Saturday, March 17, 2012

လူလေးသို့ပေးစာများ ဘာသာပြန်စာအုပ်ကို ပြန်ဖတ်ပါတယ်။ မှတ်မှတ်ထင်ထင် ဖြစ်ရတဲ့ စာပုဒ်များပါ။

by May Kyi on Saturday, March 10, 2012 at 4:02am ·
 
၁) စာကောင်းပေမွန်

၁၈-ရာစုအတွင်းက ပေါ်ခဲ့သောစာအုပ်သည် ၂၁-ရာစုအတွင်း ဝင်တော့မည့် ယခု အချိန်ထိ ကမ္ဘာအနှံ့တွင် ပုံနှိပ်ထုတ်ဝေနေရဆဲ၊ ဖတ်ရှုမှတ်သားနေရဆဲဖြစ်ရာ စာကောင်းပေမွန်တို့မည်သည် အချိန်ကာလကိုလည်းကောင်း၊ နယ်နမိတ်အပိုင်းအခြားတို့ ကိုလည်းကောင်း ကျော်ဖြတ်နိုင်စွမ်းရှိသည် ဆိုသော စကား၏ ထင်ရှားသော သာဓက ဖြစ်ပါသည်။



၂) လူစုလူဝေး

ပါရီမြို့တော်မှာ ဆူပူမှုတွေ ဖြစ်တဲ့ အချိန်တုန်းက မွန်စီယာ ဒီဗျုးဖိုးဟာ ဂိုဏ်းချုပ်ကြီး ဒီရက်ဇ်ရဲ့ လက်ရုံးတော်ကြီး တယောက်ပဲ၊ ဒီဗျုးဖိုးဟာ လူကြိုက်တော့များပါရဲ့၊ ဒါပေမဲ့ စိတ်ထားပျော့ညံ့တယ်၊ သူဟာ လူကြိုက်များတာကို ဂုဏ်ယူလေ့ရှိပြီး မကြာခဏ ဆိုသလို ပါရီမြို့ သူမြို့သားတွေကို စုဝေးတယ်၊  သူ့ကိုယ်သူလည်း ဒီလူထုရဲ့ ရှေ့က ခေါင်းဆောင်ကြီးလို့ ထင်လေ့ရှိတယ်။ ရက်ဇ်ကတော့ ဒီလိုမဟုတ်ဘူး၊ အကြောင်းကိစ္စရှိမှသာလျှင် ပြောဆိုစရာ ရှိမျသာလျှင် လူထုကို စုဝေးလေ့ရှိတယ်။ ဒါပေမဲ့ ရက်ဇ်ဟာ သူ့လူကို နိုင်အောင် အမြဲတမ်း မထိန်းနိုင်ဘူး။ ဒီဗျုးဖိုးဟာ ရည်ရွယ်ချက် သတ်သတ်မှတ်မှတ် မရှိပဲ လူတွေကို စုတော့ သူကိုယ်တိုင် မအုပ်ထိန်းနိုင်ဖြစ်ပြီး ဆူပူမှုတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေ၊ ပေါ်ပေါက်လာတော့တာပဲ။ သူကိုယ်တိုင်လည်း အဲဒီလူထုတွေကို မထိန်းသိမ်းနိုင်ဘူး။ ဒီမှာတင် သူတို့ရဲ့ အရေးတော်ပုံအတွက် အများကြီး ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့တယ်။


လူဆိုတာ စုမိတာနဲ့ တပြိုင်နက် စိတ်အားထက်သန်လာကြပြီး ကောင်းတာကိုဖြစ်စေ၊ မကောင်းတာကိုဖြစ်စေ လုပ်မိတတ်ကြတယ်၊ အများအားဖြင့်တော့ မကောင်းတာကို လုပ်မိတတ်ကြတာပါပဲ။ လူဟာ တဦးတယောက်ချင်းဆို အေးဆေးပြီးတိတ်ဆိတ်ြငိမ်သက်သလောက် စုမိသွားတာနဲ့ ဆူညံသောင်းကျန်းတဲ့ အစုအဝေးတခု ဖြစ်လာပြီး ခေါင်းဆောင်တွေက ညွှန်ပြမဲ့ မကောင်းတာတခုခုကို လုပ်ဖို့အဆင်သင့် ဖြစ်နေလေ့ရှိတယ်။ ခေါင်းဆောင်တွေက သူတို့ကို အလုပ်မခိုင်းရင်လည်း သူတို့ဘာသာ သူတို့ ရှာလုပ်တော့တာပဲ။


