Friday, March 2, 2012

ဒေါ်ဖြူဖြူသင်း သို့ ဆုမွန်

Monday, 27 February 2012 00:00
ဒေါ်ဖြူဖြူသင်း သို့ ဆုမွန်
၂ နှစ်ဆက်တိုက် ပြည်သူ့ဂုဏ်ရည် နောက်ဆုံးဆန်ခါတင်စာရင်းဝင် ဒေါ်ဖြူဖြူသင်းဟာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှုများနဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကို အစဉ်ဆောင်ရွက်နေခဲ့တဲ့ ဒေါ်ဖြူဖြူသင်း လာမယ့်ရွေးကောက်ပွဲမှာ အောင်မြင်မှုများ ရရှိပြီး နိုင်ငံရေးနယ်ပယ်မှာလည်း ပြည်သူများ အားကိုးယုံကြည်ရသူတစ်ဦးအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ ပြည်သူ့ဂုဏ်ရည်အသင်းမှဆုမွန်ကောင်းများ တောင်း လိုက်ပါတယ်။

နှစ်စဉ်လက်ခံရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဒေါ်ဖြူဖြူသင်းရဲ့အမည်ကို အဆိုပြုတင်သွင်းခဲ့ကြသော ရာနဲ့ချီတဲ့ အဆိုပြုလွှာများထဲမှ အချို့ ကို မူရင်းအတိုင်း၊ ကောက်နုတ်တင်ပြလိုက်ပါတယ်။

HIV/AIDS ကူညီစောင့်ရှောက်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့တာ ၂၀၀၂ က ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံး နီးပါး လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ အခုတလော ဆေးဝါး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ဒီဆုကိုရရှိခြင်းအားဖြင့် အလုပ်များကို ပိုမိုထိရောက်စွာ ဆက်လုပ်မယ်လို့ ထင်ပါတယ်။ အများအကျိုးကို ရှေးရှုပြီး လုပ်နေတဲ့အတွက် ဒီဆုကို ရစေချင်တာဖြစ်ပါတယ်။
--တင်နန္ဒာလင်း၊ တောင်ဥက္ကလာပမြို့နယ်

လူနာ ၄၀၀၀ ကျော်ရှိနေပြီး တနိုင်ငံလုံးအတိုင်းတာဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်။ အခက်အခဲပေါင်း မြောက်မြားစွာကို ဖြေရှင်းနေရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်ပါသည်။  အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၀၆ ခုနှစ် လူနာများအတွက် အလှူလုပ်ပေးရာတွင် အာဏာပိုင်များက လူငယ်ဆယ့်တစ်ဦးကို ပုဒ်မမြောက်မြားစွာတပ်ပြီး ဖမ်းဆီးခံရခြင်းသည် အထင်ရှားဆုံးဖြစ်ရပ်ဖြစ်ပါသည်။
အောင်မြင်မှုဆိုသည်မှာ တိုင်းတာမရစကောင်းဟု ဆိုနိုင်ပါသည်။ သို့သော် နယ်အသီးသီးနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖြူဖြူသင်းကို မသိသူမရှိသည်မှာ အောင်မြင်မှုတစ်ခု၊ အသက်အငယ်ဆုံးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်လာသည်မှာ သူမအောင်မြင်မှုများဟု ပြောနိုင်ပါသည်။ ဖြူဖြူသင်းသည်သာ အထိုက်တန်ဆုံးဂုဏ်ပြုထိုက်သူတစ်ဦးဟု မိမိအနေဖြင့် ယူဆပါသည်။
--ကိုသိန်းမြင့်ထွန်း၊ တောင်ဒဂုံ

သူဟာ ဝေဒနာသည်တွေရဲ့ ကရုဏာရှင်ဖြစ်တယ်ဆိုတာ အားလုံးက အသိအမှတ်ပြုခြင်းတို့ကြောင့် ဂုဏ်ပြုလိုခြင်း ဖြစ်ပါတယ်။
--ဇင်မမထွန်း၊ မြို့သစ်မြို့၊ လယ်ပြင်ရပ်

