ဇာဇင် ~ Zazen
ဇာဇင် အကြောင်း မပြောခင် ဇင်ကို အရင် ပြောပါမယ်။
Zen ဆိုတဲ့ စကား ဟာ သဿင်္ကရိုက် စကား dhyan က လာတယ်။ ဒါပေမယ့် ဗုဒ္ဓဟာ သဿင်္ကရိုက် ဘာသာ ကို အသုံးမပြု ခဲ့ဘူး ။ ဒါဟာ သူ့ရဲ့ တော်လှန် ပြောင်းလဲမှု စင်စစ် ဖြစ်ပါတယ် ။ သဿင်္ကရိုက် ဘာသာဟာ အဲ့သည် ခေတ် အခါ အတွက် ပညာတတ်၊ ပညာရှိ များသာ သုံးစွဲလေ့ ရှိတယ်။ အများပြည်သူ သုံး ဘာသာစကား မဟုတ်ဘူး ။ အဲ့ဒီ အစဉ်အလာ ကို ဗုဒ္ဓက ချိုးဖျက်ခဲ့တယ်။ ဓမ္မကို အများပြည်သူ သုံး စကားနဲ့သာ သုံးစွဲတယ်။ မြင့်မြတ်သူလို့ ကင်ပွန်း တပ်လေ့ ရှိတဲ့ အမျိုးဇာတ် ကို ချေဖျက်တယ်။
ကျမ်းစာသံတွေ သာ ပြည့်လျှမ်းနေ တဲ့ ပညာတတ် ပညာရှိ အသိုင်းအဝိုင်းနဲ့ သူတို့ရဲ့ အလေ့အထကို ဆန့်ကျင် တော်လှန် တယ်။
ဒါ့ကြောင့် ဗုဒ္ဓဟာ အများပြည်သူ သုံး ပါဠိစကားနဲ့ စတင် ဟောကြားပါတယ်။ ပါဠိ ဘာသာမှာ dyan ဟာ အသွင် နည်းနည်း ပြောင်းတယ် ။ jhan ဈာန် လို့ ဖြစ်လာတယ်။ တရုတ်နိုင်ငံကို ရှင်ဗောဓိ ဓမ္မ ရောက်လာတဲ့ အခါ ဈာန်ကို တရုတ်ဘာသာနဲ့ ပြောင်းလဲ ခေါ်ဆိုတယ်။ Ch’an ဖြစ်လာ ပါတယ်။ တရုတ်ပြည် ကနေ ဂျပန်ကို ဇင်ဆရာ Rinzai ရောက်လာတဲ့ အခါ Ch’an ဟာ ပါဠိစကား ဈာန်နဲ့ တော်တော် နီးစပ် တဲ့ “ဇင်” အဖြစ် ပြောင်းလဲသွားတယ်။
ဒါပေမယ့် ဇင် ကို မြန်မာလို တိုက်ရိုက် ဖလှယ်နိုင်မယ့် စကားလုံး ရှားပါလိမ့်မယ်။ သမာဓိ ( concentration ) ဒါမှမဟုတ် ဆင်ခြင် တွေးဆမှု လို့ ပြောင်းလဲ ခေါ်ရ ခက်ခဲ တယ်။ စိတ်စူးစိုက်မှု ၊ ဆင်ခြင် တွေးဆမှု စတာတွေ ဟာ စိတ်ရဲ့ အရာသာ ဖြစ်ပါတယ်။ ဇင် က စိတ်အလွန်ကို ရည်ညွှန်းတယ်။ စူးစိုက်မှု လည်း မဟုတ်သလို၊ ဆင်ခြင် တွေးဆမှုလည်း မဟုတ်ဘူး။ သူ့အလုပ်က စိတ် အတွေး အကြံ၊ ခံစားချက် အမြင်၊ အထင် အားလုံးကို မိမိ အဖြစ်က ခွာထားတယ်။ အခုလက်ငင်း ၊ လက်ရှိ ဖြစ်တည်နေသမျှ ကို တိုက်ရိုက် ရှုမြင် တယ် ၊ ခင်ဗျား ဖြစ်တည်မှု သက်သက် ကို အရှင်းသား ရည်ညွှန်းတယ်။ ဝေဖန် ခွဲခြားမှု ရှိမနေဘူးရယ်။