ဒါကြောင့်မို့ စကားပြောကောင်းတဲ့ လှုံ့ဆော်ရေးသမားများ၊ ခေါင်းဆောင်များဟာ မလိုအပ်ပဲနဲ့ လူတွေကို စုဝေးတာမျိုး မလုပ်မိအောင် သတိထားသင့်တယ်။ ပြတ်သားပြီး သေချာစွာ စဉ်းစားထားတဲ့ ရည်မှန်းချက် တခုမရှိပဲ လူထုကို စည်းဝေးတာမျိုး မလုပ်သင့်ဘူး။ ဒါအပြင့် ဒီလို လူထုအစည်းအဝေးတွေ ခဏခဏ လုပ်နေရင် နမ်းပါများတော့ ပြယ်၊ မြင်ဖန်များတော့ ငယ် ဆိုတဲ့စကားလို ရိုးသွားနိုင်တယ်။ အဲဒီလို ဖြစ်လာရင် ကိုယ့်ရဲ့ ရန်သူကလည်း ကိုယ့်ကို လေးစားမှု လျော့သွားနိုင်တယ်။ လူထု အစည်းအဝေးတွေကို သတိထားကြည့်ရင် သူတို့ရဲ့ စိတ်အားထက်သန်မှု၊ သူတို့ရဲ့ ပြင်းပြမှုတို့ဟာ လူအရေအတွက်ကို လိုက်ပြီး တက်လိုက်ကျလိုက် ဖြစ်နေတာကို တွေ့ရလိမ့်မယ်။ လူထုရဲ့ အရေအတွက်ဟာ သိပ်များနေရင် အသိဥာဏ်တရားနဲ့ ဆင်ခြင်တုံတရားဟာ ပျောက်ကွယ်သွားတော့တာပဲ။ အဲဒီလို အခါမျိုးမှာ စိတ်ဓါတ်အတည်ငြိမ်ဆုံး ဆိုတဲ့ လူတွေသည်ပင်လျှင် ကမှုးရှုးထိုး ဖြစ်လာတ်ကြတယ်။


၃) အတွေးကို ကန့်သတ်ဖိနှိပ်လို့ရသလား

လူ့လောကကြီးထဲမှာ အကြမ်းထည်နိုင်တဲ့ ဒေသဆိုင်ရာ အစွဲအလမ်းတွေနဲ့ ပြည့်နေတယ်။ ဒီလိုအစွဲတွေဟာ ယဉ်ကျေးမှု ဖွံ့ဖြိုးပြီး၊ အကြားအမြင်ရှိပြီး စဉ်းစားတတ်တဲ့ သူတွေမှာတော့ မရှိနိုင်ဘူးပေါ့။ ဒီလို အစွဲမျိုး တစ်ထောင်လောက်ရှိတဲ့ အထဲက တစ်ခုပဲ ဥပမာ အဖြစ် ပြောပြလိုက်မယ်။ သက်ဦးဆံပိုင် အစိုးရ တရပ်အောက်မှာ အနုပညာနဲ့ သိပ္ပံပညာဟာ ဘယ်တော့မှ ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ဘူး၊


လွတ်လပ်မှုရယ်လို့ မရှိတဲ့ အရပ်မှာ ဥာဏ်ပါရမီဟာလည်း သေးသိမ်ညှိုးခြောက်သွားရတော့တယ်လို့ အကြီးအကြယ် အစွဲရှိခဲ့ကြတယ်။ နှစ်ပေါင်း တစ်ထောင့်ခြောက်ရာ လုံးလုံးလည်း အဲဒီအတိုင်းပဲ ပြောခဲ့ကြတယ်။ အသံကို နားထောင်လိုက်ရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ အချက်အလက်မှာတော့ မှားနေတယ်။ လယ်ယာစိုက်ပျိုးရေး၊ လက်မှုပညာထုတ်လုပ်မှု စသည်တို့လိုပဲ၊ မက္ကင်းနစ် အတတ်ပညာလို့ခေါ်တဲ့ စက်ယန္တရားဆိုင်ရာ အတတ်ပညာများဟာလည်း အစိုးရရဲ့ သဘာဝကြောင့် အမြတ်အစွန်းနဲ့ ပိုင်ဆိုင်မှု ၊ လုံခြုံမှု မရှိခဲ့ရင် ဘယ်မှာ ဖွံ့ဖြိုးနိုင်ပါ့မလဲ။ ဒါပေမဲ့ သက်ဦးဆံပိုင် အစိုးရတရပ်ဟာ သချာင်္ပညာရှင်တစ်ယောက်၊ နက္ခတ္တ ဗေဒပညာရှင် တစ်ယောာက်၊ ကဗျာဆရာတစ်ယောက်၊ နှုတ်မှု အတတ်ပညာရှင်တစ်ယောက်ရဲ့ ဥာဏ်ပါရမီကို ဘာဖြစ်လို့ ညှိုးလျော်တိမ်ကောသွားအောင်  လုပ်ရမှာလဲ။ သက်ဦးဆံပိုင် အစိုးရဖြစ်တဲ့အတွက် ကဗျာရေးချင်တဲ့ အကြောင်းအရာ၊ နှုတ်မှုပညာရှင် ပြောချင်တဲ့ ဘာသာရပ်ကို ပြောရာမှာတော့ လွတ်လပ်မှု ရှိကောင်းချင်မှ ရှိလိမ့်မယ်။ ဒါပေမဲ့ သူတို့ဥာဏ်ပါရမီထဲမှာ ဒီအကြောင်းကို မပြောရရင် တစ်ခြားအကြောင်းတွေကို ပြောစရာ အများသားပဲ။ ဘာသာတရားကို ပုတ်ခတ်တဲ့စာ၊ ညစ်ညမ်းတဲ့စာ၊ အစိုးရကို အကြည်ညိုပျက်စေတဲ့စာကို ရေးခွင့် မရတဲ့အတွက် သူဟာညှိုးခြောက် ဘောင်ခတ်ခံထားရပါပြီလို့ စာရေးဆရာ တစ်ယောက်ဟာ ဆင်ခြင်တုံတရားရားရှိရှိ ပြောနိုင်ပါ့မလား။ တကယ်လို့ စနစ်တကျ အုပ်ချုပ်ပြီး ဥာဏ်အမြော်အမြင် ရှိတယ်ဆိုရင် အလွတ်လပ်ဆုံးဆိုတဲ့ အစိုးရတွေအောက်မှာလည်း ဒီအရာတွေကို ကန့်သတ်ချုပ်ချယ်ထားတာပဲ မဟုတ်လား။ လောလောဆယ်မှာတော့ ပြင်သစ်စာရေးဆရာတွေဟာ ဒီအချက်တွေကို ညည်းညူနေကြလေရဲ့။ ဒါပေမဲ့ အဲလိုညည်းတဲ့ စာရေးဆရာတွေဟာ ခပ်ညံ့ညံ့တွေများပါတယ်။သူတို့က ပြောသေးတယ်။ အင်္ဂလန်လို တိုင်းပြည်မျိုးမှာ ပါရမီရှိတဲ့ ပုဂ္ဂိုလ်ကျော်တွေကို မွေးထုတ်နိုင်မှာပေါ့၊ အဲဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ကြိုက်သလို တွေးခေါ်နိုင်ပြီး သူတို့တွေးခေါ်သလို ရေးသားထုတ်ဝေခွင့်ရတာကိုးလို့ ပြောတတ်ကြတယ်။ မှန်ပါတယ်။  