၎င်းတို့အဖွဲ့ကို စတင်တည်ထောင်စဉ်ကပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စတင်စဉ်က အဖွဲ့ချုပ်လူငယ်များနှင့် စတင်ခဲ့သဖြင့် အာဏာပိုင်များ၏ နှောင့်ယှက်မှုများကို အမြဲလိုလို ကြုံတွေ့ခဲ့ရသလို ဖမ်းဆီးခံရမှုများပင် ရှိခဲ့သည်။ သို့သော်လည်း မဖြူဖြူသင်းအနေဖြင့် စိတ်ပျက်မှုမဖြစ်ဘဲ လုပ်ကိုင်ဆောင်ရွက်ခဲ့သောကြောင့် အာဏာပိုင်များ၏ဖမ်းဆီးခြင်းကို မခံနိုင်သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေစဉ်မှာပင် သူမ၏ဖခင် ဆုံးပါးသွားသည်ကိုပင် လိုက်ပါပို့ဆောင် ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ သူမသည် လူနာများအား တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနေမှုကိုလည်း သူမ၏ မိသားစုများကပါ ကူညီပေးခဲ့ကြသည်။
စတင်စဉ်က လူနာများအား အားပေးမှုအပိုင်းသာ လုပ်ပေးနိုင်သော်လည်း အခုဆိုရင် လူနာ ၅၀၀ ကျော်ကို အေအာတီ ဆေးများကို တိုက်ကျွေးနိုင်ခဲ့ပြီဟု သိရသည်။
သူမတို့ အဖွဲ့အနေဖြင့် အခြား အင်န်ဂျီအိုအဖွဲ့များလို အခြားနိုင်ငံများမှ ထောက်ပံ့ကြေးမရရှိဘဲ လုပ်ငန်းစဉ်အားလုံးကို သူမတို့ ကိုယ်တိုင် ရှာဖွေနေရပြီး လူနာများကို ကူညီပေးနေရသည်ဟုသိရသည်။
--ကိုမြင့်ကျော်၊ တာမွေ

လူသားချင်း စာနာထောက်ထားမှုအပေါ် လုပ်ကိုင်ဆောင်ရွက်ချက်များသည် ပြည်သူ့ဂုဏ်ရည်အဖြစ် ထိုက်တန်ကြောင်း ပြောလိုသည်။
--ဦးမြင့်ဦး၊ မကွေးမြို့

သူမရဲ့ အောင်မြင်မှုများမှာ အခြေခံလူတန်းစားတွေ ပိုမိုအားကိုး ယုံကြည်လာကြပါတယ်။ ပြည်သူအများအတွက် အနစ်နာခံဆောင်ရွက်ခဲ့လို့ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ထိုက်တန်ပါသည်။
--လှကြီးမောင်၊ ဒေးဒရဲ၊ ဧရာဝတီတိုင်း

သူမ၏ အခက်အခဲတွေကတော့ သူမ၏လူနာများအတွက် စားရေးနေရေး အခက်အခဲ၊ ဆေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ကျမအနေနဲ့ တိုက်ရိုက်ကြုံတွေ့ရတာကတော့ သူမရဲ့စွန့်စားမှုနဲ့စွန့်လွှတ်မှုပဲ။  သူမရဲ့မိသားစုတွေ၊ အပေါင်းအသင်းတွေကိုတောင် လျစ်လျှူရူပြီးတော့ သူမ၏လူနာများနဲ့သာ သူမ၏ဘ၀ကို ကုန်ဆုံးစေရပါတယ်။ သူမ မိုးလင်းလို့ အိပ်ရာထတာနဲ့ သူမ၏အိမ်ရှေ့မှာ လူနာတွေ တန်းစီနေပါတယ်။ မိုးလင်းရုံတင်မဟုတ်ဘူး၊ မိုးချုပ်လို့မအိပ်ခင်အချိန်ထိ သူမ၏ဖုန်းကနေ လူနာများ၏ဖုန်းကို နားထောင်နေရပါတယ်။ ကျမမျက်မြင် တွေ့ဖူးတာကတော့ သူမသည် လူနာတစ်ယောက်ကို ဆေးသွင်းပေးနေစဉ် လူနာဆီကသွေးများ ရွှဲအိုင်နေပြီး၊ သူမ၏လက်တွင်လည်း သွေးများ ရွှဲအိုင်နေပြီးဖြစ်သည်။ အဲလိုသာဆိုရင် သာမန်လူများအနေဖြင့် ကြောက်လန့်တကြား ထွက်ပြေးပြီးလောက်ပါပြီ။ ကျမကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့ မတူပါဘူး။ လူနာကို မကြောက်နဲ့၊ ဒါက ဘာမှမဖြစ်ဘူးဆိုပြီး နှစ်သိမ့် ဆွေးနွေးပေးနေပါတယ်။ လူနာတွေကလည်း ပြောတယ်။ ဘယ်လောက်ပဲ အမောဖောက်နေပါစေ၊ ဆရာဝန်တွေဆီ သွားပြီး ဆေးကုတာထက် အစ်မမျက်နှာ အစ်မပြောတဲ့ နှစ်သိမ့်ပြောတာတွေကိုကြားတာနဲ့ ရောဂါတ၀က် သက်သာပါတယ်လို့၊ အဲလိုလူမျိုးတွေ အများကြီးကြုံတွေ့ရပါတယ်။
ဆုကို ရရှိခြင်းအားဖြင့် သူမအတွက် အခုလိုအလုပ်များကို ဒီထက်ပိုပြီးတော့လည်း လုပ်နိုင်မယ်၊ နောင်လူငယ်တွေလည်း ပရဟိတလုပ်ငန်းများကို ပိုပြီးစိတ်ဝင်စားလာမယ် ဒီဆုကပေးတဲ့ ဆုငွေတွေကိုလည်း လူနာတွေအတွက်အသုံးပြုနိုင်မယ်ဖြစ်ပါတယ်။
--မနန္ဒာလင်း၊ တောင်ဥက္ကလာပမြို့နယ်

