင်းအခြေချသူများနည်းတူ ရောက်လာခဲ့ကြတော့ အစတုန်းက စကော့ဈေးကြီး အပေါ်ထပ်မှာတောင် နေခဲ့ဖူးသေးသတဲ့။ နောက်တော့မှ ရေကျော်ဘက်မှာ တဲတန်းကြီးတွေထိုးပြီး နေကြတဲ့အရပ်ကို ပြောင်းလာကြတယ်လို့ဆိုတယ်။ အဖိုးရဲ့ အမျှော်အမြင်ကတော့ စစ်ပြီးရင် ခေတ်ပြောင်းတော့မှာ။ မိဘလက်ငုတ်လက်ရင်း လယ်တွေမြေတွေအားလုံးက အသိမ်းခံရလိမ့်မယ် လို့ဆိုသတဲ့။ သူပြောတာ မယုံခဲ့တဲ့ ဘိုးကြီးဘေးကြီးများကတော့ တကယ်ဒုက္ခရောက်ကြပါတယ်။ မြင်သာမမြင်ဖူးလိုက်တာ။ ပေကပ်ကပ် စွာကျယ်ကျယ် ခေါင်းမာတဲ့ကိုယ့်အကျင့်ကတော့ သူ့ဆီကရတဲ့အမွေ ဖြစ်လိမ့်မယ် ထင်ပါတယ်။ အဖိုးဟာ သူ့သားကို ချစ်လိုက်တာ တုန်နေသော်ငြား တစက်မှ မျက်နှာသာမပေးပါဘူးတဲ့။ အဲသည်ခေတ်က မက်ထရစ်စာမေးပွဲဖြေတဲ့အခါ ပထမဆုံးတစ်ရက်အပြီးမှာ ထူးထူးခြားခြား ကျောင်းလာကြိုပြီး “ဘယ်လိုနေသလဲ။ ဖြေနိုင်သလား။” လို့မေးပါသတဲ့။ ဖြေနိုင်တယ်ဆိုရင် “တော်လောက်ပြီ။ နောက်နေ့ ဆက်မဖြေနဲ့တော့။ မင့်ကို ဘယ်လိုနေသလဲ သိရအောင်ပဲ ဖြေခိုင်းတာ။ အောင်စရာမလိုဘူး။ အောင်ရင် လခစားလောက်ပဲ လုပ်ပြီး ကျွန်စိတ်ဝင်သွားလိမ့်မယ်။” လို့ ပြောပါသတဲ့။ အဲသည် သားအဖ နှစ်ယောက်စလုံးကို အံ့သြမိပါတယ်။ သူ့သားအတွက် သူ့မှာ အကြံအစည်တစ်ခုခုတော့ ပြတ်ပြတ်သားသား ရှိပြီးသား ဖြစ်မှာပေါ့။ သို့သော်လည်း သူကိုယ်တိုင် သူ့အကြံအစည်ကို မစောင့်နိုင်ပဲ အဆုတ်နာရောဂါနဲ့ ဆုံးသွားတဲ့အခါ အသက်လေးဆယ်သာသာလေး ရှိသေးသတဲ့။
ဖဆပလခေတ် မတည်မငြိမ် လှိုင်းလုံးကြီးတွေကြားမှာ အသက်လေးဆယ်အရွယ်နဲ့ ကလေးနှစ်ယောက်အမေ မုဆိုးမဖြစ်သွားတဲ့ အဖွားရဲ့ ရန်ကုန်မြို့မှာ ရပ်တည်ရေး ရုန်းကန်မှုကလည်း လွယ်မယ်တော့ မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့မြေးတွေလက်ထက်ရောက်တဲ့အထိ အထုပ်ပိုက် ရွာပြန် မဖြစ်ခဲ့ရတာ ဘိုးဘွားမိဘများကျေးဇူးလို့မှ မပြောရင် ဘယ်လိုပြောရပါ့။ မတရားမှု၊ အနိုင်ကျင့်မှု၊ လောကဓံတရားတွေ အားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့တာ တော်ရုံဇွဲသတ္တိတော့ ဘယ်ဟုတ်မလဲ။ ကလေးဘ၀ သုံးလေးနှစ်သားအရွယ်ကတည်းက အဖွားရဲ့ လက်ကတုံးတောင်ဝှေးဖြစ်သွားတဲ့