လက်တွေ့ စမ်းကြည့်နိုင်ပါတယ်။ နှင်းဆီပန်း တစ်ပွင့်ကို ကြည့်မယ် ဆိုပါစို့။ ခင်ဗျား အဲ့ နှင်းဆီပန်းလေးကို စိတ်အတွင်းက ဘာမှ ဝေဖန် မနေဘဲ ကြည့်မိဖူးပါသလား။ လှလှချည်လား၊ အရင်ပန်း တွေလောက်လည်း မလှပါလား စသဖြင့် စိတ် အတွေး စကား နဲ့ ပြောမနေဘူး။ အရင့်အရင် တွေ့ခဲ့ဖူးတဲ့ နှင်းဆီ ပန်းတွေ နဲ့ ယှဉ်ထိုး မနေဘူး။ စိတ်အတွေး ထဲ ဘယ်တစ်စုံ တစ်ရာ မှ ပြောမနေဘဲ ရိုးရိုး စင်းစင်း ကြည့်ရုံ မျှလေး ကြည့်နေ ဖူးပါ သလား။ အဲ့လို ကြည့်နေနိုင်ဖူးမယ် ဆိုရင် ~ အဲ့ ခဏတာ လေးဟာ Dhyan, ဇင် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် နှစ်ထောင့်ငါးရာ အကျော်က မြင့်မြတ်တဲ့ တိုက်ဆိုင်မှု တစ်ခု ဖြစ်ခဲ့တယ်။ အံ့အားသင့် စရာ ကောင်းပါတယ်။ ဂရိမှာ ဆော့ခရတ္တိ ၊ အိန္ဒိယ မှာ ဗုဒ္ဓဂေါတမ နဲ့ မဟာဝီရ။ တရုတ် ပြည်မှာ လောင်ဇူ နဲ့ ချောင်ဇူ။ ဒီပုဂ္ဂိုလ်တွေ ဟာ ရှေ့နောက် ဆိုသလို ပေါ်ထွန်း လာခဲ့တယ်။ တနည်း ပြောရင် ~ နယ်ပယ် ဒေသ အသီးသီးမှာ အသိဥာဏ် လင်းပွင့် ကြသူ ပုဂ္ဂိုလ် ခြောက်ဦး ကမ္ဘာ လောက အတွင်း အချိန် ညီတူ နီးပါး မွေးဖွား လာခဲ့ကြတယ်။ သူတို့ အားလုံး ဟာ လစန္ဒာ ဆီ လက်ညှိုး ကိုယ်စီ အသီးသီး ညွှန်ပြ ခဲ့ကြတယ်။ လက်ညှိုး ပုံစံ ကွဲပြားကောင်း ကွဲပြား နေပါ လိမ့်မယ်။ ဒါပေမယ့် ညွှန်ပြနေတဲ့ နေရာ ကတော့ အတူတူပဲရယ်။
Dhyan ရဲ့ အနက်ဟာ “ကြည့်ခြင်း” ဖြစ်ပါတယ်။ အပြင် ဗဟိဒ္ဓ၊ အတွင်း အဇ္ဈတ္တ ဘယ်အရာကို ရှုကြည့်ပါစေ ၊ တွေးခေါ်မှု စိတ်ကူး အယူအဆ ဝါဒ မပါဘဲ အဖြူထည်သား ကြည့်ခြင်း သက်သက် ကို ဆိုလို တယ်။ အဲ့ဒီ အချိန် အတွက် ခင်ဗျား မျက်လုံးဟာ မှန် တစ်ချပ် ဖြစ်နေ ပါလိမ့်မယ်။ မှန် ဟာ သူ့ အပေါ်မှာ အရိပ်ထင်သမျှ ဘာမှ ၊ ဘယ်စကားမှ ပြောမနေဘူး မဟုတ်လား။ အရုပ်ဆိုး ထင်ဟပ် နေ ရင် လည်း အပြစ်မတင် သလို၊ ရုပ်အလှ မြင်လို့လည်း ချစ်ခင် မနေဘူး မဟုတ်လား။ ~ သူ့အတွက် ရောင်ပြန် ပုံရိပ် ထင်ပေးခြင်း သက်သက်သာ ဖြစ်ပြီး ဝေဖန် ဆုံးဖြတ်မှု ကင်းတဲ့ အဖြစ်သာ ရိုးရိုးရှင်းရှင်း တည်ရှိနေပါတယ်။