မိမိတို့ စီအိုင်ဒီဝင်းအတွင်းတွင် အနည်းပါး ရှုပ်သည့်တပ်သားများကို အေကိုက်မယ်ဟု နောက်ပြောင်ပါက “မဖြူရှိတယ် မကြောက်ဘူး” ဆိုသောစကားက အတော်ရေပန်းစားပါသည်။ သူမသည် ရန်သူမိတ်ဆွေမရွေး ကူညီတတ်သည်ဆိုသော အောင်မြင်မှု၊ လူအများ ကိုးစားခံရမှုတို့ ရရှိထားသောကြောင့်အောင်မြင်သော လူတစ်ယောက်ဖြစ်သည်ဟု ထင်ပါသည်။
မိမိသူငယ်ချင်း နေထိုင်မကောင်းဖြစ်နေစဉ် သူမသည် ညရှစ်နာရီကျော်အချိန် မိမိတို့တပ်ဖွဲ့တွင်းသို့ တိတ်တဆိတ်ရောက်လာပြီး (သူငယ်ချင်းကို ငဲ့ကွက်ပြီး ညမှ လာသည်ဟုပြော) သူငယ်ချင်းကို ကိုယ်ဖိရင်ဖိပြုစုပေးပြီး ဆယ့်တစ်နာရီကျော်မှ ပြန်သွားပါသည်။ ထိုစဉ်ကတည်းက မိမိရင်တွင်းတွင် မာသာထရီဆာကဲ့သို့ အမျိုးသမီးတစ်ယောက် မြန်မာပြည်တွင် ပေါ်နေပြီဆိုပြီး မြန်မာဆိုသောလူမျိုးအတွက် ဂုဏ်ယူမိသလို အခြားအစိုးရပိုင်းဆိုင်ရာ ဆုတစ်ခုပေးသင့်သည်ဆိုသော အတွေးရှိဖူးပါသည်။
--ကိုစိုးစိုး၊ စီအိုင်ဒီဝင်း

ကျမတို့အမေ (မဖြူဖြူသင်း)ဟာ သူမတူအောင် စွန့်စားရဲသူ စွန့်လွှတ်ရဲသူဆိုတာ ကျမတို့လို လူနာတွေကလွဲရင် အခြားလူ သိမယ်မထင်ဘူး။ နောက်ပြီးတော့ ကျမ မျက်စိရှေ့မှာတင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားလို့ဆိုပြီး ဖမ်းသွားတာ မြင်ဖူးတယ်။ အစ်မက တည်တည်ငြိမ်ငြိမ်ပဲ လိုက်သွားတယ်။ ဒီလိုသတ္တိမျိုး မကြုံဖူးပါဘူး။ ခုကျမတို့ ရန်ကုန်ရောက်ရင်လည်း နေတာထိုင်တာ စားသောက်တာအကုန် အမေက တာဝန်ယူပေးပါတယ်။ သူ့မိသားစုပိုင်အိမ်မှာပဲ ကျမလို လူနာပေါင်း အများကြီးထားပြီးတော့ ကုသပေးနေတာပါ။ ပတ်ဝန်းကျင်က လက်မခံတာ အာဏာပိုင်တွေက နှောင့်ယှက်တာတွေကို အစ်မကပဲ ဖြေရှင်းပေးပါတယ်။ အများကြီး ပြောစရာရှိပါတယ်။ ဒါပေမယ့် ဒီလောက်ပဲ ရေးပါ့မယ်။
အစ်မကို လူနာတိုင်းက အမေခေါ်တယ်လေ။  ကြီးကြီးငယ်ငယ်။ ကျမက အမေ့ထက် ၃ နှစ်ကြီးတယ်။ ဒါပေမယ့် ကျမ အမေပဲခေါ်တယ်။ ကျမက ကျောင်းဆရာမဆိုတော့ လူတွေ ဒီလောက်အများကြီးက လေးစားပြီး ချစ်ခင်နေတာမျိုး မမြင်ဖူးဘူး။ ဒီတော့ အစ်မအောင်မြင်မှုက သူများတွေနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ကျမ ယူဆပါတယ်။
သူ့ကို ဒီလိုထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်းအားဖြင့် ကျမတို့လိုလူနာတွေကို ပြုစုစောင့်ရှောက်ရာမှာ တွန်းအားတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်။
ကျမက ဝေဒနာသည်ဆိုတော့ သူတို့အဖွဲ့အကြောင်း ကောင်းကောင်းသိနေပါတယ်။  အမေ့ကို မြင်တာနဲ့ ဝေဒနာတ၀က်လောက်က သက်သာပါတယ်။ ကျမတို့ မိသားစုကို ပြန်ပြောသလို ပြောရမယ်ဆိုရင်တော့ တဖွဖွနဲ့မဖြူနာမည်ပြောနေတာ နားငြီးတယ်ဆိုရင် ရောဂါဖြစ်ကြည့်ပါလား ငါတို့ထက်တောင် အမေ့ကိုတမ်းတအုန်းမယ်လို့ ပြောဖြစ်သလိုပဲ အမေ့ကို အဲ့သလို ချစ်တာပါ။
--မသီသီခိုင်၊ သာယာအေးရပ်ကွက်