မောင်စံဖားဟာ နွေရာသီကျောင်းပိတ်ရက်ရောက်လေတိုင်း အညာကိုတလှည့်၊ မြစ်ဝကျွန်းပေါ်ဘက်ကိုတလှည့် တကောက်ကောက်ပါတော့တာပါပဲ။ ဆွေမျိုးသားချင်းတွေ လုံးလုံးထွေးထွေး ရင်းရင်းနှီးနှီး နေတတ်တဲ့အကျင့်ဟာ အဲသည်ကရခဲ့တယ် ထင်ပါတယ်။ အခု အဲလို မနေနိုင်တော့တာ ဘယ်လောက်ကြာပြီလဲ။ လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ် ဆိုတာ အစစ်ပဲ။ အခုတော့ အညာမျိုး အကြေမျိုးတွေ တော်တော်ကြီးကို စိမ်းကုန်ကြလို့ သာရေးနာရေးများမှာတောင် မနည်းတွေ့ဖြစ်အောင် စုယူနေရပြီ။ သွားရေးလာရေးတွေ လွယ်ကူလျှင်မြန်ကုန်တဲ့ ခေတ်ကိုရောက်မှပဲ နာရီတွေက ပန်ကာလိုလည်နေလို့ စကားတောင်အေးအေး မပြောရတော့ဘူး။
ငယ်ငယ်က မြောင်းမြကအမျိုးတွေလာလာ၊ ကျုံမငေးကအမျိုးတွေလာလာ၊ အညာကအမျိုးတွေလာလာ။ ကိုယ့်အိမ်မှာ လူလေးငါးယောက်လောက်တော့ သည်လိုပဲ ကပ်ကပ်သပ်သပ် တည်းကြတယ်။ ဦးသာဓုကြီးရဲ့ ဧည့်သည် ဇာတ်ကားက ကိုယ်တို့အိမ်အတွက်တော့ အားကြီးဘုကျရာရောက်တယ်။ ဘယ်အမျိုးမှ လက်ချည့်လာတာမဟုတ်ဘူး။ အညာကဆို ဆီ၊ ငရုတ်၊ ပဲ၊ နှမ်း ပါမယ်။ မြစ်ဝကျွန်းပေါ်ကဆို ငပိ ငခြောက်၊ ငါးပုဇွန်ပါမယ်။ ရောက်လာတော့လည်း ပျော်ပျော်ပါးပါး လည်ပတ်စားသောက်ကြနဲ့။ အိမ်ကိုသာလို့။ သူတို့ပြန်သွားတဲ့အခါကျတော့လည်း ကိုယ့်ကို အလည်ခေါ်သွားလို့ ရောက်ဖူးသွားပါတယ်။ အဲသည်တုန်းကတော့ ကားလမ်းတွေ မဖောက်ရသေးပါဘူး။ မနက်စောစောကတည်းက သင်္ဘောလက်မှတ်သွားတန်းစီ၊ လက်မှတ်ရတော့ သင်္ဘောပေါ်မှာ နေရာဦးရပါတယ်။ အိပ်ယာလိပ်၊ စောင်၊ ခြင်ထောင်၊ ချိုင့်ကြီးချိုင့်ငယ် ခြင်းကြီးခြင်းငယ် နဲ့ လာရတဲ့ခရီးပါ။ လမ်းမှာ တစ်ညအိပ်သွားရမှာလေ။ နှစ်ညလည်း ဖြစ်ချင်ဖြစ်တယ်။ တခါတခါ မနက်ဖက် နှင်းမကွဲသေးလို့ရှိရင် မြစ်လယ်ခေါင် ဥသြတဘော်ဘော်ဆွဲလို့ နေမထွက်မချင်း ရပ်ထားရတယ်။ ဘာမှမှ မမြင်ရပဲကိုး။ ရေလမ်းခရီးမို့လို့ ဘုရားစာလေး