တိတိပပ ဆိုရရင် Dhyan ဟာ အဲ့ဒီ မှန်တစ်ချပ်လို ဖြစ်နေတဲ့ သိမှု သက်သက်ပဲ။ ပိုင်းဖြတ်ခွဲခြား မနေတဲ့ အဖြစ် အခြေအနေ ကိုသာ ဆိုလို တယ်။ မြင်ရင် မြင်ရုံက လွဲလို့၊ ဘာမှ သီးခြား ထပ်ဆို မနေဘူး။ မြင်ခြင်း မှာတင် ပြီးပြည့်ဝပြီး ဖြစ်တယ်။ ဒါ့ကြောင့် မြင်ရုံ မျှလေး အတွင်း မှာတင် သစ္စာ တရား လည်း ရှိတယ်။ ကုသိုလ်တရား လို့ ခေါ်မလား- ကောင်းမြတ်မှု လည်း ရှိတယ်။ အလှတရား လည်း ရှိနေ ပါတယ်။ ဒီ ဖြစ်စဉ်ရဲ့ အနှစ်သာရ ကြောင့် အရှေ့တိုင်းမှာ “ဒဿနိက၊ Philosophy” ဆိုတဲ့ စကား သုံးဖို့ စင်စစ် အတိအကျ ညွှန်းနိုင်မယ့် လုံးကောက် စကားလုံး ပြောင်းလဲ ရှာရ ခက်တယ်။ အရှေ့တိုင်း ၊ သဿင်္ကရိုက် ဘာသာမှာ - ဒီလို အခြေအနေ ကို အနီးစပ်ဆုံး အနေနဲ့ - Darshan လို့ ခေါ်ပါလိမ့်မယ်။ ဒါပေတဲ့ အဲ့ စကား ဟာလည်း ဆိုလိုချင်တဲ့ စကားလုံး - ဒဿနိက (Philosophy) - နဲ့ ထပ်တူ ညီ မနေဘူး ရယ်။
အများ လက်ခံကြတဲ့ Philosophy ရဲ့ အနက်ဟာ အသိဥာဏ်ပညာ ကို မြတ်နိုးခြင်း (Love of Wisdom) လည်း ဖြစ်တယ်။ အသိဥာဏ် သညာ (ဗဟုသုတ) ကို မြတ်နိုးခြင်း (Love of Knowledge) လည်း ဖြစ်တယ်။ Darshan ရဲ့ အနက်က Philosophy နဲ့ မတူဘူး။ မတူရုံ တင် မက ဆန့်ကျင်ဘက် နီးနီး ကို ကွဲတယ်။ Darshan ဟာ အသိဥာဏ် ပညာကို ချစ်မြတ်နိုးခြင်း မဟုတ်ဘူး။ အသိသညာ နဲ့လည်း မဆိုင်ဘူး။ “မြင်ခြင်း” နဲ့သာ တိုက်ရိုက်သက် ဆိုင်ပါတယ်။ “မြင်ခြင်းကို မြတ်နိုးခြင်း” လို့ ဆိုမယ်။ Dhyan ဟာ လမ်းဆိုရင် Darshan ဟာ သစ္စာ ကို မိမိ ကိုယ်ပိုင် မျက်လုံးနဲ့ မိမိ မြင်ခြင်း ဖြစ်တယ်။ အရှေ့တိုင်း ဘာသာအားလုံးရဲ့ ဦးတည်ရာဟာ အဲ့ဒါပဲ ဖြစ်ပါတယ်။
ဒါဆို ဇာဇင် (Zazen) ဆိုတာ ဘာလဲ။
...................