အသိပညာနောက်ကျနေသော ကျနော်တို့ရဲ့တိုင်းပြည်မှာ ယခုလို မကြောက်မရွံ့ ဖောက်ထွက်ပြီး ရှေ့ကရပ်တည်ပြီး ပြည်သူလူထုကို ကယ်တင်ပေးခဲ့။ ထို့ကြောင့် ဖြူဖြူသင်းအား ပြည်သူ့ဂုဏ်ရည်အဖြစ် ဂုဏ်ပြုထိုက်ကြောင်း ပြောလိုပါသည်။
--ကိုမင်းသူ၊ တောင်ဒဂုံ

မြန်မာပြည်လို စစ်အစိုးရအုပ်ချုပ်နေတဲ့ တိုင်းပြည်။ နာဂစ်ဒုက္ခသည်တွေကို ကူညီတဲ့ ကိုဇာဂနာလို၊ နာရေးကူညီမှုအသင်းက ကိုကျော်သူလို ပုဂ္ဂိုလ်တွေလိုပဲ မဖြူရဲ့အလုပ်ဟာ အန္တရာယ်နဲ့ စွန့်စားရတဲ့ ကူညီပေးမှုလို့ မြင်ပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှုအရ လူမှုအသိုင်းအ၀ိုင်း မပွင့်လင်းတဲ့ တိုင်းပြည်၊ အေ့စ်ရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေရှိတဲ့ တိုင်းပြည်မှာ ကျန်းမာရေးအသိတွေ ကျယ်ပြန့်လာအောင် ပွင့်လင်းလာအောင် မဖြူတို့လို အမျိုးသမီးတွေ များများပေါ်ပေါက်လာဖို့ သူ့အလုပ်အပေါ် လူတွေအသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။
--နေသွင်ညိဏ်း၊ ထိုင်းနိုင်ငံ

လက်ရှိ အကျပ်အတည်းအမျိုးမျိုးတို့မှ ရုန်းကန်ရင်ဆိုင်ရင်း လုပ်ကိုင်နိုင်ခဲ့သည်မှာ အခုလက်ရှိကာလတွင် ရောဂါဝေဒနာရှင်များသာမကဘဲ ပြည်သူတရပ်လုံးတို့အတွက်ပါ ယုံကြည်လေးစားခြင်းတို့ကို မျက်ဝါးထင်ထင် မြင်တွေ့ရပါသည်။
--ကိုဇော်မျိုး၊ မြောက်ဒဂုံ

သူမ လူနာများထားရှိသော သူမမိသားစုပိုင် အိမ်ကိုလည်း မကြာခဏ ရောက်ဖူးပါသည်။ လူနာများသည် သူမကို အမေဟုခေါ်ပြီး လေးစားချစ်ခင်သည်မှာ မိမိကိုယ်တွေ့ဖြစ်ပါသည်။ သူမနေအိမ်တွင်လည်း မကြာခဏ လူနာများနှင့် ဆုံပါသည်။  လူနာများသည် သူမအိမ်ကို တံခါးမရှိဓားမရှိ ၀င်ထွက်စားသောက် နေထိုင်ကြပြီး လမ်းစရိတ်လိုကိစ္စများကို ဖြေရှင်းပေးနေရသည်ကို တွေ့ပါသည်။
သူမသည် တုနှိုင်းမရသော မေတ္တာရှင်တစ်ယောက်ဖြစ်သောကြောင့် သူမကို ပြည်သူ့ဂုဏ်ရည်အဖြစ် ဂုဏ်ပြုလိုခြင်းဖြစ်ပါသည်။
--မေလင်း၊ ရန်ကုန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...