တတွတ်တွတ်ရွတ်လို့ သွားတယ်။ တိုးအေးသင်္ဘောမှောက်တယ် ကြားပြီးကတည်းက တော်တော်ကြောက်သွားတာ။ တွံတေးတူးမြောင်းကိုတောင် အကြာကြီးဖြတ်ရတယ်။ သင်္ဘောနံဘေးကနေ လှေကလေးတွေနဲ့ ကပ်လာပြီး မုန့်ဟင်းခါး၊ ထမင်းသုပ်၊ ငှက်ပျောသီး၊ မာလကာသီးတွေ လာရောင်းကြတာ ဈေးလည်းချို၊ အရသာလည်းရှိဗျ။ အဲသည်ဟိုဘက်ရောက်သွားရင် ဈေးသည်ကို မပြတ်တော့ဘူး။ ဒေသထွက် စားကုန်သောက်ကုန်တွေက စားလို့သောက်လို့ မကုန်တာနဲ့ အိမ်ပြန်လက်ဆောင် ဖြစ်သွားတာထင်တယ်။ ဆိပ်ကမ်းတစ်ခါတစ်ခါ ကပ်ရင်တော့ ဘာပြောကောင်းမလဲ။ သဘောင်္ဆိပ်ကဆင်းတဲ့သူကို ပါးစပ်ကြေးနန်း “ပြောလိုက်စမ်းပါ” ဆိုလိုက်ရင် မကြာဘူး။ လူကိုယ်တိုင် ၀မ်းသာအားရ ပေါက်ချလာတဲ့ဆွေမျိုးတွေနဲ့ ကုန်းပေါ်ဆင်း လက်ဘက်ရည်ဆိုင်တွေ ဘာတွေ ထိုင်လို့တောင်ရသေး။ ကုန်တွေချနေသေးရင် ကြာတာကိုး။ ပုသိမ်ကိုသွားတဲ့ ဗန္ဓုလတို့ ဗန္ဓကတို့ဆိုတဲ့သင်္ဘောတွေကတော့ ကြယ်ငါးပွင့်ကသင်္ဘော အကြီးကြီးတွေ၊ ပိုသစ်ပြီး ပိုသားနားတယ်။ ဈေးလည်းကြီးတယ်။ အချိန်မှန်တယ်။ မြောင်းမြသင်္ဘောတွေက အဲလောက်မကောင်းဘူး။ ကျုံမငေးသင်္ဘောတွေက ပိုစုတ်တယ်။ ကြက်တွေဘဲတွေတင်လာလို့ အရမ်းအနံ့ဆိုးတယ်။ ဈေးတော့သက်သာတာပေါ့။
မော်တော်သာသာလောက် ရှိတာ။ အိုကေတင်ဆိုတဲ့ နံမယ်တော့မှတ်မိတယ်။ သည်တစ်သက်မှာ ပင်လယ်ဆိုတဲ့ဟာကြီးကို ပထမဦးဆုံး မြင်ဖူးတာက အဖွားနဲ့ မော်တင်စွန်းဘုရားပွဲသွားတုန်းကပေါ့။ ပင်လယ်ရေတွေက ငံလွန်းလို့ ခါးတောင်နေတယ်။ မျက်စိလည်း အားကြီးစပ်တယ်။ စားနေကျဟာ မဟုတ်ရင် လမ်းခရီးမှာ နေထိုင်မကောင်းဖြစ်မစိုးလို့ ပင်လယ်စာဆိုတာတောင် မစားဖူးခဲ့ဘူး။
အိမ်ကို အများဆုံးလာလေ့ရှိတာကတော့ မြောင်းမြက အဖွားရဲ့ ၀မ်းကွဲညီအမများပါ။ မိဘများဆုံးပါးသွားကတည်းက အမကြီးများက မောင်ငယ်၊ ညီမငယ်များကို ရင်အုပ်မကွာ ထိန်းသိမ်းကွပ်ညပ်သူများဖြစ်လို့ အင်မတန်မှပဲ စည်းကမ်းကြီးလှပါတယ်။ မီးဖိုချောင်ကိစ္စနိုင်နင်းအောင် စိစိစစ်စစ် စီမံနိုင်တဲ့နေရာမှာတော့ သူတို့ကို မှီတဲ့သူ တစ်ယောက်တလေတောင် မတွေ့ဖူးသလောက်ပဲ။ အိမ်ကအုန်းပင်တွေက အုန်းသီး၊ အုန်းမှုတ်၊ အုန်းဆံကြိုးတင်မကဘူး၊ အုန်းလက်တံမြက်စည်းပါထွက်တဲ့အထိ စီမံတတ်တယ်။ သရက်သီး၊ ပိန္နဲသီးဆိုတာကတော့ အစိမ်းအမှည့်စားလို့ မကုန်ရုံတင်မဟုတ်ဘူး။ သရက်သီးသနပ်၊ သရက်ပြင် ပိန္နဲပြင်ပါလုပ်တတ်သေး။ ခြံထဲကသစ်ရွက်ခြောက် သစ်ကိုင်းကျိုးပါမကျန် ထင်းမီးစာအဖြစ် သိုမှီးတတ်တယ်။ ရေတံလျှောက်ကကျတဲ့မိုးရေတောင် အလဟဿမဖြစ်စေရဘူး။ ဟင်းကျွေးဟင်းလျာ စီမံတဲ့နေရာမှာတော့ မြောင်းမြတစ်မြို့လုံး အလှူအတန်းမှန် သူတို့မပါပဲပြီးကို မပြီးဘူး။ ဘာချက်ချက် စားမကောင်းဘူးဆိုတာ မရှိစေရဘူး။ အလေအလွင့်လည်း တစိမှ မရှိစေရဘူး။ တကယ့် အံဖွယ်သုတဖွားအေများပါ။ စစ်ကြိုခေတ် ၀တ္ထုတွေထဲမှာပါတဲ့ တူတယ်လုံချည်တို့၊ တိုဘရက်ကိုးလုံချည်တို့၊ စူရတီလုံချည်တို့ဆိုတာတောင် သူတို့ဆီမှာ သေတ္တာကြီးတွေနဲ့ တပတ်မနွမ်း မီးပူကျ သိမ်းဆည်းထားကြတယ်လို့ဆိုတယ်။ ကိုယ့်အတွက် ကရင်ထန်းလျက်အိုးတွေ့တာကတော့ အိမ်အပေါ်ထပ်မှာ စီစီရီရီ သိမ်းထားတဲ့ စာအုပ်အဟောင်းတွေပါပဲ။ ဒါပေမယ့် တခါယူဖတ်ရင် တစ်အုပ်ပဲရတာ။ စုတ်ပြဲခြင်း သည်းမခံပါ။ ဖတ်ရင်းနဲ့ ဟိုနားချထား သည်နားချန်ထားလည်း မရပါ။ ဂယ်ဘဲ ဂယ်ဘဲ။ အဲဒီထက်ဆိုးတာကတော့ ရန်ကုန်မှာ အိပ်ယာထ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုတ်၊ ထမင်းကျော်နဲ့ ဘရိတ်ဖတ်ရတဲ့ ကောင်စုတ်ကလေးက ကော်ဖီတစ်ခွက်၊ ပေါင်မုန့်ထောပတ်သုတ်တစ်ချပ်ကို အာသာကို မပြေဘူး။ ထမင်းက အချိန်နဲ့စားရတာ အတိအကျ။ သူတို့တစ်အိမ်လုံး လူနာရီကြီးတွေလို လည်ပတ်နေကြတာ။ မနက်အိပ်ယာထ၊ ဘုရားရှိခိုး၊ တံမျက်လှည်း၊ ဈေးသွား၊ ထမင်းချက်။ ဘယ်သူဘာလုပ်နေသလဲ ကြည့်လိုက်ရင် ဘယ်နှစ်နာရီရှိပြီလဲ သိတယ်။ နာရီကြည့်ပြီး အလုပ်လုပ်နေလို့ မဟုတ်ဘူး။ လူကြည့်ပြီး နာရီသိနိုင်တဲ့အစား။