ဒါပေမယ့် ကိုယ်ကြိုက်သလို မတွေးရတဲ့ နေရာရယ်လို့ ဘယ်မှာများရှိလို့လဲ။


တကယ်လို့ သူတို့ဟာ ဘာသာတရားကို ဖျက်ဆီးတဲ့စာ၊ စာရိတ္တကို ပျက်ပြားစေတဲ့စာ၊ စရဏကို ပျက်ပြားစေတဲ့စာ၊နိုင်ငံရဲ့ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေမဲ့ စာမျိုးကို ရေးလာခဲ့ရင် သက်ဦးဆံပိုင် အစိုးရတစ်ရပ်ဟာ အဲဒီစာမျိုးကို ထုတ်ဝေခွင့် ပေးချင်မှ ပေးမယ်။ ထုတ်ဝေတဲ့ အတွက် အပြစ်ပေးကောင်းပေးမယ်။ လွတ်လပ်တဲ့ အစိုးရကတော့ ဒီလောက် အရေးယူချင်မှ ယူမှာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်လိုက်တာနဲ့ပဲ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ဥာဏ်ပါရမီဟာ မှေးမှိန်ပျောက်ကွယ်သွားရောတဲ့လား။ တရားပလ္လင်၊ ဒါမှမဟုတ် တရားခွင်က နှုတ်မှုပညာရှင်တစ်ယောက်ရဲ့ ဥာဏ်ပါရမီဟာ ပျက်စီးသွားရောတဲ့လား။ ဒီအချက်ကို ငြင်းဆိုပြီး စာပေသြဂတ်စတန်ခေတ်ကြီး ထူထောင်ခဲ့ ကြတဲ့ ပြင်သစ်စာရေးဆရာ အကျော်မော်တွေဖြစ်တဲ့ ကော်နယ်လီ၊ရေစင်း၊ဘွိုင်လော၊လာဖွန်တိန် စသူတို့ဟာ ၁၆ဆက်မြောက် လူဝီဘုရင်ရဲ့ သက်ဦးဆံပိုင်စနစ်အောက်ကပဲ ပေါ်ထွက်လာကြတာပဲ မဟုတ်လား။ သြဂတ်စတန်ခေတ်ကြီး စာရေးဆရာ အကျော်မော်တွေဟာလည်း ရက်စက်ကြမ်းကြုတ်ပြီး ဆိုးယုတ်တဲ့ ရောမဘုရင်က ရောမလူထုတွေကို နှောင်ကြိုးတွေတည်းပြီး အုပ်ချုပ်တဲ့ အချိန်မှာ ပေါ်ထွက်ခဲ့တာပဲမဟုတ်လား။

စာကောင်းပေကောင်း ပေါ်မပေါ် ဆိုတာ လွတ်လပ်တဲ့  အစိုးရ ရှိမရှိဆိုတဲ့ အချက်ပေါ်မှာ မတည်ပါဘူး။

ဆယ်ဆက်မြောက် လီယိုရဲ့ အားပေးမှုနဲ့ ပထမမြောက် ဖရန်စစ်ဘုရင်တို့ရဲ့ ကာကွယ်မှုအရ ပေါ်ထွန်းလာခဲ့ကြရတာပါ။ ဆယ်ဆက်မြောက် လီယိုဆိုတာ အာဏာရှင် ပုတ်ရဟန်းဖြစ်ပြီး ပထမမြောက် ဖရန်းစစ်ကတော့ သက်ဦးဆံပိုင် မင်းသား မဟုတ်လား။ ဖေဖေပြောလိုတာက အစွဲတခုကို ချွတ်ဖို့ပြောနေတာပါ။ အစွဲတခုကို ချွတ်ဖို့ပြော ရင်း သက်ဦးဆံပိုင် အစိုးရတစ်ရပ်ကို ချီးကျုးပြောနေတယ်လို့ မထင်လိုက်ပါနဲ့။ ဖေဖေဟာ သက်ဦးဆံပိုင် အုပ်ချုပ်မှုဆိုတာ လူ့လောကကြီးရဲ့ သဘာဝပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှု မကင်းစွာ ချိုးဖောက်မှု တစ်ရပ်လို့ မြင်တဲ့လူပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...