ပုဂံမင်းဆက်အနွယ် တောင်ရိုးတိုင်းရင်းသားများ တရားဝင် မှတ်ပုံတင် ရရှိရေး ဆောင်ရွက်မည်
by Moenge Aung on Wednesday, March 7, 2012 at 11:06am ·
Written by Pyi Myanmar
Tuesday, 06 Mar 2012 13:47
ပုဂံမင်းဆက်မှ ဆင်းသက်လာသည်ဟု အဆိုရှိသော တောင်ရိုး တိုင်းရင်းသားများသည် လူဦးရေ တစ်သိန်းကျော် ရှိနေသည်ဟု သိရသော်လည်း အများစုမှာ နိုင်ငံသား စိစစ်ရေးကတ် မရှိကြသေးသူများ ဖြစ်နေသဖြင့် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စကို အတည်ပြု ဆုံးဖြတ်ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။ တောင်ရိုး လူမျိုးစုသည် လူဦးရေ တစ်သိန်းကျော် ရှိနေသည်ဟု ဆိုသော်လည်း ၎င်းတို့နှင့် နီးစပ်ရာ ဒေသများ၊ လူမျိုးစုများ ဖြစ်သော ဓနု၊ ပအိုးဝ် အစရှိသော ဒေသများ ပူးပေါင်းမိသွားကာ ၎င်းတို့နှင့် မျိုးနွယ်ဖြစ်သွားကြကြောင်း သိရပြီး တောင်ရိုးသား စစ်စစ်အဖြစ် ကျန်ရှိသူများမှာ လေးသောင်းကျော်သာလျှင် ရှိနေကြောင်း သိရသည်။
“ပုဂံခေတ်တုန်းက တန်နက်မင်းကြီးဆိုတာ ရှိတယ်။ သူ့မှာ မိဖုရားတစ်ပါးက တော်တော်ချောတယ်။ မိဖုရားကို စလေငခွေးမင်းက သဘောကျတော့ တန်နက်မင်းကြီးကို လုပ်ကြံတယ်လေ။ မိဖုရားက စလေငခွေးလက်က လွတ်အောင်ပြေးပြီး ဒီအရပ်မှာ နေထိုင်ကျက်စားကာ တန်နတ်မင်းကြီးရဲ့ သားတော်ကို မွေးတယ်။ အခြွေအရံတွေနဲ့ ဒီလိုပဲနေကြရင်း တောင်ရိုးပျော် လူမျိုးစုလေး ဖြစ်လာတယ်။ အဲဒီကနေ တောင်ရိုး တိုင်းရင်းသားဆိုတာ ဖြစ်သွားတယ်။ ကလော၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေဘက်တွေမှာ နေကြတယ်” ဟု တောင်ရိုး တိုင်းရင်းသားရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းရွှေက ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြောကြားသည်။
“သူတို့ကို ဦးဆောင်ပေးမယ့်သူ မရှိတော့ တောင်ရိုးတိုင်းရင်းသားက ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့တာ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။ “ကျွန်တော်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တော့ တောင်ရိုးတိုင်းရင်းသားတွေ တရားဝင် နိုင်ငံသားစိစစ်ရေးကတ် ရဖို့အရေး လွှတ်တော်မှာ တင်ပြမယ်။ ပြီးတော့ လူစာရင်း ပြန်ကောက်မယ်” ဟု ကလောမြို့နယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးသောင်းရွှေက ပြောကြားသည်။
အေဝိုင်အီး
0 comments:
Post a Comment