March 9th 2012 at 9:05 PM
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogspot.com/

Zen မှာ ညွှန်လေ့ရှိတဲ့ ကမ္မဋ္ဌာန်းအတွက် တစ်ရက်ကို နှစ်ကြိမ်၊ သုံးကြိမ် စသဖြင့် ခင်ဗျား ကျင့်ကြံ နိုင်ပါတယ်။ မနက် အစော ပိုင်း နေခြည် ပြူ ထွက် စ ခဏ ၊ ကျေးငှက်တွေ သီဆိုနေချိန်မှာ ခင်ဗျား အထီးတည်း ငြိမ်သက် နေအောင် ထိုင်နေနိုင် တယ်။ မြစ် တစ်မြစ် ရဲ့ ဘေး မှာ၊ ဒါမှ မဟုတ် ပင်လယ် ရဲ့ ကမ်းစပ် တစ်ခု မှာ ခင်ဗျား ရှိနေနိုင် တယ်။ ဒါပေတဲ့ ဒီအတိုင်းတော့ ခင်ဗျား ဘဝ တစ်လျောက် လုံး ရှိ မနေနိုင်ဘူး မဟုတ်လား။ ဒီလို ကမ္မဋ္ဌာန်းပြု ထိုင်နေတာဟာ ခင်ဗျား ဘဝ အပြုအမူတွေ ထဲက တစ်ခု မျှသာ ဖြစ် ပါတယ်။ ခင်ဗျား ရေချိုး သန့်စင် သလိုမျိုး အပြုအမူ တစ်ခု ဖြစ်မယ်။ ရေချိုး ရတာ ကောင်းလှ ချည်ရဲ့ ဆိုတဲ့ အကြောင်းနဲ့ - တစ်ရက် လုံးလုံး (နှစ်ဆယ့်လေး နာရီလုံး) ခင်ဗျား ချိုး မနေနိုင်ဘူး ရယ်။
Zazen ရဲ့ အနက် အဓိပ္ပာယ်က ~ အဲ့ဒီ ရေ ကို နှစ်ဆယ့်လေး နာရီလုံး ချိုးနေတာ ကို ဆိုလိုတယ်။ ဒီအဖြစ် ကို ခင်ဗျား ဘဝ မှာ တစ်ရံ မလပ် ရှိနေခြင်း ကို ခေါ်ဆိုတာ ဖြစ် ပါတယ်။ ဇင်ဟာ သစ္စာကို မြင်နိုင်ဖို့ တခဏတာ အချိန်ပိုင်း ကို အသုံးပြု တယ်။ ဇာဇင် က နှစ်ဆယ့်လေး နာရီလုံး အသုံးပြု ပါတယ်။ နာရီ လက်တံ သွားနေ သမျှ ခင်ဗျား အသိ၊ သတိ ရှိနေတယ်။ နိုးကြား သက်ဝင်နေ တယ်။ စိတ်ကူး အတွေး အကြံတွေ ထဲ မျောလွင့် မနေဘဲ၊ စိတ် အလွန် ရဲ့ အဖြစ်မှာ တည်ရှိ နေတယ်။ ခင်ဗျား အပြုအမူ တိုင်း၊ ခင်ဗျား ပြော ဆိုနေ တဲ့ စကားလုံး တိုင်း မိမိ သိမှတ်မှု သတိမှာ ထင်ဟပ်နေ တယ်။ အဲ့ဒီ အခါ ခင်ဗျား လမ်းလျောက်နေတဲ့ ခြေလှမ်း တစ်ခဏလေး မှာတင် ချမ်းမြေ့မှု၊ လှပမှု၊ သစ္စာ နဲ့ ခိုင်မြဲ တည်ကြည် တဲ့ ကြည်လင်နေမှု ရှိနေတယ်။ အဲ့ဒီ အဖြစ်နဲ့ ခင်ဗျား ကိုယ်တိုင် ခင်ဗျား ရဲ့ စက္ကန့်တိုင်း အချိန်တိုင်း မိမိရရ (ဝါ) အပြည့်အဝ ရှင်သန် နေတယ်။
...................
March 9th 2012 at 9:05 PM
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogspot.com/
0 comments:
Post a Comment