အဲသည်စည်းစံနစ်ကြောင့် အမကြီးများဟာ မောင်ငယ်တွေကို လူတလုံးသူတလုံး ကောလိပ်ပို့နိုင်ပေမယ့် အဘိုးလေးကလည်း ကိုယ့်အမျိုးပဲလေ။ သခင်ဖြစ်ရာက ဘီအိုင်အေထဲဝင်သွား၊ နောက်တော့ ကွန်မြူနစ်တွေနဲ့ တောခိုသွား။ ထောင်နန်းစံ။ နောက်ဆုံးတော့ စီးကရက်လက်ဖျားကမချ၊ တိုက်ပုံဝတ်၊ မော်ကွန်းဝင်တံဆိပ်ကြီးတပ်၊ အင်္ဂလိပ်သတင်းစာဖတ်ရုံကလွဲလို့ ဘာမှမလုပ်တဲ့သူတစ်ယောက် ဖြစ်သွားတယ်။ လူကြီးတွေအကုန်လုံး သူ့ငယ်ပေါင်းရောင်းရင်းတွေချည့်ပဲမို့ မင်းရယ်ငါရယ် ထိပ်ပုတ်ခေါင်းပုတ် စကားပြောနိုင်သော်ငြား ဘယ်သူ့ဆီမှအောက်ကျမခံပဲ ဖွားဖွားလေး အကြော်ရောင်းကြွေးတာကို အေးအေးဆေးဆေး ယပ်ခပ်ပြီးစားတယ်။ တောထဲမှာ ငတ်တလှည့်ပြတ်တလှည့် ဆင်းရဲတဲ့ဒဏ်ကို အဆုံးစွန်ထိခံလာပြီးမှတော့ မစို့မပို့ ချမ်းသာရုံကလေးအတွက် သိက္ခာအပွန်းမခံတော့ဘူး။ သို့သော်ထူးဆန်းစွာ သူ့ပါးစပ်ကနေ နိုင်ငံရေးနဲ့စပ်တဲ့စကား တစ်ခွန်းတောင် မကြားခဲ့ဖူးဘူး။ အင်္ဂလိပ်ကိုစစ်တိုက်ခဲ့တဲ့အဖိုးက သူ့သားတွေကိုတော့ ဟယ်ရီ၊ ဆန်နီ၊ လူဝီ၊ ချာလီ၊ ဘိုနံမယ်တွေပဲ မှည့်ထားပြီး အင်္ဂလိပ်လိုမွှတ်နေအောင်တော့ သင်တယ်။ ဘယ်လောက်ဆင်းရဲခဲ့ဆင်းရဲခဲ့ သူ့သားသမီးတွေ ပညာမတတ်တာတော့ တစ်ယောက်မှ မရှိဘူး။ ကိုယ့်အမျိုးကိုယ် ငယ်ကျိုးငယ်နာဖော်ရန်ကောလို့ မအောင့်မေ့နဲ့။ ကြွားနေတာဗျ။ ကြွားနေတာ။ ဘမျိုးဘိုးတူဆိုတော့ အဲဒါမျိုးကိုပဲ ဂုဏ်ယူအထင်ကြီးတတ်တယ်။
ဘွားဘွားဒေါ်စည်းကမ်းကြီးများဟာ သူတို့ ချော့ကာမော့ကာ ပင့်ဖိတ်လာတဲ့ ရန်ကုန်ပေါက်မြေးကလေး သူတို့ဆီ မပျော်မှာတော့ စိုးရှာပါတယ်။ ဟင်းကောင်းကျွေးကောင်း စားကောင်းသောက်ဖွယ်များ စီမံရရှာတာ အမောပါ။ ကောင်နာလေးက ငယ်သာငယ်တာ ကဲ့ရဲ့တတ်ပါဘိသနဲ့။ တနေ့သောနံနက်မှာ အလှူလုပ်ရင်း အကောင်းတကာ့အကောင်းဆုံး နန်းကြီးသုပ်များကို စားပိုးနင့်အောင်ကျွေးလိုက်မိတာ သုံးလေးရက်လောက် ထမင်းမစားနိုင်ပဲ ဆေးများတောင် ထိုးယူရတယ်။ နေ့လည်နေ့ခင်းဆိုရင်တော့ သူတို့လည်း အားလပ်ချိန်ယူပြီး တရားစာအုပ်ဖြစ်ဖြစ် ၀တ္ထု၊မဂ္ဂဇင်းတစ်အုပ်နဲ့ဖြစ်ဖြစ် ၀ါးပိုးဆစ်ခြမ်းခေါင်းအုံးလေးနဲ့ ပြောင်လက်နေတဲ့ အိမ်ရှေ့ကြမ်းပြင်ပေါ်မှာ ထမင်းလုံးစီကြတယ်။ အဲဒါ မောင်စံဖားကလေးအတွက် စီးပွားရှာချိန်ပဲ။ မီးဖိုထဲက ပြာကလေးတစ်ခွက်ရယ်၊ ဇာဂနာလေးတစ်ချောင်းရယ်နဲ့ ဆံပင်ဖြူနှုတ်ပေးရင် တစ်ချောင်းဆယ်ပြားရတယ်။ အမည်းတွေပါသွားရင် ငါးပြားပြန်နှုတ်တယ်။ Minus System ပဲ။ အဲသည်တုန်းက သူတို့အသက်ဘယ်လောက်ရှိပလဲ မမှတ်မိတော့ပေမယ့် အခုကိုယ့်မှာရှိနေတဲ့ ဆံပင်ဖြူလောက်တောင် မများဘူး လို့ မှတ်မိတယ်။ ညနေစောင်းရင်တော့ မြို့ပြင်က စစ်တပ်ထဲမှာနေတဲ့ ကိုကို မမ များက စက်ဘီးလေးနဲ့လာခေါ်လို့ မြို့လုံးပတ်လည် ဟိုဟိုသည်သည် ရောက်ဖြစ်တယ်။ စကြာနန္ဒဘုရားမှာ ကိုရင်လေး တရားထိုင်နေရင်း အထက်ဆရာကြီးတွေလာခေါ်လို့ ပျောက်သွားတာတို့ဘာတို့ ကြောက်ကြောက်နဲ့ နားထောင်တတ်တယ်။ မြစကြာရေးတဲ့ သရဲဝတ္ထုတွေ ဖတ်တတ်နေပြီလေ။ ပုသိမ်က ကန်သုံးဆင့်သိုက်တို့၊ ဥစ္စာစောင့်ပုံပြင်တို့ကို ယုံတတ်တယ်။ သူတို့အိမ်အကျယ်ကြီးရဲ့ အပေါ်ထပ်ကို အဖော်မပါပဲ မတက်ရဲဘူး။ ကိုယ်နေတဲ့အခန်း ဘယ်သူမှ မရှိဘူးဆိုရင် တစ်ယောက်ယောက်ရှိတဲ့နေရာ လိုက်နေတယ်။
မြောင်းမြအိမ်လိုပဲ တရင်းတနှီး လည်ပတ်ဖူးတဲ့အိမ်ကတော့ ကျုံမငေးအိမ်ပါ။ အဖွားရဲ့ ညီမအငယ်ဆုံးနေတယ်။ အဖိုးဘက်က သားချင်းများလည်း ရှိသေးတယ်။ သူတို့အိမ်က မြောင်းမြအိမ်လို အိမ်ကြီးရခိုင် မဟုတ်ပေမယ့် နောက်ဖေးအိမ်ကိုပါဝယ်ပြီး အလယ်ခေါင်က ဆက်ယူလိုက်တော့ အိမ်အရှည်ကြီးရတာပေါ့။ မောင်နှမသားချင်းတွေ အများကြီးရှိလို့ ပိုပြီးပျော်စရာကောင်းတယ်။ အဖေ့နှမကမွေးတဲ့ ၀မ်းကွဲအစ်မသုံးယောက်နဲ့ အရွယ်ချင်း မတိမ်းမယိမ်း မြီးကောင်ပေါက်အမျိုးတစ်သိုက်ဟာ သူတို့အချင်းချင်းတွေ့ရင် လက်ပံပင်ဆက်ရက်ကျတဲ့အတိုင်းပဲ။ ကိုယ်ကကလေးဆိုတော့ ထမင်းသုပ်ဟင်းသုပ် ဘော်ဒီဂတ်မောင်ငယ်ကလေးနေရာပဲရတယ်။ လူရာမ၀င်ဘူး။ ဒါပေမယ့် မနက်မိုးလင်းကမိုးချုပ် တအုပ်တမကြီး သွားလိုက်စားလိုက် ဆော့လိုက်ကစားလိုက်နဲ့ဆိုတော့ ကလေးဘာဝ ပိုပျော်တာပေါ့။ လှေတစင်းနဲ့ လျှောက်သွားလို့လည်းရတယ်။ စွယ်တော်ဘုရားပွဲရှိလို့ ရွှေနန်းတင်တို့ နန်းဝင်းတို့လည်း ကြည့်ရတယ်။ မုန့်ဟင်းခါးဆို စားလို့ကောင်းလိုက်တာများလေ။ ငါးဖယ်ကြော်တွေ၊ ငါးသလောက်ဥတွေရော ပါတယ်။ ဈေးကလည်း အလွန်ပေါ။ ကိုယ်တို့မွေးချင်းဝမ်းကွဲတစ်သိုက်ဟာ သူများတကာ ဆွေမျိုးတွေထက်စာရင် ပိုပြီးတော့ လုံးလုံးထွေးထွေး ရောရောနှောနှောရှိတာဟာ အဖွားတွေက သူတို့ညီအမအချင်းချင်း စည်းစည်းလုံးလုံး ရှိခဲ့ကြလို့ပဲ လို့ တွေးမိတယ်။
အခုနှစ်ပေါင်းများစွာ ကြာညောင်းလာပြီးတဲ့နောက်မှာတော့ အညာကသားချင်းများရှိရာအရပ်ဟာ နဂိုနေ မစိုပြေ၊ အရာမယွင်း၊ ကားလမ်းမပေါက်၊ ရေဘုံဘိုင် မဖွင့်တတ်၊ မီးခလုပ်အဖွင့်အပိတ်မလိုတဲ့အတိုင်း ရိုးရာအစဉ်အလာမပျက် ထိမ်းသိမ်းထားဆဲပေမယ့် အောက်ရွာအကြေ မြစ်ဝကျွန်းပေါ်ကတော့ အရင်ကနဲ့ ဘာမှ မတူအောင် ပြောင်းလဲလာခဲ့ပါပြီ။ ရန်ကုန်ကနေ ပုသိမ်၊ ချောင်းသာအထိ မော်တော်ကားနဲ့ သွားလို့ရတာလည်း ကြာခဲ့ပြီ။ မြောင်းမြက ကလေးတွေဟာ အခုဆို သင်္ဘောတောင် စီးတတ်ပါဦးမလား။ ကျုံမငေးလည်း ကားနဲ့ ရွှတ်ကနဲ ရောက်နေပတဲ့။ ခုချိန်ကျမှ အရောက်အပေါက် မရှိရတော့တဲ့အကြောင်းကတော့ ဟိုမှာလည်း ဘယ်သူမှ မကျန်သလောက်ပဲလေ။ အားလုံး ရန်ကုန်ရောက်လာကုန်ကြပြီ။ အိမ်စောင့်လောက်ပဲ ထားရစ်ကြတော့တယ်။ မိသားစု အစုလိုက်အစုလိုက်တွေဟာ ကိုယ့်နေရာနဲ့ကိုယ် လှုပ်ရှားရုန်းကန်ကြလို့ အသီးသီး အခြေကျကုန်ကြပြီ။ မြန်မာပီသတဲ့ ချစ်စရာလူနေမှုစရိုက်ကလေးကတော့ သားချင်းတွေထဲမှာ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုသလို အဆင်ပြေရာလူက နောက်လူတွေကို ဖေးမစောင့်ရှောက်ပြီး အပြိုင်းအယိုင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ တက်လာကြတာပါပဲ။ မောင်နှမချင်း တရားဆိုင်လို့ အမွေလုစရာ မယ်မယ်ရရ ပိုင်ဆိုင်မှုမရှိတဲ့ ပိန်မသာလိန်မသာ မွေးချင်းတွေဟာ တစ်ယောက်တစ်ယောက် လက်တွဲ ကျောပိုးလို့ ချစ်ချစ်ခင်ခင် ကြီးပြင်းလာခဲ့ရတာ တွေးမိတော့ အများကြီး စိတ်ချမ်းသာရပါတယ်။ အဖွားမရှိတော့တဲ့နောက် သူ့နေရာဆက်ခံရတဲ့ မွေးသမိခင်အနေနဲ့ကတော့ ကလေးခြောက်ယောက်အမေ မုဆိုးမဘ၀နဲ့ ရုန်းကန်လာခဲ့ပြီးတဲ့နောက်မှာ ဆွေထဲမျိုးထဲ ရော့ဟဲ့ အင့်ဟဲ့ ဖောဖောသီသီ မဝေနိုင် မခြမ်းနိုင်သော်ငြား ဘယ်သူဘယ်ဝါတော့ဖြင့် နာဖျားမကျန်းရှိပတဲ့လို့ သတင်းကြားရင် သားဆရာဝန်နှစ်ယောက်ထဲက နီးရာလူအမှီဖမ်းလို့ လူမမာမေး၊ ကျန်းမာရေးအကြံပေးဆွေးနွေးမှု အကူအညီကိုတော့ဖြင့် မပျက်မကွက် ပေးနေပါတော့တယ်။ ဟုတ်တော့လည်း ဟုတ်ပါရဲ့လေ။ သည်ဘက်ခေတ်ကြီးထဲရောက်လာတဲ့အခါ နေမကောင်းထိုင်မကောင်းများဖြစ်လာရင် ဆွေနီးမျိုးစပ် လူခံကလေးများ လက်လှမ်းမမှီလို့ကတော့ အာယုဗျဿန၊ ဘောဂဗျဿန၊ မကင်းရာမကင်းကြောင်းကလေးများ ရှိတတ်လာသလို ကိုယ့်ဘက်က ဖေးမစောင့်ရှောက်နိုင်တာကလည်း ဒါလေးတစ်ခု ရှိပေသကိုးဗျ။
ဧရာဝတီမြစ်ကြီးရဲ့ အထက်အညာ မုန်းချောင်းအစပ်က ဆွေမျိုးသားချင်းတွေအကြောင်းကတော့ အရင်စာတွေမှာတုန်းက တော်တော်များများ ရေးခဲ့ပြီးပါပြီ။ အဲသည်က စုန်ဆင်းလာလို့ အောက်အရပ် မြစ်ဝကျွန်းပေါ်ကိုရောက်တဲ့အခါ အဲသည်မှာလည်း ကိုယ့်သားချင်းဆွေမျိုးတွေ ရှိကြပါလေရဲ့လို့ ပြန်ပြီး အစဖော်လွမ်းလိုက်မိပါတယ်။ ကိုယ့်အဖို့တော့ ဧရာဝတီဟာ ခြေရာလည်းမပျောက်သလို ရေလည်း မနောက်ပါဘူး။ ခန္ဓာကိုယ်တွင်းမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးထဲမှာလည်း အရောအနှော ကင်းစင်နေသေးလို့ထင်ပါရဲ့။ သည်ဆွေသည်မျိုး သည်မြေသည်ရေကို မြတ်မြတ်နိုးနိုးကြီး ချစ်လျက်ခင်လျက်ပင် ရှိနေပါသေးတယ်။ ဖားသူငယ်ကလေးလို့ သနားချင်လည်း သနားလိုက်ပါတော့လေ။
“ချောင်းပေါ်မှာ ဖြတ်လာရှာတဲ့ ပဒတ်ကလေး နီကြင်ကြင်ရယ် နွယ်ကြိုးရှည်နဲ့သွယ်။ ငယ်မူကို မဖျောက်နိုင်ဘု၊ ပျော်လောက်ဖွယ် ရင်ရယ်မောင်ရယ်။ လွမ်းပါဘိတယ်။ ကိုယ့်ဇာတိနွယ် ကိုယ်တို့ဇာတိနွယ်။ နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ်။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။”
http://soundcloud.com/tlwin/latyaetapyindi-dawkyiaung
0 comments:
Post a Comment