Friday, March 2, 2012

ရိုးစင်းမှု ( Simplicity )

by Zay Ya on Friday, March 2, 2012 at 1:10am ·
 

ရိုးစင်းမှု ဆိုတာ ဘာလဲ လို့ မေးတဲ့အခါ ~

ကျနော့အတွက် ရိုးစင်းမှု ဆိုတာ - နှုန်းစံ၊ သတ်မှတ်ချက် မရှိ - ရှင်သန်နေထိုင်မှု ဖြစ်ပါတယ်။

စင်စစ် နှုန်းစံ သတ်မှတ်ချက် တွေဟာ ရိုးစင်းမှုရဲ့ ဆန့်ကျင်ဘက် - ရှုပ်ရှုပ် ယှက်ယှက် တွေကိုသာ ဖန်တီးပေးတယ်။ နှုန်းစံ စိတ်ကူးတွေနဲ့ ခင်ဗျား သန္တာန်မှာ ခွဲခြား သတ်မှတ်မှု တွေ အမျိုးမျိုး ပေါ်ပေါက်သွားတယ်။ နောက်ဆုံး ရှုပ်ထွေးသွားမယ်။
ဥပမာ အခြားတစ်ဦးတစ်ယောက်ရဲ့ အဖြစ်ကို မိမိ ဘဝအဖြစ်နဲ့ နှိုင်းယှက်တဲ့ အခါ မျိုး။ အဲ့လို အခါမျိုးမှာ ခင်ဗျား စတင် ရှုပ်ထွေးလာနိုင်ပါတယ်။

မိမိ တစ်ဦးတည်း အဖြစ်ကို ဘယ်အရာနဲ့မှ မရောယှက်တဲ့ အခါမျိုး ကြုံမိဖူးပါသလား။ အဲ့လို အခါမျိုး ဆိုရင်တော့ ရိုးစင်းနေတဲ့ မိမိ အဖြစ်ကို မိမိ ဘာသာ သိနိုင်တယ်။ နောက်တစ်ခုက ~ အနာဂတ် အချိန်အပေါ် မျှော်မှန်းချက်။ အဲ့ဒီ မျှော်ခေါ် တမ်းတမှုကလည်း ရှုပ်ထွေးမှုကို ဖန်တီး ပြန်ပါတယ်။ ခင်ဗျား အခုခဏ အပေါ်သာ တင်းတင်းရင်းရင်း ရှိနေရင် ရိုးစင်း ငြိမ်ဝပ်သွားတဲ့ မိမိ သန္တာန်ကိုသာ အရှင်းသား မြင်ရမှာပဲ။

ဒါကို ပြောနေတဲ့ အတွက် ရိုးစင်းစွာ နေထိုင်မှု ကို ချိုးခြံ ဆင်းရဲပြီး နေထိုင်မှုနဲ့ သွားမရောယှက် စေချင်ပါဘူး။ တကယ်က တတ်နိုင်ပါရက်ကနဲ့ မိမိ ကိုယ်ကိုယ် ဆင်းရဲခြိုးခြံ နေထိုင်တာဟာ မရိုးစင်းတာ သက်သက် သာ ဖြစ်ပါတယ်။ ရွှေနဲ့ တန်လို့ ရွှေဝတ်တာ မဆန်းပါဘူး။ ငွေနဲ့ တန်လို့ ငွေဝတ်တာလည်း မဆန်းဘူး။ ဒါကို ခြိုးခြံ နေရမှာမို့ ဆိုတဲ့ စိတ်စံနှုန်းနဲ့ ရှိတာကို ဖယ်ရင် အဲ့ဒီလူဟာ မရိုးစင်းတာသာ ဖြစ်ပါတယ်။ အဲ့သလို လုပ်တဲ့ အတွက်လည်း အဲ့ဒီလူရဲ့ သန္တာန်မှာ "ငါဟာ ခြိုးခြံနေထိုင်နေတဲ့သူ ဖြစ်တယ်" ဆိုတဲ့ လူကြီး လူကောင်း ဟန်မာန်တွေ ဝင်ရောက်သွားတယ်။ လုံးဝ မရိုးစင်းနေတဲ့ သူအဖြစ်သာ ရှိနေပါတယ်။

နောက်တစ်ချက်က - ရိုးစင်းတဲ့သူဟာ အခြားသူတစ်ဦး တစ်ယောက်နဲ့ မိမိကိုယ်ကိုယ် ဘယ်တော့မှ နှိုင်းယှဉ်လေ့ မရှိဘူး။ အခြား သူတွေရဲ့ အထင်အမြင် ၊ အကြံ အာသီသကိုလည်း ဂရုမစိုက်ဘူး။ စင်စစ် အခြား သူတွေရဲ့ သဘောအတိုင်း နေထိုင်သူဟာ ဘဝမှာ စည်းဘောင် အကျဉ်းအကျပ်နဲ့ နေထိုင်နေသူ သက်သက် ဖြစ်ပါတယ်။

ဘဝဟာ စည်းဘောင် ထဲမှာ မရှိပါဘူး။ ( စည်းမဲ့ ကမ်းမဲ့ ဗရမ်းဗတာလည်း မဟုတ်ဘူး ) ။ စည်းဘောင် ဆိုတာရဲ့ အဓိပ္ပာယ် ရည်ရွယ်ရင်းက ~ ခင်ဗျား တစ်ခုခုကို လုပ်တဲ့ အခါ စိတ်နှလုံး အတိုင်း လုပ်ဖို့က တစ်ခြား၊ စည်းဘောင် ဆိုတဲ့ သတ်မှတ်ချက်က တစ်ခြားလို့ ရိုးရိုးရှင်းရှင်း ဆိုလိုရာ ရောက်ပါတယ်။

စည်းဘောင် အတွင်း ခင်ဗျား အလုပ်တစ်ခု လုပ်တဲ့ အခါ စိတ်နှလုံးအတိုင်း ရှိနေတာ မဟုတ်ဘဲ၊ အဲ့ဒီ စည်းဘောင်တွေကိုသာ ဂရုပြု နေရတော့တယ်။ ခင်ဗျား စိတ်သန္တာန်မှာ နှစ်ခြမ်း ကွဲသွားတယ်။ ( စည်းဘောင် များရင် များသလောက် သုံးခြမ်း၊ လေးခြမ်းလည်း ဖြစ်နိုင်တယ်။ ) ဘာပဲ ပြောပြော အဓိကက ခင်ဗျား ရိုးစင်းမှု ပျောက်သွားတယ်။ ဟုတ်တယ်ဟုတ်။

ဒါ့ကြောင့် စင်စစ် ရိုးစင်းတယ် ဆိုတာဟာ- စိတ်နှလုံးအတိုင်း ၊ အရင်းအတိုင်း ဖြစ်တယ်။ အခုခဏ မိမိကိုယ်ကိုယ် မိမိသာ သိမြင်၊ လက်ခံ၊ ရှင်သန်နေခြင်း ဖြစ်ပါတယ်။

.........
March 2nd 2012 at 12:40 AM
.........
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..........

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...